Chapter 286

424 39 0
                                    

Chapter 286 : သူမ၏ မနှစ်မြို့မှု

ယောက်ျားလေးသုံးယောက်သည် ယနေ့ အချိန်ကုန်သည်က နှေးလွန်းလှသည်ဟု မခံစားရဘဲ မနေနိုင်ချေ။ သူတို့သည် ကျင်းယွင်ကျောင်းအား သတင်းထောက်များက ဝိုင်းထား၍ စွပ်စွဲပြစ်တင်နေကြသည်ကိုမြင်သောအခါ ထိုနေရာသို့ တွန်းတွန်းတိုက်တိုက်ပြေးဝင်သွားချင်၍ သတင်းထောက်များအား သူမနှင့် ဝေးရာသို့ ဆွဲခေါ်သွားချင်ကြသည်။

သို့သော် လက်တွေ့၌ အန္တရာယ်ကြားမှ မင်းသမီးလေးအား သူရဲကောင်းက လာကယ်သည့်မြင်ကွင်းများမှာ ဖြစ်ခဲလွန်းလှ၏။

ထန်ကျစ်ဟွားသည် အစောပိုင်းကတည်းက 'မစ္စဟယ့်' သည် ဟယ့်ကျားစစ်၏ မိခင်ဟု အနည်းငယ် သံသယဝင်နေခဲ့ပြီး ဝမ်ရှင်းဖန်းက တရားခံအစစ်အမှန်မှာ မစ္စဟယ့်ဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်သောအခါ သူ၏ သံသယများက ပို၍ ခိုင်မာသွားတော့သည်။

အကြောင်းမှာ သူသည် ဟယ့်မိသားစု၏အကြောင်းကို ခရေစေ့တွင်းကျ သိသောကြောင့် ဖြစ်၏။

ဟယ့်မိသားစုသည် နယ်ပယ်ပေါင်းစုံ၌ ပါဝင်၍ နေရာများစွာကို လွှမ်းမိုးထားသည်။ သို့ရာတွင် ထိုနယ်ပယ်များ၌ သူတို့၏ အရည်အချင်းမှာ သာမန်သာဖြစ်၏။ ထို့ကြောင့် ရလဒ်အနေနှင့် ဟယ့်မိသားစုသည် ချမ်းသာ၍ အင်အားကြီးသော်လည်း ထိပ်တန်းအဆင့်ဟု မယူဆနိုင်ဘဲ ထိုနယ်ပယ်မျိုးစုံမှ လူများက သူတို့အား မျက်နှာသာပေးနေသည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူတို့နှင့် ထန်မိသားစု၏ ဆက်ဆံရေးကြောင့် ဖြစ်သည်။

ဟယ့်မိသားစု၏ လက်ရှိဦးဆောင်သူအား ဟယ့်ကျားလီဟု လူသိများ၍  ဟန်လင်းဟုခေါ်သော ဇနီးတစ်ယောက်ရှိကာ သူတို့၏တစ်ဦးတည်းသောသမီးမှာ ဟယ့်ကျားစစ်ဖြစ်၏။ လက်ရှိ၌ ဟယ့်ကျားစစ်အား နိုင်ငံရပ်ခြားသို့ပို့လိုက်ရခြင်းမှာ ပြဿနာကြီးတစ်ခု မဟုတ်ဘဲ တကယ့်ပြဿနာအစစ်မှာ သူမ၏ ပျက်စီးသွားသော ဂုဏ်သတင်းကြောင့် လက်ထပ်ထိမ်းမြားရန်အတွက် သူမနှင့် အဆင့်အတန်းချင်းတူသောသူကို ရှာရန် ခက်ခဲသွားခြင်းဖြစ်သည်။ ဟယ့်ကျားစစ်နှင့် အဆင့်အတန်းတူတစ်ယောက်ကို ဆွဲဆောင်လက်ထပ်နိုင်ရန်အတွက် ဟယ့်မိသားစုသည် အကျိုးအမြတ်များစွာပေး၍ ကမ်းလှမ်းရန် လိုအပ်၏။

ယခု ဟယ့်ကျားလီတွင်ရှိသော စီးပွားရေးလုပ်ငန်းများအားလုံးသည် သူ၏ ဖခင်ဖြစ်သူထံမှ အမွေဆက်ခံထားခြင်းသာ ဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် သူသည် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်ဖြစ်သော်လည်း မရင့်ကျက်သေးသည့် ဆယ်ကျော်သက်တစ်ယောက်ကဲ့သို့ ပြုမူတတ်၍ ပွဲတက်မယားတစ်ယောက်အပြင် မိန်းမပေါင်းများစွာနှင့် ခြေရှုပ်ကာ တရားမဝင်သားသမီးများစွာလည်း ရှိသေးသည်။ ထိုအချက်များအားလုံးကြောင့် ဟယ့်မိသားစု ရွှေထီးဆောင်းခဲ့သည့် နေ့ရက်များသည် မမျှော်လင့်ဘဲ ဆုံးခန်းတိုင်ခဲ့ရ၏။

ဟွားနင်ခရိုင်မှ ကိစ္စများဖြစ်ပြီးနောက်တွင် တရားမဝင်သားသမီးများစွာက ဟယ့်ကျားစစ်၏ ကံဆိုးမှုအား နှိမ်ချပြောဆိုလာကြသည့်အပြင် ဟန်လင်းအပေါ် ဟယ့်ကျားလီ၏ သဘောထားမှာလည်း ကြောက်စရာကောင်းလောက်အောင် ဆိုးရွားလာသဖြင့် ဟန်လင်းသည် အနာပေါ်ဆားပက်ခံရသကဲ့သို့ဖြစ်သွားကာ သူမ၏ စိတ်ဖိစီးမှုများနှင့် ဒေါသများကို ကျင်းယွင်ကျောင်းအပေါ်၌ စုပုံ၍ ပုံချခဲ့သည်။

ယခုကိစ္စ၌ ဟယ့်ကျားစစ် ပါဝင်ပတ်သတ်နေခြင်းရှိမရှိကိုလည်း ထန်ကျစ်ဟွား ကိုယ်တိုင်သာ အသိဆုံးပင်။

ထို့အပြင် ယခုကိစ္စသည် အကြီးအကျယ်ဖြစ်သွားသောကြောင့် သူသည် အဖိုးဖြစ်သူအား လှမ်းအကြောင်းကြားရန် လိုအပ်သည်။

အမှန်အတိုင်းပြောရပါက သူ၏ ရောဂါမှာ သက်သာပျောက်ကင်းလုနီးပါးရှိနေပြီဖြစ်၍ သူသည် ဟွားနင်ခရိုင်၌ ထပ်နေစရာမလိုတော့ပေ။ သို့သော် ဤပတ်ဝန်းကျင်သည် သူ့အား သက်တောင့်သက်သာဖြစ်စေ၍ ကျင်းယွင်ကျောင်းကလည်း သူ၏ အသက်သခင်ကျေးဇူးရှင်ဖြစ်သောကြောင့် သူသည် ထွက်သွားရမည့်အရေးကို ချီတုံချတုံဖြစ်နေခြင်းပင်။ ထို့အပြင် သူ၏ အဖိုးဖြစ်သူသည် ကျင်းယွင်ကျောင်းအပေါ်၌ ဂရုတစိုက်ရှိ၍ စိတ်ပူပေးတတ်သည်။ ထိုအချက်ကြောင့် အဖိုးသည် ဟယ့်မိသားစုနှင့် ထန်မိသားစု နှစ်ပေါင်းများစွာ ခင်မင်ရင်နှီးခဲ့သောဆက်ဆံရေးကို ဖြတ်တောက်၍ ကျင်းယွင်ကျောင်းဘက်မှ ရပ်တည်ပေးမည်လားဟု သူ၏ စိတ်ထဲ၌ မေးခွန်းထုတ်မိပြန်၏။

"ယွင်ကျောင်း၊ ငါတောင်းပန်ပါတယ်။ ဒီကိစ္စက ငါ့ကြောင့်ဖြစ်လာရတာပါ"

ထန်ကျစ်ဟွားက တောင်းပန်လိုက်သည်။ ထိုအခါ ကျင်းယွင်ကျောင်းက သူ့အား မျက်လုံးဝေ့ကြည့်၍ မေးလာ၏။

"နင်ရော ဒီကိစ္စက ဟယ့်မိသားစုလုပ်တာလို့ ထင်လား"

"နင်နဲ့ ပြဿနာဖြစ်ခဲ့တဲ့ လူတွေအားလုံးထဲမှာ သတင်းထောက်တွေကို ဖိအားပေးပြီး ချုပ်ကိုင်နိုင်တာဆိုလို့ ဟယ့်မိသားစုကလွဲရင် ကျန်တဲ့သူကို ငါမစဥ်းစားမိဘူး။ ပြီးတော့လည်း ငါ အွန်လိုင်းပေါ်မှာ ဒီပို့စ်ကိုဖြန့်တဲ့သူတွေအကြောင်း စုံစမ်းကြည့်လိုက်တော့ ဒီကိစ္စက ဝါးတားအာမီတွေကြောင့် နာမည်ကြီးသွားတာလို့ သိလိုက်ရတယ်။ ဒီလို ဝါးတားအာမီ အင်အားအများကြီးကိုငှားဖို့က အဆက်အသွယ်မရှိဘဲ၊ ဒါမှမဟုတ် ပိုက်ဆံမရှိဘဲ မဖြစ်နိုင်ဘူးလို့ ငါထင်တယ်"

ထန်ကျစ်ဟွားက အမှန်အတိုင်း ပြန်ဖြေလိုက်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက ရယ်လိုက်ပြီး မျက်ခုံးပင့်၍ ဆက်မေးလိုက်၏။

"ဒါဆို တကယ်ပဲ ဟယ့်မိသားစုက လုပ်တာဆိုရင်ရော"

"ငါ ဒီကိစ္စကို အဖိုးကိုပြန်ပြောပြလိုက်မယ်။ ဒါပေမယ့် သူက ဘယ်လိုကိုင်တွယ်မယ်ဆိုတာတော့ ငါလည်း မသိဘူး။ ထန်မိသားစုနှင့် ဟယ့်မိသားစုက ရင်းနှီးတယ်ဆိုတာ နင်လည်း သိပါတယ်"

ထန်ကျစ်ဟွားက ခက်ခက်ခဲခဲ ပြောလိုက်သည်။

သို့သော် သူသည် ဘာကိုမှဖုံးကွယ်မထားဘဲ အမှန်အတိုင်း ဝန်ခံနေဆဲပင်။

မိသားစုနှစ်စုသည် ခင်မင်ရင်းနှီးသည်ဟုပြောခြင်းက သူတို့၏ ဆက်ဆံရေးအား အလွယ်ကူဆုံးဖော်ညွှန်းလိုက်ခြင်းသာ ဖြစ်၏။ ပို၍အသေးစိတ်ပြောရပါက မိသားစုနှစ်ခုသည် တူညီသော စံနှုန်းများနှင့် စည်းမျဥ်းစည်းကမ်းများရှိကြ၍ ဟယ့်မိသားစု၏ စီးပွားရေးလုပ်ငန်းအများစုကို ထန်မိသားစုက ငွေကြေးထောက်ပံ့ပေးထားခြင်းသာဖြစ်သည်။ ထို့ကြောင့် အကျိုးဆက်အနေဖြင့် ထန်မိသားစုက မိတ်ဆွေဆက်ဆံရေးကိုဖြတ်တောက်လိုက်၍ ဟယ့်မိသားစုသည် အချိန်တိုအတွင်း ပြိုလဲသွားပါက သူတို့၏ စီးပွားပျက်မှုကြောင့် ထန်မိသားစုသည်လည်း ထိခိုက်မည်ဖြစ်၍ နှစ်ဦးနှစ်ဖက် ပျက်စီးဆုံးရှုံးရမည်ဖြစ်သည်။

တစ်ခုတည်းသော ကွာခြားချက်မှာ ထန်မိသားစုသည် အခြေခံအုတ်မြစ်တောင့်သောကြောင့် အများဆုံးအနေဖြင့် သူတို့သည် ငွေပမာဏများစွာ ဆုံးရှုံးရုံသာဖြစ်၍ ထိုဆုံးရှုံးမှုက ထန်မိသားစု၏ အခြေခံအုတ်မြစ်အား မလှုပ်ခတ်သွားစေနိုင်ပေ။

ထို့ကြောင့် ထန်ကျစ်ဟွားသည်လည်း သူ၏ အဖိုးဖြစ်သူ ဘာလုပ်မည်မှန်း စဥ်းစား၍မရခဲ့။

ကျင်းယွင်ကျောင်းက တမူထူးခြား၍ ပြိုင်ဘက်ကင်းသူဖြစ်သော်လည်း စီးပွားရေးသမားတစ်ယောက်သည် အကျိုးအမြတ်ကိုသာ အာရုံစိုက်တတ်သဖြင့် အဖိုးဖြစ်သူသည် အကျိုးအမြတ်များကို အဆုံးရှုံးခံပြီး ကျင်းယွင်ကျောင်းဘက််မှ ရပ်တည်ပေး၊ မပေးကို ထန်ကျစ်ဟွားလည်း သေချာမသိ။

ဤအတွေးမျိုးသည် လူများစွာကို ထိခိုက်စေကြောင်း သူကိုယ်တိုင် သိ၍ ယခုကိစ္စသည် သူ့ကြောင့်ဖြစ်ခဲ့ရသည်ဟူသော အချက်ကိုထည့်ပေါင်းလိုက်ပါက ထန်မိသားစုသည် ကျင်းယွင်ကျောင်းအတွက် တရားမျှတမှုကို ရှာဖွေပေးသင့်သည် မဟုတ်လား။ သို့သော် သူမျှော်လင့်ထားသကဲ့သို့ဖြစ်ရန် အလားအလာမရှိကြောင်း ထန်ကျစ်ဟွားသိ၏။

ထန်ကျစ်ဟွား ကြောင်းကျိူးဆင်ခြင်၍ ကောက်ချက်ချနိုင်သောကိစ္စများကို ကျင်းယွင်ကျောင်းကိုယ်တိုင်လည်း သိရှိနားလည်၍ သူမသည် ထန်မိသားစုထံမှ အကူအညီရရန် လုံးဝမျှော်လင့်မထားပေ။

ယခုအချိန်၌ ဟယ့်မိသားစုအား သူမ၏ ကိုယ်ပိုင်အင်အားဖြင့် မနင်းခြေနိုင်သေးသော်လည်း နောက်ပိုင်း၌ သူမ လုပ်နိုင်လာမည်ဖြစ်ရာ ထန်မိသားစုကို အားကိုးနေစရာ မလိုတော့။

အကယ်၍ ထန်မိသားစုက သူမအစား အရေးယူပေးလျှင်တောင်မှ သူတို့သည် ဟယ့်မိသားစုအား စိစိညက်ညက်ကြေအောင် ဖျက်ဆီးပစ်လိမ့်မည်မဟုတ်ဘဲ အသက်ရှုပေါက်အချို့ ချန်ထားပေးလိမ့်မည်။ သို့ရာတွင် ဟယ့်မိသားစုက သူမကို တိုက်ခိုက်ရန်အတွက် သူမ၏ မိဘအရင်းများကို အသုံးချခဲ့၏။ သူမ, မည်မျှပင် သည်းခံစေကာမူ ဟယ့်မိသားစုက စည်းကျော်သွားခဲ့ပြီဖြစ်သည်။ ထို့ကြောင့် ဟယ့်မိသားစုအား မဖျက်ဆီးနိုင်ပါက သူမကိုယ်သူမပင် ခွင့်လွှတ်နိုင်မည် မဟုတ်ပေ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now