Chapter 299

414 43 0
                                    

Chapter 299 : သူ့ကို စောင့်နေတာလား။


ချူးရုန်သည် ကျင်းယွင်ကျောင်းနှင့် ပတ်သတ်၍ ချက်ချင်းပင် သိချင်စိတ်များ တရှိန်ထိုးမြင့်တက်လာ၏။

လက်တွေ့၌ သူသည် မယုံနိုင်သေးပေ။ ညှင်းပန်းနှိပ်စက်မှုများစွာကို ခံစားရင်း ကြီးပြင်းလာရသည့် ကျင်းယွင်ကျောင်းကဲ့သို့သော မိန်းကလေးတစ်ယောက်သည် စီးပွားရေးလုပ်ငန်းတစ်ခုကို ထူထောင်နိုင်သည့်အထိ မည်ကဲ့သို့ လုပ်နိုင်စွမ်းရှိ၍ ကြွယ်ဝလာသနည်း။

ပိုင်ယွီအန်းက သူမသည် ထူးခြားဆန်းကြယ်သော ဆရာသခင်တစ်ယောက်နှင့်တွေ့ခဲ့သည်ဟု ပြောပြခဲ့သော်လည်း ထိုဆရာသခင်အား တွေ့ဖူးသူတစ်ယောက်မှ မရှိပေ။ အကယ်၍ သူတို့၌ လုပ်နိုင်စွမ်းနှင့်အရည်အချင်း အနည်းငယ်မရှိပါက ဆရာသခင်တစ်ယောက်၏ အသိအမှတ်ပြုခြင်းကို ခံရရန် အိမ်မက်ပင် မမက်သင့်။

နောက်တစ်နေ့ လက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ရောက်သည်အထိ ချူးရုန်သည် ကျင်းယွင်ကျောင်းအပေါ်၌ ခံစားချက်များရှုပ်ထွေးနေဆဲပင်။

သူတို့၏ လက်ဖက်ရည်ဆိုင်ဖွင့်ပွဲသို့ ဖိတ်ကြားထားသည့် ဧည့်သည်မှာ မများလှ။ တကယ်တမ်း ဤဆိုင်သည် လက်ဖက်ရည်တစ်ဆိုင်သာ ဖြစ်သည့်အပြင် ဟွားနင်ခရိုင်၌သာ တည်ရှိသောကြောင့် သူတို့သည် လက်ဖက်ရည်ကို ကြိုက်နှစ်သက်သည့် စီးပွားရေးလုပ်ငန်းရှင်အချို့နှင့် အစိုးရအရာရှိများကိုသာ ဖိတ်ကြားထားသည်။ ထိုပမာဏကို များပြားသည်ဟု မယူဆနိုင်ပေ။

သို့ရာတွင် သူတို့သည် စီးပွားရေးအရ လက်ဖက်ရည်ဆိုင်ဖွင့်ခြင်း ဖြစ်သောကြောင့် ဤနေရာသည် တိတ်ဆိတ်ခြောက်ကပ်မနေတော့ဟုသာ တွေး၍ စိတ်ထဲမထားကြချေ။

အချိန်ကျလာသောအခါ လက်ဖက်ရည်ဆိုင်အနီးနားတွင် ကားများစွာ ဆိုက်ရောက်လာကြသည်။

ဖိတ်ကြားထားသောသူများသည် အမှန်တကယ်ပင် မများပြားလှဘဲ ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင်နှင့် ကျောက်စိမ်းဝိညာဥ်ဝိုင်ကို စိတ်ဝင်စားသည့် လူလက်တစ်ဆုပ်စာလောက်သာ လာရောက်ကြခြင်းဖြစ်၏။ ထိုသူများထဲအနက် ဦးစီးမှူးတစ်ယောက်သာ ရာထူးအမြင့်ဆုံး ဖြစ်သည်။

သို့ရာတွင် မကြာမီမှာပင် ရုတ်တရက် ကားများစွာရောက်ရှိလာပြီး ယာဥ်ကြောပိတ်ဆို့သွား၏။ ထို့နောက် ကားများထဲမှ ထွက်လာကြသူများသည် အချင်းချင်း တစ်ချက်ကြည့်လိုက််ကြသည်။ ထိုအချိန်တွင် အစောပိုင်းက ရောက်နှင့်နေကြသည့် ဟွားနင်ခရိုင်မှ ဂုဏ်သရေရှိလူကြီးမင်းများအားလုံးသည် ရုတ်တရက် ရိုသေကျိုးနွံသွားကြပြီး ထိုလူများ ခိုင်းစေသမျှကို ချက်ချင်းလုပ်ပေးမည့်အလား ဖြစ်သွားကြ၏။

လက်ဖက်ရည်ကို အရူးအမူးစွဲလန်းသူတစ်ယောက်ဖြစ်သောကြောင့် သူသည် အမှန်တကယ်ပင် လူများစွာကို မသိသော်လည်း ထိုလူများသည် အချင်းချင်း သိနေကြ၏။ သူတို့အချင်းချင်း ပြောနေသမျှအားလုံးကို သူ ရှင်းရှင်းလင်းလင်း ကြားနေရသည်။ ထို့အပြင် သူတို့သည် တစ်ယောက်ပြီးတစ်ယောက် နာမည်ကဒ်များ ကမ်းပေးနေကြရာ ထိုကဒ်များပေါ်၌ ပုံနှိပ်ထားသည့် နာမည်များနှင့် ရာထူးများအားလုံးသည် အတုများ ဖြစ်နိုင်ပါ့မလား။

"မန်နေဂျာကြီး၊ ဘာလုပ်နေလဲ"

ဝန်ထမ်းများအားလုံး စိတ်ရှုပ်ကုန်ကြ၏။

ယမန်နေ့က ဘော့စ်သည် ယနေ့ လူအများကြီး မဖိတ်ထားကြောင်း သူတို့အား သတိပေးခဲ့ပြီး ဖိတ်ကြားထားသော ဧည့်သည်အချို့ကိုပင် သူတို့နှင့် မိတ်ဆက်ပေးခဲ့သောကြောင့် သူတို့သည် ချက်ချင်းပင် ပြည့်စုံလုံလောက်သော ကြိုတင်ပြင်ဆင်မှုအချို့ ပြုလုပ်ထားနိုင်ခဲ့သည်။ သို့သော် အခြေအနေက မျှော်လင့်ထားသည်နှင့် လုံးဝ ခြားနားသွားလိမ့်မည်ဟု မည်သူထင်မည်နည်း။

"တွေ့ရတာ ဝမ်းသာပါတယ်။ ခင်ဗျားက မန်နေဂျာ ချူး ဖြစ်ရမယ်။ မမလေးကျင်း ဒီမှာ မရှိဘူးလား"

အမျိုးသားတစ်ယောက်က ချူးရုန်၏ အရှေ့တွင် ရပ်၍ မေးလာသည်။

ထိုအမျိုးသားသည် သပ်ရပ်စွာဝတ်စားထား၍ အလွန်ပြီးပြည့်စုံသည့် ခံစားချက်ကို ပေးစွမ်းနိုင်၏။ ထိုအခါ ချူးရုန်က အားတင်း၍ ပြုံးပြလိုက်ပြီး

"သူ...သူ ခဏနေရင် ရောက်လာပါလိမ့်မယ်"

ချူးရုန်သည် လုံးဝကြောင်အနေသည်။ ပိုင်ယွီအန်းက ကျင်းယွင်ကျောင်း၏ အထောက်အထားကို အပြင်လူများအား ထုတ်မပြောဘဲ လျို့ဝှက်ထားရန် ပြောခဲ့သည် မဟုတ်လား။ လက်တွေ့၌ သူမသည် ငယ်ရွယ်သေးသော်လည်း ယခုအချိန်၌ သူမ၏ နာမည်သည် မသိသူမရှိ ဖြစ်နေ၏။ အကယ်၍ သူမနှင့် ကျောက်စိမ်းဝိညာဥ်ဝိုင်၏ ပတ်သတ်မှုကိုပါ ထည့်ပေါင်းလိုက်ပါက သူမသည် တစ်ရက်မှ ငြိမ်းငြိမ်းချမ်းချမ်း နေရတော့မည် မဟုတ်ဘဲ ကျောင်းသို့ပင် အေးအေးချမ်းချမ်း သွားနိုင်တော့မည် မဟုတ်ပေ။

"ဒါ သူက သေချာပေါက်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ မဟုတ်လား။ ဒါဆိုရင် ကျွန်တော့်အတွက် ထိုင်ခုံတစ်ခုံလောက် စီစဥ်ပေးဖို့ မန်နေဂျာ ချူး ကိုပဲ ဒုက္ခပေးရတော့မှာပဲ။ ကျွန်တော် သီးသန့်အခန်း မလိုချင်ဘူး။ ခန်းမထဲမှာ ထိုင်စောင့်ရုံနဲ့တင် အဆင်ပြေပါတယ်"

အမျိုးသားက စကားဆုံးသည်နှင့် သူခေါ်လာသည့် သူငယ်ချင်းအုပ်စုကိုလည်း လက်ယပ်ခေါ်ရန် မမေ့ခဲ့ပေ။

ထိုအချိန်၌ ချူးရုန်သည် ဤအခြေအနေအား အတော်လေး အံ့အားသင့်၍ ဆွံ့အနေပြီ ဖြစ်၏။

ထိုလူများသည် အွန်လိုင်းပေါ်တွင် ပျံ့နှံ့နေသော သတင်းများကြောင့် ဤနေရာသို့ရောက်လာသူများဖြစ်ပါက ဂုဏ်သရေရှိ လူကြီးမင်းများ ဖြစ်မနေသင့်။

ထိုသူများထဲ၌ သူ၏အဖေနှင့် ရာထူးတူဖြစ်သည့် စျေးကွက်ခေါင်းဆောင်တစ်ယောက်ပင် ပါဝင်လေသည်။ လက်ရှိအချိန်၌ သူတို့သည် အမှန်တကယ်ပင် ခန်းမထဲ၌ တိတ်တိတ်ဆိတ်ဆိတ် စောင့်ဆိုင်းနေကြ၍ ဆိုင်ထဲသို့ လှည့်ပတ်ကြည့်ရှုနေကြ၏။ နာမည်ကဒ်ပေါ်တွင်ရေးထားသည့် နာမည်အရ ချူးရုန်တို့နှင့် စကားလာပြောသောလူသည် ကော်ပိုရေးရှင်းကြီးတစ်ခု၏ ဒါရိုက်တာအဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။

ကော်ပိုရေးရှင်းကြီးတစ်ခုဖြစ်ပြီး စီးပွားရေးလုပ်ငန်းလေးတစ်ခု မဟုတ်။

ချူးရုန်သည် သူတို့အား ဧည့်ခံရန်အတွက် ကပျာကယာ ညွှန်ကြားလိုက်၍ အပြင်ဘက်တွင်မူ ဗျောက်အိုးများ အဆက်မပြတ် ပစ်ဖောက်နေ၍ ကောင်းကင်ကြီးက နီရဲတောက်ကာ ဆူညံနေ၏။ ဆိုင်ထဲရှိ အခြေအနေမှာမူ ဖြေးဖြေးချင်း ငြိမ်သက်သွားသော်လည်း တအံ့တသြဖြစ်နေမှုများနှင့် မေးခွန်းများ ကျန်ရှိနေသေးသည်။

လက်ဖက်ရည်များ တည်ခင်းဧည့်ခံထားသော်လည်း မည်သူကမှ အမှန်တကယ် မသောက်ကြပေ။ သူတို့အားလုံးသည် တံခါးပေါက်ကိုသာ ကြည့်နေကြ၍ တစ်ယောက်ယောက်အား စောင့်မျှော်နေသည့်ပုံပင်။

သူတို့စောင့်နေကြသည့်သူမှာ ကျင်းယွင်ကျောင်းသာ ဖြစ်နိုင်သည်။

ယခင်က ချူးရုန်သည် လက်ဖက်ရည်ဆိုင်များစွာ၌ အလုပ်လုပ်ခဲ့ဖူးသော်လည်း ယခုကဲ့သို့ အခြေအနေမျိုးကြုံရသည်မှာ ပထမဆုံးဖြစ်သည်။ ထိုအချိန်၌ စပ်စုချင်စိတ်ဖြင့် လာကြသူများသည်လည်း အကြီးအကဲတစ်ဦးအား မြင်ရသည့်အလား အလွန်အမင်း စိတ်လှုပ်ရှားနေကြ၏။

မူလက ချူးရုန်သည် ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင််မှ ကမ်းလှမ်းချက်တစ်စောင်ကို လက်ခံရရှိခဲ့စဥ်က အမှန်တကယ် လာချင်စိတ်မရှိခဲ့။ တကယ်တမ်း ထိုဆိုင်သည် လက်ဖက်ရည်ဆိုင်တစ်ဆိုင်သာဖြစ်၍ သူကိုယ်တိုင်ကိုယ်ကျ လာရန် မလိုပေ။ သို့သော် သူသည် ကမ်းလှမ်းချက်ပေါ်တွင် ရိုက်နှိပ်ထားသော အမည်ကိုမြင်သောအခါ ပိုင်ယွီအန်းနှင့် ဆက်စပ်နေမည်ဟု တွေးမိလိုက်သဖြင့် တစ်ချက်လောက် ကြည့်ပေးရန် သူကိုယ်တိုင်လာခဲ့ခြင်းဖြစ်သည်။

သို့သော် သူ ရောက်လာသည်နှင့် သူ၏ တစ်သက်တွင် တွေ့ခွင့်ရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးသော လူများစွာကို အမှန်တကယ် တွေ့ရလိမ့်မည်ဟု မည်သူက ထင်ထားခဲ့မည်နည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now