Chapter 261

407 37 0
                                    

Chapter 261 : အချစ်စစ်ဆိုတာ ဖိနပ်စုတ်တစ်ရံ

ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား စိုက်ကြည့်နေ၍ သူမ၏ မျက်လုံးများက မုန်းတီးမှုများနှင့် ပြည့်နှက်နေသည်။ ဤမိန်းမသည် သူမ၏ အားနည်းချက်ကို အမြဲတမ်း ရှာနိုင်၍ ထိုအချက်ကပင် သူမအား ကျင်းယွင်ကျောင်းကို အလွန်မုန်းတီးစေခြင်းဖြစ်၏။

"နင်က ဘာကို ဒီလောက်ဂုဏ်ယူနေတာလဲ။ အခုဆို နင်က ငါ့ထက်တောင် ပိုကံဆိုးနေပြီလေ။ နင့်ရဲ့မိသားစုက ဆင်းရဲလွန်းလို့ နင့်ပိုက်ဆံတွေအားလုံးကို နင့်မိဘတွေကို ထုတ်ပေးလိုက်မှ သူတို့ စောစောစီးစီး အနားယူနိုင်မယ် မဟုတ်လား။ အခုမှ ငါသတိရတယ်၊ ငါရဲ့မိဘတွေက နင့်ကို ဘာအဝတ်အစားမှ ဝယ်မပေးဘူး၊ အငတ်တောင်ထားတယ်ဆိုပြီး နင် အမြဲတမ်း စောဒကတက်ခဲ့တာ မဟုတ်လား။ ဒါပေမယ့် အခု နင့်ကိုကြည့်ပါဦး၊ နင်သာ နင့်မိဘအရင်းတွေနဲ့နေရရင် ငတ်သေနေတာ ကြာလှပြီ"

ချောင်ဟုန်ယဲ့က ကျန်ရှ၏ လက်မောင်းကို မှီတွဲလိုက်ရင်း မောက်မာစွာ ပြောလာသည်။

"နင့်လက်အောက်မှာ သေတာထက်စာရင်တော့ ငတ်သေတာက ပိုကောင်းပါတယ်"

ကျင်းယွင်ကျောင်းက တန်ပြန်၍ စကားနာထိုးလိုက်သည်။

သို့ရာတွင် ချောင်ဟုန်ယဲ့၏ အထက်စီးဆန်သော မျက်နှာထားကို မြင်သောအခါ ကျင်းယွင်ကျောင်းသည် စိတ်မထိန်းနိုင်တော့ဘဲ ဆက်ပြောလိုက်၏။

"ကျန်ရှက နင့်ကို တကယ်ချစ်တာရော ဟုတ်ရဲ့လား။ ငါပြောချင်တာက သူက ဘာလို့များ ပါတနာတွေအများကြီးရှိတဲ့ မိန်းကလေးတစ်ယောက်နဲ့ အိပ်တာတုန်းလို့လေ။ အခု နင့်မှာ ရည်းစားရှိနေပြီဆိုတာကို ကောင်းရှင်း သိ၊ မသိ ငါလည်း သိချင်မိတယ်။ တကယ်လို့ သူသာသိသွားရင် ထောင်ကလွတ်တာနဲ့ နင့်ကို လာသတ်မလားပဲ"

ကျင်းယွင်ကျောင်းသည် ကောင်းရှင်း ထောင်မှလွတ်လာစရာအကြောင်းမရှိသည်ကို သိသောကြောင့် အဓိပ္ပါယ်မရှိ လျှောက်ပြောနေခြင်းဖြစ်ပြီး ကောင်းရှင်းက ချောင်ဟုန်ယဲ့အား သတ်ရန်မှာမူ ပို၍ မဖြစ်နိုင်ချေ။

သို့ရာတွင် သူမ၏အရှေ့ရှိ အချစ်ငှက်စုံတွဲအား ပြဿနာမီးမွှေးပေးရန် အခွင့်အရေးကို သူမ အဘယ့်ကြောင့် လက်လွှတ်ခံရမည်နည်း။

ကျင်းယွင်ကျောင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်စကားများကို ကြားသောအခါ ချောင်ဟုန်ယဲ့သည် သူမအား လည်ပင်းညှစ်သတ်ချင်နေသည့်အလား မုန်းတီးစွာ ကြည့်လာသည်။

ကောင်းရှင်း...ကောင်းရှင်း၊ သူက ကောင်းရှင်းအကြောင်းကိုတောင် ထုတ်ပြောရဲသေးတယ်လား။

ထိုအချိန်က ကျင်းယွင်ကျောင်းကသာ ရဲများကို ဓါတ်ပုံများမပေးလိုက်ပါက သူမသည်လည်း ကျောင်းထွက်ရန် မလိုပေ။

သူမအပေါ်ထားရှိသည့် ကျန်ရှ၏ အချစ်သည် အပေါ်ယံ မဟုတ်လျှင်တောင်မှ တကယ်တမ်း သူသည် ယောက်ျားတစ်ယောက်သာဖြစ်သည်။ သူတို့အတူနေသည့်အချိန်တိုင်း သူသည် ကောင်းရှင်းအကြောင်းကို အမြဲတမ်း ထုတ်ပြောတတ်၍ သူမသည် ပညာကုန်ထုတ်ကာ သူ့အား ချော့မြူနှစ်သိမ့်ရလေ့ရှိပြီး သူက သူမအား စွန့်ပစ်သွားမည်ကို ကြောက်နေရ၏။

ယခုအခါ ကျင်းယွင်ကျောင်းသည် ဤကိစ္စကို တဖန်ပြန်၍ အစဖော်လိုက်ပြီး ဤတစ်ကြိမ်က ကျန်ရှ၏ မိခင်ရှေ့တွင် ဖြစ်သည်။

ချောင်ဟုန်ယဲ့က အမေကျန်အား ကြည့်လိုက်သောအခါ ထင်သည့်အတိုင်းပင် အမေကျန်သည် ဒေါသတကြီး အော်ဟစ်ပေါက်ကွဲတော့၏။

"မင်း ဘာကိုဆိုလိုတာလဲ"

ငါ့သားက သူများသုံးပြီးသား မသန့်ရှင်းတဲ့ တစ်ပတ်ရစ်ကို ရထားတာလား။

သူက အရမ်းငယ်သေးပေမယ့် ယောက်ျားတွေနဲ့ အိပ်ပြီးသားလား။

ရုတ်တရက် အမေကျန်၏ မျက်နှာသည် ဒေါသထွက်လွန်းသဖြင့် နီရဲသွားပြီး ချောင်ဟုန်ယဲ့၏ ပခုံးအား ဆွဲလှုပ်လိုက်သည်။

"ခွေးမ၊ နင်က ငါတို့ကို မထီလေးစားနဲ့ လိမ်ရဲသေးတယ်။ နင့်လိုမျိုး စီးပြီးသား ဖိနပ်တစ်ရံကများ ငါ့သားဆီကနေပြီးတော့ ရတနာတစ်ခုလိုမျိုး ဆက်ဆံခံချင်သေးတာလား"

သူမသည် ချောင်ဟုန်ယဲ့အား အစကတည်းက မုန်းတီးနေခြင်းဖြစ်၍ ယခုအခါတွင် တစ်ချိန်တည်း၌ အဖြစ်အပျက်များစွာ ဖြစ်ပျက်သွားရာ သူမသည် ထပ်မံ၍ စိတ်မထိန်းနိုင်တော့ပေ။

ထိုအချိန်၌ ကျန်ရှသည်လည်း ဓါးဖြင့်အထိုးခံနေရသည့်အလား အသည်းခိုက်လုမတတ် ခေါင်းက နာကျင်ကိုက်ခဲနေ၍ ချိနဲ့စွာ ပြောလာသည်။

"အမေ၊ ပြဿနာရှာနေတာ ရပ်လိုက်ပါတော့။ ကျွန်တော် ဒါကို သိပြီးသားပါ။ ကျွန်တော်က ဘယ်လိုလုပ်ပြီး မသိဘဲ နေမှာလဲ။ အဲဒီအချိန်တုန်းက ကောင်းရှင်း၊ ချောင်ဟုန်ယဲ့နဲ့ ဟယ့်ကျားစစ်တို့ဖြစ်သွားတဲ့ကိစ္စကို တစ်ကျောင်းလုံးသိခဲ့ကြတာပဲ။ ဒါပေမယ့် ချောင်ဟုန်ယဲ့က နစ်နာတဲ့သူလေ၊ အဲဒီအချိန်တုန်းက ကောင်းရှင်းကိုယ်တိုင်က သူ့ကို အတင်းအဓမ္မကျင့်ခဲ့လို့သာ၊ သူ့ဆန္ဒမပါဘူး"

"ငါ နင့်လိုသားမျိုးကို ဘယ်လိုများ မွေးထားတာလဲ။ နင်က အထက်တန်းပဲရှိသေးတယ်၊ ဘာလို့ သူ့လိုမျိုး ဖိနပ်ဟောင်းတစ်ရံအတွက်နဲ့ ငါတို့ကို ဆန့်ကျင်နေရတာလဲ။ အခု ငါတို့မိသားစုက ဒုက္ခရောက်နေတာတောင် နင်က သူ့ဘက်မှာ ရှိနေတုန်းပဲ။ ငါသေမှများ နင်က ကျေနပ်မှာလား။ ငါ ဘာကိုမှ ဂရုမစိုက်တော့ဘူး။ ချောင်ဟုန်ယဲ့ကို ငါတို့အိမ်မှာ ဆက်ပြီးနေခွင့်မပြုနိုင်ဘူး၊ ဒါမှမဟုတ်ရင် ငါတို့ နင့်ကိုပါ အမွေဖြတ်စွန့်လွှတ်ပစ်မယ်"

အမေကျန်က စူးစူးဝါးဝါး အော်ဟစ်လိုက်၏။

ထိုစကားကိုကြားသောအခါ ချောင်ဟုန်ယဲ့သည် ကျင်းယွင်ကျောင်းအား ဒေါသတကြီး စိုက်ကြည့်လိုက်ပြီး ...

"အားလုံးက နင့်အပြစ်ပဲ။ ကျင်းယွင်ကျောင်း၊ ဘယ်လောက်ပဲ အပြစ်တင်နေပါစေ။ ငါက နင့်ကို အစ်မလို့ နှစ်ပေါင်းများစွာ ခေါ်ခဲ့တာပါ။ အခု ငါ့မှာ တခြားသွားစရာနေရာ မရှိတော့ဘူး။ ဒါတောင်မှ နင်က ငါ့ကို ရက်ရက်စက်စက် ဒုက္ခပေးဖို့ ကြိုးစားနေတုန်းပဲ"

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား အလွန်အေးစက်စွာ စိုက်ကြည့်လာသည်။

ချောင်ဟုန်ယဲ့သည် အနိုင်ကျင့်ခံရချင်ယောင်ဆောင်သည်နှင့် အသားကျနေပြီဖြစ်၍ အမြဲတမ်း နစ်နာသူပုံဖမ်းလေ့ရှိ၏။ သို့သော် ယခုအချိန်၌ သူမ အိမ်၌သာ နေရသည်မှာ အချိန်အတော်ကြာပြီဖြစ်၍ သူမ၏ အားနည်း၍ သနားစရာကောင်းသည့်ဟန်ပန်မှာ ပျောက်ကွယ်သွားပြီဖြစ်၏။ သို့ရာတွင် စကားလုံးအနည်းငယ်ဖြင့်ပင် သူမ၏ မြေခွေးအမြီးကို စတင်ဖော်ပြလာသည်။

(T/N : မြေခွေးအမြီးကို စပြီးတော့ ဖော်ပြတယ်ဆိုတာက သူ့ရဲ့ ယုတ်မာတဲ့စရိုက်တွေ ပြန်ပေါ်လာတယ်လို့ ပြောတာပါ။)

ပထမက ကျင်းယွင်ကျောင်းသည် ချောင်ဟုန်ယဲ့အား သူမ၏ ရန်သူဟု မှတ်ယူထားသော်လည်း ယခုတွင်တော့ ချောင်ဟုန်ယဲ့သည် ရယ်စရာကောင်း၍ နုံချာလှသည်ဟုသာ ခံစားမိတော့၏။

ယခု သူမက အသက်ကြီးလာလေလေ ပို၍ နုံချာလာလေလေ ဖြစ်သည်ပင်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now