Chapter 293

414 48 0
                                    

Chapter 293 : မတူညီခြင်း

ကျင်းယွင်ကျောင်းသည် ကျင်းရှို့၏ မိသားစုနောက်ခံနှင့် နောက်ကြောင်းရာဇဝင်ကို လုံးဝရှင်းလင်းပေးနိုင်သည်အထိ အစွမ်းအစ မရှိသော်လည်း ကျင်းရှို့၏ အမည်ကိုမူ အလွယ်တကူ ပြောင်းလဲပေးနိုင်စွမ်းရှိသေးသည်။ နာမည်ပြောင်းလိုက်ရုံနှင့် လူအများသည် ကျင်းရှို့နှင့် နာမည်ပျက်ရှိသည့် ကျင်းမိသားစုကို ဆက်စပ်ကြည့်ကြတော့မည် မဟုတ်ဘဲ သူမ၏ နေ့ရက်များက ငြိမ်းချမ်းသွားပေလိမ့်မည်။

ထို့အပြင် ကျောင်းပြောင်းပြီးနောက် ကျင်းရှို့သည် အတန်းဖော်များထံမှ ထပ်မံ၍ အပယ်ခံရမည်ကိုလည်း စိုးရိမ်စရာမလိုတော့ဘဲ အေးအေးဆေးဆေး အနားယူပြီး ကျောင်းစာများကို အာရုံစိုက်နိုင်လိမ့်မည်။

ကျင်းယွင်ကျောင်းက ကျင်းရှို့အား ကျင်းမိသားစုကို စွန့်လွှတ်ဖို့အတွက် မေးရန် အစီအစဥ်မရှိသည်မှာ အသိအသာပင်။ ထိုအစား သူမသည် ကျင်းရှို့၏ အကျင့်စရိုက်အား ရည်ညွှန်း၍ 'ကျင်းရှို့အဖြစ် ပြန်သွားချင်လျှင်' ဟုသာ ပြောခဲ့သည်။ အကယ်၍ ကျင်းရှို့က သူမကိုယ်သူမ မပြောင်းလဲချင်ဘဲ အမြဲတမ်း ကြောက်ရွံ့အားနည်းနေသည့် ကျင်းရှို့အဖြစ်သာ ပြန်နေချင်သည်ဆိုပါက ကျင်းယွင်ကျောင်းလည်း သူမကို ကူညီနိုင်မည် မဟုတ်တော့။

ထိုအခါ ကျင်းရှို့သည် ထိတ်လန့်၍ အံ့အားသင့်သွားသော်လည်း တစ်ချိန်တည်းမှာပင် စိုးရိမ်နေခဲ့သည်။

ကျင်းရှို၌ အလွန်သေးငယ်သော တောင်းဆုလေးတစ်ခုသာရှိ၍ ထိုဆုမှာလည်း ကျောင်းတက်ချင်ခြင်းပင်။ သို့ရာတွင် လက်ရှိအခြေအနေအရ သူမသည် ကျောင်းစာများကို အာရုံမစိုက်နိုင်ပေ။ သို့သော် သူမသာ ကျောင်းပြောင်းလိုက်ပါက အခြေအနေသည် တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားလိမ့်မည်။

"အစ်မက ဘာလို့ ကျွန်မကို ကူညီတာလဲ။ ကျွန်မရဲ့မိဘတွေက အစ်မကို ရက်ရက်စက်စက် ဆက်ဆံခဲ့တာလေ"

ကျင်းရှို့က စိတ်ရှုပ်စွာဖြင့် ပြောလာသည်။

"ဘာလို့လဲဆိုတော့ နင်က မတူလို့ပေါ့"

ကျင်းယွင်ကျောင်းက အခိုင်အမာ ပြန်ဖြေလိုက်၏။

"ဒါက ဖြစ်နိုင်ပါ့လား"

ကျင်းရှို့က ခပ်တိုတိုး မေးလိုက်၏၊။ သူမသည် ကျင်းယွင်ကျောင်းကဲ့သို့သော လူတစ်ယောက်ဖြစ်လာအောင် အမှန်တကယ်ပင် ပြောင်းလဲနိုင်မည်လား။ သို့သော် ကျင်းယွင်ကျောင်းက ပြန်မဖြေပေ။ ဖြစ်နိုင်၊ မဖြစ်နိုင်ကို ကျင်းရှိူ့ကိုယ်တိုင်သာသိ၍ အရာအားလုံးကလည်း သူမ၏ ဆုံးဖြတ်ချက်အရသာ ဖြစ်သည်။

ကျင်းယွင်ကျောင်းက အလျင်မလိုဘဲ ကျင်းရှို့၏ အဖြေကို စိတ်ရှည်စွာ စောင့်ဆိုင်းနေစဥ် တုလင်းက မီးဖိုခန်းထဲဝင်၍ သူတို့နှစ်ယောက်အတွက် အလျှံအပယ် စားပွဲသောက်ပွဲ ပြင်ဆင်ပေးရန် ချက်ပြုတ်နေ၏။ နောက်ဆုံး ထမင်းတစ်နပ် စားပြီးနောက်တွင် ကျင်းရှို့သည် သူမ၏ သတ္တိလေးကို စုစည်း၍ ကျင်းယွင်ကျောင်းအား ကြည့်လိုက်သည်။

"အစ်မကြီးယွင်ကျောင်း၊ ကျွန်မ ကျောင်းပြောင်းချင်တယ်။ နာမည်ပြောင်းချင်တယ်။ ဘဝသစ်စချင်တယ်"

ကျင်းရှို့က ခံယူချက် ခိုင်ခိုင်မာမာဖြင့် ပြောလိုက်၏။

ဤမိန်းကလေးငယ်လေးသည် အရပ်ပု၍ အာဟာရချို့တဲ့ပုံပေါ်သည်။ အသက်ငယ်ငယ်ရွယ်ရွယ်နှင့် အမြန်ရင့်ကျက်ရန် ဖိအားပေးခံရသောကြောင့် သူမ၏ ဆံပင်များက အဝါရောင်ပြောင်းနေသည်။ ပုံမှန်အားဖြင့် ရင့်ကျက်သူတစ်ယောက်ဖြစ်လာခြင်းသည် ဂုဏ်ယူစရာဖြစ်သော်လည်း ကလေးတစ်ယောက်က လောကဒဏ်တရားများကို နားလည်နေ၍ အခြားသူများနှင့်ယှဥ်ပါက ပို၍ ရင့်ကျက်နေခြင်းသည် မြင်ရကြားရသူများအား အမှန်တကယ်ပင် သူတို့ကိုယ်စား ပူပင်သောကရောက်စေ၍ စိတ်မကောင်းဖြစ်စေသည်။

ကျင်းယွင်ကျောင်းက ခေါင်းညိတ်၍ ပြန်ဖြေလိုက်၏။

"ယခု နင့်နာမည်ကိုပြောင်းမယ်ဆိုတာက လက်ရှိအခြေအနေတွေ အေးချမ်းပြီး ငြိမ်သက်သွားဖို့အတွက်ပါပဲ။ အခြေအနေတွေ ငြိမ်သွားတဲ့အထိစောင့်ပြီးရင် နင် ကျင်းရှို့ဆိုပြီး နာမည်ပြန်ပြောင်းလို့ရတယ်။ တကယ်လို့ နင်က နာမည်ပျက်ရှိတဲ့ ကျင်းမိသားစုရဲ့သမီးဆိုတာ တခြားလူတွေသိသွားရင်တောင်မှ ဘာဖြစ်လဲ။ နင်က အပြစ်ကင်းပြီးတော့ ဘာရာဇဝတ်မှုမှ မကျူးလွန်ခဲ့ဘူးလေ။ နင်က ဘာကြောင့် ကြောက်နေရမှာလဲ"

ထိုအခါ ကျင်းရှို့က 'အင်း' ဟုဆို၍ ထောက်ခံလိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်ရောင်ခြည်လေး တောက်ပနေခဲ့လေသည်။

"နင် ငါပြောတာကို သဘောတူပြီဆိုရင် နင် ဒီနေရာမှာ ရက်နည်းနည်းလောက် အနားယူနေလိုက်ပါ။ ငါ နင် နာမည်ပြောင်းဖို့နဲ့ ကျောင်းပြောင်းဖို့ စီစဥ်ပေးမယ်။ ပြီးရင်တော့ နင့်ကို နင်းမြို့တော်ကို ခေါ်သွားဖို့ စီစဥ်ထားတယ်။ အဲဒီမှာ မင်းကို စောင့်ရှောက်ပေးမယ့်သူတွေရှိတယ်"

ကျင်းယွင်ကျောင်းက ဆက်ပြောလိုက်၏။

လက်ရှိအချိန်တွင် ကျောက်စိမ်းဝိညာဥ်ဝိုင်သည် ရေပန်းစားနေသဖြင့် ဘဏ္ဍာရေး ပြဿနာများကိုလည်း အလွယ်အကူဖြေရှင်းနိုင်ပြီး ဟွားနင်ခရိုင်မှ လူများစွာသည် ကျင်းယွင်ကျောင်းနှင့် အသိမိတ်ဆွေဖြစ်လာကြသည်။

ကျင်းရှို့သည် ရုတ်ချည်း တိုးတက်ပြောင်းလဲမှုများကြောင့် ဆွံ့အနေ၏။ သူမတွင် ကိုယ်ပိုင်အခန်းလေးတစ်ခန်း ရုတ်တရက်ရှိလာပြီး တုလင်း၏ ဖခင်ဖြစ်သူကလည်း သူမအား ချစ်ခင်နှစ်သက်သောကြောင့် သူမသည် တုမိသားစုအိမ်တွင် ရက်အနည်းငယ်ကြာအောင် နေထိုင်ခဲ့ရသည်။

ထို့နောက် ကျင်းယွင်ကျောင်းသည် အိမ်ပြန်လမ်းတွင် ပိုင်ယွီအန်းအား ဖုန်းခေါ်၍ သူမ၏ ပြဿနာ အသေးအမွှားလေးကို ဖြေရှင်းပေးရန် အကူအညီတောင်းခံခဲ့သည်။

ကျင်းရှို့က နာမည်ပြောင်းချင်သော်လည်း ကျင်းမိသားစုနှင့် သူမ၏ သွေးသားတော်စပ်မှုကို အမှန်ပင် မပယ်ဖျက်ချင်ပေ။ ကျင်းယွင်ကျောင်းသည်လည်း သွေးသားတော်စပ်သူများနှင့် ဆက်ဆံရေးကို ဖြတ်တောက်ရန်မှာ ခက်ခဲကြောင်း နားလည်၏။

နှစ်ပတ်ကြာပြီးနောက်တွင် အခြေအနေအားလုံး ငြိမ်သက်သွားသည်။

ကျင်းမိသားစု၏ ခြံဝန်းသည် ဖုန်မှုန့်များဖုံးလွှမ်းနေပြီး အိမ်ထဲသို့ လူများ ဝင်ထွက်သွားလာထားသည့် လက္ခဏာ မရှိပေ။

ကျင်းရှို့က ကျင်းဖန်ဟု အမည်ပြောင်းလိုက်သည်။ ရှန်းကျင် ပြသည့် နာမည်စာရင်းစာရွက်ထဲမှ အမည်အသစ်ကို သူမကိုယ်တိုင် ရွေးထားခြင်းဖြစ်၏။ သူမ ရွေးသောအမည်သည် ထူးထူးခြားခြား မဟုတ်သော်လည်း ကျင်းရှို့ဟူသောအမည်က ခါးသီးသောခံစားချက်ကို ပေး၍ ကျင်းဖန်ဟူသော အမည်သည် နွေးထွေးတောက်ပသည့်ခံစားချက်ကို ပေးသည်မှာမူ ထင်ရှားလေသည်။

ရှန်းကျင်သည် အသက်သုံးဆယ့်သုံးနှစ်ရှိပြီဖြစ်၍ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြီး နင်းမြို့တော်သို့ ပြန်ပြောင်းလာကတည်းက တစ်ကိုယ်တည်းနေထိုင်နေခြင်းဖြစ်ရာ ကျင်းယွင်ကျောင်းက အကူအညီလိုသည်ဟုကြားသည်နှင့် မည်သည့်မေးခွန်းမှ မမေးဘဲ ကျင်းဖန်၏ နေ့စဥ်ဘဝ လုပ်ငန်းစဥ်များကို တာဝန်ယူပေးခဲ့သည်။ တစ်ချိန်တည်းမှာပင် သူမ နေထိုင်သောနေရာသည် ကျင်းဖန်၏ ကျောင်းအသစ်နှင့် နီးသည်ဖြစ်ရာ အလွန်အဆင်ပြေလှချေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Tahanan ng mga kuwento. Tumuklas ngayon