Chapter 225

463 56 0
                                    

Chapter 225 : ဖွင့်ချပစ်လို့ မရဘူး

ကျန်ရှသည် မိဘများသည် ခဏမျှ မှင်သက်သွား၍ နားမလည်နိုင်ဖြစ်သွားသော်လည်း သူတို့သည် စာ၏ ထိပ်တွင်ရှိသော အနီရောင်အသည်းပုံကို မြင်သောအခါ ယခင်က သူတို့သား ပြောထားသည်ကို ပြန်အမှတ်ရသွားကြပြီး ချက်ချင်းပင် နားလည်သွားကြသည်။ ဤစာများက ကျန်ရှ ကျင်းယွင်ကျောင်းအား ရေးပေးခဲ့သည့် ရည်းစားစာများပင်။

"ဒါတွေက ရည်းစားစာတွေပဲ မဟုတ်ဘူးလား။ ကျောင်းမှာ အချစ်ဦးမရှိတဲ့သူ ဘယ်သူရှိလို့လဲ။ ငါတို့အကုန်လုံးသာ မင်းလိုမျိုး ရည်းစားစာအပေးခံရတိုင်း လူကို ရိုက်မယ်ဆိုရင် တစ်ကျောင်းလုံး ပြဿနာတွေချည်း ဖြစ်ကုန်မှာ မဟုတ်လား။ ပြီးတော့လည်း ငါတို့ရဲ့ကျန်ရှက ဒီစာတွေကို မင်းဆီ အပျော်သဘောအနေနဲ့ စနောက်ပြီး ရေးခဲ့တာပဲ။ မင်းက ဘာလို့ ကိုယ့်အဆင့်အတန်းကို သေချာမသိတာလဲ။ မင်းလိုမျိုး မိဘမဲ့တစ်ယောက်ကိုများ ငါတို့ရဲ့ကျန်ရှက တကယ် ကြိုက်မယ်တဲ့လား"

အမေကျန်သည် ချက်ချင်းပင် တစ်ပါးသူ၏ အားနည်းချက်ကို ဖိနှိပ်သည့် ယုတ်ညံ့သည့် နည်းလမ်းကို ရွေးချယ်လိုက်သည်။

ကျင်းယွင်ကျောင်းက ဆန္ဒမစောပေ။ သူမသည် ထိုအမျိုးသမီးကြီး၏ စကားကို ဆုံးအောင် နားထောင်လိုက်ပြီးနောက် သူမက ခပ်အေးအေးပင် စတင်ပြောဆိုလိုက်၏။

"ကြည့်ရတာ ရှင်တို့မိသားစုတစ်ခုလုံးက ဒီကိစ္စကို လုံးဝအရေးမကြီးဘူးလို့ ထင်နေကြတဲ့ပုံပဲ။ ဒါဆိုရင်လည်း ကောင်းပြီလေ၊ ကျွန်မ နစ်နာကြေးပေးပြီး ကျောင်းပြောင်းဖို့ သဘောတူတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ ကျွန်မ ဒီစာသုံးစောင်ကို အင်တာနက်ပေါ်တင်ပြီး ဒီကိစ္စကို လူသိရှင်ကြားဖြစ်အောင် ဖွင့်ချလိုက်မယ်။ ရှင်တို့ ဘယ်လိုသဘောရလဲ"

ဆရာကျီသည် မူလက စာတစ်စောင်တည်းဟု ထင်သော်လည်း ယခု စာသုံးစောင်ကို မြင်လိုက်ရသောအခါ သူသည် ပို၍ပင် မကျေမချမ်းဖြစ်လာသည်။

ထိုအခါ ကျန်မိသားစုမှ လင်မယားနှစ်ယောက်က လှောင်ရယ်လိုက်၏။

"ဒါဆိုလည်း ဖွင့်ချလိုက်လေ။ အရင်က ရည်းစားစာမရေးဖူးတာ ဘယ်သူများ ရှိလို့လဲ"

ဒါက ရည်းစားစာလေးတစ်စောင်ပဲ မဟုတ်လား။ တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ ပစ္စည်းတွေမို့လို့လား။ ဘာပဲဖြစ်ဖြစ် ဒီကျင်းယွင်ကျောင်းကို သေချာပေါက် ငါတို့သားနဲ့ တစ်ကျောင်းတည်း ပေးမနေနိုင််ဘူး။ သူမဘာသာ ကျောင်းပြောင်းပြောင်း၊ ကျောင်းထွက်ထွက် ဘယ်သူက ဂရုစိုက်မှာလဲ။

ဒါ့အပြင် ငါတို့က သူမ ကျောင်းပြောင်းတဲ့ ကိစ္စတွေပြီးစီးတဲ့အထိ စောင့်မယ်။ ပြီးရင် အဲဒီ သူမ ပြောင်းသွားတဲ့ ကျောင်းအသစ်က ကျောင်းအုပ်ဆရာကြီးကို ဒီကိစ္စတွေ ပြောပြလိုက်မယ်။  ဒါဆိုရင် သူမ စက္ကန့်ပိုင်းအတွင်းမှာပဲ ကျောင်းထုတ်ခံရမလားဆိုတာကို ဘယ်သူ သိမှာလဲ။

"မဖြစ်ဘူး။ နင် ဒါကို လူသိရှင်ကြား ဖွင့်ချလို့ မဖြစ်ဘူး"

ထိုစဥ် အတွေးနှင့် ကျေနပ်နေကြသည့် ကျန်မိဘနှစ်ပါး၏ အနောက်တွင် ရပ်နေသည့် ကျန်ရှက ရုတ်တရက် ထအော်လိုက်သည်။ သူ၏ ပါးစပ်ကို လှုပ်ရှားလိုက်သဖြင့် ဒဏ်ရာမှနာကျင်မှုက စိမ့်တက်သွားရာ သူသည် ချက်ချင်းပင် တကျွတ်ကျွတ် စုတ်သပ်လိုက်ရ၏။

"သား၊ မင်း အဆင်ပြေရဲ့လား"

အမေကျန်က ချက်ချင်းပင် စိုးရိမ်တကြီး မေးလိုက်သည်။

သူမ၏ သားသည် အမှန်တကယ် ကြင်နာတတ်လွန်း၏။

ကျောင်းက ဘာဖြစ်လို့ သည် ကျင်းယွင်ကျောင်းလိုမျိုး ရိုင်းစိုင်းတဲ့ မိန်းမရှုပ်လေးကို ကာကွယ်ပေးနေတာလဲဆိုတာ ငါ တကယ် နားမလည်တော့ဘူး။ သူမက လှပေမယ့် မိသားစုနောက်ခံလည်း မရှိဘူး။ ကိုယ်ကျင့်တရားလည်း မကောင်းဘူး။ အနာဂတ်မှာ သူမ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို အောင်ရင်တောင်မှ တက္ကသိုလ် တက်ဖို့ ပိုက်ဆံရှိမှာ မဟုတ်ဘူး။ တကယ်လို့ သူမ တက်နိုင်ခဲ့တယ်ဆိုရင်တောင်မှ သူမမှာ ဘာအနာဂတ်မျှော်မှန်းချက်မှ ရှိမှာ မဟုတ်ဘူး။ ဘယ်သူ သိမှာလဲ၊ သူမက လူချမ်းသာတစ်ယောက်ရဲ့ မယားငယ် ဖြစ်ရင် ဖြစ်လာနိုင်မှာပေါ့။ သူမကို မြေတောင်မြှောက်ပေးနေရတဲ့ အချက်က ဘာများလဲ။

ငါ့သားလို ဘက်စုံတော်တဲ့သူနဲ့ လုံးဝ မတူဘူး။

ကျန်ရှက လက်ခါပြလိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

"အမေ...သူ့ကို ရည်းစားစာတွေကို လူသိရှင်ကြား ချပြခွင့်ပြုလို့ မရဘူး"

"သား...မင်းက ကြင်နာတတ်လွန်းတယ်။ သူက ဒါကို လူသိရှင်ကြား ချပြဖို့ ဆန္ဒရှိနေမှပြတော့ ချပြပါစေပေါ့။ ဘာပြဿနာရှိလို့လဲ။ ဒါ့အပြင် အမေတို့က သူ့ဆီကနေ နစ်နာကြေးလိုချင်တယ်။ ပြီးတော့ သူ့ကို ဒီကျောင်းမှာလည်း ဆက်နေခွင့်မပြုနိုင်ဘူး။ ကြွက်တစ်ကောင်ကြောင့် ဆန်တစ်အိုးလုံး ပျက်စီးတယ်တဲ့။ သူ့လိုမျိုး လူတစ်ယောက်နဲ့ မင်းကို တစ်ကျောင်းတည်း ထားရရင် အမေ ဘယ်လိုလုပ်ပြီး အနာဂတ်မှာ မင်းကို မစိုးရိမ်ဘဲ နေနိုင်မှာလဲ"

အမေကျန်က စိတ်ရှည်လက်ရှည် ဖျောင်းဖျလိုက်၏။

သူ့ အမေဖြစ်သူ၏ စကားများကို ကြားသောအခါ ကျန်ရှသည် မျက်နှာတစ်ခုလုံးက ပေါက်ထွက်လုမတတ် နီရဲလာပြီး သူ ဘာလုပ်သင့်မှန်း သေချာမသိတော့ပေ။

"ကျ...ကျွန်တော် ရေးထားတာတွေက အခြားသူတွေကို ပြလို့ မရဘူး"

ကျန်ရှက မရှူနိုင်မကယ်နိုင်ဖြင့် ပြောလာသည်။

အဖေကျန်က ချောင်းဟန့်လိုက်၏။

"ယောက်ျားပီသစမ်းပါ၊ မိန်းကလေးတစ်ယောက်ကို ပိုးပန်းတဲ့ ချစ်စကား ကြိုက်စကားတွေပဲ မဟုတ်လား။ စာကို ဖတ်တဲ့လူတွေကို မင်းနဲ့ပတ်သတ်ပြီး ဘာမှ ပြောမှာ မဟုတ်ဘူး"

ကျင်းယွင်ကျောင်းက ဖြစ်ပျက်နေသည်များကိုသာ စောင့်ကြည့်နေ၏။

အကယ်၍ သာမာန်ရည်းစားစာတစ်စောင်သာ ဖြစ်ပါက အခြားသူများသည် အများဆုံး အထင်ကြီးရုံ၊ သို့မဟုတ် အတင်းတုတ်ကြရုံသာဖြစ်သည်။ ထို့အပြင် ကျန်ရှက အသက်ပြည့်ပါကလည်း မည်သူကမှ ထိုကိစ္စကို စိတ်ထဲထားမည် မဟုတ်ပေ။

သို့ရာတွင် ကျန်ရှ၏ ရည်းစားစာက ကွာခြား၏။ ကလေးတစ်ယောက် မပြောနှင့်၊ အရွယ်ရောက်ပြီးသား လူကြီးများတောင်မှ ဤကိစ္စမျိုးကို လက်ခံနိုင်မည် မဟုတ်ပေ။

ပထမဆုံးစာသည် ညစ်ညမ်းမှု အနည်းဆုံးဖြစ်ပြီး ထိုစာသည် ပွင့်ပွင့်လင်းလင်း မဟုတ်ဘဲ သွယ်ဝိုက်၍ ရေးထားသည်။ သို့ရာတွင် နောက်ပိုင်းစာများ၊ အထူးသဖြင့် နောက်ဆုံးစာတစ်စောင်လုံးသည် ရိုင်းစိုင်းသော စကားလုံးများနှင့် ပြည့်နေ၏။ ထိုစာသည် ထင်မြင်ချက်များစွာနှင့် ပြည့်နေသော စာအရှည်ကြီးတစ်စောင်ဖြစ်ပြီး အွန်လိုင်းပေါ်၌ ကန့်သတ်ထားသည့် စာကြောင်းများထက်ပင် အများကြီးပို၍ ဆိုးဝါးသေးသည်။ ထိုမျှသာမက စာ၏အောက်ခြေတွင်လည်း သူ၏ နာမည်ကို တခမ်းတနား ရေးထိုးထား၏။

ကျန်ရှ၏ အသားအရေမှာ အလောင်းကောင်ကဲ့သို့ ဖြူဖျော့နေသည်။ ထို့နောက် ရုတ်တရက် သူက ဖခင်ဖြစ်သူ၏ ရှပ်အင်္ကျီကို ဆွဲလိုက်ပြီး စောဒကတက်လိုက်၏။

"အဖေ...ဒါကို သေချာပေါက် လူသိရှင်ကြားဖွင့်ချလို့ မရဘူးနော်။ အခြားသူတွေ သိသွားရင် ကျွန်တော့်ဘဝ တကယ် အဆုံးသတ်သွားလိမ့်မယ်"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now