Chapter 264

393 41 0
                                    


Chapter 264 : ငါက နင့်ကို အနိုင်ကျင့်နေတာလေ၊ အဲ့တော့ ဘာဖြစ်လဲ

ချောင်ဟုန်ယဲ့ လက်ညှိုးထိုးရာဘက်သို့ လိုက်ကြည့်ရင်း လူအုပ်ကြီး၏ အကြည့်များသည် ကျင်းယွင်ကျောင်း၏အပေါ်သို့ စုပြုံကျရောက်လာတော့သည်။

ထိုအခါ ကျင်းယွင်ကျောင်းက လှောင်ရယ်လိုက်၏။ ချောင်ဟုန်ယဲ့က သူမအား ဤအရှုပ်အထွေးထဲသို့ ဆွဲသွင်းမည်အား မျှော်လင့်ထားပြီးသားဖြစ်၍ သူမသည် ဤကိစ္စမှ အကျိုးအမြတ်ရမည့် တစ်ဦးတည်းသောသူ မဟုတ်တော့ပေ။

ဤကဲ့သို့သော အရေးကြီးသည့်ကိစ္စသည် လူတစ်ယောက်၏ အသက်ကို ကယ်လိုက်ရုံမျှနှင့် အဆုံးသတ်သွားမည် မဟုတ်။ အကယ်၍ ထိုလူများက သူမနှင့် ကျန်မိသားစုသည် အလိုတူအလိုပါများဟု ထင်သွားကြပါက သူမ လူ့အသက်ကယ်သည့် ကိစ္စသည် အမှန်တကယ်ပင် ကျန်မိသားစု၏ ကိုယ်စားအနေနှင့်သာဖြစ်သွား၍ သူတို့၏အပြစ်လည်း ပေါ့လျှော့သွားလိမ့်မည်ဟု မျှော်လင့်နေကြသည်။

သို့သော် သူမသည် မည်သည့်အချက်ကိုအခြေခံ၍ ချောင်ဟုန်ယဲ့၏ ရပ်တည်မှုအား ထောက်ခံပေးရမည်နည်း။

"ချောင်ဟုန်ယဲ့၊ နင်က ငါ့ရဲ့ညီမလို့ပြောနေတုန်းပဲလား။ နင့်ရဲ့သွေးထဲမှာရှိတဲ့ ရွံစရာကောင်းတဲ့ မျိုးရိုးဗီဇဆဲလ်တွေက နင်မြင်သမျှလူတိုင်းကို နင့်ရဲ့ဆွေမျိုးလို့ ပြောနေတာ ခုထိ မပြောင်းလဲသေးဘူးပဲ။ အိမ်ကနေထွက်ပြေးလာပြီး ပုန်းနေဖို့အတွက် နင် ကျန်မိသားစုကို ခိုကပ်ပြီး ထွက်မသွားချင်လို့ ခေါင်းမာမာငြင်းနေရတာတောင်မှ အခု နင်က ငါ့ကိုပါ ရွှံ့ရေထဲ ဆွဲချနေသေးတာလား"

ကျင်းယွင်ကျောင်းက အေးစက်စက် လှောင်ရယ်လိုက်ပြီး ချောင်ဟုန်ယဲ့အား စိုက်ကြည့်ကာ သူမ၏ အနားသို့ တစ်လှမ်းချင်း လျှောက်သွားလိုက်၏။

ကျင်းယွင်ကျောင်းအပေါ်တွင်မူ ဤနေရာ၌ရှိနေသူများက ပို၍ယဥ်ကျေးစွာ ဆက်ဆံကြ၍ သူမအား လမ်းဖယ်ပေးကြသည်။ ထို့နောက် စက္ကန့်ပိုင်းအတွင်းမှာပင် ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့၏ ကော်လံစကို လက်တစ်ဖက်ဖြင့် ဆောင့်ဆွဲ၍ ကျန်လက်တစ်ဖက်ဖြင့် သူမ၏ မျက်နှာကို ဖျစ်ညှစ်၍ ဆက်ပြောလိုက်၏။

"ဒီမျက်နှာအစိတ်အပိုင်းတွေကို ကြည့်ပါဦး။ ဘယ်နေရာကများ ငါနဲ့တူတာလဲ။ ငါ့ကိုလိုက်နှောက်ယှက်ပြီး နောက်ဆုံးတစ်ခေါက်တုန်းက လူတစ်ယောက်ကို ငါ့အိမ်ဖောက်ဝင်ခိုင်းပြီးတာတောင် မလုံလောက်သေးလို့ နင်က ထပ်လုပ်ချင်နေတာလား။ ငါ နင့်ကို စိတ်ရှိလက်ရှိ ရိုက်နှက်ပြီးမှ နင်က ရပ်မှာလား"

ထိုသို့ပြောလိုက်သော်လည်း ကျင်းယွင်ကျောင်းသည် ဆက်မလုပ်ခဲ့ပေ။ သို့သော် သူမ ချောင်ဟုန်ယဲ့၏ မျက်နှာကိုညှစ်ရန် သုံးလိုက်သည့်အားက လျှော့မသွားခဲ့။

ထိုအခါ ချောင်ဟုန်ယဲ့၏ ဖြူဝင်းသောမျက်နှာသည် ခပ်မြန်မြန်ပင် နီရဲတက်လာ၏။ သူမထပ်မံ၍ ငိုချလုနီးပါးဖြစ်နေသည်ကို မြင်သောအခါ ကျင်းယွင်ကျောင်းက ရုတ်တရက် ရယ်မောလိုက်ပြီး သူမအား စကားဖြင့် တိုက်ခိုက်လိုက်သည်။

"မျက်ရည်တစ်စက်ထက် ပိုပြီးတော့ကျဖို့ ကြိုးစားနေတာလား။ ဒီည ငါ နင့်ကိုဝအောင်ငိုခိုင်းမယ်လို့ အာမခံတယ်။ နင် ငါ့ကို ယုံလား"

ထိုအခါ ချောင်ဟုန်ယဲ့သည် မသိစိတ်ထဲမှ စိမ့်၍ကြောက်ရွံ့သွားပြီး ကျင်းယွင်ကျောင်း၏ အပြုံးအား အဓိပ္ပါယ်ပြန်မိသွားသောအခါ သူမသည် ကြက်သီးမွေးညှင်းများပင် ထလာတော့သည်။

"နင် ဘာလုပ်ဖို့ကြိုးစားနေတာလဲ"

သူမ၏ အသံက တုန်ယင်နေ၏။

"နင့်ကို အနိုင်ကျင့်နေတာလေ"

ကျင်းယွင်ကျောင်းက အမှန်အတိုင်းပင် ဖြေလိုက်သည်။

"နင်က တအားငိုချင်နေတာလေ။ ပြီးတော့ ငါနဲ့မျက်နှာချင်းဆိုင်တုန်းက ငါက နင့်ကို အနိုင်ကျင့်ပြီးတော့ မတရားစွတ်စွဲပါတယ်လို့ တခြားလူတွေကို ပြောပြချင်နေတာမဟုတ်လား။ ဒီတော့ ငါက နင့်ကို အနိုင်မကျင့်ရင် နင့်ရဲ့ကြိုးစားအားထုတ်မှုတွေကို ဖြုန်းတီးမိသလိုဖြစ်သွားမယ် မဟုတ်လား"

ထို့သို့ပွင့်ပွင့်လင်းလင်း ပြောပြီးသည်နှင့် ကျင်းယွင်ကျောင်းသည် သူမ၏ ဆံပင်ကို ဆောင့်ဆွဲလိုက်ပြီး လူအုပ်ကြီးနှင့် ဝေးရာသို့ ဆွဲခေါ်သွား၏။ ဤလုပ်ရပ်အား သာမန်လုပ်ရပ်ကဲ့သို့ မြင်နေရခြင်းက ချောင်ဟုန်ယဲ့အား အမှန်တကယ်ပင် မသက်မသာဖြစ်စေသည်။

ကံဆိုးသည်မှာ သူမသည် ရွေးခြယ်စရာမရှိသောကြောင့် ခေါင်းငုံ့ထား၍ ဆံပင်ဆွဲခွင့်ပြုလိုက်ရပြီး ကျင်းယွင်ကျောင်းက သူမအား မည်သည့်နေရာသို့ ဆွဲခေါ်သွားနေမှန်းလည်း မသိချေ။ ထို့နောက် ကျင်းယွင်ကျောင်းသည် သူမအား ရည်ရွယ်ချက်ရှိရှိပင် နှစ်ကြိမ်ခန့် ဆောင့်တွန်းလိုက်၍ သူမ၏ ခြေထောက်များက စားပွဲတစ်လုံးနှင့်ဝင်ဆောင့်မိကာ ဒူးထောက်ရက် လဲကျသွား၏။ နောက်ဆုံး၌ ချောင်ဟုန်ယဲ့သည် ဆံပင်ဆောင့်ဆွဲခံရခြင်းမှ လွတ်မြောက်သွား၍ စိတ်သက်သာရာရသွားသော်လည်း ခဏသာဖြစ်ကာ ကျင်းယွင်ကျောင်းက လူအုပ်ကြီးထံမှ အဖျက်ဆီးမခံရသေးသည့် လက်ဖက်ရည်အေးများဖြည့်ထားသော ကရားတစ်လုံးကိုဆွဲယူကာ သူမ၏ ခေါင်းပေါ်သို့ အပင်ရေလောင်းသကဲ့သို့ လောင်းချလိုက်တော့သည်။

ထိုအခါ လက်ဖက်ရည်များက သူမ၏ ဆံပင်များတလျှောက် ချက်ချင်း စီးကျသွား၍ လက်ဖက်ခြောက်အနှစ်များက အင်္ကျီပေါ်တွင် တင်နေကာ သူမ၏ သွင်ပြင်အား ကြောက်စရာကောင်းလောက်အောင်ပင် ညှင်းသိုးသိုးဖြစ်သွားစေ၏။

"ကျင်းယွင်ကျောင်း၊ အရူးမ"

ချောင်ဟုန်ယဲ့က စူးစူးဝါးဝါး အော်ဟစ်လိုက်သည်။

"အိုး...ဒါဆို နင် ငါ့ရဲ့မျိုးရိုးနာမည်က ကျင်းဆိုတာ သိတယ်ပေါ့။ ဒါနဲ့များ ဘာလို့ နင့်ကိုယ်နင် ငါ့ညီမလို့ ပြောနေတာလဲ"

ထို့နောက် ကျင်းယွင်ကျောင်း လှောင်ရယ်လိုက်ရင်း ...

"အားလုံး၊ မြင်ကြရဲ့လား။ ပုံကြီးချဲ့ပြောတတ်တဲ့သူတစ်ယောက်က တစ်နေ့လုံး သူ့ကိုယ်သူ ကျွန်မရဲ့ညီမလို့ တွေးနေပြီး လူတိုင်းကို လျှောက်ပတ်ပြောရဲတဲ့အပြင် ကျွန်မကိုပါ အရူးလို့ ခေါ်ရဲသေးတယ်။ ဒီကမ္ဘာကြီးကိုက ရူးသွပ်လွန်းတာ"

စကားဆုံးသည်နှင့် သူမက သူမ၏အဝတ်အစားများကို ဖုန်ခါလိုက်ပြီး လက်ဖက်ရည်ကရားကို ချောင်ဟုန်ယဲ့၏ဘက်သို့ အညှာအတာကင်းမဲ့စွာ လွှင့်ပစ်လိုက်၏။

ထိုအမူအယာက လူတိုင်းအား ကြောက်ရွံ့ထိတ်လန့်သွားစေသည်။

ချောင်ဟုန်ယဲ့သည် ခန္ဓာကိုယ်နှင့်ကွက်တိကျ၍ ဆန်းသစ်လှပသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော်လည်း ယခုအခါ သူမသည် တစ်ကိုယ်လုံး စိုရွှဲ၍ လက်ဖက်ရည်အဝါရောင်များ စွန်းပေနေရာ အလွန်ပင် ရုပ်ဆိုးလှ၏။ သူမ၏ ဆံပင်များကလည်း ရှုပ်ပွ၍ ဖရိုဖရဲဖြစ်နေပြီး မုန်းတီးမှုများပြည့်နှက်နေသည့် သူမအကြည့်နှင့် ပေါင်းစပ်လိုက်သောအခါ သူမသည် အငြိုးကြီး၍ မကျွတ်မလွတ်ဖြစ်နေသော သရဲမတစ်ကောင်နှင့် တူနေလှပေသည်။

သူမ၏ စိတ်ညစ်ညူးဖွယ်ကောင်းသော အခြေအနေက လူတိုင်းအား တုန်လှုပ်သွားစေ၏။

ဒါက အစောပိုင်းတုန်းက အမှန်တကယ် နာခံမှုရှိတဲ့ပုံစံနဲ့ ငါတို့ရှေ့မှာရပ်ပြီးတော့ တောင်းပန်တိုးလျှိုးနေတဲ့ မိန်းကလေးလား။ မဖြစ်နိုင်လောက်ဘူး မဟုတ်လား။

သို့သော် အမှန်တရားက ကြမ်းတမ်းလှသည်။

ယခုအချိန်၌ ဤမိန်းကလေးနှစ်ယောက်အား ညီအစ်မများဖြစ်သည်ဟု မည်သူကမှ မယုံကြည်နိုင်တော့ပေ။ သူတို့က အမှန်တကယ် မြူတစ်မှုန်စာမှပင် မတူချေ။ ထို့အပြင် ညီအစ်မနှစ်ယောက်သည် ဤအခြေအနေထိရောက်အောင် တိုက်ခိုက်နိုင်ကြပါမည်လား။

သို့ရာတွင် သူတို့သည် အမှန်တကယ် ညီအစ်မများမဟုတ်လျှင်တောင်မှ အဖြူရောင်ဝတ်စုံနှင့် မိန်းကလေးသည်  အမှန်ပင် ရက်စက်လွန်းလှသည်။ သူမသည် ကျန်မိသားစုအတွက် ခွင့်လွှတ်မှုကို တောင်းခံရန် သူတို့ကြား၌ တော်စပ်မှုတစ်ခုကိုပင် ဖန်တီးရဲသေး၏။ ဤကဲ့သို့ ပုံကြီးချဲ့ပြောတတ်သူတစ်ယောက်၏ ကတိစကားများကို မည်သို့ ယုံကြည်နိုင်မည်နည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now