Chapter 224

464 55 1
                                    

Chapter 224 : ဘက်လိုက်သော အကူအညီ

ဆရာကျီသည် ဤခေတ်၌ လူများက ပို၍ပွင့်လင်းလာကြပြီး ယခင်ခေတ်ကကဲ့သို့ ဤကျောင်းသားများကို စည်းမျဥ်း စည်းကမ်းများနှင့် အချိန်ပြည့် ကန့်သတ်ထိန်းချုပ်မထားနိုင်ကြောင်း သိထားခဲ့သည်။ သို့သော် ကျန်ရှကမူ အမှန်တကယ် လွန်လွန်းလှ၏။

အကယ်၍ ကျန်မိသားစုကသာ ကျင်းယွင်ကျောင်းကို အခွင့်အရေးပေးရန် ငြင်းပယ်ပြီး သူမကို ဒုက္ခပေးရန် ခေါင်းမာနေပါက သူသည်လည်း ဆရာတစ်ယောက်အနေနှင့် ကျန်ရှ ကဲ့သို့သော ကျောင်းသားတစ်ယောက်ကို ဤကျောင်းမှ ထုတ်ပစ်နိုင်သည့် အခွင့်အရေးရှိသည်။

"ကျေးဇူးတင်ပါတယ်၊ ဆရာ"

ကျင်းယွင်ကျောင်းက ဆရာကျီအား စိတ်ရင်းဖြင့် ကျေးဇူးတင်စကား ဆိုလိုက်၏။

သူမသည် သူမ၏ ကျောင်းဖော်များနှင့် ရေစက်မပါသော်လည်း ဆရာသမား၊ အကြီးအကဲများနှင့်မူ ရေစက်ကောင်းရှိသည်။ ထို့ကြောင့် သူမ၌ မိဘတစ်ယောက်မှ မရှိလျှင်လည်း ကိစ္စမရှိပေ။ သူမသည် လူကြီးမိဘများထံမှ ဂရုစိုက်မှုများစွာကို ရရှိထားပြီးဖြစ်၏။

ဆရာကျီက သက်ပြင်းချလိုက်သည်။ ထို့နောက် သူသည် ကျန်မိသားစုမှ မိဘများအား အကြောင်းကြားလိုက်၏။

ကျန်ရှအား ကျောင်းဆေးခန်းသို့ ပို့ထားချိန်တွင် ကျင်းယွင်ကျောင်းသည် အတန်းထဲသို့ ပြန်လာ၍ သင်ခန်းစာများကို ဆက်လက်သင်ယူနေသည်။

စာသင်ချိန်တစ်ချိန်ပြီးသွားပြီးနောက် သောကပွေနေသော လင်မယားစုံတွဲတစ်တွဲသည် သူတို့၏ စာသင်ခန်းတံခါးဝသို့ ရောက်လာ၏။ သူတို့ ရောက်လာသည်နှင့် ကျင်းယွင်ကျောင်းအား အပြင်ထွက်လာရန် ချက်ချင်း ခေါ်လိုက်သည်။

သို့ရာတွင် သူမ တံခါးဝကိုဖြတ်ပြီး ခြေချလိုက်သည်နှင့် တစ်ဖက်လူက လက်မြှောက်၍ သူမကို ရိုက်လိုက်သည်။ ကံကောင်း၍ ကျင်းယွင်ကျောင်းက အလျင်အမြန် တိမ်းရှောင်လိုက်နိုင်ကာ သူ၏ လက်ကောက်ဝတ်ကို ဖိချုပ်ထားလိုက်နိုင်၏။

"ကလေးတွေက လူကြီးမိဘတွေရဲ့ခြေရာအတိုင်း လိုက်နင်းကြတာပဲ။ နောက်ဆုံးတော့ ကျန်ရှ ဘာလို့ ဒီလိုလုပ်ရပ်တွေ လုပ်တယ်ဆိုတာ ကျွန်မ သဘောပေါက်သွားပြီ"

သူတို့သည် ကျင်းယွင်ကျောင်းက ဤကဲ့သို့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်မည်ဟု မျှော်လင့်မထားသည်မှာ အသိအသာပင်။ ထို့ကြောင့် သူတို့၏ အမူအယာများက မိနစ်ပိုင်းအတွင်း ပို၍ဆိုးရွားလာသည်။

ကျန်ရှ၏ မိခင်ဖြစ်သူသည် ချောမောလှပ၍ အခြားသူများအား မောက်မာသည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။

"ငါ့သားက မင်းအကြောင်းပြောပြတာကို ငါကြားပြီးပြီ၊ မင်းက ကျင်းယွင်ကျောင်း ဟုတ်တယ်မလား။ မင်းက အမြဲတမ်း ကိုယ့်နေရာကိုယ်မသိဘူး။ အမြဲ ပြဿနာရှာတယ်၊ လူတကာနဲ့ ပတ်အိပ်ပြီးတော့ တခြားသူတွေကို လိုက်စွပ်စွဲတတ်တယ်လို့ ငါ ကြားထားတယ်။ အစကတော့ လက်တည့်စမ်းပြီး ပျက်စီးနေတဲ့ ကလေးတစ်ယောက်လို့ တွေးပြီးတော့ ငါ စိတ်ထဲမထားခဲ့ပေမယ့် မင်းက ငါ့သားကို ဒီအခြေအနေထိ ဖြစ်အောင် ရိုက်တဲ့အထိ အဆိပ်ပြင်းမယ်လို့ မထင်ခဲ့မိဘူး"

သူမက ပြောလိုက်သည်။

လက်ရှိတွင် ကျန်ရှ၏ ဒဏ်ရာများမှာ ပတ်တီးစီးထားပြီးဖြစ်သော်လည်း လူက ထိုစုံတွဲ၏ အနောက်၌ ပုန်းနေပြီး အတော်လေး ကြောက်ရွံ့နေသည့်ပုံပင်။

"ဆရာကျီ၊ ဒီကိစ္စကို ဆရာတစ်ယောက်က မကိုင်တွယ်နိုင်ဘူးဆိုတာ ကျုပ်သိတယ်။ ဒါကြောင့် ကျုပ် ခင်ဗျားတို့ရဲ့ကျောင်းအုပ်ကို ဆက်သွယ်ပြီးသွားပြီ။ တကယ်လို့ ကျင်းယွင်ကျောင်းကို ဒီနေ့ ကျောင်းမထုတ်ရင် ကိစ္စတွေကို ပိုကြီးအောင်လုပ်လိုက်မှ ကျုပ်ကို အပြစ်မတင်နဲ့"

အဖေကျန်က ဒေါသတကြီး ပြောလိုက်၏။

ကျန်မိသားစုသည် စီးပွားရေးချောင်လည်သည့် မိသားစုဟု ယူဆနိုင်သည်။ ကျန်ရှ၏ ဖခင်သည် ခရိုင်မြို့ထဲတွင် လက်ဖက်ရည်ဆိုင်တစ်ဆိုင် ဖွင့်ထား၏။ ပတ်ဝန်းကျင်က ငြိမ်းချမ်းပြီး ဆိတ်ငြိမ်ရာတွင်ရှိသောကြောင့် စီးပွားရေးက အတော်လေးကောင်းသည်။ ထို့အပြင် ကျန်ရှ၏ မိခင်မှာလည်း ဟွားနင်ခရိုင်မြို့၏ စီးပွားရေးအချက်အချာအကျဆုံး လမ်းတွင် လူငယ်ကြိုက် ဖန်စီဆိုင်တစ်ဆိုင် ဖွင့်ထား၏။ ကြီးမားသည် စီးပွားရေးလုပ်ငန်းမဟုတ်သော်လည်း နှစ်စဥ် အမြတ်ငွေမှာမူ မနည်းလှပေ။

ကျန်ရှ အဖေပိုင်သော လက်ဖက်ရည်ဆိုင်အား တိတ်ဆိတ်ငြိမ်သက်သည့် နေရာကို နှစ်သက်သော ဂုဏ်သရေရှိ လူကြီးပိုင်းအချို့လာရောက်လေ့ရှိသောကြောင့် သူသည် တဖြည်းဖြည်း အာဏာစည်းစိမ်ရှိသူအချို့နှင့် ရင်းနှီးလာခဲ့၏။ ထို့ကြောင့် သူသည် စကားပြောဆိုရာ၌ အမြဲတမ်း ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိနေလေသည်။

ကျင်းယွင်ကျောင်းက သူ၏ လက်ကို လွှတ်ပေးလိုက်ပြီး အဖြစ်အပျက်တစ်ခုလုံးကို တိတ်တိတ်ဆိတ်ဆိတ် စောင့်ကြည့်ရန်သာ ရွေးခြယ်လိုက်ကာ ကျောင်းအုပ် ရောက်လာသည့်အချိန်အထိ သူမ စောင့်နေလိုက်သည်။

မကြာမီမှာပင် အေခန်း၏ တံခါးဝ၌ ထပ်မံ၍ ဆူညံဆူညံ ဖြစ်လာ၏။ စာသင်နေသည့် ကျောင်းသားများအား အနှောက်အယှက်ဖြစ်မည်ကို စိုးရိမ်သောကြောင့် သူတို့သည် ရုံးခန်းထဲသို့ နေရာပြောင်းလာကြသည်။

ကျင်းယွင်ကျောင်းသည် မိဘမရှိသောကြောင့် သူမ၏အနောက်တွင် ရပ်တည်ပေးမည့်သူမရှိသော်လည်း သူမသည် တစ်ကျောင်းလုံးတွင် အမှတ်အမြင့်ဆုံး ထိပ်တန်းကျောင်းသူ ဖြစ်၏။ ထို့အပြင် ယခင်က သူမသည် ကျောင်းကို ကိုယ်စားပြု၍ ဆုများယူဖူးသောကြောင့် ကျောင်း၏ မျက်နှာဖုံးဟုလည်း ဆိုနိုင်သည်။ ဤကျောင်းအုပ်ဆရာကြီးသည် မပြတ်မသား လုပ်တတ်သူတစ်ယောက် မဟုတ်သောကြောင့် အမှန်တရားကို ရှာဖွေဖော်ထုတ်ရန်ကသာ အရေးအကြီးဆုံးကိစ္စဖြစ်ကြောင်း ကြေညာလိုက်၏။

"ဆရာကြီး၊ ကျုပ်တို့က ဘာကိစ္စ ဆွေးနွေးနေရဦးမှာလဲ။ သူ့ကိုကျောင်းထုတ်ပြီးရင် ကျုပ်တို့ကို နစ်နာကြေးပေးဖို့ သူ့မိဘတွေကို ပြောလိုက်ပါ"

အဖေကျန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။

ထိုအခါ ဆရာကျီ၏ အမူအယာက တင်းမာသွားပြီး ပြန်တုံ့ပြန်လိုက်၏။

"ကျင်းယွင်ကျောင်းက အကြောင်းရင်းမရှိဘဲ လူတွေကို စပြီးမရိုက်ဘူး"

"ဒါဆိုရင် ရှင်ပြောချင်တာ သူရဲ့အကြမ်းဖက်မှုက ကျိုးကြောင်းဆီလျော်တယ်ပေါ့လေ။ ရှင်က ဘယ်လိုဆရာမျိုးလဲ။ ရှင်က သိသိသာသာကြီးကို ဘက်လိုက်ပြီး ကာကွယ်နေတာပဲ။ ကျင်းယွင်ကျောင်းက စာတော်တယ်ဆိုတာ ကျွန်မ သိတယ်။ ဒါပေမယ့် ကျွန်မတို့မိသားစုက ကျန်ရှကလည်း မျှော်လင့်ချက်မရှိလောက်အောင် ဆိုးသွမ်းနေတဲ့ ကျောင်းသား မဟုတ်ပါဘူး။ ပြီးတော့ အခု ကျင်းယွင်ကျောင်းက အရင်ဆုံး အမှားလုပ်တာနော်။ ရှင့်မှာ သူ့ကို ကာကွယ်နိုင်စရာ ဘာအခွင့်အရေးများ ရှိလို့လဲ"

အမေကျန်က ထပ်အော်ပြန်သည်။

ကျန်ရှ အမေ၏ အသံမှာ စူးရှလွန်းလှ၍ ဆရာကျီသည် သူမ၏ စကားကို ကြားဖြတ်ပြောရန် အခွင့်အရေးပင် မရလိုက်ရာ သူသည် မကျေမနပ်မဖြစ်ဘဲ မနေနိုင်ခဲ့ချေ။

ထိုအခိုက်မှာပင် ကျင်းယွင်ကျောင်းက သူမ ကြိုတင်ပြင်ဆင်ထားသည့်အတိုင်း ရည်းစားစာသုံးစောင်ကို ထုတ်ပေးလိုက်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now