Chapter 291

405 42 0
                                    

Chapter 291 :  ခြေကုပ်ယူခြင်း


ကျင်းရှိုနှင့် ကျင်းမင်ခိုင်တို့သည် တစ်အိမ်တည်းနေခဲဲ့ကြသော်လည်း သူတို့ကြီးပြင်းလာရသည့် ပတ်ဝန်းကျင်က မတူပေ။ ကျင်းမင်ခိုင်နှင့် နှိုင်းယှဥ်ပါက ကျင်းရှို့သည် ငယ်စဥ်ကတည်းက ဒုက္ခများစွာ တွေ့ကြုံခံစားခဲ့ရသည်။

ကျင်းမင်ခိုင်သည် အမှားအမှန် မခွဲခြားနိုင်သည့် ကလေးတစ်ယောက်ဖြစ်သော်လည်း သူ၏ နေ့စဥ်ဘဝသည် ယခင်ကကဲ့သို့ပင် ကြမ်းတမ်းနေ၍ အချို့မိဘများက သူတို့၏ သားသမီးများကို သူနှင့်မပေါင်းသင်းရန် မှာထားကြ၏။ ထို့ကြောင့် သူသည် ခွဲခြားဆက်ဆံခံရသည်ဟု ခံစားရပြီး ဆွေမျိုးများ၏ အိမ်၌ နေ့တိုင်း ပြဿနာရှာရာ သူတို့သည် သူ့အား အလွန်အမင်း စိတ်ပျက်လာကြ၍ ရိုက်နှက်ဆုံးမသည့်အဆင့်ထိပင် ဖြစ်လာခဲ့သည်။

တစ်ဖက်၌ ကျင်းရှို့၏ အတန်းဖော်များသည် အမှားအမှန်ခွဲခြားတတ်သည့် အရွယ်ဖြစ်၍ အခြားသူများနှင့်ယှဥ်ပါကလည်း ပို၍ မထီမဲ့မြင်ပြုတတ်ကြသော အရွယ်လေးများဖြစ်ကြရာ သူတို့သည် ကျောင်း၌ ကျင်းရှို့အား ဖယ်ကြဥ်ထားကြ၏။

ကျင်းရှို့သည် လိမ္မာယဥ်ကျေး၍ သူမ၏ မိဘများ ထောင်ကျနေခြင်းက သူမ၏ အပြစ်မဟုတ်သော်လည်း လူတိုင်းက သူမအား မုန်းစရာကောင်းသော လူတစ်ယောက်အဖြစ် ဆက်ဆံကြသည်။

သူမ ကျောင်းသွားသောအခါ ကျောင်းသားများသည် သူမ၏ လွယ်အိတ်ထဲတွင် ပိုးကောင်မွှားကောင်များ ထည့်ထားကြပြီး သူမ ထိုင်ခုံမှ ထသွားပါက သူမ၏ စာအုပ်များကို ဆွဲလွှင့်ပစ်တတ်ကြသဖြင့် ကျင်းရှို့၏ နေ့စဥ်ဘဝသည် အရှင်လတ်လတ် ငရဲကျသကဲ့သို့ ခံစားနေရ၏။

ကျင်းယွင်ကျောင်းသည် ဤကိစ္စကိုကြားသောအခါ တုလင်းအားလွှတ်၍ ကျင်းရှို့အား ရွှေချန်းရွာမှ ခေါ်ထုတ်လာစေခဲ့သည်။

ကျင်းယွင်ကျောင်းသည် ကိုယ်တိုင်သွားချင်သော်လည်း ယခုအချိန်၌ ဟွားနင်ခရိုင်ရှိ လူများက သူမကို စောင့်ကြည့်နေကြသဖြင့် သူမသာသွားလျှင် ထိုလူများသည် ရွှေချန်းရွာအား အသေးစိတ်စုံစမ်းမှုများ ပြုလုပ်ကြလိမ့်မည်။

ထို့အပြင် ကျင်းရှို့အား ကျင်းယွင်ကျောင်း၏ အိမ်သို့ ခေါ်သွားရန် အဆင်မပြေသောကြောင့် တုမိသားစုအိမ်၌ ခဏနေရန်ခေါ်ထားပြီး ညအချိန်ရောက်မှ ကျင်းယွင်ကျောင်းသည် ထိုအိမ်သို့ စောနိုင်သမျှစောအောင် အပြေးအလွှားသွားခဲ့သည်။

ကျင်းရှို့သည် ကျောင်းဝတ်စုံဝတ်ထားသော်လည်း ဝတ်စုံ၏ အနောက်ကျောတွင် အတန်းဖော်များက မင်အမည်းများဖြင့် လျှောက်ခြစ်ထား၏။ သူမ၏ ဆံပင်များကလည်း ရှုပ်ပွနေပြီး ကျင်းယွင်ကျောင်းကို မြင်သောအခါ သူမသည် ကြောက်လွန်းသဖြင့် တုန်ယင်သွားပြီး ခန္ဓာကိုယ်ကလည်း ကျုံ့ဝင်သွားသည်။

"ကိုယ်သာ မင်းဆိုရင်လေ..."

တုလင်းက ခေါင်းယမ်းလိုက်၏။ သူသာ ကျင်းယွင်ကျောင်းဆိုပါက ကျင်းရှို့နှင့် ပတ်သတ်ပြီး စိတ်ပူနေလိမ့်မည်မဟုတ်ဟု တွေးနေမိသည်။

သူသည် ရက်စက်ကြမ်းကြုတ်သူတစ်ယောက် မဟုတ်သော်လည်း ဤကိစ္စကို ယုတ္တိရှိရှိ တွေးခေါ်ခြင်းသာ ဖြစ်၏။

ကျင်းမိသားစုက ကျင်းယွင်ကျောင်းအပေါ် ၌ ဆိုးဆိုးဝါးဝါး ပြုမူခဲ့သော်လည်း ယခု သူမက ကျင်းမိသားစု၏ သမီးဖြစ်သူအား ကြည့်ရှုစောင့်ရှောက်ပေးချင်နေသည်လား။ သူမသည် ကြင်နာတတ်လွန်း၍ နုံအသွားသည်များလား။

"ရှင်က ကျွန်မနဲ့မှ မတူတာ၊ ကျင်းရှို့ကို ကြည့်လိုက်တိုင်း ကျွန်မ ဘာကိုမြင်တယ်ဆိုတာ ရှင် ဘယ်လိုလုပ်သိမှာလဲ"

သူ့ဆီမှာ အရင်တုန်းက ကျွန်မကိုယ်ကျွန်မ ပြန်မြင်ရတယ်လေ။

ကျင်းရှိူ့၏ ဘဝအခြေအနေသည် ကျင်းယွင်ကျောင်း၏ အတိတ်ဘဝနှင့် အတူတူပင်ဖြစ်သည်။

ထိုအချိန်က ကျင်းယွင်ကျောင်းသည် တစ်စုံတစ်ယောက်က သူမအား ခဏတဖြုတ်ဖြစ်ဖြစ် အကူအညီလေးပေးလာရန် ကြိမ်ဖန်များစွာ မျှော်လင့်ခဲ့၏။ အကယ်၍ သူမကို ကူညီ၍ လမ်းမှန်ညွှန်ကြားပေးမည့် လူတစ်ယောက်သာရှိပါက သူမသည် ချောင်မိသားစု၏ နှစ်ပေါင်းများစွာ ညှင်းပန်းနှိပ်စက်မှုများကို ခံစားရသော်လည်း ကြောက်ရွံ့တုန်လှုပ်နေတော့မည် မဟုတ်ပေ။

ကျင်းမိသားစုသည် ကျင်းမိသားစုဖြစ်၍ ကျင်းရှို့က ကျင်းရှို့သာဖြစ်ကြောင်း ကျင်းယွင်ကျောင်းသည် ကွဲကွဲပြားပြား ခွဲခြားနားလည်သည်။

ကျင်းမင်ခိုင်နှင့် ကျင်းလင်တို့သည် သည်းခံစိတ် မရှိဘဲ စိတ်လိုက်မာန်ပါလုပ်တတ်သည့် အကျင့်စရိုက်ရှိ၍ သူတို့သည် ထိုအကျင့်စရိုက်များကြောင့် အနာဂတ်တွင် ဆွေမျိုးများနှင့်အတူနေသောအခါ သေချာပေါက် ဒုက္ခရောက်လိမ့်မည်။ သို့ရာတွင် ထိုမောင်နှမ၏ အနာဂတ်ပျက်စီး၍ မျှော်လင့်ချက်ကင်းမဲ့သွားလျှင်တောင်မှ သူမသည် မျက်တောင်တစ်ချက်ပင် ခတ်မိလိိမ့်မည် မဟုတ်။

ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းအတွက် ဆိုပါက သူတို့သည် အဘယ်သူများဖြစ်သနည်း။

ထောင်ကျနေစဥ်၌ သူတို့၏ ဘဝသည် မလွယ်ကူသော်လည်း ငါးနှစ်ကြာပြီးနောက်တွင်မူ ယခုထက်ပင် ပိုဆိုးသွားလိမ့်မည်။ ငါးနှစ်အတွင်း၌ သူတို့သည် ကျန်းမာရေးမကောင်းသလို ကြံ့ခိုင်မှုလည်း ရှိတော့မည်မဟုတ်၊ ဆွေမျိုးများကလည်း ထပ်မံ၍ အကူအညီပေးတော့မည် မဟုတ်ဘဲ အိမ်နီးချင်းများကလည်း သူတို့အား လျစ်လျူရှုထားကြလိမ့်မည်ဖြစ်ရာ အနာဂတ်၌ သူတို့ကြုံတွေ့ရမည့် ဒုက္ခများကို ခန့်မှန်းကြည့်နိုင်သည်။

ကျင်းယွင်ကျောင်း၏ စကားကို နားထောင်ပြီးနောက် တုလင်း ဆွံ့အ,သွား၏။ သို့သော် သူ၏ စိတ်ထဲ၌ သူမဆိုလိုသည့်သဘောကို နားလည်သောကြောင့် ကျင်းယွင်ကျောင်းနှင့် ကျင်းရှို့အား နှစ်ယောက်တည်း စကားပြောခွင့်ပေးလိုက်သည်။

"ကျင်းရှို့"

ကျင်းယွင်ကျောင်းက ခေါ်လိုက်၏။

"အစ်မကြီး ယွင်ကျောင်း"

"ငါက နင်နဲ့ စကားပြောချင်ရုံပါပဲ။ နင့်ကို မေးခွန်းနည်းနည်းလောက် မေးဦးမယ်"

ကျင်းယွင်ကျောင်းက ရိုးရိုးရှင်းရှင်း ပြောလိုက်သော်လည်း ကျင်းရှို့က အလန့်တကြား ခေါင်းခါပြလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်းသည် သူမ၏ တုံ့ပြန်ချက်ကြောင့် အံ့သြမသွားဘဲ ရယ်၍ ပြန်မေးလိုက်၏။

"နင့်ရဲ့အနာဂတ်ကို ငါ ကူညီမယ်လို့ နင် တွေးကြည့်ဖူးရဲ့လား"

"လက်ရှိအချိန်မှာ လူတိုင်းက နင်ကို ဆန့်ကျင်နေကြတယ်။ ကျောင်းမှာလည်း နင့်ကို ဘယ်သူကမှ လက်မခံဘူး။ နင်က စာတော်ပေမယ့် အခုနောက်ပိုင်းမှာ စိတ်ရှုပ်ပြီး ဆရာတွေ စာမေးတာတောင် မဖြေနိုင်တော့ဘူးလေ။ ဒီလိုမျိုးသာ ဆက်ဖြစ်နေမယ်ဆိုရင် တောင်ပေါ်ကနေ နှင်းလုံးတစ်လုံးကို ပစ်ချလိုက်သလိုမျိုး နင် အထက်တန်းကျောင်းဝင်ခွင့်စာမေးပွဲကျမှာပဲ။ ပြီးတော့ နင်က အထက်တန်းကျောင်းမှာ ဘဝသစ်ပြန်စမယ်လို့ တွေးနေရင်တောင်မှ အဲဒီအထက်တန်းကျောင်းက ဟွားနင်ခရိုင်နဲ့ နီးနီးလေးဆိုရင် လူတိုင်းက နင့်ကို မှတ်မိနေဦးမှာဆိုတာကို နင်သိထားရမယ်။ အဲဒီအချိန်ကျရင် နင်က လက်ရှိအခြေအနေလိုမျိုးပဲ ဖြစ်နေဦးမှာလေ။ သူငယ်ချင်းမရှိ ... မိသားစုမရှိ ..."

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now