Chapter 296

402 40 0
                                    

Chapter 296 : အလင်းရောင်ကို မြင်ရခြင်း

ယနေ့ခေတ်၌ အလှူရှင်များအား လှည့်စားပြီး အလှူငွေများကို လိမ်ယူသွားသူများစွာရှိ၍ လှူဒါန်းမှုများ၏ ရာခိုင်နှုန်းအနည်းငယ်ကသာ အမှန်တကယ် အထမြောက်တတ်ကြလေသည်။ ရိကျုံးကျောင်းက ကျင်းယွင်ကျောင်း၏ ကိုယ်စား ပြည်သူလူထုကို သူမသည် ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ကြောင်း ပြောပြသော်လည်း လူထု၏ အမြင်တွင်မူ ဆယ့်ခြောက်နှစ်အရွယ် မိန်းကလေးငယ်လေးတစ်ယောက်က အဘယ်ရပ်တည်နိုင်စွမ်းရှိမည်နည်း။

ထို့ကြောင့် ရလဒ်အနေဖြင့် လူများစွာက ကျောင်း၏ ကြေညာချက်ကို အလေးအနက်မထားဘဲ ဆက်၍ လှူဒါန်းခဲ့ကြသည်။

သို့သော် ကျောင်းက လက်ခံရှိသမျှ ပစ္စည်းများအားလုံးကို အခြားနေရာသို့ အလွယ်တကူပင် ပြန်လှူလိုက်မည်ဟု မည်သူမှထင်မထားရာ စေတနာကောင်းဖြင့် လှူဒါန်းသူအားလုံး ဆွံအသွားကြ၏။

တစ်ဖက်၌ ကျင်းယွင်ကျောင်းသည် အနာဂတ်၌ မည်သည့်လှူဒါန်းမှုကိုမှ ထပ်မံ၍လက်မခံတော့ဘဲ ထိုကြင်နာတတ်သောသူများသည် သူတို့၏ အကူအညီကို အမှန်တကယ်လိုအပ်သော နေရာများ၌ လှူဒါန်းကြဖို့ဟု သူမ မျှော်လင့်ကြောင်း ကျောင်းက ကြေညာချက်တစ်စောင် ထုတ်ပြန်လိုက်သည်။ ထိုကြေညာချက်သည် အတု မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်းကို ကျင်းယွင်ကျောင်းက ထိုကြေညာချက်ပေါ်တွင် လက်မှတ်ထိုး၍ ထပ်မံအတည်ပြုပေးထား၏။

ထိုအခါ အင်တာနက်သုံးစွဲသူများ၏ တုံ့ပြန်မှုများက အမျိုးမျိုးကွဲသွားကြသည်။ အချို့က ဤကိစ္စသည် ကျောင်းက နာမည်ပိုကြီးရန်အတွက် ဇာတ်တိုက်၍ စီစဥ်ထားသည်ဟု ခံစားရပြီး အချို့က ကျင်းယွင်ကျောင်းသည် ရိုးသားသူတစ်ယောက်ဟု ခံစားကြရ၏။

သို့ရာတွင် မည်သို့ပင်အပြောခံရပါစေ ကျောင်းတာဝန်ရှိသူများသည် နောက်ဆုံး၌ လှူဒါန်းမှုများ လျော့နည်းသွားသဖြင့် သက်ပြင်းချနိုင်သွားသည်။

ကျင်းယွင်ကျောင်းသည်လည်း လူထု၏ မျက်စိအောက်တွင် နောက်ထပ်နှစ်လခန့် စောင့်ကြည့်ခံလိုက်ရပြီး နောက်ဆုံး၌ လွတ်လပ်ရေးရလာခဲ့၏။

သူမအပေါ် လူထု၏ စိတ်ဝင်စားမှုများ လျော့ကျသွားပြီးနောက် လမ်းပေါ်တွင်လည်း သူမအား မှတ်မိသူများ အတော်ကြီး လျော့ကျသွားသည်။ သူမအား မှတ်မိသူအချို့ကလည်း သနားကရုဏာသက်သော မျက်နှာထားဖြင့် ထပ်မကြည့်ကြတော့ပေ။

ထို့ကြောင့် ကျင်းယွင်ကျောင်းသည် နောက်ဆုံး၌ လက်ဖက်ရည်ဆိုင်ကို ကိုယ်တိုင်ကိုယ်ကျ စီမံခန့်ခွဲနိုင်သွားသည်။

လက်ဖက်ရည်ဆိုင်ဖွင့်ထားသည်မှာ နှစ်လကြာပြီဖြစ်သော်လည်း သူမသည် ပထမဆုံးအကြိမ် ဆိုင်ထဲသို့ ရောက်ဖူးခြင်းဖြစ်၏။ ထို့ကြောင့် ဆိုင်ထဲသို့ ဝင်လိုက်သည်နှင့် သူမ အံ့အားသင့်သွားသည်။

သူမ ဆိုင်နေရာကိုကြည့်၍ ရွေးခြယ်ခဲ့စဥ်က ဆိုင်သည် လူသူကင်းမဲ့၍ စုတ်ချာနေသော်လည်း ယခုတွင်မူ ထိုအချိန်ကနှင့် လုံးဝကွာခြားသွားပြီဖြစ်၏။

လက်ဖက်ရည်ဆိုင်ဝင်ပေါက်ကို နို့စိမ်းရောင် နံရံကပ်ကျောက်ပြားများနှင့် အလှဆင်ထားပြီး တံခါး၏ တစ်ဖက်တစ်ချက်တွင် ကျက်သရေရှိသော မဟော်ဂနီရောင် တိုင်လုံးကြီးနှစ်လုံးရှိကာ ထိပ်ဖျားပိုင်း၌ကွေးသွားသည့် ပုံစံတူတိုင်လုံးတစ်စုံက ရှေးဆန်သည့်ခံစားချက်ကို ပေးစွမ်းနေသည်။ ထိုမျှသာမက တံခါးများ၏အထက်တွင် ကျောက်ပြားတစ်ချပ်ရှိပြီး ထိုကျောက်ပြားပေါ်တွင် 'ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်' ဟူသော စကားလုံးများကို လက်ရာမြောက်စွာဖြင့် သေသေသပ်သပ် ရေးထိုးထားသည်။

အပြင်၌ ရပ်ကြည့်၍ အားရသွားသောအခါ ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ဆိုင်အတွင်းသို့ ဝင်လိုက်၏။

အတွင်းဘက်၌ ခပ်ကွေးကွေး ဝါးပင်ပုလေးတစ်ပင်စီကို ဘေးတစ်ဖက်တစ်ချက်စီ၌ စိုက်ပျိုးထားပြီး နံရံပေါ်တွင် လက်ရေးလှစာလုံးများ၊ ပန်းချီကားများနှင့် အလှဆင်ထား၏။

လက်ဖက်ရည်ဆိုင်သည် တိတ်ဆိတ်ငြိမ်သက်နေသောကြောင့် ကျင်းယွင်ကျောင်း ပို၍ပင် သဘောကျသွားသည်။

အတွင်းပိုင်း၌ ပိတ်ကားများ၊ ကန့်လန့်ကာများကဲ့သို့သော ရှေးဆန်ဆန် အငွေ့အသက်ရှိသည့် ပရိဘောဂပစ္စည်းများနှင့်ပြည့်နေ၍ တစ်ချိန်တည်းမှာပင် ခေတ်မီနည်းပညာများနှင့်လည်း ပေါင်းစပ်၍ ဒီဇိုင်းဆွဲထားကာ လက်ရာမြောက်မှုကို ထုတ်ဖော်ပြသထား၏။

"အားနာပါတယ်၊ ကျွန်တော်တို့ဆိုင်က မနက်ဖြန်မှ ဖွင့်မှာပါဗျ"

ဝန်ထမ်းတစ်ယောက်က ကျင်းယွင်ကျောင်း လျှောက်ပတ်ကြည့်နေသည်ကို မြင်သောအခါ သူမဆီသို့ လျှောက်လာရင်း ပြောလိုက်သည်။

ဝန်ထမ်းသည် ထန်ရိုးရာဝတ်စုံ အရောင်ဖျော့ဖျော့ကို ဝတ်ဆင်ထားပြီး သပ်ရပ်သန့်ရှင်းနေကာ သူ၏ ဆံပင်ရှည်ကိုလည်း အပေါ်သို့ပင့်တင်၍ ထုံးဖွဲ့ထားပြီး မျက်နှာပေါ်တွင်လည်း မိတ်ကပ်လိမ်းထားခြင်း မရှိပေ။

"ချူးရုန် ဒီမှာရှိလား"

ကျင်းယွင်ကျောင်းက မေးလိုက်သည်။

ပိုင်ယွီအန်းအား လက်ဖက်ရည်ဆိုင်အတွက် အလုပ်သမားများ ရှာခိုင်းမိခြင်းမှာ သေချာပေါက် ကောင်းမွန်လှသော အကြံဥာဏ်ပင်။

ဤဆိုင် အပြင်အဆင်နှင့် အလုပ်သမားများအားလုံးကို ချူးရုန်ကိုယ်တိုင် ကိုင်တွယ်ခြင်းဖြစ်၍ အရည်အသွေးမှာ စင်းလုံးချောဖြစ်သည်။

ထိုအခါ ဝန်ထမ်းက ခေတ္တစကားရပ်သွားပြီးနောက် ပြန်ဖြေလာ၏။

"မန်နေဂျာကို ရှာနေတာလားခင်ဗျာ။ သူက ဒုတိယထပ်မှာပါ။ ကျွန်တော် ခေါ်သွားပေးပါ့မယ်"

ဝန်ထမ်းလေး၏ နောက်သို့လိုက်သွား၍ ကျင်းယွင်ကျောင်းသည် ဒုတိယထပ်ရှိ သီးသန့်ခန်းများမှ အပြင်သို့ ကြည့်လိုက်ရာ လက်ဖက်ရည်ဆိုင်ဘေးရှိ ကားပါကင်တစ်ခုကို မြင်နိုင်လေသည်။ ထုံးစံအတိုင်းပင် ဒုတိယထပ်သည် ပထမထပ်နှင့် ယှဥ်ပါက ပိုစျေးကြီးသောကြောင့် ပို၍ ကျယ်ပြန့်ပြီး တိတ်ဆိတ်၏။

ထို့နောက် ဒုတိယထပ်သို့ ရောက်သောအခါ သူမသည် လက်ဖက်ရည်နံ့ပြင်းပြင်းကို ရလိုက်သည်။

"မန်နေဂျာကြီး၊ ဒီအမျိုးသမီးလေးက ခင်ဗျားကို ရှာနေပါတယ်"

ဝန်ထမ်းက လက်ဖက်ရည်တစ်ခွက်ကို မြည်းစမ်းနေသော ချူးရုန်အား ပြောလိုက်၏။

ထို့နောက် ကျင်းယွင်ကျောင်းက ချူးရုန်အား ကြည့်လိုက်ရာ ပထမဆုံးအနေဖြင့် သူမ၏ စိတ်ထဲ၌ ကြည်လင်မှုကို ခံစားလိုက်ရသည်။

ထိုအခါ သူတို့သည် လက်ဖက်ရည်ခွက်ကိုချထားလိုက်ပြီး သူမ၏ အနီးသို့ လျှောက်လာပြီးနောက် မေးလိုက်၏။

"ကျွန်တော့်ကို ဘာကြောင့် ရှာနေတာလဲခင်ဗျာ။ လက်ဖက်ရည် ဝယ်ချင်လို့များလား"

ပုံမှန်အားဖြင့် လက်ဖက်ရည်ဆိုင်သည် ဧည့်သည်များ လက်ဖက်ရည်သောက်ရင်း စကားစမြည်ပြောကြသည့် နေရာဖြစ်သော်လည်း လက်ဖက်ရည်ဆိုင်မှ လက်ဖက်ခြောက်များကိုလည်း ဝယ်ယူနိုင်သည်။ ပြောစရာ မလိုအောင်ပင် လက်ဖက်ရည်ဆိုင်သို့ ပို့သော လက်ဖက်ခြောက်များအားလုံးက လတ်ဆတ်၍ အချို့လက်ဖက်ရွက်များကို သူတို့ကိုယ်တိုင် အခြောက်ခံထားကြ၏။

မျှော်လင့်ထားသည့်အတိုင်း လက်ဖက်ခြောက်သည် အရည်အသွေးအမြင့်ဆုံးဖြစ်၍ သူတို့သည် လက်ဖက်ရွက်တစ်ရွက်ကိုမှ မဖြုန်းတီးချင်ပေ။

"မင်္ဂလာပါ၊ ကျွန်မက ကျင်းယွင်ကျောင်းပါ၊ မျိုးရိုးနာမည်က ကျင်း"

ကျင်းယွင်ကျောင်းက ယဥ်ကျေးပျူငှာစွာ နှုတ်ခွန်းဆက်လိုက်သည်။

ပိုင်ယွီအန်းသည် ချူးရုန်အား သူမ၏အကြောင်းကို သေချာပေါက် ပြောပြထားသော်လည်း ကျင်းယွင်ကျောင်းသည် နာမည်ကြီးလွန်းသဖြင့် သူမ၏ မျိုးရိုးနာမည်အား ပြောပြလိုက်ရုံနှင့်ပင် ပိုင်ယွီအန်းသည် ချူးရုန်အား ကြောက်လန့်သွားအောင် လုပ်နိုင်ခဲ့လေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Onde histórias criam vida. Descubra agora