Chapter 239

408 44 0
                                    

Chapter 239 : အကြီးဆုံးမို့လို့ တာဝန်ယူရမယ်တဲ့လား

ကျင်းယွင်ကျောင်း၏ စကားလုံးများသည် ဘေးပတ်ဝန်းကျင်ရှိ လူများအား ကျောချမ်းစေပြီး ကျင်းရှို့သည် စားပွဲအောက်သို့ ဝင်တော့မတတ် ခေါင်းငုံ့ထား၏။ သူမက စားပွဲ၏အစွန်းကို ခပ်တင်းတင်း ဆုပ်ကိုင်ထားပြီး အကြောင်းရင်းအချို့ကြောင့် ကြောက်ရွံ့နေသည့်ပုံပင်။

ကျင်းလင်ကမူ ကြောင်အ,စွာဖြင့် စိုက်ကြည့်နေ၏။ တကယ်တမ်း သူမသည် အသက်ငယ်သေးသောကြောင့် ကျင်းယွင်ကျောင်း၏ ဒေါသပေါက်ကွဲမှုက သူမအား ကြောက်ရွံ့စေသည်။

ကျင်းမင်ခိုင်သည် ငယ်စဥ်ကတည်းက အမြဲတမ်း တဇွတ်ထိုး အာဏာပြတတ်သူတစ်ယောက်ဖြစ်ရာ သူသည် ကြောက်ရကောင်းမှန်း မသိပေ။ ထို့ကြောင့် သူက ခေါင်းမာမာဖြင့် ဆက်ပြောလာသည်။

"နင်က တကယ့်ကို အရှက်မရှိတာပဲ။ ငါ့မိဘတွေရဲ့ပိုက်ဆံတွေကိုလည်း အလဟဿ ဖြုန်းတီးတဲ့အပြင် ပြန်တောင် အော်ရဲသေးတယ်"

"ငါက သူတို့ပိုက်ဆံတွေကို သုံးတယ်လို့ ဘယ်သူပြောတာလဲ"

ကျင်းယွင်ကျောင်း၏ မျက်လုံးများက အနည်းငယ် အရောင်တောက်လာပြီး ဆက်ပြောလိုက်၏။

"ဦးလေးကျင်း၊ အန်တီဝမ်၊ အခုအချိန်ထိ ကျွန်မ ရှင်တို့မိသားစုဆီကတော့ တစ်ခါမှ အခွင့်အရေးမယူရသေးဘူးနော်၊ ဟုတ်ရဲ့လား"

"နင်လိမ်နေတာ။ ငါ့အမေက နင့်ကို ဝတ်စုံဝယ်ပေးဖို့အတွက် ပိုက်ဆံတွေသုံးခဲ့တယ်ဆိုတာ ငါ ကောင်းကောင်း မှတ်မိတယ်။ ပြီးတော့ အဲဒါက ယွမ်တစ်ရာ မကဘူး"

ကျင်းမင်ခိုင်က ပြန်လည်ချေပလိုက်သည်။

"မင်းက ဒါကိုပြောနေတာလား"

ကျင်းယွင်ကျောင်းက သူမ၏အိတ်ထဲမှ ဝတ်စုံတစ်စုံကို ထုတ်ယူရင်း ပြောလိုက်၏။ ထိုဝတ်စုံမှာ တံဆိပ်ပင် မဖြုတ်ရသေးရာ ယခင်က တစ်ခါမှမဝတ်ခဲ့ဖူးကြောင်း လူတိုင်း သိနိုင်သည်။

"ငါ ဒီဝတ်စုံကို ရတုန်းက ငြင်းခဲ့တယ်။ ဘာလို့လဲဆိုတော့ ပထမတစ်ချက်က ဒီပုံစံက ငါနဲ့မလိုက်လို့။ ပြီးတော့ ဒုတိယအချက်က မင်းတို့အိမ်မှာ အဆင်မပြေတော့ မလိုအပ်တဲ့ အပိုကုန်ကျစရိတ်တွေ မသုံးသင့်ဘူးဆိုတာ ငါသိလို့။ ဒါပေမယ့် အန်တီဝမ်က  ငါ့ကို ဇွတ်အတင်းပေးခဲ့လို့ ငါ ရွေးခြယ်စရာမရှိဘဲ ယူထားလိုက်ရတာ။ ဒါပေမယ့် ဒီနေ့ ပြန်ပေးဖို့ ယူလာခဲ့တယ်။ ပြီးတော့ အဲဒီအဝတ်ရုပ်နှစ်ရုပ်က စျေးမကြီးပေမယ့် ငါ မင်းတို့ကို ပေးတဲ့ ပန်းသီးတွေက စျေးကွက်ထဲမှာ ဝယ်လို့မရဘူး။ ဒါကြောင့် အခြားအရာတွေနဲ့ ယှဥ်လို့မရဘူး၊ ဟုတ်ပြီလား။ ဒါမှမဟုတ် မင်းက ငါ့ကို တစ်ခုခု လုပ်ပေးစေချင်သေးတာလား"

ထိုမိသားစုဝင်ငါးဦးစလုံးသည် လက်ဆောင်ပစ္စည်းများ လက်ခံရရှိခဲ့သည်။

ကျင်းယွင်ကျောင်းသည် ကျင်းမိသားစုက ယောက်ျားလေးများကို မိန်းကလေးများထက် ပို၍ ဦးစားပေးသောကြောင့် ယောက်ျားလေးများသည် ပို၍ ဆိုးသွမ်းပြီး အခွင့်ထူးခံဖြစ်လိမ့်မည်ဟု တွေးမိခဲ့သည်။ ထို့ကြောင့် သူမသည် လက်ဆောင်ပစ္စည်းများကို ပေးသောအခါ ထိုလင်မယားအား ပျော်ရွှင်သွားစေရန် ရည်ရွယ်၍ ကျင်းခိုင်မင်အား အခြားသူများနှင့်ယှဥ်ပါက ပို၍ စျေးကြီးသော လက်ဆောင်ကို ပေးခဲ့သည်။

ဝမ်ရှင်းဖန်းသည် သူမ၏တောင်းဆိုမှုတစ်ခုကို ကျင်းယွင်ကျောင်းဘက်မှ အကျိုးအကြောင်းခိုင်ခိုင်လုံလုံနှင့် ပြန်လည်တုံ့ပြန်ပြီး သူမအား သားသမီးများရှေ့၌ အရှက်ကွဲစေလိမ့်မည်ဟု တစ်ခါမှ မထင်ထားခဲ့ပေ။

မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးတဲ့ ရလဒ်တွေက ကိုက်ညီတယ်လို့ ထွက်လာပြီးသားဆိုတော့ ကျင်းယွင်ကျောင်းက ငါတို့ကို သူ့ရဲ့မိဘတွေအနေနဲ့ ရိုသေလေးစားမှုလေး နည်းနည်းပါးပါး စပြီးတော့ ပြသင့်နေပြီ မဟုတ်လား။

ဒါကို အခုအချိန်ထိ သူက ငါတို့ကို ဦးလေး၊ အန်တီလို့ ခေါ်နေသေးရုံတင်မကဘူး။ ငါတို့ကိုပါ ပြန်ပြီးတော့ ဆုံးမနေသေးတယ်။

ဒါ့အပြင် ငါ့ရဲ့သားလေး တောင်းဆိုတာကလည်း ကြီးကြီးမားမား မဟုတ်ဘူး။ သူက အိတ်ထဲမှာ ဘာရှိလဲဆိုတာ ကြည့်ချင်ရုံပဲကို။ မဟုတ်မှလွဲရော၊ ကျင်းယွင်ကျောင်းက သူ့အိတ်ထဲမှာ လူမြင်မခံနိုင်တဲ့ ပစ္စည်းတွေ ထည့်ထားလို့ များလား။

ထိုသို့တွေးမိလိုက်သည်နှင့် ဝမ်ရှင်းဖန်းသည် နှလုံးခုန်မြန်သွားပြီး ကျင်းယွင်ကျောင်း၏ အလွန်လှပသောမျက်နှာကို စိုက်ကြည့်လိုက်သည်။

ကျင်းရှို့နှင့် ကျင်းလင်တို့သည် ရွက်ကြမ်းရေကျိုထက် ပိုသာသော ရုပ်ရည်ရှိကြသော်လည်း ကျင်းရှို့၏ပုံပန်းသွင်ပြင်မှာ တောင့်တင်း၍ ကျင်းလင်၏ မျက်နှာအစိတ်အပိုင်းများကမူ ထင်းထွက်နေလွန်းရာ ပြိုင်ဘက်ကင်းသော စရိုက်သွင်ပြင်နှင့် ပြီးပြည့်စုံသည့် ကျင်းယွင်ကျောင်းနှင့် မတူပေ။

"မိန်းကလေး၊ မင်းရဲ့မောင်လေးက မင်းကို စကားနှစ်ခွန်းလောက်ပဲ ပြောတာပါ။ မင်းက ဒီလောက် ဆတ်ဆတ်ထိမခံဖြစ်နေစရာ လိုလို့လား"

ဝမ်ရှင်းဖန်းက ဆက်၍သည်းမခံနိုင်တော့ဘဲ မချိပြုံးပြုံး၍ မေးလိုက်သည်။

"ငါတို့မိသားစုမှာ ရှောင်မင်ဆိုတဲ့ သားယောက်ျားလေးတစ်ယောက်ပဲ ရှိလို့ ငါတို့က သူ့ကို နည်းနည်းပိုပြီး မျက်နှာသာပေးထားတာ သိသာတယ်ဆိုရင်တောင်မှ ရှောင်မင်က တအားသိတတ်တဲ့ ကလေးပါ။ ရှို့အာနဲ့ လင်အာကိုပဲ ကြည့်လေ၊ သူတို့က သူတို့မောင်လေးကို အလိုလို အလျှော့ပေးကြတယ်။ ဒါပေမယ့် အရင်က ရှို့အာက အကြီးဆုံးဆိုတော့ သူက အလျှော့ပေးဖို့ပဲ မျှော်လင့်ထားတာ၊ ဒါပေမယ့် အခု မင်းက ငါတို့ရဲ့မိသားစုဝင်ဖြစ်လာပြီဆိုတော့ မင််းလည်း အကြီးဆုံးတစ်ယောက်ရဲ့ တာဝန်တွေကို ယူသင့်တယ်လို့ ထင်တယ်"

ဝမ်ရှင်းဖန်းက ပြင်းပြင်းထန်ထန် ရှုတ်ချပြီးနောက်တွင် ကျင်းထျယ်ကျွင်းက သူမအား တွန့်ဆုတ်ဆုတ်ဖြင့် လက်ကုတ်လိုက်သည်။ သို့ရာတွင် သူမက သူ့အား ပြန်လည်စိုက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလာ၏။

"ကျွန်မတို့က သူစိမ်းတစ်ယောက်နဲ့ စကားပြောနေတာမှ မဟုတ်တာ။ သူက ကျွန်မတို့ရဲ့သမီးပဲလေ။ ဘာတွေစိုးရိမ်နေတာလဲ"

ကျင်းထျယ်ကျွင်းက သူတို့သည် ကျင်းယွင်ကျောင်းအား လန့်ပြေးအောင်လုပ်မိမည်ကို စိုးရိမ်နေသော်လည်း ခဏတွေးကြည့်လိုက်ပြီးနောက်တွင် ဝမ်ရှင်းဖန်း၏စကားများက မှန်သည်ဟု ခံစားလိုက်ရ၏။ တကယ်တမ်း သူတို့၏သွေးသားတော်စပ်မှုကို သက်သေပြပြီးဖြစ်ရာ စိုးရိမ်နေစရာမလိုပေ။

ဘယ်လိုမိဘကများ သူတို့ရဲ့သားသမီးကို မဆုံးမလို့လဲ။

ကျင်းယွင်ကျောင်းက ထိုတော်စပ်မှုကို လျစ်လျူရှုထားသော်လည်း သူမသည် အရိုက်ခံသင့်လျှင် အရိုက်ခံရပြီး အငေါက်ခံသင့်လျှင် အငေါက်ခံရမည်ဖြစ်သည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now