Chapter 309

385 36 0
                                    

Chapter 309 :  သာမန်အပ်စိုက်နည်း


ကျင်းယွင်ကျောင်းက အမေကျန်အား ဆွဲထားရင်း ချူးရုန်ကို ပြောလိုက်သည်။

"ကျွန်မရဲ့ အိတ်လေးယူလာပေးပါဦး"

ချူးရုန်က ကျင်းယွင်ကျောင်း၏ ရည်ရွယ်ချက်ကို မသိသော်လည်း သူသည် သူမ ခိုင်းသည့်အတိုင်း အိတ်ကို ယူသွားပေးလိုက်၏။ အိတ်က ပေါ့နေသည်ဟု သူက ထင်လိုက်သော်လည်း များများစားစား မတွေးမိပေ။

ထို့နောက် ကျင်းယွင်ကျောင်းက အိတ်ကို လှမ်းယူလိုက်၍ အထဲသို့ မွှေလိုက်ပြီးနောက် လက်ရာမြောက်သော သေတ္တာလေးတစ်လုံးကို ထုတ်ယူလိုက်သည်။

ထို့နောက် သူမက သေတ္တာကိုဖွင့်လိုက်တော့ အထဲ၌ အပ်မျိုးစုံအား အထူအပါးကိုလိုက်၍ သပ်သပ်ရပ်ရပ် စီထည့်ထားသည်ကို လူတိုင်း မြင်လိုက်ကြရ၏။

အခြားစျေးဝယ်များသည် ဘာဖြစ်နေမှန်း မသိကြသော်လည်း ဖိတ်ကြားထားသည့် ဧည့်သည်များကမူ ကျင်းယွင်ကျောင်းသည် ထူးချွန်သော သမားတော်တစ်ယောက်မှန်း သိထားပြီး ဖြစ်သည်။ ထို့နောက် သူတို့သည် ကျင်းယွင်ကျောင်းက ငွေအပ်များအား ထုတ်လာသည်ကို မြင်လိုက်ကြရ၏။

ကျင်းယွင်ကျောင်းက သည်အမျိုးသမီးကို အပ်စိုက် ကုသချင်နေတာများလား။

ထိုအခါ ဤနေရာ၌ရှိနေကြသူ လူအနည်းစုသည် ကျင်းယွင်ကျောင်းအား မလေးစားဘဲ မနေနိုင်တော့ပေ။ သူမသည် အံ့ချီးဖွယ် သမားတော်တစ်ယောက်ဖြစ်သည့်အပြင် အပ်စိုက်ကုထုံးကိုပင် သိနေသေးသည်။ သို့ရာတွင် အပ်စိုက်ကုထုံးဖြင့် ထိုအမျိုးသမီး၏ အဆိပ်ကို ကုသပေးနိုင်မည်ဟု မည်သူသိမည်နည်း။

"နင် ဘာလုပ်ဖို့ ကြိုးစားနေတာလဲ"

ကျန်ရှသည် ငွေအပ်မျှင်လေးများကို မြင်သည်နှင့် ကျင်းယွင်ကျောင်းအား ချက်ချင်း တားလိုက်သည်။

"မဒမ်ကျန်က အဆိပ်မိနေတာဆိုတော့ မမလေးကျင်းက သူ့ကို ကုပေးနေတုန်းမှာ မနှောက်ယှက်ပါနဲ့"

ချူးရုန်က ချက်ချင်းပင် သူ့အား အရှေ့မှ ပိတ်ထားလိုက်၏။

သူသည်လည်း ယနေ့မှ သူ၏ ဘော့စ်ဖြစ်သူသည် သမားတော်တစ်ယောက်ဖြစ်ကြောင်း သိလိုက်ရ၍ ဝန်ထမ်းများသည်လည်း ထိုအရေးကြီးပုဂ္ဂိုလ်များအားလုံးသည် ကျင်းယွင်ကျောင်း၏ လူနာများဖြစ်ကြသည်ကို သိသွားကြ၏။

ထို့နောက် ကျန်ရှသည် ချူးရုန်၏ အားကို မယှဥ်နိုင်၍ နောက်ပြန်ဆုတ်လိုက်ရပြီး အမေကျန်သည်လည်း  ငွေအပ်များကိုမြင်သောအခါ ကြက်သီးထသွားသည်။

သည်ငကြောင်မက ဘယ်ကနေရောက်လာတာလဲ။ ပြီးတော့ သူက သွားလေရာကို ငွေအပ်တွေယူသွားနေတာလား။ ငါတို့က ရုပ်ရှင်ရိုက်နေတာလို့ သူက ထင်နေတာလား။ သူက လူတစ်ယောက်ကိုမြင်လိုက်တာနဲ့ အဲဒီလူက ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ အပ်လိုက်စိုက်နေတာလား။

"ငါ့ကိုလွှတ်"

အမေကျန်က ဒေါသတကြီး အော်လိုက်သည်။

သို့သော် လက်တွေ့၌ ကျင်းယွင်ကျောင်းသည် ကိုယ်ခံပညာရှင်တစ်ယောက်ဖြစ်၍ အမေကျန်က အားနည်းသော အမျိုးသမီးကြီးတစ်ယောက်သာဖြစ်ရာ မည်သို့ယှဥ်နိုင်မည်နည်း။ သူမသည် သနားစဖွယ်ကောင်းလောက်အောင် ရုန်းကန်နေသော်လည်း တစ်လက်မမျှပင် မရွေ့ချေ။

ထို့နောက် ကျင်းယွင်ကျောင်းက ပြုံးလိုက်ပြီး လက်တစ်ဖက်က ငွေအပ်တစ်ချောင်းကိုကိုင်ကာ ခြိမ်းခြောက်လိုက်သည်။

"တအားမရုန်းနဲ့လေ၊ တော်ကြာ ကျွန်မ, မတော်တဆ နေရာမှားပြီး စိုက်မိသွားရင်ရော။ ရှင့်ရဲ့အသက်ပါ, ပါသွားနိုင်တယ်နော်"

ကျင်းယွင်ကျောင်းသည် ငွေအပ်များကို မကြာသေးမီကမှ ဝယ်ခဲ့ခြင်းဖြစ်၏။ သူမသည် လွန်ခဲ့သော နှစ်လအတွင်း နောက်ထပ် ဝိညာဥ်ကျောက်စိမ်းအပိုင်းလေးပိုင်းကို စုပ်ယူခဲ့ပြီး နောက်ဆုံး ကျောက်စိမ်းအပိုင်းတွင် အပ်စိုက်ကုထုံးအချို့ပါရှိလေသည်။ သို့ရာတွင် ထိုကုထုံးများသည် လွယ်ကူရိုးရှင်း၍ အပေါ်ယံသာဖြစ်၏။ ထို့အပြင် အပ်စိုက်ကုသခြင်းသည် ပထမဆုံးလက်တွေ့ အတွေ့အကြုံအပေါ်၌ အတော်လေး မူတည်သည်။ ထို့ကြောင့် သူမသည် အပ်များကိုဝယ်၍ သူမ၏နေရာလွတ်နယ်မြေထဲတွင် ပြင်းပြင်းထန်ထန် လေ့ကျင့်နေခဲ့ခြင်း ဖြစ်၏။

သူမ၏ စကားကို ကြားသောအခါ အမေကျန်က စိတ်မသက်မသာဖြစ်သွား၍ ပြန်ဖြေလိုက်သည်။

"အရူးမ၊ ငါ စိန်ခေါ်တယ်။ နင် ငါ့ကို အပ်စိုက်ရဲမလားဆိုတာ။ အကယ်လို့ ငါသာ တစ်ခုခုဖြစ်သွားရင် နင့်ကို လုံးဝအလွတ်ပေးမှာ မဟုတ်ဘူး"

"ရှင် ဘာတွေပြောနေတာလဲ။ ရှင်က ဗိုက်နာတယ်ဆိုပြီး အော်ငိုနေလို့ ကျွန်မက ရှင့်ကို ကူညီဖို့ကြိုးစားနေတာ မဟုတ်ဖူးလား"

ထို့နောက် ကျင်းယွင်ကျောင်းက သူမ၏ လက်ထဲရှိ အပ်ကိုမြှောက်၍ အလင်းရောင်အောက်တွင် စစ်ဆေးကြည့်လိုက်ရာ အပ်ထိပ်ဖျားသည် အလင်းပြန်၍ လက်ခနဲဖြစ်သွားပြီး အမေကျန်၏ မည်သည့်ခန္ဓာကိုယ်အစိတ်အပိုင်းကိုမဆို ထိုးဖောက်ပစ်နိုင်သည့်အလားပင်။

ကျင်းယွင်ကျောင်းက အတည်လုပ်နေသည်ကို မြင်သောအခါ အမေကျန်သည် ကြက်သီးများပင်ထလာ၏။

ထို့ကြောင့် သူမသည် ချက်ချင်းပင် အသည်းယားလာ၍ ကပျာကယာ တားလိုက်သည်။

"နင် ငါ့ကို ကုပေးစရာမလိုတော့ဘူး။ ငါ အခု ပိုသက်သာလာပြီ။ ထပ် မနာတော့ဘူး"

ထိုအခါ ကျင်းယွင်ကျောင်းက ခဏရပ်၍ မေးလိုက်၏။

"ရှင် သေချာလား"

အမေကျန်က အလျင်စလို ခေါင်းညိတ်ပြလိုက်သည်။

"အစောပိုင်းတုန်းက အရမ်းနာနေတာ၊ ဒါပေမယ့် အခု နေလို့ကောင်းသွားပြီ။ အသက်အန္တရာယ်ထိခိုက်နိုင်တဲ့ အဆိပ် မဟုတ်လို့ နေမယ်"

အမေကျန်၏ စကားသည် လက်ဖက်ရည်၌ အဆိပ်ရှိသော်လည်း အပျော့စားအဆိပ်ဖြစ်ကြောင်း လူတိုင်းအား ပြောပြနေသည့် အဓိပ္ပါယ်မှန်း အသိအသာပင်။

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား လွှတ်ပေးလိုက်ရာ သူမသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်၏။

"နင်က ဘာဖြစ်နေတာလဲ။ အရင်တုန်းက ငါတို့လက်ဖက်ရည်ဆိုင်မှာ လူနာတွေကို ဆေးတွေလျှောက်တိုက်ခဲ့တယ်။ အခုလည်း နင်က ငါ့ကိုတောင် အပ်နဲ့စိုက်ချင်နေပြီလား။ နင် ရူးနေလား"

အမေကျန်က ကျင်းယွင်ကျောင်း၏ လက်မှ လွတ်သည်နှင့် ချက်ချင်းပင် အော်ပြောလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက ငွေအပ်များကို သေတ္တာလေးထဲသို့ ပြန်ထည့်လိုက်ပြီး အမေကျန် ထိုင်ခဲ့သော ထိုင်ခုံပေါ်သို့ ထိုင်ချလိုက်၏။

ထို့နောက် လက်ကို အသာမြှောက်ပြလိုက်၍ စကားတစ်ခွန်းမှမပြောဘဲ ကျန်မျိုးနွယ် သားအမိသောက်ခဲ့သည့် ရေနွေးအိုးထဲမှ ရေနွေးကို ခွက်ထဲသို့ငှဲ့၍ ချက်ချင်း မော့သောက်လိုက်သည်။

သူမ၏ ခပ်ကြမ်းကြမ်း လုပ်ရပ်များသည် တစ်မျိုးကြည့်ကောင်းနေ၏။ သူမသည် လက်ဖက်ရည်သောက်ပြီးသည်နှင့် ပါးစပ်သုတ်၍ ရေနွေးအိုးကို စားပွဲပေါ်သို့ ဆောင့်ချလိုက်ရာ အချို့လူများ၏ ရင်ထဲ၌ ဒိန်းခနဲပင် ဖြစ်သွားကြသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now