Chapter 249

455 50 0
                                    

Chapter 249 : ခွေးတစ်ကောင်အား အသားပေါက်စီနှင့် ရိုက်ခြင်း

ကျင်းရှို့သည် ဤကဲ့သို့ မတရားညှင်းပန်းနှိပ်စက်ခံရမှုနှင့် အသားကျနေပြီဖြစ်၏။ သူမသည် ပြန်လည် စောဒက မတက်နိုင်ဘဲ အမြဲတမ်း အဆူအငေါက်၊ အရိုက်အနှက် ခံနေရသော်လည်း သူမ၏ နှလုံးသားထဲကမူ သူမ၏ အတုအယောင် အစ်မဖြစ်သည့် ကျင်းယွင်ကျောင်းကို နက်နက်ရှိုင်းရှိုင်း အားကျနေမိသည်။

ကျင်းယွင်ကျောင်းသည် အလွန်ထက်မြက်၍ သူမသာ ကျင်းယွင်ကျောင်းကဲ့သို့ ဖြစ်မည်ဆိုလျှင်...

သို့သော် သူမသည် ချက်ချင်းပင် ခေါင်းယမ်း၍ သက်ပြင်းချလိုက်၏။ သူမ အသက်ရှင်ချင်သေးသည်။ အကယ်၍ သူမသာ ကျင်းယွင်ကျောင်းကဲ့သို့ ပြုမူလိုက်ပါက သူမ၏ အဖေနှင့် အမေက သူမအား ရိုက်သတ်ပစ်မည်မှာ အသေအချာပင်။

ထို့နောက် ကျင်းရှို့သည် အိမ်မှုကိစ္စများကို ဆက်လုပ်နေသော်လည်း သူမ၏ ခေါင်းထဲတွင် မရေမတွက်နိုင်သော အတွေးများဖြင့် ပြည့်နေသည်။ ထိုအချိန်၌ ကျင်းယွင်ကျောင်းနှင့် လီရှောက်ယွင်တို့သည် မြို့တော်သို့ပြန်သော လမ်းပေါ်၌ ရောက်နေကြပြီဖြစ်၏။

တုလင်းက ကားမောင်းနေစဥ်တွင် လီရှောက်ယွင်သည် ခပ်ထေ့ထေ့ပြုံးရင်း ကျင်းယွင်ကျောင်း ဝယ်လာသည့် ရီမုဖြင့် ထိန်းချုပ်ရသည့် ကားလေးကို ဆော့ကစားနေသည်။

"မင်းရဲ့ကြင်နာတတ်ပုံကိုလည်း ကြည့်ပါဦး၊ မင်းက အရင် တစ်ခါမှ မတွေ့ဖူးတဲ့ကလေးတစ်ယောက်ကိုတောင် ဒီလို လက်ဆောင်ကောင်းမျိုးပေးတယ်နော်။ တကယ်လို့ ဒီသခင်လေးသာ ဒီနေ့ရောက်မလာရင် မင်းရဲ့လက်ဆောင်က ခွေးတစ်ကောင်ကို အသားပေါက်စီနဲ့ ရိုက်လိုက်တာနဲ့ တူမသွားပေဘူးလား"

အကယ်၍ ယနေ့ သူတို့သာမရှိပါက ကျင်းယွင်ကျောင်းသည်  ထိုနေရာမှ ထွက်လာနိုင်ဦးမည် မဟုတ်ဘဲ သူမ ယူသွားသည့် လက်ဆောင်ပစ္စည်းများကိုလည်း ပြန်ယူလာနိုင်မည် မဟုတ်ပေ။

သူသည် အခြားလူများထံမှ အခွင့်ကောင်းယူခံရခြင်းကို မုန်းသည်။ အထူးသဖြင့် မုန်းစရာကောင်းသောလူများထံမှ အခွင့်ကောင်းယူခံရခြင်းကို ဖြစ်သည်။

ဤလက်ဆောင်များသည် ယွမ်ရာဂဏန်းမျှသာဖြစ်၍ သူ၏ မျက်လုံးထဲတွင် သိပ်အဖိုးမတန်ပေ။ သို့သော် လက်ဆောင်များ၏ တန်ဖိုးက တစ်ဒေါ်လာသာ တန်လျှင်တောင်မှ သူသည် ထိုကဲ့သို့သောလူမျိုးများကိုပေးရန် ဆန္ဒမရှိပေ။ သူတို့ကဲ့သို့သောလူမျိုးများကို ပေးကမ်းခြင်းက ပိုက်ဆံဖြုန်း၍ ကိုယ့်ဒုက္ခကိုယ်ရှာရာ ရောက်သည်။

"လီရှောက်၊ မင်းက ဒီလောက်တောင် ချမ်းသာပြီးတော့ ဟိတ်ဟန်များတာကို ဘာလို့ မင်းရဲ့မျက်လုံးထဲမှာ ဒီအရုပ်လေးတွေကို အသားပေါက်စီလို့ ယူဆနေတာတုန်း။ ငါ့ကို ခဏလောက် ပေးနားပါဦးကွာ။ ပြီးတော့လည်း ယွင်ကျောင်း၊ ဒီနေ့က မင်းရဲ့ပထမဆုံး ဆွေမျိုးသားချင်းတွေကို အသိအမှတ်ပြုတဲ့နေ့ဆိုတော့ နည်းနည်းလေးပိုပြီးတော့ ယဥ်ကျေးသိမ်မွေ့သင့်တယ်ဆိုပေမယ့် မင်းရဲ့ မိသားစုဝင်အရင်းအချာတွေကို မင်းကို အနိုင်ကျင့်လိမ့်မယ်လို့ ငါမျှော်လင့်မထားဘူး။ ဒါပေမယ့် သူတို့က သူတို့လုပ်နိုင်တာထက် ပိုလောဘကြီးပြီးတော့ သံပြားကို ခြေထောက်နဲ့ကန် အကဲအလှယ်လုပ်လိုက်သလိုပဲ"

တုလင်းက ကားမောင်းရင်း ပြောလာ၏။

တကယ်တမ်း တုလင်းသည် ဤနှစ်များအတွင်း သူ့အား လီရှောက်ယွင် သင်ပေးထားခဲ့သည့် ကိုယ်ခံပညာများက အသုံးမဝင်ဟု တွေးထားခဲ့သော်လည်း ယနေ့၌ ထိုပညာစွမ်းများက အလွန်အံ့သြစရာကောင်းသည်ကို သိမြင်လိုက်ရသောကြောင့် အလွန်ပျော်ရွှင်တက်ကြွနေသည်။

ထိုအခါ လီရှောက်ယွင်က ဟွန့်ခနဲ နှာခေါင်းရှုံ့လိုက်ပြီး အရုပ်ကားလေးအား ကားတံခါးပေါက်မှတဆင့် အပြင်ဘက် တောင်ပတ်လမ်းပေါ်သို့ လွှင့်ပစ်လိုက်တော့၏။

ထိုသို့လွှင့်ပစ်လိုက်သည်ကို မြင်သောအခါ တုလင်းက မျက်ခုံးတစ်ဖက်ပင့်လိုက်သော်လည်း သူသည် လီရှောက်ယွင်၏ အကျင့်စရိုက်ကို သိပြီးသားဖြစ်သောကြောင့် ဘာမှမပြောလိုက်ပေ။

ဤတစ်ကြိမ်၌ သူသည် အရုပ်ကိုသာ လွှင့်ပစ်လိုက်ခြင်းဖြစ်သော်လည်း သူ တကယ် ဒေါသထွက်လာပါက လူသတ်ရန် တွန့်ဆုတ်နေမည် မဟုတ်ပေ။

"စကားပြန်ဆက်ရရင် မင်းက ဘာလို့ လီရှောက် ဒါမှမဟုတ် ကိုယ့်ကို မင်းရဲ့ဆွေမျိုးတွေနဲ့ ပြန်တွေ့တဲ့အကြောင်း မပြောပြတာလဲ။ မင်း သူ့ကို မပြောရင်တောင် အနည်းဆုံးတော့ ကိုယ့်ကို ပြောပြသင့်ပါတယ်။ ဒါက ကိစ္စအကြီးကြီးလေ။ ကိုယ်ကတော့ ကိုယ်တို့က မင်းရဲ့မိတ်ဆွေတွေ၊ မင်းရဲ့အစ်ကိုတွေလို့တောင် တွေးထားတာ။ မင်းကတော့ အဲလို မတွေးဘူးပေါ့လေ"

တုလင်းက မကျေမနပ်ဖြင့် မှတ်ချက်ပေးလိုက်သည်။

သူသည် ယမန်နေ့ ညသန်းခေါင်အချိန်၌ လီရှောက်ယွင်က သူ့အား ဖုန်းဆက်နှိုးပြီး ပြောပြမှသာ ကျင်းယွင်ကျောင်းသည် သူမ၏ မိဘအရင်းများကို ရှာတွေ့ပြီဖြစ်ကြောင်း သိခဲ့ရ၏။

လီရှောက်ယွင်သည် ဟွားနင်ခရိုင်၌ အဆက်အသွယ်များ ရှိသောကြောင့် ထိုကဲ့သို့သော သတင်းမျိုးကို ရှာခိုင်းရန် မခက်ခဲပေ။ ထိုသို့သာမဟုတ်ပါက ကျင်းယွင်ကျောင်းသည် ထိုလူယုတ်မာတစ်စုကို သူမတစ်ယောက်တည်း ကိုယ့်အားကိုယ်ကိုး၍ ရင်ဆိုင်တိုက်ခိုက်ရမည်ဖြစ်သည်။

အမှီအခိုကင်းခြင်းသည် ကောင်းမွန်သော ကိစ္စရပ်တစ်ခုဖြစ်သော်လည်း ကျင်းယွင်ကျောင်းသည် မိန်းကလေးတစ်ယောက်ဖြစ်ရုံသာမက စိတ်က အလွန်ရင့်ကျက်သော်လည်း အသက်မပြည့်သေးသူတစ်ယောက် ဖြစ်နေခြင်းက အပြင်လူများအား စိုးရိမ်ပူပန်စေ၏။ အထူးသဖြင့် လီရှောက်ဖြစ်သည်။

တုလင်းသည် လီရှောက်ယွင်၏ ကျင်းယွင်ကျောင်းအပေါ်ထားသည့် သဘောထားကို တိတိကျကျ မသိသော်လည်း လီရှောက်ယွင်က သူမအား တမူထူးခြားစွာ ဆက်ဆံမှန်းသိ၏။ သူသည် ဘယ်အချိန်ထိ ကျင်းယွင်ကျောင်းအား ဤသို့ဆက်ဆံမည်ဆိုသည်ကိုလည်း နားလည်ရခက်သည်။ သို့ရာတွင် လီရှောက်ယွင်က လူတစ်ယောက်အား ဤကဲ့သို့ စိုးရိမ်ပူပန်သည်ကို တုလင်း ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်၏။

"ကျွန်မ ဒီနေ့ သူတို့ရဲ့မျက်နှာဖုံးကွာကျသွားလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး"

ကျင်းယွင်ကျောင်းက ခပ်တိုးတိုး ပြောလိုက်သည်။

"ဒါပေမယ့် ဒါကလည်း ကောင်းတော့ကောင်းပါတယ်။ ကျွန်မ သူတို့ကို မျက်နှာသာပေးစရာ မလိုတော့ဘူး။ ထပ်ပြီးတော့ ယဥ်ကျေးပြနေစရာလည်း မလိုတော့ဘူးလေ"

အစောပိုင်းတုန်းက သူတို့က လှိုက်လှိုက်လှဲလှဲ ကြိုဆိုကြတော့ ငါက သူတို့ကို လက်ခံပေးဖို့ရာ စိတ်ကသိကအောက်ဖြစ်နေပေမယ့် ပြုံးနေတဲ့လူတစ်ယောက်ရဲ့ မျက်နှာကို မရိုက်ရဘူးဆိုတဲ့ စကားလိုပဲ။ ငါက သူတို့ရဲ့ကြင်နာမှုကို အပြန်အလှန်အနေနဲ့ အေးတိအေးစက် မဆက်ဆံချင်ခဲ့ဘူးလေ။ ဒါပေမယ့် အခု သူတို့က နေ့ခင်းကြောင်တောင်ကြီးမှာတောင် သူတို့ရဲ့ရည်ရွယ်ချက်တွေကို ထုတ်ပြလိုက်ပြီဆိုတော့ သူမလည်း ဆက်ပြီး အားနားပါးနာနဲ့ သရုပ်ဆောင်ပြနေစရာ မလိုတော့ဘူးပေါ့။

နောက်တစ်ကြိမ် ထပ်တွေ့ကြရင်၊ နောက်တစ်ကြိမ်ဆိုတာ ရှိလာခဲ့ရင်ပေါ့လေ၊ သူမရဲ့အဖေနဲ့အမေကလည်း ချစ်ဖို့ကောင်းတဲ့မိဘတွေဆိုတဲ့ ပုံစံမျိုး ဆက်ပြီးတော့ သရုပ်ဆောင်နေတဲ့အထိ မရူးဘူးလို့ သူမယုံကြည်တယ်။

သို့ရာတွင် ထိုအကြောင်းကို စဥ်းစားနေရင်း ကျင်းယွင်ကျောင်းသည် အစောပိုင်းက လီရှောက်ယွင်ပြောခဲ့သည့် စကားကို သတိရသွားပြီး သူမ၏ စိတ်ထဲ၌ သံသယများတိုးပွားလာကာ မေးခွန်းများစတင်ဝင်ရောက်လာခဲ့သည်။ ခဏကြာပြီးနောက် သူမက ထုတ်၍ မေးလာ၏။

"လီရှောက်၊ မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးတဲ့ရလဒ်တွေကို ရှင်က အတုလုပ်နိုင်တာလား"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Hikayelerin yaşadığı yer. Şimdi keşfedin