Chapter 243

425 43 0
                                    

Chapter 243 : ပါးရိုက်၍ နားကိုက်ခြင်း (၃)

ထိုသို့ပြောလိုက်သည်နှင့် ကျင်းထျယ်ကျွင်းသည် အံ့သြတုန်လှုပ်သွား၍ တရားမျှတမှုရှိသော အမူအယာများနှင့် အပြင်ဘက်မှ စောင့်ကြည့်နေသော ရွာသူရွာသားများသည်လည်း ထပ်တူပင် တုန်လှုပ်အံ့သြသွားကြသည်။

ဝမ်ရှင်းဖန်းကမူ ကျင်းယွင်ကျောင်းသည် ခေါင်းမာလှသည်ဟုသာ တွေးနေ၏။ သူတို့က သူမအား ကောင်းကောင်းမွန်မွန် ဆက်ဆံပေးရန် တစ်ခါမှ မကြိုးစားခဲ့သည် မဟုတ်ဘဲ သူမ၏ အကျင့်စရိုက်ကသာ အေးစက်လွန်းနေ၍ သူတို့သည် သူမဆီမှ စိတ်အားထက်သန်မှုကို မမြင်ဖူးကြပေ။ သူမက သူတို့အား နာခံမှုရှိလာပြီး ပြောစကားနားထောင်လာစေရန် မည်မျှကြာအောင် ချော့မော့သိမ်းသွင်းရမည်နည်း။ သူတို့ လင်မယားနှစ်ယောက်သည် ထိုသို့ ချော့မော့သိမ်းသွင်းချင်သော်လည်း စိတ်မရှည်ပေ။

ထို့အပြင် သူတို့သည် မကြာခဏတွေ့ဆုံလေ့မရှိသောကြောင့် သူမအား ချော့မောသိမ်းသွင်းရသည်က ပြဿနာများများစားစား မရှိခဲ့၍ စိုးရိမ်စရာမလိုခဲ့သော်လည်း ယခု သူမ၏ သားဖြစ်သူ ပါဝင်လာသောအခါ သူမကိုယ်သူမ မထိန်းချုပ်နိုင်တော့ပေ။

ယခုအချိန်၌ ကျင်းယွင်ကျောင်းသည် သူတို့၏ သမီးဖြစ်သည်။ သို့ရာတွင် သူမနှင့် သမီးအရင်းတစ်ယောက်ကြား၌မူ ကွာခြားချက် ကြီးကြီးမားမား ရှိနေသေး၏။

ကျင်းရှို့သည် သူမနှင့် မတူပေ။ ရှို့အာသည် နာခံမှုရှိ၍ သူမ၏ မောင်ငယ်ညီမငယ်များအား မည်သို့ဂရုစိုက်ရမည်ကိုလည်း သိသည်။ သူမသည် အသက်ငါးနှစ်၊ ခြောက်နှစ်အရွယ်ကတည်းက အိမ်မှုကိစ္စများကိုလည်း လုပ်ကိုင်တတ်နေပြီဖြစ်၏။ သူတို့ပြောသမျှစကားသည်သာ အဆုံးအဖြတ်ဖြစ်၍ သူမသည် ဘယ်သောအခါမှ စောဒက မတက်ခဲ့ပေ။

ကျင်းယွင်ကျောင်းသည်သာ ကျင်းရှို့နှင့် စိတ်သဘောထားတူပါက ဤကဲ့သို့သော ပြဿနာများလည်း သေချာပေါက် ဖြစ်လာမည် မဟုတ်။

"မင်းက ငါတို့ကို မင်းရဲ့မိဘတွေလို ထပ်ပြီးတော့ မဆက်ဆံနိုင်တော့ဘူးလို့ ပြောချင်တာလား"

ကျင်းထျယ်ကျွင်းက သုန်မှုန်စွာဖြင့် မေးလိုက်ပြီး သူ၏ နှလုံးခုန်သံကလည်း ကသောင်းကနင်းဖြင့် အဆက်မပြတ် ခုန်လှုပ်နေသည်။

သူတို့က အခုလေးတင် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်ဖြစ်သွားခဲ့သော်လည်း နောက်ထပ်တစ်ကြိမ် ဖော်ရွေကြင်နာတတ်သော မိဘများအဖြစ် ပြုမူပြီး ကျင်းယွင်ကျောင်းက သူတို့အား ချစ်မြတ်နိုးလာအောင် လုပ်ရန်မှာ လုံးဝမဖြစ်နိုင်တော့ပေ။ ထို့ကြောင့် ကိစ္စများက ဤအခြေအနေထိ ဖြစ်သွားခဲ့ရာ သူတို့သည် ထိုအဆင့်ကို ချန်ထားခဲဲ့ရုံသာ တတ်နိုင်၏။ သို့မဟုတ်ပါက သူတို့ ကြိုးစားအားထုတ်လာခဲ့သမျှသည် အားလုံး သဲထဲရေသွန်ဖြစ်သွားလိမ့်မည်။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းငဲ့ပြီး ကျင်းထျယ်ကျွင်းအား မျက်လုံးချင်းဆုံ၍ ကြည့်လိုက်သည်။

"ရှင်တို့ကလည်း ကျွန်မကို သမီးတစ်ယောက်လို သေချာပေါက် မဆက်ဆံနိုင်လောက်တော့ဘူးလို့ ကျွန်မ ထင်တယ်"

သမီးတစ်ယောက်ဟုဆိုရမည့်အစား သူတို့၏ သားဖြစ်သူအတွက် ခြေနင်းတုံးတစ်တုံးဟုဆိုပါက ပို၍မှန်လိမ့်မည်။ သူတို့က သူမသည် ကျင်းရှို့ကဲ့သို့ နာခံမှုရှိ၍ သမီးအမည်ခံထားသော ပြောပလောက်စရာ အနာဂတ်မရှိသည့် အိမ်အကူတစ်ယောက် ဖြစ်လာရန် မျှော်လင့်နေခြင်းဖြစ်၏။

ပြန်လည်မွေးဖွားလာသော သူမသည် ဤဘဝသက်တမ်း၌ ထိုကဲ့သို့သော လူမျိုးဖြစ်လာချင်စိတ် အဘယ်မှာ ရှိနိုင်မည်နည်း။

သို့ရာတွင် ကျင်းရှို့၏အကြောင်းကို တွေးမိသောအခါ ကျင်းယွင်ကျောင်းက သူမအား ကြည့်လိုက်သည်။

သို့သော် ထိုမိန်းကလေး၏ မျက်ဝန်းအကြည့်များက ရှုပ်ထွေးနေသည်ကိုသာ တွေ့လိုက်ရ၏။ သူမသည် ကျင်းယွင်ကျောင်း၏ သတ္တိရှိမှုကို အားကျနေပုံပေါ်ပြီး တစ်ချိန်တည်းမှာပင် သူမ၏ အခြေအနေများကိုလည်း စိုးရိမ်နေသည့်ပုံပင်။

သူမသည် အကျင့်ယုတ်သော ညီမတစ်ယောက် မဟုတ်ပေ။

"အမလေးတော်"

ဝမ်ရှင်းဖန်းက ရုတ်တရက် ကြမ်းပြင်ပေါ်တွင် ခြေဆင်းထိုင်လိုက်ပြီး စတင်အော်ငိုတော့သည်။

"ငါ ဘယ်လိုအကုသိုလ်တွေကိုများ ကျူးလွန်ထားမိပါလိမ့်။ ငါ အားအင်တွေအများကြီး စိုက်ထုတ်ပြီး လိုက်ရှာထားရတဲ့ သမီးက ဆင်းရဲတာကို အထင်သေးပြီး ချမ်းသာတာကို အထင်ကြီးတယ်၊ သူက ငါတို့နှစ်ယောက်ကို သူ့မိဘလို့ သတ်မှတ်ရမှာကို စက်ဆုပ်နေတယ်။ သူ့အတွက် စားပွဲနဲ့အပြည့် စားစရာတွေ ပြင်ဆင်ပေးဖို့ အရုဏ်မတက်ခင်ကတည်းက ထပြီး မီးခိုးကြပ်ခိုးတွေ အမွှန်ခံခဲ့တဲ့ ငါ့ကိုငါ သနားတယ်။ အဲဒီနှစ်တုန်းက သူ့ကို ဗိုက်ထဲမှာ ဆယ်လလွယ်ခဲ့တဲ့ ငါ့ကိုငါလည်း သနားတယ်"

ထိုအခါ ကျင်းယွင်ကျောင်း၏ အမူအယာက တင်းမာခက်ထန်သွား၏။

အရှက်မရှိလိုက်တာ။

အကယ်၍ သူမအား ဤကဲ့သို့ ပြုမူလာသူမှာ ချောင်ဝေ့မင်သာ ဖြစ်ပါက ကျင်းယွင်ကျောင်းသည် တွေဝေခြင်းမရှိဘဲ ထို့လူ့အား မြေကြီးပေါ်၌ တရွတ်ဆွဲ၍ မှတ်လောက်သားလောက် ရိုက်ပစ်မည်ဖြစ်သည်။ သို့သော် ကံဆိုးသည်က ယခု ဝမ်ရှင်းဖန်းသည် သူမနှင့် သွေးသားတော်စပ်သူဖြစ်၏။ သူမ၏ ရင်ထဲ၌ မည်မျှပင် ဒေါသထွက်၍ ချေပပြောဆိုနေစေကာမူ သူမသည် ရိုက်ပုတ်ရန် လက်ကလေးသော်မှ မမြှောက်နိုင်၊ မကျိန်ဆဲနိုင်ပေ။ အလွန်ခံရခက်လှသည်။

"ဒီခြံက အရမ်းသက်ဝင်လှုပ်ရှားနေပါ့လား။ ဒီသခင်လေးက နောက်မကျသေးဘူး မဟုတ်လား"

ကျင်းယွင်ကျောင်း၏ ခန္ဓာကိုယ်က တောင့်တင်းသွားပြီး အမြန်လှည့်ကြည့်လိုက်ရာ လူအုပ်ကြီးထဲမှ ရှေ့သို့ထွက်လာသော ပုံရိပ်တစ်ခုကို တွေ့လိုက်ရ၏။

သူသည် အဖြူရောင် လည်ဝိုင်းတီရှပ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ထားပြီး လည်ပင်းသားများကို လှစ်ဟထားသည်။ သာမန်တီရှပ်တစ်ထည်ဖြစ်သော်လည်း သူဝတ်လိုက်သောအခါ ဆွဲဆောင်မှုရှိ၍ ထိန်းမရလောက်အောင်ပင် နှစ်လိုဖွယ်ကောင်းလှ၏။

ထိုအချိန်တွင် ကျင်းယွင်ကျောင်း၏ မျက်လုံးများ၌ အံ့သြထိတ်လန့်မှုများ ဖြတ်ပြေးသွားပြီး ...

"ရှင်က ဘာလို့ ဒီရောက်နေတာလဲ"

လီရှောက်ယွင်။

မနေ့က ညနေ သူတို့ဖုန်းပြောနေစဥ်က သူမ၏ စိတ်အခြေအနေမှာ မကောင်းသော်လည်း သူ့အား ဤအခြေအနေများကို တစ်ခါမှ မပြောပြခဲ့ပေ။

သူက ကျင်းမိသားစုအိမ်ကို ဘယ်လိုလုပ်ပြီး သူ့ဘာသာသူ ရှာတွေ့လာတာလဲ။ ဒါ့ထက် မနေ့ညကတုန်းက သူက မြို့တော်မှာပဲ ရှိနေသေးတာ မဟုတ်လား။

"တကယ်လို့ ဒီသခင်လေးသာ ရောက်မလာခဲ့ရင် နောက် ကိုယ်တို့ ညပိုင်း ဖုန်းပြောတဲ့အခါကျရင် မင်းရဲ့ တရှုံ့ရှုံ့ငိုသံကို ကိုယ် နားထောင်ရဦးမှာ မဟုတ်လား"

လီရှောက်ယွင်က အရေးမကြီးသည့်ပုံစံနှင့် ပြောလိုက်သည်။

ထိုအခါ ကျင်းယွင်းကျောင်းက သူ၏ နောက်တီးနောက်တောက်စကားကြောင့် မျက်ဖြူလန်သွား၏။ မနေ့ညက သူမ စိတ်မကြည်သည်မှာ မှန်သော်လည်း ငိုသည့်အဆင့်ထိတော့ မဟုတ်ဘူးမလား။

သူမသည် ဤမိဘများကို အသိအမှတ်မပြုနိုင်ပါက သူတို့အား စိတ်ထဲမှ ထုတ်ပစ်မည်ဖြစ်သည်။ သူမသည် အခြားသူများအတွက် သူမကိုယ်သူမ ထိခိုက်စေမည့် အလုပ်များကိုလုပ်မည် မဟုတ်ပေ။ သူမအား တစ်ကိုယ်ကောင်းဆန်သည်ဟု ပြောပြော၊ အကြင်နာတရားကင်းမဲ့သည်ဟု ပြောပြော သူမ ဂရုမစိုက်။ ခဏတာ ရှင်သန်ရသော ဘဝတွင် လူများသည် မိမိကိုယ်ကို ပို၍ ချစ်မြတ်နိုးသင့်သည်လေ။

အကယ်၍ လီရှောက်ယွင်သာ ရောက်မလာပါက ဤစုံတွဲ၏ ငိုကြွေးမှုများက ကောင်းကင်ထိတိုင်အောင် လျှံတက်နေပါစေ သူမသည် အချိန်ကျသည်နှင့် ထွက်သွားမည်သာဖြစ်၏။ အနာဂတ်တွင် သူတို့သည် လမ်း၌ တွေ့လျှင်တောင်မှ တစ်ယောက်နှင့်တစ်ယောက် သူစိမ်းများကဲ့သို့ မမြင်ချင်ယောင်ဆောင်သွားကြရုံပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now