Chapter 281

439 42 0
                                    

Chapter 281 : အလှည့်အပြောင်း

ယနေ့ ဤနေရာသို့ ရောက်ရှိနေကြသော သတင်းထောက်အများစုသည် နင်းမြို့တော်မှ ရောက်ရှိလာကြခြင်း ဖြစ်၏။ ဤနေရာသို့ မလာမီတွင်လည်း အထက်လူကြီးများက သူတို့အား ကျင်းယွင်ကျောင်း၏ မကောင်းသောလုပ်ရပ် အပုပ်အပွသတင်းမှန်သမျှကို ဖော်ရန် အကြိမ်ပေါင်းများစွာ သတိပေးခဲ့ကြသည်ဖြစ်ရာ သူမသည် သြဇာအာဏာရှိသော တစ်စုံတစ်ယောက်အား အပြစ်ပြုမိခဲ့ပုံပေါ်သည်။

လက်တွေ့၌ သတင်းထောက်များသည်လည်း သိချင်နေကြ၏။ ကျင်းယွင်ကျောင်းကဲ့သို့ နယ်မြို့လေးတစ်မြို့မှ တောသူမလေးတစ်ယောက်က ဤမျှ ကြီးမားသော ပြဿနာကြီးကို မည်ကဲ့သို့ဖြစ်ခဲ့သနည်း။

ပထမ၌ သတင်းထောက်အုပ်စုသည် မိန်းကလေးငယ်လေးတစ်ယောက်အား အုပ်စုဖွဲ့၍ အနိုင်ကျင့်ခြိမ်းခြောက်ရခြင်းက ကြောင်တောင်တောင်နိုင်သည်ဟု ခံစားခဲ့ရသော်လည်း ကျင်းယွင်ကျောင်း၏ ရက်စက်သောလုပ်ရပ်များနှင့် နှိမ်ချတောင်းပန်လိုစိတ်မရှိသော စိတ်နေသဘောထားကို တွေ့မြင်ရသောအခါ သူမသည် ဤအနိုင်ကျင့်ခြိမ်းခြောက်မှုနှင့်သာ ထိုက်တန်သည်ဟု ခံစားလိုက်ရပြန်သည်။ သို့ရာတွင် ကျင်းယွင်ကျောင်းက သက်သေများကို ထုတ်ပြလိုက်ပြီး အခြေအနေတစ်ခုလုံးက ပြောင်းလဲသွား၏။ တစ်ချိန်လုံး လိမ်ညာနေသူများမှာ ကျင်းလင်မယားသာ ဖြစ်သည်။

စာရွက်ပေါ်၌ ယုံကြည်စိတ်ချရသော ဆရာဝန်၏ လက်မှတ်နှင့် ဆေးရုံတံဆိပ်တုံးပါရှိသည့် ကျင်းယွင်ကျောင်း၏ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်လက်မှတ်အား ထိုလင်မယားက အဘယ်ကြောင့် အတုဟု စွပ်စွဲနေသနည်း။

သတင်းထောက်များသည် ငတုံးများ မဟုတ်ကြပေ၊ သူတို့သည် စိတ်လှုပ်ရှားစရာကောင်းသော သတင်းများကို လိုချင်ကြသည်ဖြစ်၍ ဤကျဥ်းထဲကြပ်ထဲကျရောက်နေသော အခြေအနေမှ လွတ်မြောက်ရန် တစ်ခုတည်းသော နည်းလမ်းမှာလည်း လက်ရှိ အချိန်နှင့် တပြေးညီထုတ်လွှင့်နေမှုကို ကြည့်ရှုနေသူများ စိတ်ကျေနပ်စေရန် ချွေးသိပ်ပေးရန်သာဖြစ်သည်။ အကယ်၍ သူတို့သည် ကျင်းယွင်ကျောင်းအား ဆက်လက်၍ ပြင်းပြင်းထန်ထန်ဝေဖန်နေလျှင်၊ သို့မဟုတ် ဆက်လက်၍ မေးမြန်းရမည်ကို ရှက်သောကြောင့် မမေးဘဲ ရပ်ပစ်လျှင် အင်တာနက်သုံးစွဲသူများက သူတို့အား သေလောက်အောင် ဆဲဆိုကြိမ်းမောင်းကြလိမ့်မည်။

ထို့ကြောင့် သတင်းထောင်တစ်ယောက်က မေးလိုက်သည်။

"အန်တီဝမ်၊ ခင်ဗျားက တကယ်ပဲ ကျင်းယွင်ကျောင်းရဲ့အမေအရင်းလား၊ ဒါမှမဟုတ် ခင်ဗျားပြောခဲ့သမျှက အလိမ်အညာတွေလား"

အခြေအနေသည် ချက်ချင်းပင် ပြောင်းပြန်ဖြစ်သွား၏။

အစောပိုင်းက ကျင်းမိသားစုအား ချီးမွှမ်းနေကြသည့် ကြည့်ရှုသူများသည် ရုတ်တရက် ပြောင်းလဲသွားမှုကြောင့် အခြေအနေကို နားမလည်နိုင်ဖြစ်သွားကြသည်။

ဘာဖြစ်သွားတာလဲ။ ကျင်းယွင်ကျောင်းက အမှားလုပ်တဲ့သူ မဟုတ်ဘူးလား။

"မ...မဟုတ်ပါဘူး....ကျွန်မက သူ့ရဲ့အမေအရင်းပါ"

ဝမ်ရှင်းဖန်းက အလောတကြီး ပြန်ဖြေလိုက်၏။

ထိုအခိုက်၌ သတင်းထောက်များသည် ကျင်းမိသားစုအား မေးခွန်းများမေးခဲ့စဥ်က ကျင်းမိသားစု၏ သမီးအကြီးဆုံး ပြန်ဖြေသည့် ထူးဆန်းသောအဖြေအား ရုတ်တရက် သတိရသွားကြသည်။ သူမက အမှန်တရားကို သိနေသည်လား။ ရုတ်တရက် ပရိတ်သတ်၏ အာရုံသည် ကျင်းရှို့အပေါ်သို့ ကျရောက်သွား၏။

"မိန်းကလေး၊ ကျင်းယွင်ကျောင်းက မင်းရဲ့အစ်မအရင်း ဟုတ်၊ မဟုတ် ငါ့ကို ပြောပြနိုင်မလား"

ထိုအခါ ကျင်းရှို့သည် ထိတ်လန့်သွား၍ ကပျာကယာ ခေါင်းယမ်းပြလိုက်သည်။ ထိုမြင်ကွင်းကို ဝမ်ရှင်းဖန်းက မြင်သောအခါ ကျင်းရှို့၏ ပခုံးအား ဆောင့်ဆွဲကာ စားမတတ်ဝါးမတတ်ကြည့်၍ အော်လိုက်၏။

"ကျင်းရှို့၊ ကျင်းယွင်ကျောင်းက နင့်ရဲ့အစ်မကြီးပဲ။ သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက ပျောက်သွားတဲ့ ငါတို့မိသားစုရဲ့ အကြီးဆုံးသမီးပဲ။ နင် ဘာမှမသိဘဲနဲ့ လိမ်မပြောသင့်ဘူး၊ ဟုတ်ပြီလား"

ဝမ်ရှင်းဖန်းက သမီးဖြစ်သူအား ခြိမ်းခြောက်နေသည်ကိုမြင်သောအခါ ဘေးမှရပ်ကြည့်နေသူများသည် ဒေါသထွက်လွန်းသဖြင့် အံကြိတ်မိသွားကြ၏။

အကယ်၍ ကျင်းရှို့ကသာ ဝမ်ရှင်းဖန်း လိမ်ပြောနေသည်ဟု ဝန်ခံလိုက်ပါက ထိုလင်မယားသည် ပြန်လည်ချေပပြောဆိုစရာ ကျန်တော့မည် မဟုတ်ပေ။

ချက်ချင်းပင် ကင်မရာများအားလုံးသည် ကျင်းရှို့၏ဘက်သို့ လှည့်လိုက်ကြ၍ သူမ၏ ဆယ့်လေးနှစ်အရွယ် မျက်နှာလေးအား တိုက်ရိုက်ထုတ်လွှင့်နေကာ သူမ ပြန်ဖြေမည်ကို စောင့်နေကြသည်။

"ရှင်တို့ သတင်းထောက်တွေအားလုံးက လူတွေကို ခြိမ်းခြောက်တာပဲ လုပ်တတ်တာလား။ အစတုန်းကတော့ ရှင်တို့အားလုံးက ကျွန်မကို ခြိမ်းခြောက်ဖို့ကြိုးစားတယ်။ အခု ရှင်တို့က ကျင်းရှို့က ခြိမ်းခြောက်ဖို့ ကြိုးစားနေကြပြန်ပြီ။ စကားနဲ့ခြိမ်းခြောက်လို့မှ မလုံလောက်ရင် ခဲတွေနဲ့ ပေါက်ဦးမှာလား"

ကျင်းယွင်ကျောင်း၏ အသံက အေးစက်စက် ထွက်ပေါ်လာသည်။

သူမသည် ကျင်းမိသားစုတစ်စုလုံးအား ခွင့်လွှတ်ပေးမည် မဟုတ်သော်လည်း ကျင်းရှို့ကမူ ခြွင်းချက်ဖြစ်၏။

အကြောင်းမှာ ကျင်းရှို့သည် ကျင်းယွင်ကျောင်းအား သူမ၏ အတိတ်ဘဝကို သတိရစေသည်။ သူမသည် စိတ်ရှုပ်၍ ကြောက်ရွံ့နေသောအခါတွင် အပြင်ပန်း၌ သတ္တိနည်းပုံပေါ်သော်လည်း အတွင်းစိတ်ကမူ ခေါင်းမာနေသေး၏။

ထိုအချိန်၌ ကျင်းရှို့သည် ခေါင်းမော့၍ နှုတ်ခမ်းကို ခပ်တင်းတင်း ကိုက်ထားလိုက်သည်။

သူမသည်လည်း အမှန်တရားကို ထုတ်ပြောချင်၏။ သို့သော် သူမ၏ မိဘနှစ်ပါး၌ အပြစ်အနာအဆာများစွာရှိလျှင်တောင်မှ သူတို့သည် သူမ၏ မိဘများ ဖြစ်နေသေးသည်။ သို့သော် ကျင်းယွင်ကျောင်းသည် သူမ၏ မိသားစုနှင့် သွေးသားမတော်စပ်သောကြောင့် အနာဂတ်၌ ကျင်းယွင်ကျောင်း ဘာပဲလုပ်လုပ် သူမ၏ မိသားစုက ဘာမှပြန်မလုပ်နိုင်သော်လည်း သူမကမူ မတူပေ။ ကျင်းမိသားစုနှင့် သူမ၏ သွေးသားတော်စပ်မှုအား မပြောင်းလဲပစ်နိုင်သေး။

ကျင်းယွင်ကျောင်း၏ မထီမဲ့မြင်ပြောဆိုမှုကို ကြားပြီးနောက် သတင်းထောက်များသည် အတော်လေး ရှက်ရွံ့သွားကြသော်လည်း စောင့်ကြည့်နေကြသော အင်တာနက်အသုံးပြုသူများအား ဤအခြေအနေကို ပြန်လည်၍ ရှင်းပြရဦးမည်ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကျင်းမိသားစုအား ချီးမွှမ်းနေကြသော အင်တာနက် အသုံးပြုသူများသည်လည်း ယခုအခါ ဝရုန်းသုန်းကားဖြစ်နေကြ၏။

"ဘာတွေဖြစ်နေတာလဲဟ။ ကျင်းယွင်ကျောင်းက သူတို့သမီးအရင်း မဟုတ်ဘူးလား။ ဒါ...ဒါဆို ကျင်းမိသားစုက လူလိမ်တွေလား။ ငါ သူတို့ကို ကူညီတဲ့အနေနဲ့ ယွမ်တစ်ထောင်တောင် လှူထားတာလေ"

...

"အခုအချိန်က ပိုက်ဆံက အရေးမကြီးဘူးဟဲ့၊ ဘယ်သူပြောတာ အမှန်၊ ဘယ်သူပြောတာ အမှားဆိုတာ ဆုံးဖြတ်ဖို့က ပိုအရေးကြီးတယ်"

လူအုပ်ကြီးသည် တစ်ယောက်တစ်ပေါက် တီးတိုးပြောနေကြ၍ ဘေးမှရပ်ကြည့်နေသူအချို့သည် ဝမ်ရှင်းဖန်းအား ဤအခြေအနေကို ဖြေရှင်းပေးရန်အတွက် တောင်းဆိုနေကြသည်။ တစ်ဖက်တွင်လည်း သတင်းထောက်များအား လူအုပ်ကြီးက ဘေးသို့တွန်းထုတ်လိုက်ကြသဖြင့် သူတို့သည် ထပ်မံ၍ သတင်းရလို့ရငြား အရဲစွန့်၍ ရွာသားများကို မေးခွန်းများ မေးနေကြ၏။

ကျင်းယွင်ကျောင်းကမူ ဝရမ်းသုန်းကားဖြစ်နေသော အခြေအနေအား အကဲခတ်နေပြီး သူမ၏ အရှိန်အဝါကြီးသော ဟန်အမူအယာကြောင့် မည်သူကမှ အနားမကပ်ရဲပေ။ တောက်ပနေသော မနက်ခင်းနေရောင်အောက်တွင် သူမ၏နဖူးပေါ်မှ သွေးစများက ပို၍ထင်းနေပြီး ဘေးမှရပ်ကြည့်သူများ၏ ရင်ကို တုန်လှုပ်သွားစေလေသတည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now