Chapter 238

386 41 0
                                    

Chapter 238 : မင်းမိဘတွေရဲ့ ချို့ယွင်းချက်တွေကို လက်ခံနိုင်လား

တကယ်တမ်း ထိုအကြောင်းကို ကျင်းမင်ခိုင်နှင့်ကျင်းလင်သာ သိချင်နေခြင်း မဟုတ်ပေ။ ဝမ်ရှင်းဖန်းသည်လည်း ကျင်းယွင်ကျောင်း နေ့တိုင်း ကိုယ်နှင့်မကွာ သယ်လာတတ်သော ပစ္စည်းကို သိချင်နေသည်။

ဝမ်ရှင်းဖန်း ကျင်းယွင်ကျောင်းကို တွေ့သည့်အခါတိုင်း သူမသည် တူညီသောအိတ်တစ်လုံးတည်းကိုသာ လွယ်ထားသည်ကို အမြဲတမ်းမြင်ရလေ့ရှိ၏။ ထို့အပြင် ကျင်းယွင်ကျောင်း အိမ်ထဲသို့ ဝင်လာစဥ်က ဝမ်ရှင်းဖန်းသည် သူမ၏ အိတ်ကို သယ်ပေးချင်ခဲ့သော်လည်း ကျင်းယွင်ကျောင်းက သူမအား ပြုံး၍ ငြင်းပယ်ခဲ့ပြီး မည်သူ့ကိုမှ သူမ၏ အိတ်ကို အထိမခံပေ။

ကျင်းယွင်ကျောင်းသည် ထိုကိစ္စကို မျှော်လင့်ထားပြီးသားဖြစ်သဖြင့် မကြားချင်ယောင်ဆောင်နေလိုက်သည်။

ဤအိတ်သည် သူမ၏ လျှို့ဝှက်ချက်ကို ဖုံးကွယ်ထားသည့် အယောင်ပြတစ်ခုသာဖြစ်၏။ သူမ၏နေရာလွတ်နယ်မြေထဲမှ တစ်ခုခုကို ထုတ်ယူချင်သည့်အခါတိုင်း သူမ၏ အိတ်ကို ကြားခံအယောင်ပြပစ္စည်းတစ်ခုအဖြစ် သုံးလေ့ရှိသည်။ တကယ်တမ်း အိတ်ထဲ၌ လူများကို အရူးလုပ်ရန် ပစ္စည်းအနည်းငယ်သာ ပါရှိ၏။

(T/N : လူရှေ့သူရှေ့မှာ နေရာလွတ်နယ်မြေထဲက ပစ္စည်းကို ထုတ်ချင်လာရင် အိတ်ထဲကို လက်နှိုက်သလိုလိုနဲ့ တကယ်တမ်း နယ်မြေထဲက လှမ်းနှိုက်ယူပြီး ထုတ်ပေးတာမျိုးပါ။)

'ဒုန်း'

ကျင်းမင်ခိုင်က သူ၏ တူများကို စားပွဲပေါ်သို့ ဆောင့်ချလိုက်သည်။

"ကျွန်တော် မစားချင်တော့ဘူး။ အစ်မကြီးရဲ့ အိတ်ထဲမှာ ဖွက်ထားတာကိုပဲ မြင်ချင်တယ်"

"ရှောင်မင်၊ ပြဿနာရှာနေတာကို ရပ်လိုက်"

ဝမ်ရှင်းဖန်းက သူမ၏ သားဖြစ်သူအား ကူကယ်ရာမဲ့စွာဖြင့် တားလိုက်၏။

"ကျွန်တော် ပြဿနာရှာနေတာ မဟုတ်ဘူး။ အဖေတို့ အမေတို့က သူ့အတွက် ပစ္စည်းကောင်းတွေ ဝယ်ပေးပြီး ကျွန်တော်တို့ကို မသိစေချင်တာ ရှင်းနေတာပဲ။ အရင်က အဖေတို့နှစ်ယောက်လုံးက သူက အစွန့်ပစ်ခံရပြီးတော့ အရမ်းသနားစရာကောင်းတယ်လို့ ပြောခဲ့တာလေ။ ဒါပေမယ့် အခု ဘယ်မှာ သနားစရာကောင်းလို့လဲ။ ကျွန်တော်တို့ကို ကြည့်၊ ပြီးရင် သူ့ကိုလည်း ကြည့်လိုက်ဦး။ သူ ဝတ်ထားတဲ့ အဝတ်အစားတွေက ကျွန်တော်တို့ထက် ကောင်းတယ်။ ဒါ့အပြင် သူက အဖေတို့ရဲ့ပိုက်ဆံတွေကို အကြောင်းမဲ့သက်သက် ပစ္စည်းတွေဝယ်ဖို့အတွက်တောင် သုံးနိုင်သေးတယ်။ အဖေတို့က ကျွန်တော့်ကိုတောင် တစ်ခါမှ အဲဒီလောက် ရက်ရက်ရောရော မပေးဖူးဘူး။ အဖေတို့က သူ့ကို အဲဒီလောက်တောင် အရေးပေးဆက်ဆံနေချင်ကြတယ်ဆိုရင် ကျွန်တော်ကလည်း ဘာလို့ ကျောင်းဆက်သွားနေရဦးမှာလဲ။ ကျောင်းလခတွေကို သိမ်းထားပြီး အစ်မကြီးကိုသာ ပေးလိုက်ကြ"

ကျင်းမင်ခိုင်က အသံကျယ်ကျယ်ဖြင့် အဆက်မပြတ် မြည်တွန်တောက်တီးလိုက်သည်။

သူပြောသည်အား ကြားသောအခါ ဝမ်ရှင်းဖန်း၏ မျက်နှာမှာ သေမတတ် ဖြူဖျော့သွား၏။

သူမ၏ သားဖြစ်သူသည် ဘယ်တုန်းကမှ စာမသင်ချင်ခဲ့ပေ။ ငယ်စဥ်ကတည်းက သူ၏ ရလဒ်များသည် အမြဲတမ်း ဆိုးဝါးခဲ့ပြီး နေ့တိုင်း သူ့အား ကျောင်းသွားရန် နားချရခြင်းသည် လူတစ်ယောက်အား ယာဥ်အသွားအလာရှုပ်ထွေးနေသည့် လမ်းကြောထဲသို့ ပြေးဝင်ခိုင်းရသည့်အလား ခက်ခဲပင်ပန်းလှသည်။

သူက အရင်တုန်းက ခိုင်လုံတဲ့ အကြောင်းပြချက်တစ်ခုမှ မရှိတာတောင် ကျောင်းသွားခိုင်းဖို့ ခက်ခဲနေတာကို အခုလို ဖြစ်သွားတော့ရော။ သူက ဒီကိစ္စကို ကျောင်းထွက်ဖို့ ဆင်ခြေတစ်ခုအနေနဲ့ သုံးတော့မှာလား။

သူ၏သမီးများက ကျောင်းမသွားလျှင်တောင်မှ ပြဿနာ မရှိပေ။ တကယ်တမ်း သူတို့သည် အနာဂတ်၌ ထိမ်းမြားလက်ထပ်၍ မိသားစုထဲမှ ထွက်သွားရမည်ဖြစ်သည်။ ထို့ကြောင့် ယခုအချိန်၌ သူတို့အတွက် ငွေအမြောက်အမြား အကုန်အကျခံခြင်းသည် အခြားလူများအတွက် ငွေကုန်ကြေးကျခံနေသလိုသာဖြစ်သော်လည်း သားတစ်ယောက်ကမူ မတူပေ။ သူသည် မိသားစုတစ်ခုလုံး၏ တစ်ခုတည်းသော ရတနာလေးဖြစ်ရာ သူတို့သည် သူ့အား ကျောင်းသွား၍ ကုန်သွယ်ရေးပညာကို သင်ကြားခိုင်းရန် လိုအပ်သည်။ သို့မှသာ အနာဂတ်၌ သူသည် မိသားစုကို ထောက်ပံ့နိုင်မည်ဖြစ်၏။

တစ်ဖက်၌ ကျင်းထျယ်ကျွင်း၏ မျက်နှာအမူအယာသည်လည်း နောက်ဆုံး၌ ပြောင်းလဲသွား၍ ကျင်းမင်ခိုင်၏ ခြိမ်းခြောက်မှုအောက်တွင် ကျရှုံးသွားရသည်။

"ရှောင်ယွင်ရေ...မင်း မြင်တဲ့အတိုင်း မင်းရဲ့မောင်လေးက မင်းရဲ့အိတ်ကို ကြည့်ချင်နေတယ်။ မင်းအတွက်လည်း ဘာအဖိုးတန်ပစ္စည်းမှ ဆုံးရှုံးသွားတာ မဟုတ်ဘူးဆိုတော့ သူ့ကို တစ်ချက်လောက် ကြည့်ခွင့်ပေးလိုက်ပါ။ ဟုတ်ပြီလား"

နောက်ဆုံး၌ ဝမ်ရှင်းဖန်းက ကျင်းမင်ခိုင်၏ တောင်းဆိုမှုများကို လိုက်လျောပေးလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ထေ့ငေါ့၍ ရယ်မောလိုက်သည်။ သူမ မျှော်လင့်ထားသည့်အတိုင်းပင်။

သေချာတာပေါ့။ ပထမဆုံးနေ့မှာတောင် သူတို့က တကယ် ဒီလိုမျိုး လုပ်နေတာ။ အနာဂတ်မှာ သူတို့ ဘယ်လိုအချိုးမျိုး ချိုးလာမယ်ဆိုတာ မတွေးဝံ့စရာပဲ။

ကျင်းမင်ခိုင်က ပါးစပ်ဟ၍ စကားပြောလိုက်ရုံသာလိုပြီး ဤမိသားစုမှ သမီးဖြစ်သူများက သူ့အား အလုပ်ရှင်တစ်ယောက်ကဲ့သို့ ဆက်ဆံကြရသည်။

"ရှင်တို့ရဲ့လုပ်ပုံကို ကြည့်လေ။ ဒီလိုဆိုရင် ယောက်ျားလေးတွေကို မိန်းကလေးတွေထက် ပိုဦးစားပေးတယ်ဆိုတဲ့ အချက်ကို ရှင်တို့အနေနဲ့ ကျင်းမိသားစုရဲ့ အဖွားဖြစ်သူအပေါ်မှာပဲ အားလုံးအပြစ်ပုံချလို့ မရဘူးလို့ ကျွန်မ ထင်တယ်နော်၊ ဟုတ်တယ်မလား။ အန်တီဝမ်၊ ဒါက ကျွန်မ ရှင့်ရဲ့အိမ်တံခါးဝကို ခြေချမိတဲ့ ပထမဆုံး အကြိမ်ပါ။ မိသားစုဝင်တစ်ယောက်ဆိုတာထက် ကျွန်မက ဧည့်သည်တစ်ယောက်အနေနဲ့ပဲ လာခဲ့တာ။ တကယ်လို့ ရှင်က ဧည့်သည်တစ်ယောက်ကိုတောင်မှ ဒီလိုဆက်ဆံတယ်ဆိုရင် အနာဂတ်မှာ ကျွန်မ ရှင့်ရဲ့မိသားစုဝင် အမှန်တကယ်ဖြစ်လာတဲ့အခါကျရင် ဘယ်လိုများ ဆက်ဆံမလဲနော်။ ရှင်က ကျွန်မကို တာဝန်ကျေတဲ့ အစ်မတစ်ယောက်ဖြစ်စေချင်ပေမယ့် တကယ်က အစ်မဆိုပြီး နာမည်ခံထားတဲ့ နှစ်ဆယ့်လေးနာရီပတ်လုံး ကျွန်ခံရတဲ့သူသာသာပဲ ဖြစ်လာမှာ မဟုတ်လား။ ဒီနေ့ ကျွန်မက ကျွန်မရဲ့အိတ်ကို ပေးလိုက်ရရင် မနက်ဖြန်ကျရင်ရော။ ရှင့်ကို ပိုက်ဆံပေးရမှာလား။ ဒါမှမဟုတ်ရင် ကျွန်မရဲ့ လက်ကျန်ဘဝတစ်ခုလုံး ပေးရမှာလား"

ကျင်းယွင်ကျောင်းက မျက်ခုံးပင့်လိုက်ပြီး သူတို့နှင့် လေးလေးနက်နက် ပတ်သတ်ရမည်အား ပျင်းရိလွန်းနေသည့်ပုံဖြင့် ပြောလိုက်၏။

စိတ်ထဲ၌ သူမသည် ဒေါသထွက်နေပြီဖြစ်သည်။ ယခင်ဘဝက သူမ အရာအားလုံးအား သည်းခံခဲ့ပြီဖြစ်ရာ ယခုအချိန်၌မူ နောက်ထပ်ဘဝသက်တမ်းတစ်ခုစာ ထပ်၍ သည်းခံပေးရန် မဖြစ်နိုင်တော့ပေ။

အကယ်၍ သူမ၏ ဆွေမျိုးသားချင်းများက ဤကဲ့သို့သောလူစားမျိုးများသာ ဖြစ်ပါက သူမသည် တစ်ကိုယ်တည်းသာ နေလိုက်မည်ဖြစ်သည်။

"နင် အမေ့ကို ဘယ်လိုပြောလိုက်တာလဲ။ ပြီးတော့ အန်တီဝမ်လို့တောင် ခေါ်လိုက်သေးတယ်။ နင်က ငါတို့ကို နင့်ရဲ့မိသားစုလို့ မသတ်မှတ်ထားဘူးဆိုတာ ရှင်းနေတာပဲ"

ကျင်းလင်က ရုတ်တရက် သူမ၏အသံကို မြှင့်၍ ကြိမ်းမောင်းလိုက်၏။

"လူတစ်ယောက်က ရုတ်တရက်ကြီး ပေါ်လာမယ်။ ပြီးရင် သူတို့က နင့်ရဲ့မိဘတွေပါလို့ ပြောမယ်။ တကယ်လို့ နင်သာ ငါ့နေရာမှာ ဆိုရင်ရော သူ့ကို ချက်ချင်း အမေလို့ ခေါ်နိုင်မှာလား။ အထူးသဖြင့် ဒီလို အမေမျိုးကိုလေ"

ကျင်းယွင်ကျောင်းက အေးစက်စက်အသံဖြင့် ခွန်းတုံ့ပြန်လိုက်သည်။

လူတစ်ယောက်သည် သူတို့မိဘများ၏ ချို့ယွင်းချက်များနှင့် အမှားကို လက်ခံပေးသင့်သော်လည်း ထိုသို့လက်ခံနိုင်ရန်အတွက် အချိန်နှင့်နေရာဒေသလိုအပ်သေး၏။

ယဲ့ချင်သည် ကျင်းယွင်ကျောင်းအား ဆိုးဆိုးဝါးဝါးဆက်ဆံခဲ့သော်လည်း သူမသည် ကွယ်လွန်သွားပြီဖြစ်သည်။ ယဲ့ချင်မရှိဘဲ သူမသည် ယခုအချိန်ထိ ရှင်သန်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ချောင်မိသားစုအား သူမ၏ နှလုံးသားထဲမှ မုန်းတီးစက်ဆုပ်သော်လည်း ယဲ့ချင်အပေါ်၌မူ လေးစားမှုတစ်ခု ထားရှိနေဆဲပင်။ သို့ရာတွင် ဝမ်ရှင်းဖန်းကမူ ကွာခြား၏။

သူတို့သည် သွေးသားရင်းချာများ ဖြစ်ကြသော်လည်း ဝမ်ရှင်းဖန်းက သူမအား ကျွေးမွေးစောင့်ရှောက်ပေးခဲ့သည့် အမှတ်တရတစ်ခုမှမရှိပေ။ စွန့်ပစ်ခဲ့ပြီးနောက် ခါးခါးသီးသီး ခံစားချက်များသာ ကျန်ရှိသည်။

ထို့အပြင် သူတို့သည် ယောက်ျားလေးများကို မိန်းကလေးများထက် ပို၍ဦးစားပေးကြရာ သူမသည် သူတို့အပေါ်၌ ဘယ်ပုံဘယ်နည်းဖြင့် ခပ်မြန်မြန် မိသားစုသံယောဇဥ် ဖြစ်တည်လာနိုင်မည်နည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now