Chapter 266

367 41 0
                                    

Chapter 266 : အံ့ချီးဖွယ် သမားတော်လား

ကျန်မိသားစုလက်ဖက်ရည်ဆိုင်သည် ကြွေထည်ပစ္စည်းဆိုင်များ၊ ရှေးဟောင်းပစ္စည်းဆိုင်များ ဝန်းရံထား၍ ကျင်းယွင်ကျောင်း ရှာတွေ့ခဲ့သည့် နေရာကမူ လမ်း၏အဆုံးတွင်တည်ရှိကာ ၎င်း၏အနီးနား၌ ရေကန်တစ်ကန်နှင့် ပန်းခြံရှိသည်။ ရူခင်းလှပ၍ လေကောင်းလေသန့်ရသော်လည်း ဤနေရာ၌ လူအသွားအလာများသည်ဖြစ်ရာ ကျန်မိသားစု၏ လက်ဖက်ရည်ဆိုင်နှင့် မယှဥ်နိုင်ပေ။

သို့ရာတွင် ဤအချက်သည် ကျင်းယွင်ကျောင်းအတွက် ပြဿနာမဟုတ်။ တကယ်တမ်း ဤနေရာသည် အခြားနေရာနှင့်ယှဥ်ပါက အတော်လေး ဝေးသော်လည်း လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဆောက်ရန်အတွက်မူ ပြဿနာများများစားစား မရှိပေ။

မြစ်အနီးတွင်ရှိသော စျေးဆိုင်များသည် အခြားနေရာများနှင့်ယှဥ်ပါက ပိုအေးသောကြောင့် ဆိုင်အများစုမှာ "ရောင်းရန်/ငှားရန်" ဟူသော ဆိုင်းဘုတ်များ ချိတ်ဆွဲထားကြ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းသည် ထိုဆိုင်းဘုတ်နားသို့သွား၍ ဆိုင်းဘုတ်ပေါ်ရှိ ဆက်သွယ်ရန်အချက်အလက်များကို မှတ်သားလိုက်ပြီးနောက် ပြန်လာခဲ့သည်။

ထို့နောက် အိမ်သို့ပြန်ရောက်သည်နှင့် ကျင်းယွင်ကျောင်းသည် ကိစ္စနှစ်ခုရှိသောကြောင့် ပိုင်ယွီအန်းကို ဖုန်းခေါ်လိုက်၏။ ပထမတစ်ခုမှာ လက်ဖက်ရည်ရောင်းရာ၌ လက်တိုလက်တောင်းခိုင်းရမည့်သူအချို့ကို ငှားပေးရန်အတွက် ပိုင်ယွီအန်းအား တောင်းဆိုရန်ဖြစ်ပြီး ဒုတိယအချက်မှာ စျေးဆိုင်ပိုင်ရှင်နှင့် ဆိုင်ခန်းအရောင်းအဝယ်စျေးနှုန်းကို ပိုင်ယွီအန်းအား ညှိခိုင်းစေလို၍ ဖြစ်သည်။

အကြောင်းမှာ သူမ၏ ကျောက်စိမ်းဝိညာဥ်ဝိုင်ကုမ္ပဏီသည် ပုံမှန်အတိုင်း တိုးတက်၍ ကျယ်ပြန့်လာနေသော အမြတ်အစွန်းရှိသော်လည်း ကုမ္ပဏီ၏ ကနဦး ရင်းနှီးမြှုပ်နှံမှုများမှာ ကုန်ကျစရိတ်များစွာ ကျသင့်သောကြောင့် စျေးဆိုင်ဝယ်ရာ၌ ငွေပမာဏအများအပြားမသုံးနိုင်ခြင်းပင်။ တစ်ချိန်တည်းမှာပင် ကျင်းယွင်ကျောင်းသည် ပိုင်ရှင်တောင်းဆိုသောစျေးက အလွန်မြင့်နေပါက ယခုအချိန်၌ ဝယ်မည့်အစား ငှားရမ်းမည်ဟုသာ ဆုံးဖြတ်လိုက်၏။

နောက်တစ်နေ့မနက်တွင် ကျင်းယွင်ကျောင်းသည် ဖုန်းခေါ်ဆိုမှု ငါးကြိမ်ဆက်တိုက် လက်ခံရရှိခဲ့သည်။

ထိုအခါ သူမသည် အဖိုးရှုက သူမအား သူ၏လူနာများအားလုံးကို လွှဲအပ်လိုက်ကြောင်း သတိရသွား၍ ယခုအခါ သူတို့အားလုံးက သူမအား ဆက်သွယ်၍ အကူအညီတောင်းနေပြီဖြစ်သည်။

လူနာငါးယောက်လုံးသည် ဟွားနင်ခရိုင်မှဖြစ်ကာ ၎င်းက တိုက်ဆိုင်မှုမဟုတ်ဘဲ အဖိုးရှုက စီစဥ်ပေးထားခြင်းသာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိနိုင်၏။ ထို့နောက် ကျင်းယွင်ကျောင်းသည် လူနာတစ်ယောက်ချင်းဆီနှင့် ချိန်းဆိုမှုလုပ်လိုက်ပြီး သူတို့၏ လိပ်စာများကို တစ်ခုချင်း ချရေးထားလိုက်သည်။

အဖိုးရှုနှင့် ဆေးကုချင်သူများမှာ သာမန်အအေးမိဖျားနာသူများ မဟုတ်ကြောင်း အသိအသာပင်။

ထို့နောက် ကျင်းယွင်ကျောင်းသည် သန့်ရှင်းသပ်ရပ်သော အဖြူရောင်ရှပ်အင်္ကျီတစ်ထည်ကို လဲလိုက်၍ အဖိုးကန်က သူမအား ပေးထားသည့်အိတ်ကိုယူကာ အိမ်မှထွက်လာခဲ့သည်။

ဤပတ်ဝန်းကျင်တွင် ကျင်းယွင်ကျောင်းကို သိသူပေါများလှရာ မနက်ခင်းအစော၌ ဆေးအိတ်တစ်လုံးကိုသယ်လာသည့် သူမအား မြင်ရခြင်းကြောင့် လူအများသည် စိတ်ဝင်တစားဖြစ်ကာ သိချင်သွားကြ၏။ သို့ရာတွင် ကျင်းယွင်ကျောင်း၏ ခပ်စိမ်းစိမ်းနေတတ်သော သဘောထားကြောင့် သူမ တက္ကစီးတစ်စီးငှား၍ ထွက်လာသည့်တိုင်အောင် မည်သူကမှ သူမကို လာမမေးရဲကြပေ။

ပထမဆုံးလူနာသည် ဝေးလံ၍ ရှုခင်းလှပသော ကိုယ်ပိုင်ခြံဝန်းတစ်ခု၌ နေထိုင်သည်။ ကျင်းယွင်ကျောင်း တံခါးခေါက်လိုက်သည်နှင့် တံခါးဆီသို့ အပြေးလာသော ခြေသံများကို ကြားလိုက်ရ၏။

"သမားတော်ကျင်းလား"

တံခါးအနောက်ရှိလူသည် စိတ်လှုပ်ရှားနေသောလေသံဖြင့် မေးလာ၍ တံခါးကို ခပ်ဟဟဖွင့်ပေးလာသည်။

သို့သော် သူမသည် ကျင်းယွင်ကျောင်းကို မြင်သောအခါ ချက်ချင်းပင် မျက်မှောင်ကြုံ့သွား၍ နောက်ထပ်တစ်ယောက်အား တွေ့လို့တွေ့ငြား ပတ်ဝန်းကျင်ကို ဟိုဟိုဒီဒီလျှောက်ကြည့်နေ၏။

"ရှင် သမားတော်ကျင်းကို ရှာဖို့မလိုပါဘူး။ ကျွန်မက သမားတော်ကျင်းပါပဲ"

ကျင်းယွင်ကျောင်းက ယဥ်ကျေးစွာ ပြောလိုက်သည်။

ဒီနေ့မနက်တုန်းက ငါ သူနဲ့ဖုန်းပြောတော့ သူက အရမ်းစိတ်အားထက်သန်ပြီး စိတ်လှုပ်ရှားနေတာ၊ ဒါပေမယ့် အခုကျ သူစိတ်ရှုပ်သွားတဲ့ပုံကိုကြည့်ရတာ သူက ငါ့အစား အသက်ကြီးကြီး သမားတော်တစ်ယောက်လာမယ်လို့များ ထင်ထားလို့လား။

"မင်းက အကြီးအကဲရှုမိတ်ဆက်ပေးတဲ့ အံ့ချီးဖွယ်သမားတော်လား"

အမျိုးသမီးကြီးက သံသယရှိနေပုံဖြင့် တအံ့တသြမေးလာ၏။

ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းသည်လည်း အံ့သြသွားသည်။ အံ့ချီးဖွယ်သမားတော်လို့ ခေါ်လိုက်တာလား။ အဖိုးရှုသည် ဤသို့ပြောမည့်ပုံမပေါ်ပေ။ သူသည် သူမ ဆေးပင်များကို စီမံနေသည့်အခါတိုင်း ငတုံးဟုခေါ်လေ့ရှိ၍ သူမ၏ လက်တန်းလုပ်ကိုင်သည့်အတွေ့အကြုံမှာ အလွန်ညံ့ဖျင်းသည်ဟု ပြောလေ့ရှိသည်။ သူသည် သူမအား ချီးမွှမ်းခဲလှ၏။

"ကျွန်မ အထဲဝင်လို့ရမလား"

အမျိုးသမီးကြီး၏ အမေးစကားကို မငြင်းဘဲ သူမက ပြန်မေးလိုက်သည်။

ဤကဲ့သို့သောလူမျိုးများသည် သူမ၏ အသက်အရွယ်ကြောင့် သူမ၏ ဆေးပညာစွမ်းရည်ကို မေးခွန်းထုတ်ကြခြင်းဖြစ်၏။ အကယ်၍ သူမသာ ထိုအမျိုးသမီးကြီး၏ မေးခွန်းအား မိမိကိုယ်ကို နှိမ့်ချ၍ ငြင်းပယ်လိုက်ပါက တစ်ဖက်လူက ယုံကြည်စိတ်ချသွားမည့်အစား သံသယများသာတိုးပွားလာမည်ဖြစ်သည်။

လက်တွေ့၌ စိတ်ကြီးဝင်ပြလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်၏။

နောက်ဆုံးတွင် ခဏမျှစဥ်းစားဆင်ခြင်နေပြီးနောက် အမျိုးသမီးကြီးက ပြောလာ၏။

"ကျေ...ကျေးဇူးပြုပြီး အထဲကိုကြွပါ"

ထို့နောက် ကျင်းယွင်ကျောင်းသည် အိမ်ထဲသို့ ဝင်သွားလိုက်သည်။ တစ်ချက်ကြည့်လိုက်ရာ အိမ်ဝန်းထဲ၌ ပန်းပင်အချို့စိုက်ပျိုးထားသည်ကို မြင်ရသော်လည်း အိမ်ကိုမူ နေ့တိုင်း သန့်ရှင်းရေးမလုပ်သောကြောင့် အချိန်အတော်ကြာ လူနေထိုင်ခြင်းမရှိသည့် အိမ်တစ်လုံးနှင့်တူနေသည်။ ထို့နောက် သူမသည် အခန်းထဲသို့ဝင်လိုက်ရာ အိပ်ယာပေါ်၌ လဲလျောင်းနေသည့် အသက် တစ်ဆယ့်သုံး၊ တစ်ဆယ်လေးနှစ်အရွယ် ကောင်လေးတစ်ယောက်နှင့် ၄င်း၏ဘေးတွင် ထိုင်နေသည့် အဘွားအိုတစ်ဦးရှိနေ၏။

အဘွားအိုအား မြင်လိုက်သောအခါ ကျင်းယွင်ကျောင်းသည် ကိုယ့်ကိုကိုယ်ပင် သတိမထားမိလိုက်ဘဲ ရှန်းကျင်၏ ယောက္ခမအကြောင်းကို စဥ်းစားမိသွား၍ ရင်တစ်ချက်ခုန်မိသွားလေတော့သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Donde viven las historias. Descúbrelo ahora