Chapter 313

398 40 0
                                    

Chapter 313 : နှင်ထုတ်ခြင်း

ထိုသားအမိနှစ်ယောက်သည် လက်ဖက်ရည်ဆိုင်ထဲသို့ စတင်ခြေချပြီးကတည်းက အရှုံးနှင့်သာ တစ်ခုပြီးတစ်ခု ရင်ဆိုင်နေရ၍ သူတို့၏ အကြံမအောင်မြင်သောအခါ ဒေါသထွက်လာကြသည်။

သို့ရာတွင် နှစ်နာရီ မပြည့်ခင်မှာပင် လူတိုင်းက သူတို့သားအမိ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်အား ပြဿနာသွားရှာသည်ကို သိထားနှင့်ကြပြီဖြစ်ကြောင်း သူတို့ သဘောပေါက်သွား၍ ထိုကိစ္စကို လူတိုင်းအား မည်သူက လိုက်ပြောခဲ့မှန်း မသိကြပေ။

ကျန်ဝမ်ရှန်းသည် ဒေါသထွက်လွန်းသဖြင့် လူသတ်ချင်နေသည်။ သူသည် ထိုမိန်းမလောက် တုံးအသောသူကို တစ်ခါမှမမြင်ဖူးခဲ့။ သူသည် သူမအား အခြေအနေကို စနည်းနာရန်အတွက် သွားခွင့်ပြုခဲ့သော်လည်း သူမက ရမ်းရမ်းကားကား ပြုမူလာခဲ့သည်။ ထို့အပြင် သူမသည် တစ်ပါးသူ၏ စီးပွားရေးကို နာမည်မဖျက်နိုင်ရုံသာဆိုပါက အဆင်ပြေသေး၏။ သို့သော် သူမသည် ထိုသို့မလုပ်နိုင်ရုံသာမက သူတို့မိသားစု၏စီးပွားရေးကိုပါ နာမည်ပျက်စေ၍ ပိုက်ဆံပါကုန်လာသေးသည်။

သို့ရာတွင် ဤကိစ္စသည် ကျန်မိသားစုမျှော်လင့်ထားသကဲ့သို့ ဤမျှနှင့် ပြီးမသွားဘဲ ထပ်မံ၍ ဂယက်ရိုက်သွား၏။

နောက်တစ်နေ့တွင် ကျင်းယွင်ကျောင်းသည် ကျန်ရှ သူမအား ရေးပေးခဲ့သည့် ရည်းစားစာများကို ရုံးခန်းသို့သွား၍ အပ်လိုက်ရာ ထိုစာများကို တစ်ချက်ကြည့်ပြီးနောက် ကျောင်းအုပ်ကြီး၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။

အကယ်၍ ဤကိစ္စသာပြန့်သွားပါက ကျောင်း၏ ဂုဏ်သတင်းကို အကြီးအကျယ်ထိခိုက်စေမည့်အပြင် အထက်လူကြီးများက သူ၏ လေးစားဖွယ်ရာ ကျောင်းအုပ်တစ်ယောက်၏ ဂုဏ်သိက္ခာကို ပြစ်တင်ဝေဖန်ကြလိမ့်မည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည် ဤကိစ္စကို ပုံကြီးချဲ့ရန် အစီအစဥ်မရှိပေ။ လက်တွေ့တွင်လည်း ကျောင်းသည် အစောပိုင်းကတည်းက သူမအား အများကြီး ကူညီထား၍ ကျောင်းအုပ်ဆရာကြီးသည်လည်း လက်တွေ့ဖြစ်ရပ်များနှင့် အမှန်တရားကိုသာ အခြေခံပြီး ဆုံးဖြတ်ချက်ချတတ်သောကြောင့် ကျန်ရှနှင့် ပတ်သတ်ကာ ကျောင်းအုပ်ဆရာကြီးအား လူများက အပြစ်တင်ရန် မလိုပေ။

သို့ရာတွင် ယခုအချိန်၌ ကျောင်းသည် ကျင်းယွင်ကျောင်းထံမှ ဤကဲ့သို့သောစာမျိုးကို လက်ခံရရှိလိုက်ရာ ထိုအကျင့်စာရိတ္တပျက်ပြားသော လူယုတ်မာမျိုးကို ဤနေရာ၌ မည်သို့ ဆက်၍ ပညာသင်ကြားခွင့်ပြုနိုင်မည်နည်း။

အကယ်၍ ကျန်ရှသည် သာမန်ရည်းစားစာတစ်စောင်ကိုသာ ရေးခဲ့ပါက အများဆုံးအနေဖြင့် သတိပေးခံရရုံသာဖြစ်ပြီး သူက ထိုသတိပေးချက်ကို လျစ်လျူရှုကာ အကြိမ်ပေါင်းများစွာ ထပ်မံ၍ စည်းကမ်းဖောက်ဖျက်လျှင်တောင်မှ ပြစ်ဒဏ်အနည်းငယ်သာ ပေးခံရမည်ဖြစ်သည်။ သို့ရာတွင် ယခု သူ၏ ရည်းစားစာတွင် ပါရှိသော အကြောင်းအရာများမှာ လူအများက လက်ညှိုးထိုး၍ အတင်းအဖျင်းအပြောခံရမည့် ညစ်ညမ်းအကြောင်းအရာများသာ ဖြစ်၏။ ထို့ကြောင့် ရလဒ်အနေဖြင့် ကျန်ရှ ကျောင်းထုတ်ခံလိုက်ရသည်။

မူလက ကျန်ရှသည် ဤကိစ္စအား ဖြေရှင်းပြီးသည်မှာ အချိန်အတော်ကြာပြီဟုသာ တွေးထားခဲ့သော်လည်း ယခုအခါ ပြဿနာကလည်း ပြန်လည်အစပျိုးလာပြန်၏။

ကျောင်းထုတ်ခံရခြင်းကြောင့် သူ၏ ပညာရေးနှင့် ဘဝအောင်မြင်ရေးများတွင် သေချာပေါက် အမဲစက်စွန်းထင်းသွားပြီဖြစ်ရာ အကယ်၍ သူသည် ရိကျုံးကျောင်းနှင့် အဆင့်အတန်းချင်းတူသော ကျောင်းတစ်ကျောင်းသို့ ပြောင်းချင်ပါက ငွေအများအပြား ကုန်ကျမည်ဖြစ်သည်။ သို့ရာတွင် ပို၍ အဆင့်နိမ့်သော ဒုတိယတန်းစား သို့မဟုတ် တတိယတန်းစား ကျောင်းများသို့ပြောင်းရန်လည်း ကျန်ရှက လက်မခံနိုင်ပေ။

ဒါတွေအားလုံးက ကျင်းယွင်ကျောင်းရဲ့အမှားတွေပဲ။

သူက ငါ့ကိုရိုက်ပြီးတော့ ငွေညစ်ရုံတင်မကဘူး၊ ငါ့ဘဝကိုလည်း ဖျက်ဆီးသေးတယ်။

ရိကျုံးကျောင်းသည် ရည်းစားစာများကို လူထုအား ထုတ်မပြသော်လည်း ကျန်ရှ၏ ကျောင်းထုတ်ခံရသည့် အကြောင်းကိုမူ ထုတ်ပြန်ကြေညာခဲ့သည်။ ယခုအခါ လူတိုင်းသည် ကျန်ရှတစ်ယောက် ရေးခဲ့သော ရိုင်းစိုင်းညစ်ညမ်းသည့် ရည်းစားစာများအကြောင်းကို သိသွားပြီဖြစ်၍ ယခင်က သူနှင့်ပေါင်းသင်းခဲ့သော မိန်းကလေးများသည် သူ့အား ရှောင်ဖယ်ကာ ဥပေက္ခာပြုထားကြပြီး အချို့ကမူ ရွံရှာစက်ဆုပ်စွာဖြင့် ကြည့်လာကြ၏။

အဘယ်ကြောင့် ထိုသို့ဖြစ်ရသနည်း။ ယခင်က သူသည် အတန်းခေါင်းဆောင်တစ်ယောက်ဖြစ်၍ လူတိုင်းနှင့် ကောင်းမွန်သည့်ဆက်ဆံရေးရှိခဲ့သည်။ ထိုမျှသာမက သူ၏ ရုပ်ရည်သည်လည်း တစ်ကျောင်းလုံးတွင် အချောဆုံးဟုပင် ယူဆနိုင်၍ ဘတ်စကတ်ဘောအသင်းခေါင်းဆောင်လည်း ဖြစ်ရာ သူ့အား ချစ်ခင်နှစ်သက်သော မိန်းကလေးများ မရေမတွက်နိုင်အောင်ရှိခဲ့၏။ သို့သော် ယခုအခါ သူသည် လမ်းသရဲတစ်ယောက်ကဲ့သို့ ဆက်ဆံခံနေရသည်။

ဆက်ဆံပုံချင်းကွာခြားချက်မှာ ကြီးမားလွန်းလှ၏။

ကျန်ရှ ကျောင်းထုတ်ခံရကြောင်း ကျန်မျိုးနွယ် လင်မယားအား အကြောင်းကြားလိုက်ရာ သူတို့သည် အလွန်အမင်း စိတ်ထိခိုက်သွားကြသည်။

"ငါတို့ ကျင်းယွင်ကျောင်းကို ရည်းစားစာထဲမှာ ရေးထားတဲ့အကြောင်းတွေ အပြင်ကို ဖြန့်ခွင့်ပြုလိုက်သင့်တာ။ ငါတို့ ငွေအများကြီးသုံးပြီး ဒီကိစ္စကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ အမှန်တရားက ပေါ်သွားတာပဲလေ"

ကျန်ဝမ်ရှန်းက အံကြိတ်ရင်း ပြောလိုက်သည်။

ထိုအချိန်က ကျင်းယွင်ကျောင်းသည်လည်း ကျန်ရှကို ရိုက်နှက်ခဲ့သည်ဖြစ်ရာ သူတို့သည် သူမအား လျော်ကြေးတောင်းချင်နေ၏။

ကျန်ရှကမူ ခေါင်းငုံ့ထားဆဲဖြစ်ကာ သူ့တစ်ကိုယ်လုံးက ဒေါသထွက်လွန်းသဖြင့် တုန်ယင်နေသည်။

"အဖေ၊ ကျွန်တော့်ကို နင်းမြို့တော်မှာ စာဆက်သင်ခွင့်ပြုနိုင်မလား။ အဲဒီမှာ ပညာရေးရော ပတ်ဝန်းကျင်အသိုင်းအဝိုင်းကရော ကောင်းတယ်လို့ ကျွန်တော် ကြားတယ်"

အချ်ိန်အတော်ကြာ တိတ်ဆိတ်နေပြီးသည့်နောက် ကျန်ရှက ပြောလာ၏။

အကယ်၍ ယခင်ကသာဆိုပါက ကျန်ဝမ်ရှန်းသည် ကျန်ရှအား အလိုလိုက်မည်ဖြစ်သော်လည်း ယခုမူ သူသည် ကျန်ရှ၏ တောင်းဆိုချက်အား ချက်ချင်းပင် ခေါင်းခါ၍ ငြင်းဆန်လိုက်ပြီး ပြန်ဖြေလာသည်။

"မင်းက ကျောင်းထုတ်ခံထားရတာဆိုတော့ မဖြစ်နိုင်ဘူး။ နင်းမြို့တော်ကျောင်းက မင်းရဲ့အရင်ကျောင်းကို မင်း ကျောင်းထွက်တာနဲ့ပတ်သတ်တဲ့ သတင်းအချက်အလက်တွေကို ဖုန်းဆက်ပြီး မေးဦးမှာ။ တကယ်လို့ ငါ သူတို့ကို လာဘ်ထိုးရင်တောင်မှ သူတို့က မင်းလို ပြဿနာရှိတဲ့ကျောင်းသားမျိုးကို လက်ခံ၊ မခံဆိုတာ ဘာ အာမခံချက်မှ မရှိဘူး"

"ရှောင်ရှ၊ မင်း ဒီရယ်စရာကောင်းတဲ့တောင်းဆိုချက်ကို မေ့ပစ်လိုက်ဖို့ ငါမျှော်လင့်တယ်။ ပြီးတော့ ဒီခရိုင်ထဲမှာလည်း အခြားကျောင်းတွေ အများကြီးရှိတယ်လေ၊ အဲဒီထဲက မင်း ကြိုက်တဲ့တစ်ကျောင်း ရွေးလို့ရတယ်။ တကယ်တမ်းကျ ဇာမဏီငှက်ရဲ့အမြီးထက် ကြက်ရဲ့ခေါင်းက ပိုကောင်းတာပါကွာ၊ မင်း အဲ့ဒီကျောင်းတွေထဲက တစ်ကျောင်းကိုသာ အပ်လိုက်ရင် မင်းရဲ့အမှတ်တွေနဲ့တင် အဲ့ဒီကျောင်းမှာ နာမည်ကြီးဖို့ လုံလောက်တယ်၊ ပြီးတော့ ဆရာဆရာမတွေကလည်း မင်း အရင်ကျောင်းမှာ လုပ်ခဲ့တာတွေကိုတောင်မှ ဂရုစိုက်တော့မှာ မဟုတ်ဘူး"

ကျန်ဝမ်ရှန်းက ဆက်ပြောလာ၏။

(T/N : ဇာမဏီငှက်ရဲ့အမြီးထက် ကြက်ရဲ့ခေါင်းက ပိုကောင်းတယ်ဆိုတာက အကောင်းဆုံးနေရာမှာ မထင်မရှားနဲ့ ဘိတ်ချေးနေရာမှာ နေရတာထက် အနူတောမှာ လူချောလုပ်ရတာ ပိုကောင်းတယ်လို့ ပြောတာပါ။)

ထိုတတိယတန်းစား အထက်တန်းကျောင်းများရှိ ကျောင်းသားများ၏ ရမှတ်များမှာ ဆိုးရွားလွန်းလှရာ ထိုကျောင်းများ၏ ဝင်ခွင့်အဆင့်သတ်မှတ်ချက်မှာလည်း ကြောက်စရာကောင်းလောက်အောင် ဆိုးရွားလွန်းလှသည်။ အကယ်၍ ကျန်ရှကိုသာ ထိုကျောင်းများတွင် ကျောင်းအပ်ပါက သူတို့က ဝမ်းသာအားရ ကြိုဆိုကြလိမ့်မည်ဖြစ်၏။

"သြော်...ဟုတ်သားပဲ။ မင်းတို့တွေ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်ကိုသွားတုန်းက ကျင်းယွင်ကျောင်းက အဲဒီဆိုင်မှာ ဘာလုပ်နေတာလဲ။ သူက အဲဒီမှာ အချိန်ပိုင်းအလုပ်သမား လုပ်နေတာလား"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now