Chapter 314

404 35 0
                                    

Chapter 314 : လိမ်လိမ်မာမာ ပူးပေါင်းခြင်း



သူ၏ ဇနီးနှင့်သားဖြစ်သူက ကျင်းယွင်ကျောင်းသည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်တွင် အတော်လေး သြဇာရှိစွာ ပြုမူနေ၍ မန်နေဂျာဖြစ်သူကပင် သူမ၏ အမိန့်ကို နားထောင်နေကြောင်း ပြောပြသောအခါ ကျန်ဝမ်ရှန်းသည် စိတ်ရှုပ်သွားခဲ့သည်။

သဘောတရားအရ ပြောပါက ထိုသို့မဖြစ်သင့်ပေ၊ ကျင်းယွင်ကျောင်းသည် မိသားစုနောက်ခံကောင်းမရှိသည့်အပြင် သူမ၌ ပိုက်ဆံရှိလျှင်တောင်မှ သူမသည် အထက်တန်းကျောင်းသူတစ်ယောက်သာ ဖြစ်နေသေး၏။ အကယ်၍ အလုပ်တစ်ခုရှာလျှင်တောင်မှ သူမ၏ အရည်အချင်းများနှင့်ဆိုပါက အမြင့်ဆုံးအနေဖြင့် စားပွဲထိုးနေရာသာ ရနိုင်လိမ့်မည်။ သို့ရာတွင် မန်နေဂျာတစ်ယောက်သည် စားပွဲထိုးတစ်ယောက်၏ ဆုံးဖြတ်ချက်များ၊ အမိန့်များကို လိုက်နာရိုးထုံးစံမရှိပေ။

လက်ဖက်ရည်ဆိုင်က တကယ်ပဲ ကျင်းယွင်ကျောင်း ပိုင်တာများလား။

သို့သော် ထိုသို့တွေးပြီးနောက် ကျန်ဝမ်ရှန်းသည် ခေါင်းကို ခပ်ပြင်းပြင်း ယမ်းပစ်လိုက်သည်။

ကျင်းယွင်ကျောင်းသည် သူတို့ထံမှ ယွမ်တစ်သိန်း ငွေညစ်သွားသော်လည်း ထိုကဲ့သို့ အဆင့်မြင့်လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် ယွမ်တစ်သိန်းနှင့် မလုံလောက်ပေ။ ယွမ် ငါးသိန်းရှိလျှင်တောင်မှ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ဖွင့်ရန် မဖြစ်နိုင်သေး။

လက်ဖက်ရွက်၊ လက်ဖက်ရည်နှင့်စပ်ဆက်ပစ္စည်းများ၊ ဝန်ထမ်းများ၊ ဆိုင်အပြင်အဆင်၊ အားလုံးအတွက် ငွေလိုသည်။ ထို့အပြင် ထိုဆိုင်၏ မြေနေရာကို လက်ဖက်ရည်ဆိုင်ပိုင်ရှင်အား ရောင်းလိုက်ပြီဟုသော ကောလဟာလများပြန့်နေ၏။ ကျင်းယွင်ကျောင်းက အဘယ် ဝယ်နိုင်မည်နည်း။

ဒါဆိုရင် အစောပိုင်းတုန်းက ကျင်းယွင်ကျောင်းက ဘာလို့ လက်ဖက်ရည်ဆိုင်မှာ ဝင်ရှုပ်နေတာလဲ။

"ကျွန်တော်တို့လည်း ဒီကိစ္စနဲ့ပတ်သတ်ပြီး သေချာမသိဘူး။ ဘာပဲပြောပြော ကျင်းယွင်ကျောင်း စကားပြောပုံဆိုပုံရယ်၊ မန်နေဂျာ ချုးက သူ့ကိုဆက်ဆံတဲ့ပုံနဲ့ အခြားသူတွေကိုဆက်ဆံတဲ့ပုံချင်း ယှဥ်လိုက်ရင် သူကမှ တကယ့် မန်နေဂျာအစစ်လို့တောင် ထင်မိသွားတဲ့အထိပဲ"

ကျန်ရှက မကျေမနပ်ပြောလာ၏။

"ယောက်ျား၊ သူက အရင်တစ်ခါ ကျွန်မတို့လက်ဖက်ရည်ဆိုင်ကိုလည်း ရောက်လာသေးတယ် မဟုတ်လား။ သူက သူများရဲ့လျှို့ဝှက်ချက်တွေကို လိုက်စုံစမ်းပြီး သတင်းပြန်ရောင်းနေတာများလား"

အမေကျန်က မေးလိုက်သည်။

အမေကျန်၏ မေးခွန်းကိုကြားသောအခါ ကျန်ဝမ်ရှန်းသည် ချက်ချင်း ဒေါသထွက်သွားသော်လည်း စိတ်လျှော့လိုက်ပြီးနောက် ထိုသို့ မဖြစ်နိုင်ကြောင်း စဥ်းစားလိုက်၏။

ငါတို့လက်ဖက်ရည်ဆိုင်က လက်ဖက်ရည်ပဲရောင်းတာလေ၊ ဖုံးကွယ်ထားတဲ့ ဘာလျှို့ဝှက်နည်းလမ်းမှ မရှိဘူး။ ရေဆူတာနဲ့ လက်ဖက်ခြောက်ခတ်ပြီး အသင့်သောက်ရုံပဲဟာ၊ ဘာများ စုံစမ်းစရာရှိမှာလဲ။ တကယ်လို့ ငါသာ ရင်ကွဲမြက်တွေကို လက်ဖက်ရွက်နဲ့ မှားပြီးထည့်ခဲ့တာကြောင့်သာ မဟုတ်ရင် ...

သို့သော် မည်သို့ပင်ဆိုစေကာမူ ကျင်းယွင်ကျောင်းနှင့် ကျန်မိသားစု၏ ကြားရှိ အမုန်းတရားသည် အခြေခိုင်သွားပြီဖြစ်၏။

ထို့နောက် ကျန်ဝမ်ရှန်း၏ စိတ်ထဲတွင် ရက်စက်ကောက်ကျစ်ပြီး အဆိပ်ပြင်းသော အတွေးများနှင့်သာ ပြည့်နေကာ သူသည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်အား ဆက်လက်၍ လေ့လာစောင့်ကြည့်နေခဲ့သည်။ သို့သော် ရက်အနည်းငယ်ကြာအောင် စောင့်ပြီးသည်အထိ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်၏ ရောင်းအားက လုံးဝ ကျမသွားသည်ကိုမြင်သောအခါ သူသည် ချက်ချင်းပင် လူတစ်ယောက်အား ဖုန်းခေါ်လိုက်တော့၏။

နှစ်ရက်ကြာပြီးနောက် ကျင်းယွင်ကျောင်းသည် အဖိုးရှု၏ အိမ်မှ အပြန်လမ်းတွင် ရုတ်တရက် ပတ်ဝန်းကျင်မှ လူသတ်ချင်နေသော အငွေ့အသက်များကို ခံစားလိုက်ရသည်။

လမ်းကြားလေး၏ ထွက်ပေါက်နှစ်ဖက်လုံးတွင် လူလေးငါးဆယ်ခန့်ဖြင့် ပြည့်နေကာ သူမ အနောက်မှလည်း လူများလိုက်ပါပြီး သူမ၏အရှေ့တွင်မူ နံရံကိုမှီ၍ ဆေးလိပ်သောက်နေသူများရှိ၍ အချို့က မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်နေကာ တစ်စုံတစ်ယောက်အား စောင့်မျှော်နေပုံပေါ်သည်။ ထို့နောက် သူတို့သည် သူမအား မြင်သောအခါ သူမဆီသို့ ခပ်ဖြည်းဖြည်း လျှောက်လာကာ ဝိုင်းထားလိုက်ကြ၏။

ထိုအခါ ကျင်းယွင်ကျောင်းက ဖုန်းထုတ်လိုက်သော်လည်း သူမ အနောက်ရှိ လူတစ်ယောက်က ဖုန်းကို ဆတ်ခနဲ ဆွဲယူလိုက်ပြီး ပြောလာသည်။

"မင်းက ကျင်းယွင်ကျောင်း မဟုတ်လား။ ရဲခေါ်ဖို့ကြိုးစားနေတာလား။ နောက်ဆယ်မိနစ်လောက်နေမှ ထပ်ကြိုးစားကြည့်ရင်ရော ဘယ်လိုလဲ"

သူမသည် သူမ၏ ခွန်အားဖြင့် ကိုယ်ပိုင်ပစ္စည်းများကို ကာကွယ်နိုင်စွမ်းရှိသော်လည်း ယခုကမူ အချိန်မကျသေးပေ။ ထို့အပြင် သူမ၌ ရဲခေါ်ရန် ရည်ရွယ်ချက်လည်း မရှိ။

"ရှင်တို့က ဘယ်သူတွေလဲ"

ကျင်းယွင်ကျောင်းက ကြောက်ချင်ယောင်ဆောင်၍ မေးလိုက်သည်။

"မင်း အခု ကြောက်နေတာလား"

လမ်းသရဲခေါင်းဆောင်က အပြုံးတစ်ခုနှင့် မေးခွန်းထုတ်လိုက်ပြီးနောက် ရယ်ရင်း ဆက်ပြောလာ၏။

"လူတိုင်း ကြည့်ကြစမ်း။ ဟိုမိသားစုက ပုဂ္ဂိုလ်ကြီးက ပြောတော့ သူက ကိုယ်ခံပညာတတ်တယ်ဆို၊ ဒါပေမယ့် အခုတော့ ကြည့်ပါဦး၊ သူက ဘာမှအဖြစ်မရှိဘူး မဟုတ်လား"

"ညီမလေး၊ မင်း ငါတို့နဲ့ လိမ်လိမ်မာမာ ပူးပေါင်းပြီး ပြန်မတိုက်ခိုက်ဖို့ ငါ အကြံပေးတယ်နော်၊ ဒါမှမဟုတ်ရင် မင်းကို အများကြီး ပိုပြီး ပြင်းပြင်းထန်ထန် ရိုက်ပစ်မယ်။ သူတို့က ငါတို့ကို မင်းရဲ့ လက်တစ်ဖက်နဲ့ခြေတစ်ဖက်ကို ချိုးပြီး မျက်နှာပေါ်ကို ဓါးနဲ့နည်းနည်းမွှန်းစေချင်ရုံပဲ။ ဘယ်လိုလုပ်ရမလဲ၊ မင်းရဲ့မျက်နှာလေးက အရမ်းလှနေတာကိုမြင်တော့ ငါတို့ လုပ်နေကျအတိုင်း မမွှန်းဘဲ ဂရုတစိုက် မွှန်းပေးရမလား"

လမ်းသရဲခေါင်းဆောင်က ရယ်ရင်း မေးလာသည်။

သူ့စကားများက ပေါ့ပေါ့ပျက်ပျက်သာဖြစ်၍ ကျင်းယွင်ကျောင်း၏ လက်များ၊ ခြေများနှင့် မျက်နှာသည် ဂျုံပြားဖြင့် လုပ်ထားသည့်အလားပင်။

ထိုအခါ ကျင်းယွင်ကျောင်းက တရားခံသည် မည်သူဖြစ်ကြောင်းကို စဥ်းစားစရာပင် မလိုဘဲ ပြန်မေးလိုက်၏။

"ရှင်တို့ကို ကျန်ဝမ်ရှန်းက ငှားထားတာလား"

တစ်ဖက်လူက ပြုံးဖြီးဖြီးသာ လုပ်နေ၍ ပြန်မဖြေသော်လည်း အခြားမည်သူကမှ သူမအား ပစ်မှတ်ထားစရာအကြောင်းမရှိသဖြင့် ကြိုးကိုင်သူမှာ ကျန်ဝမ်ရှန်းသာဖြစ်ကြောင်း သူမ သိထားပြီးဖြစ်သည်။ ကြိုးကိုင်သူအစစ်မှာ ဟယ့် မိသားစုလည်း ဖြစ်နိုင်သော်လည်း ထန် မိသားစုသည် ဟယ့်မိသားစု၏ စီမံကိန်းလုပ်ငန်းနှစ်ခုထဲမှ ထောက်ပံ့ငွေများကို ပြန်လည်ထုတ်ယူထားပြီးဖြစ်ကြောင်း ထန်ကျစ်ဟွားက သူမကို ပြောပြထားသဖြင့် ဤကိစ္စသည် ဟယ့် မိသားစု၏ လက်ချက် ဖြစ်နိုင်ခြေနည်း၏။ ယခုအချိန်၌ ဟယ့် မိသားစုသည် အသည်းအသန်ရုန်းကန်နေရကာ အလုပ်များနေသောကြောင့် ကျင်းယွင်ကျောင်းအား လူငှား၍ အနိုင်ကျင့်ခိုင်းရန် အချိန်ရှိမည် မဟုတ်ပေ။ ထို့အပြင် ဟယ့် မိသားစုက သူတို့သည် အကြီးအကဲ ထန်၏ စည်းကို ကျော်မိသွားကြောင်း သိထားပြီဖြစ်သဖြင့် ကျင်းယွင်ကျောင်းအား ထပ်မံပြီး ဒုက္ခပေးရဲတော့မည် မဟုတ်။

"မင်း မလိုအပ်တဲ့ မေးခွန်းတွေမေးပြီး ကိုယ့်ဒုက္ခကိုယ်ပြန်ရှာနေတာကို ရပ်လိုက်သင့်တယ်။ ပြီးတော့ ငါတို့ မင်းနဲ့ရှင်းပြီးသွားရင် မင်း ရဲခေါ်လိုက်လို့ရတယ်နော်၊ ဒါပေမယ့် ငါတို့အကြောင်းကို ပြောပြလိုက်ရင်တော့ မင်း အနာဂတ်မှာ သတိထားနေတာ ပိုကောင်းမယ်၊ အထူးသဖြင့် ဒီလိုမျိုး မှောင်မဲပြီး လေထန်တဲ့နေ့တွေမှာပေါ့ကွာ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2जहाँ कहानियाँ रहती हैं। अभी खोजें