Chapter 250

601 57 2
                                    

Chapter 250 :  ရှင်နဲ့ကျွန်မ ကျေပြီလေ

သူမသည် အရာအားလုံးက တိုက်ဆိုင်လွန်းနေသလို ခံစားလိုက်ရသော်လည်း အစစ်အမှန်ဟု သူမ ယုံကြည်ခဲ့သည့် စာရွက်စာတမ်းတစ်ခုကို အလွယ်တကူ အတုလုပ်၍ရသည်ဆိုသည်က... ...

ကျင်းယွင်ကျောင်း၏ နှလုံးသားက လေးလံသွားသည်။

ထိုအခါ လီရှောက်ယွင်က သူမအား တစ်ချက်ကြည့်လိုက်ပြီး ...

"တချို့အာဏာရှိတဲ့ဆေးရုံတွေရဲ့ ရလဒ်တွေကိုတော့ ဝင်စွတ်ဖက်လို့မရဘူး။ ပြီးတော့ အရမ်းလည်း လျှို့ဝှက်တယ်။ ဒါပေမယ့် ဆေးရုံတိုင်းကတော့ ကျင့်ဝတ်အတိုင်း စောင့်ထိန်းပါ့မယ်ဆိုပြီး တွက်ကပ်နေမှာ မဟုတ်ဘူး။ ပြီးတော့ မင်းက အဲဒီစာရွက်ကိုပါ ယူလာခဲ့ပြီးပြီဆိုတော့ ကိုယ် မင်းကို သတိပေးမနေတော့ပါဘူး။ လူတစ်ယောက်ကို အကဲဖြတ်နေတဲ့အချိန်မှာ မနုံအ,နဲ့။ ပြီးတော့ အဲဒီ ဘယ်ကနေပေါ်လာမှန်းမသိတဲ့ မိဘတွေကို အလျှော့ပေးသည်းခံနေမယ့်အစား မင်း အရင်က အပြစ်ပြုမိဖူးတဲ့လူအကြောင်းကို ဘာလို့ သေချာလေး မတွေးကြည့်တာလဲ"

ယခု လီရှောက်ယွင် ပြောသည်များကို ကြားသောအခါ ကျင်းယွင်ကျောင်းသည် ပို၍ပင် သံသယဖြစ်လာသည်။

သူမသည် ဘဝသက်တမ်းနှစ်ခုလုံးပေါင်းမှ နင်းမြို့တော်သို့ တစ်ကြိမ်သာ သွားဖူးခဲ့၏။ ပြန်လည်မွေးဖွားလာသော်လည်း သူမ တွေ့နေရသည့်လူများကမူ မပြောင်းလဲဟုပင် ဆိုနိုင်သည်။ ထို့ကြောင့် သူမသည် စစ်ဆေးချက်ရလဒ်များကို မြင်သောအခါ သံသယမရှိဘဲ ယုံကြည်ခဲ့ခြင်းဖြစ်၏။ ထိုသို့ အကွက်ချ ကြံစည်ထားလိမ့်မည်ဟုလည်း သူမ တစ်ခါမှ မထင်ခဲ့မိပေ။

ကံဆိုးသည်က ယခု သူမ၌ ရွေးခြယ်စရာမရှိတော့ပေ။

ထိုမိဘဆိုသူများက သူမအား ရွှေငန်းတစ်ကောင်ကဲ့သို့ ကြည့်တတ်ကြသည်။ သူတို့သည် သူမအား လမ်းပေါ်၌ တွေ့ခဲ့ခြင်းဖြစ်၍ သူမ၏ ဘဝနေထိုင်မှုကို လုံးဝအသိအမှတ်မပြုသင့်ပေ။ ထို့အပြင် သူတို့သည် ယခင်နှစ်များအတွင်းက သူမ မည်ကဲ့သို့နေထိုင်ခဲ့ရသည်ကို သိမနေသင့်သော်လည်း သူတို့သည် သူမ၏ မွေးစားမိဘများအကြောင်းကို တစ်ကြိမ်သာမေးပြီး နောက််တစ်ခေါက် ထပ်မံ၍ မေးမလာတော့ပေ။ ထို့အပြင် သူမသည် သူတို့အား ယွမ်ထောင်ဂဏန်း တန်ကြေးရှိသော လက်ဆောင်တစ်ခုကို ကမ်းပေးခဲ့သော်လည်း သူတို့သည် မည်သည့်သံသယဝင်မှုမှ မရှိခဲ့။ ထိုသို့ပေးကမ်းခြင်းက ဖြစ်သင့်ဖြစ်ထိုက်သည့် ကိစ္စတစ်ခုလိုပင်။

သို့ရာတွင် သဘောတရားဆန်ဆန်ပြောရလျှင် မွေးစားမိဘများနှင့် အဆက်အသွယ်ဖြတ်တောက်ထားသော ကလေးတစ်ယောက်သည် စမ်းသပ်စစ်ဆေးခ တစ်ဝက် သို့မဟုတ် လက်ဆောင်ပစ္စည်းများစွာကို မပေးနိုင်သင့်ပေ။ ထို့ကြောင့် ထိုကိစ္စသည် အတော်လေး မူမမှန်ဖြစ်နေ၏။

သူတို့သည် သူမ၏ ပိုက်ဆံများ မည်သည့်နေရာမှရကြောင်းကို မမေးခဲ့ဘဲ သူမ သူတို့၏ အိမ်သို့လိုက်သွားသည်နှင့် ကျောင်းထွက်ရန်သာ ပြောခဲ့သည်။ ဤကဲ့သို့သော စိတ်ထားမျိုးက သူတို့သည် သူမ၌ ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်သော သို့မဟုတ် မိသားစုကို မြှင့်တင်ပေးနိုင်သော အရည်အချင်းရှိ၊ မရှိကို အမှန်တကယ် ဂရုမစိုက်ဘဲ သူမ ကျောင်းထွက်မထွက်ကိုသာ အာရုံစိုက်နေကြောင်း သိနိုင်၏။

ထို့ကြောင့် မိဘများဟုခေါ်ရမည့်အစား သူတို့သည် သူမ၏ ရန်သူများနှင့် ပိုတူနေသည်။

"ရှင် တစ်ခုခုများ ရှာတွေ့ထားတာလား"

ကျင်းယွင်ကျောင်းက  တဲ့တိုးမေးလိုက်ရာ လီရှောက်ယွင်က မျက်ခုံးတစ်ဖက်ပင့်ပြပြီး သူမကို စနောက်လိုက်သည်။

"ဒီအတွက် မင်းက ကိုယ့်ကို တောင်းပန်မှာလား"

ကျင်းယွင်ကျောင်း ဆွံ့အ,သွား၏။ လီရှောက်ယွင်၏ ဤအမူအယာကို မြင်သည့်အခါတိုင်း ဤလူသည် လူဆိုးတစ်ယောက်ဟု သူမ ခံစားရလေ့ရှိသည်။

ဒီလို လူရှုပ်လူပွေမျက်နှာထားမျိုး လုပ်ပြဖို့ သူ့ကို ဘယ်သူကများ ပြောလို့လဲ။

သို့သော် ကောင်းသည့်အချက်မှာ သူတို့သည် အစောပိုင်းက ဆေးရုံ၌ အချိန်တစ်ခုကြာအောင် အတူရှိခဲ့သောကြောင့် သူ့အပေါ်ထားရှိသည့် သူမ၏ သဘောထားသည် သိသိသာသာ တိုးတက်ပြောင်းလဲလာခဲ့သည်။ အနည်းဆုံး သူမ၏ အနီးအနား ပတ်ဝန်းကျင်တွင် သူက တစ်ခုခု လုပ်လိုက်လျှင်တောင်မှ သူမ စိတ်ကသိကအောက် မဖြစ်တော့ပေ။

"ရှင် ခုနက ကျွန်မရဲ့ပစ္စည်းကို လွှင့်ပစ်တယ်လေ။ အဲဒီပစ္စည်းက စျေးမကြီးပေမယ့် ကျွန်မအတွက် သိသိသာသာ အရေးပါတယ်။ အခု ရှင် ကျွန်မကို အမှန်အတိုင်းပြောပြလိုက်ရင် ကျွန်မတို့ချင်း ကျေသွားပြီလေ"

ကျင်းယွင်ကျောင်းက ပုခုံးတွန့်ပြလိုက်၍ မျက်နှာပြောင်တိုက်ပြီး ပြန်ပြောလိုက်သည်။

"သိသိသာသာ အရေးပါတယ်တဲ့လား"

လီရှောက်ယွင်က ထိုစကားအား ထူးဆန်းသော လေသံဖြင့် ပြောလိုက်ပြီးနောက် အပြုံးမမည်သော အပြုံးတစ်ခုကို ပြုံးလိုက်ရင်း ...

"အဲဒီပစ္စည်းက တကယ်ပဲ အသေးအဖွဲ့ မဟုတ်ဘူးဆိုတော့ မင်းကို သင်ခန်းစာတစ်ခုပေးလိုက်တာကြောင့် ဒီလိုသတ်မှတ်လိုက်တာပဲ ဖြစ်ရမယ်။ ဒီတော့ မင်းက အဲဒါကို အိမ်ယူသွားပြီးတော့ နေ့တိုင်း ထုတ်ကြည့်ပြီး မင်းရဲ့အမှားကို ပြန်သုံးသပ်ဖို့ ပြင်ဆင်နေတာလားဆိုတာ ကိုယ်သိချင်မိတယ်"

"သေချာတာပေါ့"

သူမက မျက်နှာပြောင်တိုက်စွာပင် စကားထောက်ပေးလိုက်၏။

"ဒါဆိုလည်း ကားပြန်လှည့်ကြစို့။ ကိုယ် မင်းအတွက် အဲဒီအရုပ်ကို သေချာပေါက် ပြန်ကောက်ပေးမယ်၊ ဒါပေမယ့်..."

လီရှောက်ယွင်၏ အမူအယာက ဟန်ကြီးပန်ကြီးပုံစံ ဖြစ်သွား၍ စကားလမ်းကြောင်း ပြောင်းလိုက်၏။

"ဒီနေ့ မင်းကြောင့် ကိုယ် ပထမဆုံးအကြိမ်အနေနဲ့ အသိတရားမရှိတဲ့သူရဲ့ အဆဲခံခဲ့ရတယ်။ အို...ဟုတ်သားပဲ၊ အရင်တစ်ခေါက် ကားအက်စီးဒင့်ဖြစ်တုန်းက ကိုယ့်ရဲ့ဒဏ်ရာက အပြည့်အဝပြန်မကောင်းသေးဘူး။ ဒီနေ့ တိုက်ခိုက်နေကြတုန်းက အဲဒီဒဏ်ရာကို ထပ်ပြီး ဆွဲဆန့်လိုက်သလိုများ ဖြစ်သွားလားမသိဘူး"

"အား...အခု ပြောနေရင်း ဒီသခင်လေးက ခန္ဓာကိုယ်ထဲမှာ ဘာအင်အားမှမရှိတော့သလို ခံစားနေရတယ််။ ကိုယ့်ရဲ့နှလုံးခုန်သံကလည်း အားနည်းနေတယ်။ ပြီးတော့ ကိုယ့်ရဲ့မသိစိတ်ကလည်း ထိတ်လန့်တုန်လှုပ်နေတဲ့ပုံပဲ။ ကိုယ့်ကို ပြောပါဦး၊ ကိုယ် ဘာလုပ်သင့်လဲ"

လီရှောက်ယွင်က သံရှည်ဆွဲ ညည်းညူးရင်း အရှက်မရှိ ပြန်မေးလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက ရှုံ့မဲ့သွားပြီး သူ့ကို မယုံကြည်နိုင်ဟန်ဖြင့် စိုက်ကြည့်လိုက်၏။ သူမ၏ စိတ်ထဲရှိ သူ့အပေါ် အထင်ကြီးမှုများကို 'ကလိမ်ကကျစ် လူရှုပ်လူပွေ' ဆိုသည့် စကားလုံးက ရိိုက်ချပစ်လိုက်သည်။

"ကျွန်မက သမားတော်တစ်ယောက်ပါ။ ဒီတော့ ရှင့်ကို စစ်ဆေးပေးဖို့ ဝန်မလေးပါဘူး။ ဘယ်သူသိ မလဲနော်။ ကျွန်မက ရှင့်ရဲ့သက်တမ်းကို ဆွဲဆန့်ပေးနိုင်မလားဆိုတာ။ အနာဂတ်မှာ ရှင် အနာရောဂါဘယတွေ ကင်းဝေးတော့မှာဆိုတော့ အကျဥ်းချုံး ပြောရရင် ကျွန်မရဲ့မေးခွန်းကို ဖြေလို့ ရှင် အကျိုးမယုတ်ပါဘူး"

ကျင်းယွင်ကျောင်း၏ ဦးနှောက်က အလျင်အမြန် အလုပ်လုပ်လိုက်ရင်း လီရှောက်ယွင်၏ စကားကို ပြန်လည်ချေပလိုက်လေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Wo Geschichten leben. Entdecke jetzt