Chapter 315

385 35 0
                                    

Chapter 315 :  ကြောက်လွန်းလို့ ရူးသွားတာလား

လမ်းသရဲခေါင်းဆောင်သည် အသက်နှစ်ဆယ်ခန့်ရှိ၍ အတော်လေး အကျည်းတန်သည်။ သူ့မျက်လုံးများက အောက်ဘက်သို့ စွေစောင်းနေ၍ နှုတ်ခမ်းပါးပြီး နှာခေါင်းကြီးကာ မျက်နှာတွင်လည်း ကျောက်ပေါက်မာများရှိ၏။ သူ စကားပြောသောအခါ အမူအယာများနှင့် ပြောစကားများသည်လည်း မျှော်လင့်ထားသည့်အတိုင်း လမ်းသရဲတစ်ယောက်ဟူသော ဂုဏ်ပုဒ်နှင့် ကိုက်ညီသည်။ တစ်ချက်ကြည့်ရုံနှင့်ပင် သူသည် လမ်းပေါ်နှင့် လမ်းကြားများထဲတွင်သာ ရှာတွေ့နိုင်သည့် ဆန်ကုန်မြေလေးတစ်ယောက်ဖြစ်ကြောင်း လူတိုင်းပြောနိုင်၏။

ကျင်းယွင်ကျောင်းသည် ယခု သူမ ကြုံတွေ့နေရသည်နှင့် တူညီသောအခြေအနေကို ကြုံဖူးပြီးသားဖြစ်သော်လည်း ထိုအချိန်က သူမ ရင်ဆိုင်ခဲ့ရသော လူအရေအတွက်မှာ ယခုထက်ပိုနည်း၍ ထိုလူများအား ကိုယ်ခံပညာတတ်သူများဟုပင် မယူဆနိုင်ပေ။

တစ်ဖက်တွင်မူ ယခု သူမ အရှေ့တွင် ရှိနေသူများအားလုံးမှာ နေ့စဥ် တိုက်ခိုက်သတ်ပုတ်နေကြသည့် လမ်းသရဲများဖြစ်ရုံသာမက လမ်းသရဲခေါင်းဆောင်သည် ခြေနင်းသိုင်းကွက်အချို့ကိုပင် တက်မြောက်သေးသည်။ ထို့ကြောင့် ယခု သူမ ရင်ဆိုင်နေရသည့် ပြိုင်ဘက်များအား ယခင်ပြိုင်ဘက်များနှင့် လုံးဝနှိုင်းယှဥ်၍ မရပေ။

"အရင်တုန်းကလည်း ရှင်တို့လို လူတွေက ကျွန်မကို ခြိမ်းခြောက်ဖူးတယ်။ ဒါပေမယ့် အခု သူတို့ထဲက တချို့က ထောင်ထဲမှာ၊ တချို့ကကျ ဒုက္ခိတဖြစ်အောင် အရိုက်ခံလိုက်ရတယ်။ ရှင်တို့ရော ဘယ်အမျိုးအစားထဲ ရောက်သွားမယ်လို့ ထင်လဲ"

ကျင်းယွင်ကျောင်းက ရုတ်တရက် ထမေးလိုက်၏။

ယခင်ကလည်း လုကျားနှင့် ဝမ်းကွဲအစ်ကိုများသည် ကျင်းယွင်ကျောင်းအား ရိုကျိုးလာစေရန်အတွက် သူမ၏ မျက်နှာကို ဓါးနှင့် မွှန်းချင်ခဲ့ဖူးသည်၊ သို့သော် အဆုံးသတ်တွင် ကံဆိုးမိုးမှောင်ကျသွားသူများမှာ သူတို့သာဖြစ်၍ သူမ မဟုတ်ပေ။

ထိုအခါ လမ်းသရဲအုပ်စုသည် ခဏမျှ အံ့သြဆွံ့အသွားပြီးနောက် ဝါးလုံးကွဲရယ်လိုက်ကြသည်။

"နှစ်တိုင်း ထူးထူးဆန်းဆန်း အခြေအနေတွေကြုံရတာ၊ ဒါပေမယ့် ဒီနှစ်ကတော့ ခဏခဏ ကြုံနေရမယ့်ပုံပဲ။ ညီအစ်ကိုတို့၊ သူပြောတာကို မင်းတို့ကြားလိုက်လား။ ဒီကောင်မလေးပြောလိုက်တာကို မင်းတို့ကြားလိုက်ကြလား။ အခု ခြိမ်းခြောက်ခံနေရတဲ့သူက ငါတို့များလားကွာ။ အား...ငါ နားကြားမှားသွားတာထင်တယ်၊ မင်း ခုနက ပြောလိုက်တာလေးကို နောက်တစ်ခေါက် ပြန်ပြောရဲသေးလား"

ထို့နောက် လမ်းသရဲခေါင်းဆောင်က မထီမဲ့မြင်ဟန် လှောင်ပြောင်နေသော မျက်နှာပေးဖြင့် ပုံကြီးချဲ့၍ နားစွင့်နေဟန်ပြု၍ မေးလာ၏။

ခေါင်းဆောင်ဖြစ်သူ၏ စကားကို ကြားသောအခါ နောက်လိုက်တစ်ယောက်ကလည်း သံယောင်လိုက်၍ ဝင်ပြောလာသည်။

"သူက သေချာပေါက် ကြောက်လွန်းလို့ ရူးသွားတာပဲ မဟုတ်လား။ အစ်ကိုကြီး၊ ဒီစော်လေးက အတော်လှတယ်နော်။ ကျွန်တော်တို့ သူ့ကိုခေါ်သွားပြီး ကစားကြရင်ရော"

"ရှူး...မင်းက သူနဲ့ကစားချင်တယ်ဆိုတာ ဘာအဓိပ္ပါယ်လဲ။ ငါတို့ ပိုက်ဆံလက်ခံပြီးပြီဆိုတော့ စည်းမျဥ်းအတိုင်းပဲ လိုက်နာရမယ်လေ။ ဟုတ်ပြီ မိန်းကလေး၊ ငါ့ရဲ့ညီအစ်ကိုတွေက သွေးဆာနေပြီဆိုတော့ မင်းကို အပြစ်ပေးဖို့ အချိန်ကျပြီ"

ခေါင်းဆောင်က ပြန်ပြောလိုက်ပြီး စကားဆုံးသည်နှင့် သူ၏ ဘေးတွင်ရှိသော နောက်လိုက်အား မျက်စပစ်ပြလိုက်၏။

ထိုအခါ လမ်းသရဲအချို့က ရုတ်တရက် စတင်လှုပ်ရှားလိုက်ပြီး ကျင်းယွင်ကျောင်း၏ လက်ကို ဆွဲချုပ်ထားရန် ကြိုးစားလိုက်ကြသည်။

သူတို့က တိုက်ခိုက်ချင်နေတယ်ဆိုမှတော့ ငါကလည်း ထပ်ပြီးတော့ ယဥ်ကျေးနေစရာ မလိုတော့ဘူးပေါ့။

ကျင်းယွင်ကျောင်းက လက်ပြန်ဖြင့် ရှေ့သို့တက်လာသော လမ်းသရဲနှစ်ယောက်အား ဖမ်းချုပ်ထားလိုက်ပြီး နှစ်ယောက်စလုံး၏ လက်များကို ကွေး၍ လိမ်ပစ်ရာ လမ်းသရဲနှစ်ယောက်သည် ခေတ္တမျှ သတိလက်လွတ်ဖြစ်သွားပြီးနောက် နာကျင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။ ထို့နောက် ကျင်းယွင်ကျောင်းက သူတို့အား ရက်ရက်စက်စက် ဆောင့်ကန်လိုက်ရာ မျက်နှာနှင့် ကွန်ကရစ်လမ်းရိုက်မိသွားပြီး လမ်းသရဲနှစ်ယောက်၏ မျက်နှာရှိ ဒဏ်ရာများမှ သွေးများဖြာကျလာတော့၏။

ထိုသွေးသံတရဲရဲမြင်ကွင်းကို မြင်သောအခါ အခြားလမ်းသရဲများသည် ခေါင်းဆောင်ဖြစ်သူအား ကြည့်လိုက်ကြသည်။ သူတို့၏ ခေါင်းဆောင်ဖြစ်သူသည်လည်း ကျင်းယွင်ကျောင်းက ပြန်လည်ခုခံနိုင်စွမ်းရှိမည်ဟု မမျှော်လင့်ထားသည်မှာ သိသာ၍ မျက်မှောင်ကြုတ်ကာ ပြောလာ၏။

"မင်းက ငါတို့နဲ့ လိမ်လိမ်မာမာ ပူးပေါင်းဖို့ ဆန္ဒမရှိဘူးဆိုမှတော့ ငါတို့လည်း ထပ်ပြီးတော့ ယဥ်ကျေးမနေတော့ဘူး။ ညီအစ်ကိုတို့၊ သူ့ကိုဖမ်း"

ထိုအခါ ကျယ်လောင်သည့် ညာသံပေးသံနှင့်အတူ တိတ်ဆိတ်နေသော လမ်းကြားလေးအတွင်း၌ ချက်ချင်းပင်် ရုတ်ရုတ်သဲသဲဖြစ်၍ ဆူညံသွားတော့သည်။

လူလေးငါးဆယ်ခန့်သည် ကျင်းယွင်ကျောင်းဆီသို့ ဘက်ပေါင်းစုံမှ ပြေးဝင်လာရာ ကျင်းယွင်ကျောင်း၏ နေရာတွင် သာမန်လူတစ်ယောက်သာဆိုပါက ကြောက်လွန်း၍ သေသွားနိုင်၏။ ထိုမျှသာမက ကျင်းယွင်ကျောင်းသည် လက်ဗလာဖြစ်၍ လက်နက်တစ်ခုမှ မပါပေ။

ထို့အပြင် ယနေ့ညကဲ့သို့ တိမ်ထူ၍ လမိုက်နေသော ညတစ်ညတွင် ပတ်ဝန်းကျင်၌ မည်သူမျှမရှိဘဲ အနီးနားတွင်လည်း ငှားရမ်းနေထိုင်သူများ နည်းပါးလှသည်ဖြစ်ရာ ဤလမ်းသရဲများက ရန်ပွဲဖန်တီးကြလျှင်တောင်မှ အမှောင်ထဲ၌ ဖုံးကွယ်နေသည့် သူတို့ကျူးလွန်နေသော မကောင်းမှု ဒုစရိုက်များကို မည်သူက သတိပြုမိမည်နည်း။

ဆယ်ချီသောလူများစွာက လူတစ်ယောက်တည်းအား တိုက်ခိုက်နေခြင်းဖြစ်ရာ သေချာပေါက် သူတို့ဘက်မှ အနိုင်ရမည်သာဖြစ်သည်။ ထို့ကြောင့် လမ်းသရဲခေါင်းဆောင်သည် သူ့နောက်လိုက်များ ပြေးဝင်သွားသည်ကိုမြင်သောအခါ နောက်ဆုတ်လိုက်ပြီး ရန်ပွဲကို ဆက်၍ အကဲခတ်နေလိုက်၏။

သို့ရာတွင် ခေါင်းဆောင်သည် လူများ၏ နာနာကျင်ကျင် သံရှည်ဆွဲအော်ဟစ်သံကြီးကို ရုတ်တရက် ကြားလိုက်ရပြီးနောက် ကျင်းယွင်ကျောင်းဆီသို့ ပထမဆုံး ပြေးဝင်သွားသူများသည် ယခုအခါ ပြန်၍ လွင့်ထွက်လာကြသည်ကို မြင်လိုက်ရသည်။

ထို့နောက် ကျင်းယွင်ကျောင်းသည် သူမထံသို့ ပြေးဝင်လာသည့် ဒုတိယအသုတ်အား လျှပ်စီးကဲ့သို့ လျင်မြန်စွာ တိုက်ခိုက်လိုက်သည်ကိုလည်း သူ မြင်လိုက်ရ၏။ သူမသည် ထိုသူများ၏ ဦးခေါင်းပေါ်မှ ခုန်ကျော်သွားကာ ခြေထောက်ကို သုံးပြီး ထိုလမ်းသရဲတစ်ယောက်ကို လည်ဂုတ်ကိုညှပ်လိုက်ကာ ဆွဲလွှင့်ပစ်လိုက်သည်။

ထိုအခါ ခေါင်းဆောင်ဖြစ်သူသည် နေရာ၌ပင် မလှုပ်မယှက်ဖြင့် ကြောင်အသွားပြီးနောက် ရုတ်တရက် တစ်ကိုယ်လုံး တုန်လှုပ်လာကာ စိတ်ရှုပ်နေသောမျက်နှာထားဖြင့် အော်လိုက်၏။

"ဘာတွေဖြစ်နေတာလဲ"

သူက တကယ်ပဲ ကိုယ်ခံပညာတတ်တာလား။

အမှန်အတိုင်းပြောရလျှင် ကျန်ဝမ်ရှန်းက သူ့အား ထိုအကြောင်းကို ပြောပြထားဖူး၍ ကျင်းယွင်ကျောင်းသည် သူတို့မိသားစု၏ သားဖြစ်သူအား အိပ်ယာထဲတွင်သာ အားပြန်ပြည့်အောင်နေရသည်အထိ ရိုက်နှက်ခဲ့ဖူးသော ဒေါသထွက်လွယ်သူတစ်ယောက်ဖြစ်ကြောင်းလည်း သူ့အား ပြောပြခဲ့သည်။ ထိုမျှသာမက သူမသည် အမှန်တကယ်ပင် ကိုယ်ခံပညာကျွမ်းကျင်လှသည်ဟု သူမ၏ကျောင်းမှ လူများက ကောလဟာလလွှင့်ကြသည်ကိုလည်း ကြားဖူး၏။ သို့ရာတွင် သူသည် ကောလဟာလများကို ယုံတတ်သည့်သူမျိုး မဟုတ်သောကြောင့် ထိုသူများက ပုံကြီးချဲ့ပြောနေသည်ဟုသာ တွေးခဲ့ပြီး အများဆုံးအနေဖြင့် ကျင်းယွင်ကျောင်းသည် သာမန်လူတစ်ယောက်ထက် အနည်းငယ် ပို၍ သန်မာရုံဟုသာ ထင်ခဲ့မိလေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now