Chapter 282

420 48 0
                                    

Chapter 282 : လျို့ဝှက်ပူးပေါင်းကြံစည်မှု၏ အရိပ်အယောင်များ

ရွာသားများအားလုံးသည် ကျင်းယွင်ကျောင်း၏ နာခံမှု မရှိ၍ သားသမီးဝတ္တရား မကျေမှုများကြောင့် သူတို့ရခဲ့သည့် ဒဏ်ရာများကို ပြသရန် လူရှေ့ထွက်လာကြခြင်းဖြစ်သည်။

သို့ရာတွင် အခြေအနေက အထိန်းအကွပ်မဲ့သွားလိမ့်မည်ဟု သူတို့ တစ်ခါမှ မတွေးမိခဲ့ကြပေ။ အခုအခါ သတင်းထောက်များသည် သူတို့ဘက်သို့လှည့်၍ တိုက်ခိုက်လာကြပြီဖြစ်ရာ အခြေအနေသည် ဖရိုဖရဲဖြစ်နေ၏။

"ခင်ဗျားနဲ့ ကျင်းထျယ်ကျွင်းနဲ့က အရမ်းရင်းနှီးတဲ့ အိမ်နီးချင်းတွေလား။ ဒါဆိုရင် သူတို့က သမီးတစ်ယောက်ကို စွန့်ပစ်ဖူးတယ်ဆိုတာ အမှန်ပဲလား"

သတင်းထောက်များထဲမှ တစ်ယောက်က မေးလိုက်သည်။

"ပြီးတော့ နောက်ပိုင်းမှာ ဝမ်ရှင်းဖန်းက သူ့ကို အပြင်ထွက်ရှာခဲ့လား။ ယောက္ခမကျင်းကရော ကလေးကို ဘယ်နေရာမှာ စွန့်ပစ်ခဲ့တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့လား"

သတင်းထောက်က ဆက်၍ မေးခွန်းထုတ်နေ၏။

ထိုကဲ့သို့အမေးခံရခြင်းကြောင့် ရွာသားကြီးသည် တောင့်တင်းသွား၍ ထူးဆန်းသောကိစ္စရပ်အချို့ကို သတိရသွားသည်။ ရွာထဲရှိ အိမ်ထောင်စုတိုင်းသည် သူတို့ အသက်ကြီးသောအခါ ပြုစုစောင့်ရှောက်နိုင်၍ သေသောအခါ၌လည်း ကောင်းကောင်းမွန်မွန် သဂြိုလ်ပေးနိုင်မည့် သားယောက်ျားလေးများကိုသာ လိုချင်ကြပြီး သမီးမိန်းကလေးများကိုမူ သားများကဲ့သို့ တန်ဖိုးမထားပေ။ ကလေးအများကြီးမွေးထားသော အိမ်ထောင်စုများသည် သမီးမိန်းကလေးအချို့ကို တစ်ပါးသူအား ပေးပစ်တတ်ကြ၍ အချိူ့ကိုမူ တိတ်တဆိတ် စွန့်ပစ်လိုက်ကြလေ့ရှိသည်။

သို့ရာတွင် များသောအားဖြင့် ထိုကလေးများအား ရက်ရက်စက်စက် စွန့်ပစ်လေ့ရှိကြသူများမှာ အဖိုးအဖွားများသာ ဖြစ်၏။ လက်တွေ့၌ ကလေး၏ မိခင်ဖြစ်သူသည် ထိုကလေးအား ကိုးလလွယ် ဆယ်လဖွားရသူဖြစ်သဖြင့် အစောပိုင်း၌ ထိုသို့စွန့်ပစ်သည်အား သေချာပေါက် လက်ခံလိမ့်မည် မဟုတ်။

ဒါပေမယ့် ငါတို့မြင်ခဲ့ရသလောက်ကတော့ ဝမ်ရှင်းဖန်းက တအားကြီး ဝမ်းနည်းကြေကွဲနေတာမျိုး မရှိခဲ့ဘူးလားလို့။

"သူ တစ်ရက်လောက်တော့ လိုက်ရှာသေးတယ် ထင်တာပဲ"

ထိုရွာသားကြီးသည် ပြန်တွေးကြည့်လိုက်၏။

ထိုမေးခွန်းအား ပြန်ဖြေနေရင်း သူတို့ကိုယ်တိုင်ပင် ကြောင်တောင်တောင် ဖြစ်နေသည်။ ကျင်းမိသားစုသည် အမှန်တကယ်ပင် တစ်ရက်သာ လိုက်ရှာခဲ့၍ ဒုတိယရက်၌ ကလေး မရှိတော့သည့်အလား မည်သည့်သတင်းမှ ထပ်မံ၍ မကြားရတော့ပေ။

"တစ်ရက်လား"

သတင်းထောက်သည်လည်း ကြောင်၍ ကြည့်နေ၏။

ထိုအခိုက်၌ သူတို့၏ အနားတွင်ရှိသော သတင်းထောက်များသည် လျို့ဝှက်ပူးပေါင်းကြံစည်မှု၏ အငွေ့အသက်များကို ရလိုက်ကြပြီး ရွာသားကြီးက သဲလွန်စတစ်ခုပေးခဲ့ခြင်း ဖြစ်သည်။ ယောက္ခမကြီးကျင်းနှင့် ရင်းနှီးသော သက်ကြီးပိုင်းတစ်ယောက်က ကလေးသည် တောင်ပေါ်၌ စွန့်ပစ်ခံခဲ့ရ၍ သေချာပေါက် သေသွားလောက်ပြီ ဖြစ်ကြောင်း ယခင်က ပြောပြခဲ့သည်ကို သူတို့ကြားဖူးခဲ့သည်ဟု ဆို၏။

ထိုအကြောင်းကို ကြားသောအခါ လူအများစုသည် အံ့သြထိိတ်လန့်၍ တွေဝေသွားကြသည်။

တကယ်လို့ ကျင်းမိသားစုရဲ့ကလေးက သေသွားပြီးသားဆိုရင် ဘာလို့ သူတို့က ကျင်းယွင်ကျောင်းကို သူတို့ရဲ့ကလေးပါဆိုပြီး အတင်း အသိအမှတ်ပြုချင်နေသေးတာလဲ။ ဒါက ရိုးရိုးသားသား လူမှားတဲ့ကိစ္စတော့ မဖြစ်နိုင်တော့ဘူး မဟုတ်လား။

ကံဆိုးသည်မှာ ရွာသားကြီးသည် ထိုအကြောင်းကို မတော်တဆပြောခဲ့ခြင်းသာဖြစ်၍ သက်သေခိုင်ခိုင်မာမာ မရှိပေ။ ထို့ကြောင့် လူတိုင်းသည် ထိုကိစ္စများဖြစ်ပျက်ခဲ့ပုံ အတိအကျအား စိတ်မှန်းနှင့်သာ ဖြည့်တွေးကြည့်နိုင်သည်။

လက်တွေ့၌ ရွာသားတစ်ဝက်ကျော်ခန့်သည် အတော်လေး ရိုးသားဖြောင့်မှန်၍ ပရိယာယ်ကင်းသူများဖြစ်ကြ၏။ သူတို့သည် ကျင်းယွင်ကျောင်းက ကျင်းထျယ်ကျွင်း၏ သမီးဟုသာ ရိုးသားစွာ ထင်မှတ်ခဲ့ကြသည်။ ထို့ကြောင့် သူမသည် မိဘများ၏ စကားကို လိုက်နာရမည်မှာ ထုံးစံပင်ဖြစ်သည်ဟု သူတို့က တွေးခဲ့၍ ကျင်းမိသားစု အခက်အခဲတွေ့နေသည်အား ကူညီချင်ခဲ့ကြခြင်းဖြစ်၏။ သို့ရာတွင် ယခုအခါ၌ လူတိုင်းက ဤကိစ္စသည် အလိမ်အညာသာဖြစ်ကြောင်း ပြောနေကြပြီဖြစ်သည်။ ထို့ကြောင့် သူတို့သည်လည်း ကျင်းမိသားစုနှင့် ခင်မင်ရင်းနှီးမှုကို လျစ်လျူရှုလိုက်ကြပြီးနောက် ဤကိစ္စကို စတင်၍ သံသယဝင်လာခဲ့ပြီး ယုတ္တိမရှိဟု တွေးလာကြ၏။

ရွာသားအများစု ထိုသို့ပြောင်းလဲသွားကြသည်မှာ ပုံမှန်သာဖြစ်၍ အလိမ်ခံနေရကြောင်းသိသွားချိန်၌ ဒေါသမထွက်မှသာ ထူးဆန်းနေမည်ဖြစ်သည်။

"ဝမ်ရှင်းဖန်း၊ နင် ဘယ်လိုရည်ရွယ်ချက်မျိုးတွေနဲ့ ကြံစည်နေတာလဲ။ ဒီမိန်းကလေးက တကယ်ပဲ နင်တို့မိသားစုက သမီးလား။ ငါတို့ နောက်တစ်ယောက်ကို ထပ်ပြီးတော့ အန္တရာယ်မပေးမိအောင် နင် ငါတို့ကို လိမ်မပြောတာ ပိုကောင်းလိမ့်မယ်"

"အမှန်ပဲ။ နင်က မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက် လုပ်ပြီးပြီလို့ ပြောလို့ ငါတို့က နင့်ကိုယုံခဲ့တာ။ ပြီးတော့ ငါတို့က နှစ်ပေါင်းများစွာ အိမ်နီးချင်းတွေဖြစ်ခဲ့ကြလို့ နင့်ကို ငွေရေးကြေးရေးအရ ထောက်ပံ့ပေးခဲ့တာ"

"ငါတို့လိုက်လာရင် အားလုံးကို တစ်ယောက် ယွမ်တစ်ရာစီပေးမယ်လို့ နင် ကျ်ိန်ပြောခဲ့တယ် မဟုတ်လား။ အခု ကိစ္စတွေက ဒီလိုဖြစ်သွားပြီဆိုတော့ နင် ငါတို့ကို ပေးဦးမှာလား"

အဆက်မပြတ် ဆဲဆိုဝေဖန်သံများကြောင့် ဝမ်ရှင်းဖန်းသည် သွေးအန်ချင်စိတ်ပင် ပေါက်လာ၏။

အစောပိုင်းကမှ ထိုလူများအားလုံးသည် သူမအား ကူညီပေးနေကြသည် မဟုတ်လား။ ယခုအခါ၌ သူတို့သည် တစ်ကိုယ်ကောင်းဆန်သွားကြပြီဖြစ်၍ နှစ်ပေါင်းများစွာ တစ်ရွာတည်းသားများဖြစ်ခဲ့သည့် ဆက်ဆံရေးသည်လည်း အသုံးမဝင်တော့ပေ။

"ဝမ်ရှင်းဖန်း၊ ဒါပြီးရင် ကျွန်မ ရှေ့နေ့တစ်ယောက်ငှားပြီး ရှင့်လက်ထဲမှာရှိတဲ့ လက်မှတ်ကိုသုံးပြီး ဆေးရုံကိုလည်း ကျွန်မကို တောင်းပန်ခိုင်းမယ်။ အတုလုပ်ပေးတဲ့ဆရာဝန်လည်း လွတ်မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျ သူက ဘယ်လိုဖြေရှင်းမလဲဆိုတာ ရှင် စဥ်းစားကြည့်လိုက်။ သွားရှုပ်လို့မရတဲ့ လူတချို့ရှိပေမယ့် ရှင့်ကိုတော့ သေချာပေါက် ထိုးကျွေးမှာပဲ။ အဲဒီအချက်နဲ့တင် ရှင်ပြောသမျှက အလိမ်အညာတွေအဖြစ် ပြောင်းသွားမယ်။ အဒီမခါကျရင် ရှင့်ရဲ့ခင်ပွန်းလည်း ပြေးလွတ်မှာ မဟုတ်ဘူး၊ ပြီးတော့ ရှင့်သားလည်း...."

"နင်တို့ ငါ့သားကို မထိရဘူး"

ကျင်းယွင်ကျောင်း စကားမဆုံးမီမှာပင် သတ်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးသည် သူမ၏သားဖြစ်သူအား တင်းတင်းကြပ်ကြပ်ဖက်ကာ ကြားဖြတ်အော်ဟစ်လိုက်သည်။

"ငါပြောပြပါ့မယ်"

ထို့နောက် ဝမ်ရှင်းဖန်းသည် ကျင်းယွင်ကျောင်းအား အရိုးစွဲသည်အထိ မုန်းတီးလှစွာဖြင့် စိုက်ကြည့်လာခဲ့လေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now