Chapter 230

474 43 0
                                    

Chapter 230 : ငွေအမြောက်အမြား

ချောင်မိသားစုအိမ်တွင်...

အရက်နံ့များ မွှန်ထူနေသည့် ချောင်ဝေ့မင်သည် ထမင်းစားပွဲတွင် ခွေခေါက်၍ ထိုင်နေပြီး မြေပဲများကို အခွံခွာကာ ပါးစပ်ထဲသို့ ပစ်ထည့်ရင်း စားနေသည်။

'ဂျွတ်...ဂျွတ်...ဂျွတ်'

သူက အသံမျိုးစုံမြည်အောင် ဝါးစားနေစဥ်တွင် ချောင်ဟုန်ယဲ့သည် အဝတ်များ ထိုင်ခေါက်နေ၏။ သူမသည် မျက်မှောင်ကြုံ့၍ အလုပ်လုပ်ရသောကြောင့် ကြမ်းတမ်းစပြုလာသော သူမ၏ လက်ချောင်းများကို စိုက်ကြည့်နေ၏။ ခါးသီးသော နေ့ရက်များ အဆုံးသတ်မည့်အချိန်ကို သူမ သိချင်လှသည်။

ခရိုင်အတွင်းတွင် ကျောင်းမှ စောစောထွက်ရသော မိန်းကလေးများ မရေမတွက်နိုင်အောင် ရှိ၏။ အများစုမှာ အသက်သိပ်မကြီးကြသော်လည်း ထိုအထဲမှ အနည်းစုကသာ ပထမဆုံး လက်ထပ်လိုက်ပြီး နောက်ပိုင်း နှစ်အနည်းငယ်ကြာသောအခါ ပညာဆက်လက်သင်ယူနိုင်ကြသည်။ ယနေ့တွင် ချောင်ဝေ့မင်သည် သမီးဖြစ်သူ၏ မျက်လုံးအကြည့်က ထူးဆန်းနေသည်ကို သတိထားမိသော်လည်းသူမဘာတွေးနေမှန်း သိပ်နားမလည်ပေ။

ထိုသို့အချိန်ဖြုန်းနေစဥ်မှာပင် ချောင်ဝေ့မင် ဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိလိုက်သည်။ ခဏကြာအောင် ဖုန်းပြောပြီးနောက်တွင် သူ၏ မျက်နှာမှာ ပြုံးဖြဲဖြဲ ဖြစ်လာ၏။ ထို့နောက် သူသည် ဖုန်းချပြီးသည်နှင့် သမီးဖြစ်သူ၏ အခန်းထဲသို့ တရကြမ်း ပြေးဝင်သွားတော့သည်။

"မြန်မြန်လုပ်စမ်း၊ နင် ဟင်းနည်းနည်းချက်လိုက်။ ပြီးရင် မြန်မြန်ဝတ်စားပြီး ပြင်ဆင်ထား။ ဧည့်သည်တွေက လာနေပြီ။ နင် ငါ့ကို အရှက်မခွဲရင် ပိုကောင်းမယ်"

ချောင်ဝေ့မင်က တစ်ဖက်လူအား ခွန်းတုံ့ပြန်စရာ အချိန်ပင် မပေးဘဲ ခပ်မြန်မြန်ပြောလိုက်၏။

ချောင်ဟုန်ယဲ့သည် ထက်မြက်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ သူမသည် ချောင်ဝေ့မင်နှင့် အိမ်၌ နှစ်ယောက်တည်းရှိနေချိန်တွင် သူ့ကို တစ်ခါမှ မဆန့်ကျင်ခဲ့ပေ။ သူမ၏ ဖခင်ဖြစ်သူသည် မည်သည့်လူစားမျိုးမှန်း သူမ ကောင်းကောင်းသိ၏။ သူမသည် ချောင်ကျစ်ကျိုး မဟုတ်ပေ။ ယောက်ျားလေးတစ်ယောက် မဟုတ်သောကြောင့် ချောင်ဝေ့မင်ကို သူမအား သက်သက်ညှာညှာ ဆက်ဆံပေးရန် တောင်းဆိုပိုင်ခွင့်လည်း မရှိ။

ထို့ကြောင့် ချောင်ဟုန်ယဲ့သည် ချောင်ဝေ့မင်၏ ညွှန်ကြားချက်များကို ကျိုးနွံစွာ လိုက်နာ၍ ဟင်းပွဲအချို့ကို ပြင်ဆင်လိုက်ပြီးနောက် ယခင်က ဝတ်ဆင်ခဲ့သည့် လှပသောဝတ်စုံများကို ပြောင်းလဲဝတ်ဆင်လိုက်သည်။ ခဏမျှကြာသောအခါ သူတို့၏ အိမ်တံခါးဝမှ တံခါးခေါက်သံ ထွက်ပေါ်လာ၏။

ရောက်လာသော ဧည့်သည်သည် ချောင်ဝေ့မင်နှင့် သက်တူရွယ်တူ လူကြီးတစ်ယောက် ဖြစ်သည်။ သူသည် အဝလွန်နေသောကြောင့် မျက်စိပေါက်များက မှေးကျဥ်းနေပြီး မျက်နှာတွင်လည်း ကျောက်ပေါက်မာများနှင့် ပြည့်နေကာ တဏှာရာဂများ ပြည့်လျှမ်းနေသည့် အပြုံးမျိုးဖြင့် ပြုံးပြနေ၏။

ချောင်ဟုန်ယဲ့သည် ချက်ချင်းပင် သူမ၏ ကျောရိုးထဲမှ စိမ့်တက်လာပြီး ချောင်ဝေ့မင် ဘာလုပ်ရန် ကြံစည်နေသည်အား သိသွားသည်။

ချောင်ဝေ့မင်က သူမသည် ချောင်မိသားစု၏ စီးပွားရေးကို ဖျက်ဆီးသူဟု ယုံကြည်ထားရာ သူမသည် သူ့အတွက် မျက်စိစပါးမွေး စူးစရာဖြစ်နေ၏။ ထို့အပြင် သူမသည် နာမည်ဂုဏ်သတင်းကလည်း စွန်းထင်းသွားပြီဖြစ်ရာ ချောင်ဝေ့မင်၏ မျက်လုံးထဲ၌ သူမသည် စိတ်ပျက်စရာ ပို၍ကောင်းလာသည်။ အကယ်၍ သူမသည် ချောင်ဝေ့မင်အား သတိကြီးကြီးထား၍ ဆက်ဆံနေခြင်းကြောင့်သာ မဟုတ်ပါက အကြိမ်ပေါင်းများစွာ ရက်ရက်စက်စက် အရိုက်နှက်ခံရပြီး ဖြစ်လောက်၏။

မကြာသေးမီက သူသည် သူမအား ကျောင်းဆက်မနေတော့ဘဲ စောစောစီးစီး လက်ထပ်၍ မိသားစုတစ်ခု တည်ထောင်သင့်ကြောင့် ပြောလာခဲ့သည်။ သို့ရာတွင် သူသည် ဤမြို့ထဲ၌ သူမနှင့်လိုက်ဖက်သူမရှိဟု ခံစားရသောကြောင့် လက်တွေ့အကောင်အထည် မပေါ်လာဘဲ အပြောသက်သက်သာ ဖြစ်နေခဲ့၏။

သို့သော် ယခုအခါ ဤလူကြီး ရုတ်တရက် ပေါ်လာခြင်းက ချောင်ဝေ့မင်၏ လက်ချက်ဖြစ်ကြောင်း အသိအသာပင်။ ချောင်ဟုန်ယဲ့သည် ထိုလူကြီး၏ မျက်လုံးထဲမှ ပိုင်စိုးပိုင်နင်း အရိပ်အယောင်များကို ရှင်းရှင်းလင်းလင်း မြင်နိုင်၏။

ချောင်ဝေ့မင်သည် သူမ၏ မွေးသဖခင်ဖြစ်သည်။ သူမသည် ကျင်းယွင်ကျောင်းကဲ့သို့ ကောက်ရသည့် ကလေးတစ်ယောက်လည်း မဟုတ်။ သူသည် အဘယ်ကြောင့် သူမအား ဤသို့ ဆက်ဆံနိုင်သနည်း။

"မြန်မြန်၊ မင်းရဲ့အစ်ကိုချန့်ကို ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်လေ"

ချောင်ဝေ့မင်က လော်ဆော်လိုက်၏။

အစ်ကိုချန့်တဲ့လား။ ဒီလူကြီးကဖြင့် ငါ့အဖေလောက် ရှိတာကို။

ချောင်ဟုန်ယဲ့၏ စိတ်ထဲတွင် ရွံရှာစက်ဆုပ်မှုများက လှိုက်တက်လာသည်။

ချန့်မျိုးရိုး လူကြီးသည် ချောင်ဟုန်ယဲ့က သူ့အား ပြုစုပေးမည်ကို မျှော်လင့်နေပုံဖြင့် ထိုင်စောင့်နေ၏။ သူမသည် ထိုလူနှင့်အတူ မထိုင်ချင်သောကြောင့် ထိုနေရာသို့သွားရမည့် သူမ၏ ခြေလှမ်းများက လေးလံနေသည်။ သို့သော် ခဏမျှ အချိန်ဆွဲပြီးနောက်တွင် သူမသည် ထိုလူကြီးနှင့်အတူထိုင်ရန် သွားလိုက်ရတော့၏။ သို့သော် သူမ ခြေလှမ်းအနည်းငယ်မျှသာ လှမ်းရသေးချိန်တွင် ထိုချန့်မျိုးရိုးလူကြီးသည် စိတ်မရှည်တော့ဘဲ သူမအား သူ၏ ပေါင်ပေါ်သို့ ဆွဲတင်လိုက်တော့သည်။

"ရှင် ဘာလုပ်တာလဲ"

ချောင်ဟုန်ယဲ့က အော်ဟစ်လိုက်ပြီးနောက် အမြန် ခုန်ထလိုက်၍ ဝေးဝေးတွင် သွားရပ်နေ၏။

"အစ်ကိုချောင်၊ ခင်ဗျားရဲ့သမီးက ဖြူဖြူနုနုလေးပေမယ့် ဒေါသကတော့ အတော်ကြီးတာပဲ"

ထိုလူက မှတ်ချက်ပေးလိုက်ပြီး ဆက်ပြောလိုက်သည်။

"ဒီတစ်ခေါက် သင်္ဘောကရတဲ့ အမြတ်ငွေရဲ့တစ်စိတ်တစ်ပိုင်းက ခင်ဗျားအပိုင်ပဲ။ ဒါပေမယ့် ခင်ဗျား အရင်ဆုံး ငွေနည်းနည်း ရင်းနှီးမြှုပ်နှံရမယ်။ ပြန်ရမယ့်အမြတ်က ထူးခြားစေရမယ်လို့ ခင်ဗျားကို ကျုပ် အာမခံတယ်။ နင်းရှန်ခရိုင်ရဲ့ သဘာဝရူခင်းတွေက အကောင်းဆုံးရွေးခြယ်မှုဖြစ်ပြီးတော့ ရေက ရွှေလိုအဖိုးတန်တယ်။ လက်ရှိမှာ ကျုပ်တို့သင်္ဘောက ကုန်တွေကို ဝယ်ဖို့ စောင့်နေကြတဲ့သူတွေမှ မရေမတွက်နိုင်လောက်အောင်ပဲ။ စိတ်ချလက်ချနေပါ။ ဒီအစီအစဥ်က ရှုံးမှာ မဟုတ်ဘူး"

ထိုအခါ ချောင်ဟုန်ယဲ့သည် အရာအားလုံးကို ရှင်းရှင်းလင်းလင်း သဘောပေါက်သွား၏။

ချောင်ဝေ့မင်သည် ပိုက်ဆံကို အရူးအမူး လောဘကြီး၍ မကြာခဏပင် ရင်းနှီးမြှုပ်နှံရန်အတွက် စဥ်းစားနေတတ်သော်လည်း ထိုအကြံအစည်များအားလုံးက ပျက်ပျက်သွားတတ်သည်။ ယခုအခါ သူသည် သူ၏ သမီးအရင်းဖြစ်သည့် သူမကိုပင် ဤသံသယဖြစ်ဖွယ်ရာ ရင်းနှီးမြှုပ်နှံမှု အကြံပြုချက်၌ အကျိုးအမြတ်ခွဲဝေမှုတစ်ခုအဖြစ် ရောင်းစားချင်နေပြီဖြစ်၏။

သူမသည် အသက်မပြည့်သေးသူတစ်ယောက်အနေနှင့် အစိုးရထံမှ ကလေးသူငယ် ကာကွယ်စောင့်ရှောက်ပေးမှုကို ရရှိထားသော်လည်း ဤကဲ့သို့သောမြို့ငယ်လေး၌ မည်သူက ထိုအကြောင်းကို ဂရုစိုက်မည်နည်း။ သူမ၌ အလယ်တန်းကျောင်းကတည်းက လက်ထပ်သွားကြသည့် အတန်းဖော်အချို့ပင် ရှိ၏။

ဒါပေမယ့် ငါ အခု ဘာလုပ်ရမလဲ။ ငါက ပိုက်ဆံရတဲ့သူလည်း မဟုတ်ဘဲနဲ့ ဘာလို့ ဒီလိုအဖိုးကြီးနဲ့ နေရမှာလဲ။

ချောင်ဟုန်ယဲ့သည် စိတ်ရှုပ်နေပြီး သူမ၏ နှလုံးသားထဲ၌ဆောက်တည်ရာမရ ဖြစ်နေချိန်တွင် လူကြီးနှစ်ယောက်မှာ ပျော်ပျော်ပါးပါး သောက်စားမူးယစ်နေကြသည်။ ထို့နောက် ရုတ်တရက် ချောင်ဟုန်ယဲ့သည် သူမအား ကူညီနိုင်မည့်သူတစ်ယောက်ကို စဥ်းစားမိသွား၏။

ကျန်ရှ ...

ကျန်ရှသည် သူမအား စွဲလန်းနေသည်ဖြစ်၍ ဤအကျပ်အတည်းမှ လွတ်မြောက်အောင် သေချာပေါက် ကူညီလိမ့်မည်ဖြစ်ချေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now