Chapter 277

402 43 0
                                    

Chapter 277 : ဖိအားပေးခြင်း

မိသားစုငါးယောက်အနက် ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့သည် ရှေ့ဆုံးမှ ဒူးထောက်လိုက်ကြပြီး ကလေးသုံးယောက်ကမူ အနောက်၌ ဒူးထောက်လိုက်သည်။

ကျင်းရှို့သည် မျက်ရည်များဝဲကာ တုန်ယင်နေပြီး လူများစွာ၏ အကြည့်များကို ကြောက်ရွံ့နေပုံရကာ ကျင်းလင်ကမူ ကျင်းရှို့၏ လက်မောင်းတစ်ဖက်ကို တင်းကြပ်နေအောင် ဆွဲထားပြီး သူမလည်း ကြောက်နေပုံပင်။ တစ်ဖက်၌ ကျင်းမင်သည် ဒေါသထွက်နေ၏။ သူ၏ တစ်ဘဝလုံးတွင် တစ်ခါမှ အခြားသူအား ဒူးမထောက်ဖူးသော်လည်း ယခုအခါ သူအလွန်မုန်းတီးသော 'အစ်မကြီး' ဆိုသူအား ဒူးထောက်နေရသည်။

လက်ရှိအချိန်၌ ဝမ်ရှင်းဖန်းသည် ဝမ်းနည်းကြေကွဲနေသော မျက်နှာအမူအယာရှိနေပြီး သူမ၏ ဘေး၌ ဒူးထောက်နေသော ကျင်ထျယ်ကျွင်းကမူ ပို၍ပင် သနားစရာကောင်းလှ၏။

မာနကြီးသော ယောက်ျားသားတစ်ယောက်အနေဖြင့် အခြားလူများ၏ အရှေ့တွင် သိမ်ငယ်မှုများပြည့်နှက်နေသော မျက်နှာဖြင့် ဒူးထောက်နေပြီး ကူကယ်ရာမဲ့ဖြစ်နေပုံသည် ဘေးမှရပ်ကြည့်နေသူများအား မျက်ရည်များပင် လည်လာစေသည်။

ကျင်းမိသားစု၏ ရုတ်တရက်ဆန်သော လုပ်ရပ်များသည် ရှောင်ဟိုင်ချင်းနှင့် စူးချူအား ထိတ်လန့်သွားစေ၍ မိန်းကလေးနှစ်ယောက်သည် ကျင်းမိသားစုအား ကြောင်ငေးနေကြ၏။ ရှောင်ဟိုင်ချင်းသည် မသိစိတ်အလျောက် ပိုးဆိုးပက်စက်ပြောလိုက်ချင်သော်လည်း ထိုအကြောင်းကို သေချာတွေးကြည့်လိုက်ပြီးနောက် သူမကိုယ်သူမ ပြန်ထိန်းလိုက်သည်။

သူတို့ကို ဆက်ပြီးတော့သာ ဒူးထောက်ခိုင်းထားလိုက်၊ သူတို့က ဒါနဲ့ပဲ တန်တယ်။

နင်တို့ လေကြောရှည်နေလေလေ၊ ငါက နင်တို့ဖင်ကို ဆောင့်ကန်ဖို့ ပိုနီးလာလေလေပဲ။

"ရှောင်ယွင်က မင်းက စာသင်ရတာကို တကယ်ကြိုက်တယ်ဆိုရင်လည်း ငါတို့က မင်းအတွက် အရာအားလုံးကို အနစ်နာခံပေးဖို့ ဝန်လေးမှာ မဟုတ်ပါဘူး။ အရင်က ငါ အဲဒီစကားတွေကို သွေးပူတုန်းပြောခဲ့တာပါ၊ ဒါပေမယ့် မင်းက ဘာလို့ အဲဒီကိစ္စနဲ့ပတ်သတ်ပြီး ဒီလောက်တောင် သဘောထား ကျဥ်းမြောင်းနေရတာလဲ"

ဝမ်ရှင်းဖန်းက မျက်ရည်များသုတ်ရင်း စကားဆက်သည်။

"ကလေး၊ မင် ဘယ်လိုအမှားတွေပဲ ကျူးလွန်နေပါစေ၊ မင်းက ငါတို့မိသားစုဝင်ပဲလေ။ ငါတို့ရဲ့အမှားကြောင့် မင်း ဒုက္ခတွေအများကြီး ခံစားခဲ့ရတာပါ။ တကယ်လို့ ငါတို့သာ မင်းကို စောစောရှာတွေ့ခဲ့ရင်... ..."

သူတို့၏ရှေ့တွင်ရပ်နေသော ကျင်းယွင်ကျောင်းက ထိုကြေကွဲဆို့နင့်ဖွယ်ကောင်းသော ဇာတ်လမ်းကို နားဆင်ပြီးနောက် ခပ်တိုးတိုး လှောင်ရယ်လိုက်၏။

"ကျင်းယွင်ကျောင်း၊ မင်းက လူရော ဟုတ်သေးရဲ့လား။ ဒီလိုအခြေအနေမျိုးမှာတောင် မင်းက ရယ်နေနိုင်သေးတယ်လား။ သူတို့က မင်းရဲ့မိဘတွေဖြစ်နေတုန်းပဲကွ"

ဘေးမှ ရပ်ကြည့်နေသူများထဲမှ တစ်ယောက်က ဒေါသတကြီးအော်ဟစ်လိုက်ပြီး အခြားရပ်ကြည့်နေသူများသည်လည်း စတင်ဒေါသထွက်လာကြကာ မူလက ကျင်းယွင်ကျောင်းအပေါ်၌ ကရုဏာသက်နေသောစိတ်များ ပျောက်ကွယ်သွားကြတော့သည်။

ကျင်းယွင်ကျောင်းသည် ကလေးဘဝကတည်းက အခက်အခဲများစွာကို တွေ့ကြုံခံစားခဲ့ရသည်ဆိုလျှင်တောင်မှ သူမ၏ မိဘများကို အသိအမှတ်မပြုရန်အတွက် အဘယ်သဘောနှင့်များ ဤအကြောင်းပြချက်မျိုးကို သုံးနိုင်သနည်း။ ထို့အပြင် သူမ၏ အဖေနှင့်အမေသည် အလွန်ကြင်နာတတ်သူများဖြစ်ကြောင်း လူတိုင်းတွေ့မြင်နိုင်သည်။ သူတို့က ရင့်ကျက်မှုအပြည့်နှင့် နားလည်ပေးနေချိန်၌ သူမက အဘယ့်ကြောင့် သူတို့အား အပြစ်တင်နေနိုင်သေးသနည်း။

သို့ရာတွင် ကျင်းယွင်ကျောင်းသည် သူမအား အော်ဟစ်ကြိမ်းမောင်းနေသည်ကို ဂရုမစိုက်ဘဲ ခေါင်းငုံ့ကြည့်၍ မေးလိုက်သည်။

"ဒီနေ့ ဒီနေရာမှာရှိတဲ့လူတွေအားလုံးကို ရှင်တို့ စုခေါ်လာတာလား"

"အဖေနဲ့ အမေကို အပြစ်မတင်ပါနဲ့။ ကျွန်မပါ။ ကျွန်မ ဒီအကြောင်းကို အင်တာနက်ပေါ်မှာ ပို့စ်တွေအများကြီး တင်လိုက်တာ"

ကျင်းလင်က စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်၏။

ထိုစကားကိုကြားသောအခါ ကျင်းယွင်ကျောင်းက ခေါင်းငြိမ့်လိုက်သည်။ သူမ၏ စိတ်ထဲ၌ ရှုပ်ထွေးနေသော မေးခွန်းအချို့အတွက် အဖြေရသွားပြီဖြစ်၏။

ယနေ့ ထောက်ခံသူအများအပြားရှိနေခြင်းမှာ အံ့သြစရာ မဟုတ်တော့ပေ၊ ကျင်းလင်သည် ဆယ့်နှစ်နှစ်အရွယ် မိန်းကလေးတစ်ယောက်သာဖြစ်၍ သူမက အင်တာနက်ပေါ်တွင် ထိုအကြောင်းနှင့်ပတ်သတ်၍ ပို့စ်အချို့တင်လျှင်တောင်မှ ယနေ့ ဤနေရာသို့ လူများစွာ စုရုံးရောက်ရှိလာရန် မဖြစ်နိုင်ပေ။

ဤသည်မှာ ဟယ့်မိသားစုက ကျင်းလင်၏ လူသိနည်းသောပို့စ်များကို ဝါးတားအာမီများသုံး၍ ရှာဖွေပြီး ပြဿနာကိုကြီးကျယ်လာအောင် နောက်ကွယ်မှ ကြိုးကိုင်၍ ယနေ့ သတင်းထောက်များစွာ စုရုံးရောက်ရှိလာသည့်အခြေအနေအထိရောက်အောင် ဖန်တီးခဲ့ခြင်းဖြစ်သည်။

(T/N : ဝါးတားအာမီဆိုတာ တရုတ်အင်တာနက်သုံး ဗန်းစကားပါ။ အကောင့်တုတွေကို ပိုက်ဆံပေးငှားပြီး ပို့စ်တွေအောက်မှာ သွားဆဲခိုင်းတာ၊ ချီးမွှမ်းခိုင်းတာ၊ ဝေဖန်ခိုင်းတာတွေလုပ်ပြီး အပြင်လူတွေပါ အဲဒီပို့စ်တွေကို စိတ်ဝင်စားလာအောင် လုပ်တာပါ။ လူစိတ်ဝင်စားအောင် ပွဲရှာတဲ့သဘောပါပဲ။ ပိုက်ဆံသုံးနိုင်တဲ့အလျောက် ဝါးတားအာမီအကောင့်တွေသိန်းချီပြီး ငှားလို့ရပါတယ်။)

"ဒါဆိုရင် ရှင်တို့ကလည်း သဘောတူပြီး ကျင်းလင်ကို အဲဒီပို့စ်တွေတင်နေတာကို ခွင့်ပြုပေးတယ်ပေါ့"

ကျင်းယွင်ကျောင်းက ထိုလင်မယားအား ထပ်မေးလိုက်သည်။

ထိုအခါ ဝမ်ရှင်းဖန်းက ကျင်းယွင်ကျောင်း၏မေးခွန်းကို သနားစဖွယ်အမူအယာဖြင့် ပြန်ဖြေလာ၏။

"ကလေး၊ ငါတို့မှာလည်း ရွေးစရာမရှိလို့ပါ။ အဲဒီတုန်းက ငါတို့ ဘာလုပ်ရမှန်းလည်း မသိဘူး။ ဒါကြောင့် ငါတို့ ကျင်းလင်ရဲ့ပို့စ်တွေအကြောင်းကို ကြားတော့ ဒါက ငါတို့ မင်းကို နားချဖို့အတွက် အထောက်အကူဖြစ်မယ်လို့ တွေးခဲ့မိတယ်။ ဒါပေမယ့် ဒီကိစ္စက ဒီလောက်ကြီးသွားလိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးခဲ့ဖူးဘူး"

"အားလုံးပဲ... ရှင်တို့အားလုံး အခု ပြန်သင့်ပါပြီ၊ ကျွန်မရဲ့ရှောင်ယွင်ကို နှောက်ယှက်နေတာတွေ ရပ်လိုက်ပါတော့။ သူ ဒီလိုတွေလုပ်နေတာက ကျွန်မတို့နဲ့ အကြာကြီး ဝေးကွာနေခဲ့လို့ပါ။ ဒါပေမယ့် သူက လိမ္မာတဲ့ကလေးတစ်ယောက်ပါ"

ဝမ်ရှင်းဖန်းက စကားဆက်ပြောနေရင်းမှ လူအုပ်ကြီးဘက်သို့လှည့်လိုက်ပြီး ငိုကာ အော်ပြောလိုက်သည်။

"ကျင်းယွင်ကျောင်း၊ မင်း နည်းနည်းလေးတောင် မရှက်မိဘူးလား။ အခု မင်းရဲ့အမေက မြေကြီးပေါ်မှာ ဒူးထောက်နေတာတောင်မှ သူက မင်းအတွက် စဥ်းစားပေးပြီး ကာကွယ်ပေးနေသေးတယ်။ ဒါပေမယ့် မင်းက ခုထိ မင်းအတွက် ကောင်းကျိုးရှိမယ့်အရာတွေကို မသိသေးဘူး၊ မင်းက သူ့ရဲ့ကြိုးစားအားထုတ်မှုတွေအားလုံးကို မြောင်းထဲရောက်အောင် လုပ်နေတာပဲ"

"သူပြောတာ အမှန်ပဲ၊ ကျင်းယွင်ကျောင်း၊ မင်း ဒူးထောက်ပြီးတော့ မင်းရဲ့မိဘတွေကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုသင့်တယ်"

"ဒူးထောက်၊ ဒူးထောက်..."

ရုတ်တရက် လူအုပ်ကြီး ကျယ်လောင်စွာ သံပြိုင်ကြွေးကြော်လာကြပြီး လူအုပ်ထဲမှတစ်ယောက်က ကျင်းယွင်ကျောင်းအား ကျောက်ခဲဖြင့် လှမ်းထုလိုက်ရာ နဖူးကို မှန်သွားလေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Hikayelerin yaşadığı yer. Şimdi keşfedin