Chapter 245

422 45 0
                                    

Chapter 245 : တော်စပ်မှုကို အသိအမှတ်မပြု


ဝမ်ရှင်းဖန်း၏ လည်ချောင်းကွဲလုမတတ်အော်သံ ထွက်ပေါ်လာပြီးနောက်တွင် အပြင်ဘက်ရှိ တရားမျှတမှုကို လိုလားကြသော ရွာသူရွာသားများမှာ ဒေါသထွက်သွားကြတော့သည်။

ထို့နောက် ထိုလူများသည် ငှက်များပျံသွားသကဲ့သို့ ခပ်မြန်မြန် လူစုကွဲသွားကြပြီးနောက် သံဂေါ်ပြား၊ သံကျည်ပွေ့များကို ကိုင်ဆောင်ကာ တဖန် ပြန်လည်ထွက်ပေါ်လာကြ၏။ သူတို့သည် သူတို့အိမ်တွေရှိ ထုရိုက်ထိုးနှက်နိုင်သော ပစ္စည်းမှန်သမျှကို ယူဆောင်လာကြ၍ လူသုံးယောက်အား စက်ဝိုင်းပုံသဏ္ဍာန် ဝန်းရံထားလိုက်ကြသည်။

ကျင်းထျယ်ကျွင်းသည် လူများစွာက သူတို့အား ကူညီနေကြသည်ကို မြင်သောအခါ ထပ်မံ၍ အားတက်လာပြန်၏။

သူသည် ကျင်းယွင်ကျောင်း၏ ဖခင်ဖြစ်သောကြောင့် သူမအား အိမ်တွင်သာ နေခိုင်း၍ ဘယ်တော့မှ ပြန်ထွက်သွားခွင့်ပြုမည် မဟုတ်ပေ။ အများဆုံးအနေဖြင့် ယနေ့ သူသည် သူတို့အား ဖိအားပေး၍ ဆက်နေခိုင်းမည်ဖြစ်ပြီး သော့ခတ်၍ ပိတ်လှောင်ထားမည်ဖြစ်သည်။ ကျောင်းနှင့်ပတ်သတ်လျှင်လည်း သူတို့သည် သူမအား တိုက်ရိုက်ပင် ကျောင်းထုတ်ပစ်မည်ဖြစ်၍ ထိုအချိန်တွင် သူတို့၏ လုပ်ဆောင်ရမည့်တာဝန် အောင်အောင်မြင်မြင် ပြီးဆုံးပြီဟု ယူဆနိုင်၏။

ဤကြီးကျယ်လှသော မြင်ကွင်းသည် အမှန်တကယ်ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။ ရွာငယ်လေးတစ်ရွာမှ ရွာသားများ၏ စည်းလုံးညီညွတ်မှုမှာ အတော်လေး အားကောင်း၍ တစ်ယောက်ချင်းစီက သူတို့အား ရန်သူများသဖွယ် မုန်းတီးစက်ဆုပ်နေကြ၏။ ထို့ကြောင့် ဤမြင်ကွင်းက လီရှောက်ယွင်အား သူတို့၏ သမီးဖြစ်သူကို ပြန်ပေးဆွဲနေသည့် လူဆိုးဓါးပြတစ်ယောက်နှင့် အမှန်တကယ်ပင် တူသွားစေ၏။

ကျင်းယွင်ကျောင်းသည် အကယ်၍ ယနေ့ လီရှောက်ယွင်က ဤနေရာတွင်မရှိဘဲ သူမတစ်ယောက်တည်းသာ ထွက်သွားရန် ကြိုးစားလျှင်လည်း ဤမြင်ကွင်းမျိုးအား သူမတစ်ယောက်တည်း ရင်ဆိုင်ရလိမ့်မည်ဟု ယုံကြည်သည်။ ထို့ကြောင့် သူမသည် လီရှောက်ယွင်ကို ဤအခြေအနေထဲသို့ ဆွဲခေါ်မိခြင်းအား အနည်းငယ် ရှက်ရွံ့မိ၏။

သို့သော် တစ်ချိန်တည်းမှာပင် ဤမိသားစုအတွက် သူမ၏ နှလုံးသားက လုံးဝသေဆုံးသွားပြီဖြစ်သည်။

"အဖေ၊ အမေ၊ အစ်မကြီးကို ထွက်သွားခွင့် ပြုလိုက်ပါ။ သူက အပြင်ဘက်မှ ချမ်းချမ်းသာသာ နေနေတာပဲ။ ပြီးတော့..ပြီးတော့...အမေတို့ကလည်း...မဟုတ်"

ကျင်းရှို့သည် ဖြစ်စဥ်တစ်ခုလုံးကို စောင့်ကြည့်နေပြီး ကြောက်လွန်းသောကြောင့် မျက်ရည်များပင် ကျလာ၏။

ထို့အပြင် သူမ၏ကိုယ်ပိုင်အသိစိတ်က သူမအား ပြစ်တင်ရှုတ်ချသလိုလည်း ခံစားနေရသည်။

'ဖြန်း'

ဝမ်ရှင်းဖန်းက သူမအား ပါးတစ်ချက် ရိုက်လိုက်၏။

"ငါ နင့်ကို ဒီနှစ်တွေထဲမှာ ဘာကြောင့်များ အလဟဿ ပြုစုပျိုးထောင်ပေးခဲ့မိတာလဲ။ နင့်ရဲ့အစ်မကြီးကို ငါ့ဗိုက်ထဲမှာ ဆယ်လလွယ်ပြီး မွေးထားခဲ့တာ။ သူ့မှာ လူ့အရိုင်းအစိုင်းတစ်ယောက်နဲ့ လိုက်ပြေးစရာ ဘာအခွင့်အရေးများ ရှိလို့လဲ။ အရင်က သူ အပြင်ဘက်မှာ အရှက်မရှိဘဲ နေချင်သလို နေခဲ့တာကို ငါအပြစ်မတင်ဘူး။ ဒါပေမယ့် သူ အခုကစပြီး ပြောင်းလဲရမယ်။ မဟုတ်ရင် တခြားလူတွေက ငါတို့မိသားစုရဲ့ သမီးတွေက ဒီလိုမျိုးတွေလို့ ထင်ကုန်ကြမှာပေါ့ဟဲ့"

ထိုအခါ ကျင်းယွင်ကျောင်းဆီမှ ခပ်လှောင်လှောင်ရယ်သံက ပျံ့လွင့်လာသည်။

သူမသည် ဤမိသားစုနှင့် အစေးမကပ်နိုင်ကြောင်း တွေးထားပြီးသားဖြစ်သည်။ ဤမိဘနှစ်ပါး၏ စိတ်ထဲ၌ သူမအား ထိန်းချုပ်လိုစိတ်များသာ ပြည့်နေ၏။ သို့သော် ယခု သူမ ထပ်မံ၍ မြင်တွေ့လိုက်ရသည်မှာ သူတို့သည် သူမအပေါ်တွင် အခဲမကြေနိုင်သော ရန်ပြုလိုစိတ်များ ရှိနေပုံပင်။

သူတို့က သူမအား ပျက်စီးစေချင်နေကြောင်း သိသာလှသည်။

"..."

ကျင်းရှို့က သူမ၏မျက်နှာကို ကာလိုက်ပြီး သည်းသည်းထန်ထန် ငိုကြွေးလိုက်၏။ ဤမြင်ကွင်းကို စောင့်ကြည့်နေရင်း သူမ၏ ရင်ထဲ၌ ခါးသီးသော ခံစားချက်များပင် ပေါ်ပေါက်လာ၏။

လွန်ခဲ့တဲ့နှစ်တွေတုန်းက ငါက လုံလုံလောက်လောက် မလိမ္မာပေးခဲ့လို့များလား။

သူမသည် သူမ၏ မောင်ငယ်၊ ညီမငယ်များကို ဘက်ပေါင်းစုံမှ စောင့်ရှောက်ပေးခဲ့သည်။ မနက်တိုင်း အစောထ၍ တစ်နေကုန် အိမ်မှုကိစ္စများကို ကူညီလုပ်ကိုင်ပေးရင်း နောက်ကျမှ အိပ်ယာဝင်တတ်ပြီး သူမ၏ ဘဝ၌ အဝတ်အစားအသစ် တစ်ထည်စ၊ နှစ်ထည်စထက် ပို၍ တစ်ခါမှ မဝတ်ဖူးခဲ့ပေ။

သူမသည်လည်း မိန်းကလေးတစ်ယောက်ဖြစ်၍ လှလှပပ ဝတ်စားပြင်ဆင်ရသည်ကို နှစ်သက်သော်လည်း သူမ၏ မိသားစုက ဆင်းရဲသည်ကို သိသဖြင့် ဝတ်ချင်စားချင်စိတ်ကို မျိုသိပ်သည်းခံခဲ့သည်။ ထို့အပြင် သူမသည် တတ်နိုင်သမျှ ကျိုးနွံနာခံမှုရှိ၍ ကျောင်းစာကိုလည်း အကောင်းဆုံးကြိုးစားကာ သူမ၏ အဆင့်များသည် ကျောင်း၌ အမြဲတမ်းထိပ်ဆုံးဖြစ်ခဲ့၏။ သို့သော် ကံဆိုးသည်မှာ မိဘများ၏ မျက်လုံးထဲ၌ သူမသည် အမြဲတမ်း အဆင့်ဘိတ်ချေးရသည့် သူမ၏ မောင်ဖြစ်သူနှင့် လုံးဝမယှဥ်နိုင်ခြင်းဖြစ်သည်။

သူတို့မိသားစုသည် ဆင်းရဲသော်လည်း သူမ၏မောင်ငယ်လေး၏ အဝတ်အစားများကမူ အမြဲတမ်း သစ်လွင်နေ၍ သူ့တွင် ကစားစရာ အရုပ်များစွာလည်း ရှိ၏။ သူသည် အိမ်အလုပ်များကို လုပ်မကူဘဲနေနိုင်၍ သူမ၏ အဖေနှင့်အမေက သူသည် အသက်ငယ်သေးသည်ဟုသာ အမြဲပြောလေ့ရှိသည်။ သို့သော် သူမသည် သူ၏ အသက်အရွယ်ကတည်းက လူကြီးတစ်ယောက်ကဲ့သို့ ပြုမူနေထိုင်ခဲ့ရ၏။ သူမ၏ မောင်ဖြစ်သူကမူ အဘယ့်ကြောင့် သူမကဲ့သို့ တူညီသည့်အလုပ်ကြမ်းများကို မလုပ်ရသနည်း။

ယခင်က သူမသည် စိတ်နာသော်လည်း သူမ၏ မိဘများက သူမ၏ လိမ္မာရေးခြားရှိမှုများကို မြင်ပြီးလျှင် သူမအား ပို၍သက်ညှာချင်စိတ်ရှိလာပြီး အထက်တန်းကျောင်းနှင့် တက္ကသိုလ်၌ ဆက်၍ ပညာသင်ကြားခွင့်ပြုလိမ့်မည်ဟု မျှော်လင့်ရင်း သည်းခံနေခဲ့သည်။

သို့ရာတွင် ပြောင်းလဲမသွားခဲ့ပေ။ နောက်ထပ် တစ်နှစ်ကြာလျှင် သူမသည် မိသားစုကို အလုပ်အကျွေးပြုရန်အတွက် အိမ်၌သာ အပြီးနေရတော့မည်ဖြစ်၏။ မိဘဖြစ်သူများက ထိုသို့ဆုံးဖြတ်ခဲ့ရာတွင် သူမ၏ ဆန္ဒမပါသည်ကို ဘုရားသခင်သာ သိသည်။

ယနေ့ သူမသည် ကျင်းယွင်ကျောင်းကို မြင်သောအခါ သူမသည် အံ့သြသွားသလို နှမြောလည်း နှမြောမိ၏။ သူမ၏ မိဘများက ကျင်းယွင်ကျောင်းအား ရေရှည်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံလိမ့်မည် မဟုတ်ကြောင်း သူမသိသည်။ အနာဂတ်တွင် အစ်မကြီးသည် သူမကဲ့သို့ ပမွှားတစ်ယောက်သာ ဖြစ်လာလိမ့်မည်။ ထို့ကြောင့် သူမသည် အစ်မကြီးအား အမှန်တကယ်ပင် ပြောပြချင်ခဲ့၏။ ဤနေရာမှ အမြန်ထွက်သွား၍ ဤသွေးသားတော်စပ်မှုကို အသိအမှတ်မပြုရန် ပြောချင်ခဲ့သည်။

ကောင်းသည့်အချက်မှာ ဤအစ်မကြီးသည် သူမနှင့် မတူပေ။ အစ်မကြီးသည် အလွန်အင်အားကြီး၍ သူတို့မောင်ငယ်လေးကိုပင် မျက်နှာသာမပေးချေ။ သူမသည် ခါးမတ်မတ်ထားကာ ရဲရင့်တည်ကြည်စွာဖြင့် ဘာကိုမှ ဂရုမစိုက်ဘဲ ထွက်သွားနိုင်၏။ ကျင်းရှိူ့သည် သူမကို အားကျမိသော်လည်း ယခု ထိုရွာမှ ဦးလေးကြီးများက သူမအား ပစ်မှတ်ထား၍ ဝန်းရံနေသည်ကို မြင်သောအခါ သူမ မီးပုံပေါ်တွင် ထိုင်နေရသည့်အလား အလွန်စိုးရိမ်သောက ရောက်နေမိသည်။

ဒီဦးလေးကြီးတွေက ဘာကြောင့်များ ဒီလိုလုပ်နိုင်တာလဲ။ သူတို့က အစ်မကြီးနဲ့ သူ့မိတ်ဆွေကို ထိခိုက်ဒဏ်ရာရအောင် လုပ်ရင်ရော။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now