Chapter 267

393 43 0
                                    

Chapter 267 : အသက်ကယ်ခြင်း

"အမေ၊ ဒါ အကြီးအကဲရှု မိတ်ဆက်ပေးတဲ့ အံ့ချီးဖွယ်သမားတော်ပါ။"

အမျိုးသမီးကြီးက အနည်းငယ်အခက် တွေ့နေပုံဖြင့် ပြောလိုက်၏။

အဘွားအိုသည် အသက်ခုနစ်ဆယ်၊ ရှစ်ဆယ်ဝန်းကျင်ခန့်ရှိ၍ အလွန်ပိန်လှီသော ခန္ဓာကိုယ်ရှိကာ တစ်ကိုယ်လုံး၌ အသက်အရွယ်ကြောင့် ဖြစ်ပေါ်လာသော အစက်အပြောက်များ ဖုံးလွှမ်းနေသည်။ သူမသည် ပိန်လွန်းသဖြင့် သူမ၏ အရိုးတည်ဆောက်ပုံကိုပင် သာမန်မျက်စိဖြင့် မြင်နိုင်၏။

(T/N : အရိုးပေါ်အရေတင်ဖြစ်နေတော့ အရိုးပြိုင်းပြိုင်းကျနေပြီး ဘယ်နေရာမှာ ဘာအရိုးရှိတာကိုပါ မြင်နေရတာပါ။)

အမျိုးသမီကြီး၏ စကားကိုကြားသောအခါ အဘွားအိုသည် ချက်ချင်း မတ်တပ်ထရပ်လိုက်ပြီး အော်ပြောလာသည်။

"အံ့ချီးဖွယ်သမားတော်လား။ မင်းက အံ့ချီးဖွယ်သမားတော်လား။ မင်း ငါ့ရဲ့မြေးကို ကယ်ကိုကယ်ပေးရမယ်"

အဘွားအို၏ စကားကိုကြားသောအခါ ကျင်းယွင်ကျောင်းက ပြုံးလိုက်သည်။ တကယ်တမ်း သူမသည်  အခြားသူများထံမှ အမြဲသံသယဝင်ခံခဲ့ရ၏။ သို့သော် ယခုအခါ လူတစ်ယောက်က သူမအား အံ့ချီးဖွယ်သမားတော် အလွယ်တကူခေါ်လိုက်သောအခါ အနည်းငယ် နေရထိုင်ရခက်နေ၏။

ထိုအခါ အမျိုးသမီးကြီးက သက်ပြင်းတစ်ချက်ချလိုက်ပြီး ပြောလိုက်သည်။

"အမေ၊ လီအာရဲ့အခြေအနေက... ...ပြီးတော့ အံ့ချီးဖွယ်သမားတော်က အသက်ငယ်လွန်းပြီး အကြီးအကဲရှုကလည်း လာဖို့ငြင်းလိုက်တဲ့အချက်ကိုပါ ထည့်တွက်လိုက်ရင်..."

"ပါးစပ်ပိတ်ထားစမ်း"

အမျိုးသမီးကြီး၏ စကားကိုကြားသောအခါ အစောပိုင်းက အဘွားအို၏ အသနားခံနေသော မျက်နှာထားသည် ချက်ချင်းအေးစက်သွားပြီး အော်ငေါက်လိုက်သည်။

"အကြီးအကဲရှုက လေးစားစရာကောင်းတဲ့ ပုဂ္ဂိုလ်၊ ပြီးတော့ သူက ဘယ်တော့မှ မလိမ်ဘူး။ ဒီသမားတော်လေးကို အကြီးအကဲရှုက မိတ်ဆက်ပေးတာဆိုတော့ သူက တကယ်အရည်အချင်းရှိလို့ပဲ။ ထူးချွန်ထက်မြက်ပြီးတော့ ဥာဏ်ပညာကြီးလှပါပြီဆိုတဲ့ သမားတော်တွေဆီကို လီအာ့ကို ခေါ်သွားပေမယ့် အဆုံးသတ်မှာတော့ ရလဒ်တွေက အတူတူပဲမဟုတ်လား"

ထိုအခါ အမျိုးသမီးကြီးက သူမပြောမည့် စကားများကို မျိုသိပ်လိုက်ပြီး ရိုးရိုးသားသားပင် ဝန်ခံလိုက်ရ၏။

"အမှန်ပါပဲ"

ထို့နောက် အမျိုးသမီးကြီးက ကျင်းယွင်ကျောင်းအား လှည့်ကြည့်ပြီး အနည်းငယ်ချောင်းဟန့်ကာ ဆက်ပြောလိုက်သည်။

"အံ့ချီးဖွယ်သမားတော်လေး၊ ငါပြောတာက မင်းရဲ့အရည်အချင်းကို သံသယဝင််တဲ့သဘောမျိုး မဟုတ်ပါဘူး။ မင်း စိတ်မဆိုးဖို့ မျှော်လင့်ပါတယ်၊ ငါ့သားရဲ့အခြေအနေကို စစ်ဆေးပေးပါဦး"

လူနာမိသားစု၏ ကြင်နာ နားလည်ပေးတတ်မှုမှာ ကျင်းယွင်ကျောင်း မျှော်လင့်ထားသည်ထက်ပင် ကျော်လွန်နေ၏။ သို့သော် သူမ ထိုအကြောင်းကို ပိုစဥ်းစားမိသောအခါ ဤကမ္ဘာကြီးသည် ပုံမှန်အသိဥာဏ်ရှိသော သာမန်လူများနှင့် ပြည့်နေ၍ ချင်ကျစ်ရွှယ်ကဲ့သို့သော လူမျိုးများမှာ အနည်းစုသာဖြစ်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်ပြလိုက်၍ အိပ်ယာဆီသို့သွားကာ ကောင်လေး၏ အခြေအနေကို စစ်ဆေးကြည့်လိုက်၏။ တစ်ချက်စစ်ကြည့်ပြီးနောက် သူမ ထိတ်လန့်သွားသည်။

အသက်မျှင်းမျှင်းရှုနေ၍ ခန္ဓာကိုယ်က ရေခဲတမျှအေးစက်နေသော သတိလစ်နေသည့် ကောင်လေးအား မြင်ရသည်မှာ သေလူတစ်ယောက်နှင့် မခြားပေ။ သို့ရာတွင် အဖိုးရှုက ဤသို့ရောဂါလက္ခဏာပြင်းထန်လှသော လူနာအား သူမထံသို့ လွှဲပြောင်းပေးလိုက်ခြင်းမှာ ထိုလူနာကို ကယ်တင်နိုင်သေးသောကြောင့်ဖြစ်သည်။

ထို့နောက် ကျင်းယွင်ကျောင်းက သူ၏ သွေးခုန်နှုန်းကိုစမ်းလိုက်ရာ သွေးခုန်နှုန်းမှာ မတည်မငြိမ်ဘဲ နှေးလွန်း၍ ပျောက်လုနီးပါးဖြစ်နေ၏။ ထိုသို့ဖြစ်ရသည့် အကြောင်းအရင်းမှာ ချီစွမ်းအင်၊ သွေး၊ ယင်းယန်ဓါတ် ချို့တဲ့မှု၊ အတွင်းကလီစာများ အလုပ်မလုပ်ခြင်း၊ နှလုံးအာဟာရဓါတ်ချို့တဲ့ခြင်း၊ နှလုံးအတွင်းသို့ သွေးမလျှောက်ခြင်း၊ ချီစွမ်းအင်စီးဆင်းမှုရပ်တန့်ခြင်း၊ ချွဲပိတ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းနှင့် နှလုံးရှိ ယန်ဓါတ်ခမ်းခြောက်ခြင်းတို့ကြောင့် ဖြစ်သည်။

"သူက ဝက်ရူးပြန်ရောဂါ ခံစားနေရတာလား"

ကျင်းယွင်ကျောင်းသည် အခြားအရာများထက် လူနာ၏ နှလုံးက အားနည်းနေသည်ကို သတိထားမိသွားပြီး မေးလိုက်၏။

ကျင်းယွင်ကျောင်း၏ မှတ်ချက်ကို ကြားသောအခါ အဘွားအို၏ မျက်လုံးများက တောက်ပသွားပြီး အလောတကြီး ပြန်ဖြေလိုက်သည်။

"မှန်တယ်၊ ငါ့မြေးက မွေးကတည်းက ဦးနှောက်ဒဏ်ရာကို ခံစားနေရတာ။ ရလဒ်အနေနဲ့ သူ တစ်နှစ်သားကစပြီး နှစ်တိုင်း အပြင်းဖျားတယ်၊ တစ်နေ့မှာ အကြိမ်ပေါင်းများစွာ ဝေဒနာခံစားရတယ်။ နင်းမြို့တော်မှာရှိတဲ့ ဆေးရုံတွေ အားလုံးနီးပါးကိုလည်း စုံနေပါပြီ။ အကြီးစားကုသမှုရော၊ အသေးစားကုသမှုရော မရဘူး။ လွန်ခဲ့တဲ့ရက်အနည်းငယ်က ငါ့မြေးကို ပြန်ကောင်းလာအောင် ကုနိုင်မယ့် ဆေးအသစ်တစ်မျိုးအကြောင်းကို ငါတို့ သတင်းရခဲ့တယ်၊ အဲဒါကြောင့် ငါ့သားက ငါ့မြေးအတွက် ဝယ်လာခဲ့တာ။ ဒါပေမယ့် ဆေးထိုးပြီးတာနဲ့ ကလေးက ရောဂါဖောက်လာပြီးတော့ ဆေးရုံတောင် တင်လိုက်ရမယ်လို့ မထင်ခဲ့မိဘူး၊ ဒါပေမယ့် အဲဒါလည်း အသုံးမဝင်တာပါ။ ငါတို့ အမှန်တရားကို လက်ခံလိုက်ရတဲ့အချိန်မှာပဲ ဟွားနင်ခရိုင်မှာနေတဲ့ ဆေးပညာထိပ်တန်း သမားတော်ကြီးတစ်ယောက်ရဲ့အကြောင်းကို ကြားလိုက်ရတာပဲ။ အဲဒီလိုနဲ့ ငါတို့ မင်းကို ဆက်သွယ်ဖို့အချက်အလက်တွေရလာတာ"

အဘွားအိုသည် တစ်လုံးမကျန် သေချာရှင်းပြနေ၏၊ အသေးစိတ် အချက်အလက်လေး တစ်ခုတစ်လေ ကျန်ခဲ့ပါက သူမ မြေးဖြစ်သူ၏ အခြေအနေအပေါ်  သက်ရောက်မှုရှိမည်ကို စိုးရိမ်နေသည့်ပုံပင်။

ထို့နောက် အဘွားအိုသည် စကားဆုံးသောအခါ ကျင်းယွင်ကျောင်းအား သူမ၏သားဖြစ်သူဝယ်လာသော ဆေးဘူးကို ကမ်းပေးလိုက်၏။ သို့သော် ဆေးဘူးပေါ်တွင် အနောက်တိုင်းမှ ဆေးပညာအသုံးအနှုန်းများကို ရေးထားသောကြောင့် ကျင်းယွင်ကျောင်း နားမလည်ပေ။

"ဒီဆေးမှာ အဆိပ်အတောက် ပါဝင်မှုနှုန်းမြင့်တယ်လို့ ဆေးရုံကတော့ ပြောပေမယ့် ငါတို့က အရင်တုန်းကလည်း ဆေးပေါင်းစုံ ဝယ်ခဲ့ဖူးတာဆိုတော့ သူတို့ပြောတာကို အလေးမထားလိုက်မိဘူး"

ဘေးတွင်ရပ်နေသော အမျိုးသမီးကြီးက ထပ်ဖြည့်ပြောလာသည်။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်၏။ ထိုဆေးသည် ဝက်ရူးပြန်ရောဂါကို သေချာပေါက် ကုသနိုင်သော်လည်း လူနာ၏ ခန္ဓာကိုယ်က ဆေး၏ ဘေးထွက်ဆိုးကျိုးများကို ခံနိုင်ရည်မရှိသောကြောင့် သူ၏ နှလုံးက အားနည်းသွားပြီး အသက် ယဲ့ယဲ့ကျန်သည့် အနေအထားဖြစ်သွားခြင်းပင်။

ခဏမျှ စဥ်းစားပြီးနောက် သူမသည် ထိုကောင်လေးအား ကုသနိုင်မည့်နည်းလမ်းကို တွေးမိသွားသည်။ သို့ရာတွင် ပြဿနာရှိသည်မှာ ထိုနည်းလမ်းသည်လည်း အတိုင်းအတာတစ်ခုအထိ  အဆိပ်အတောက်ပါဝင်၏။

သူမ အသုံးပြုမည့်နည်းလမ်းသည် ဖုကျစ်ကိုအသုံးပြု၍ လူနာကို အသက်ကယ်မည့် နည်းလမ်းဖြစ်သည်။ သို့ရာတွင် ဖုကျစ်ကို ညွှန်းထားသည့်ပမာဏအတွင်း အသုံးပြုပါက ဘေးထွက်ဆိုးကျိုးမရှိဘဲ အလွန်အကျွံအသုံးပြုလျှင်မူ လူနာအား အလွယ်တကူ အဆိပ်သင့်စေနိုင်သောကြောင့် ထိုနည်းလမ်းကို အသုံးပြုပါက အလွန်သတိထားရလေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now