Chapter 234

413 36 0
                                    

Chapter 234 : မိသားစုနှင့် ပေါင်းစည်းခြင်း

လီရှောက်ယွင်က သူမ ဒုက္ခတွေ့နေသည့် ကိစ္စကို ခန့်မှန်းရန် ကြိုးစားနေသည်အား ကျင်းယွင်ကျောင်း မသိခဲ့ပေ။

ကျင်းယွင်ကျောင်းတွင် ရှိသော ပြဿနာများမှာ အမှန်တကယ်ပင် များပြားလှသည်။ အထူးသဖြင့် သူမ၏ ယုတ်မာသော မွေးစားအဖေဖြစ်၏။ သို့သော် လီရှောက်ယွင်သည် ဟွားနင်ခရိုင်တွင် ရှိနေစဥ်က ချောင်မိသားစု၏ စက်ရုံကို ဖျက်ဆီးခဲ့ခြင်းဖြင့် ထိုသူ့အား သင်ခန်းစာတစ်ခု ပေးခဲ့ပြီးသားဖြစ်သည်။ ထို့အပြင် ချောင်ဝေ့မင် ဘာလုပ်လုပ် ဘယ်တော့မှ အမြတ်အစွန်းမရအောင်လည်း သေချာစီမံထားခဲ့၏။

သို့ရာတွင် အဆုံးသတ်၌ ဤပြဿနာသည် ကျင်းယွင်ကျောင်း၏ မိသားစုပြဿနာသာ ဖြစ်သောကြောင့် သူ၏ လုပ်ရပ်များက သိသာမနေသင့်ပေ။ ထို့ကြောင့်သာ မဟုတ်ပါက သူသည် အစောကတည်းက ချောင်ဝေ့မင်အား ရှင်းပစ်လိုက်ပြီးဖြစ်သည်။

ဒီလူက တကယ် မုန်းစရာကောင်းပေမယ့် ကျင်းယွင်ကျောင်းက ရိုးရှင်းတဲ့သူမဟုတ်တော့ သူ့၏စိတ်အတက်အကျက အဲဒီလူနဲ့ မဆိုင်လောက်။ ဒါဆိုရင် သူ့ရဲ့သွေးမတော်သားမစပ်တဲ့ ညီမကြောင့်များလား။ ဒါက ပိုပြီးတော့တောင် မဖြစ်နိုင်ဘူး။

ယခင်က သူသည် ထိုညီမဖြစ်သူ၏ အကြောင်းအား စုံစမ်းခဲ့ပြီးဖြစ်ပြီး တစ်ဖက်လူ၏ စိတ်ထဲ၌ အကွက်ချကြံစည်မှုများစွာရှိသော်လည်း ယခုအချိန်၌ သူမသည် အတော်လေး ကြောက်ရွံ့နေသောကြောင့် ကျင်းယွင်ကျောင်းအား ခြိမ်းခြောက်ရဲဦးမည် မဟုတ်ပေ။

လီရှောက်ယွင်၏ စကားကြောင့် ကျင်းယွင်ကျောင်းသည် နှုတ်ခမ်းကိုက်လိုက်၍ ပြောစရာစကားလုံးများ ယာယီပျောက်ရှသွားရ၏။

"ဒါက ကိုယ်ရေးကိုယ်တာကိစ္စပါ။ လီရှောက်၊ အခုအချိန်မှာတော့ ကျွန်မ ရှင့်ရဲ့သိချင်စိတ်ကို ကျေနပ်သွားအောင် တကယ် မလုပ်ပေးချင်သေးဘူး"

ခဏမျှ တွေးနေပြီးနောက် ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေလိုက်သည်။

"မင်းကတော့ တကယ်ပဲကွာ"

လီရှောက်ယွင်သည် သူမ၏ သဘောထားကြောင့် စိတ်ဆိုးသွားပုံရသော်လည်း ခဏအတွင်းမှာပင် သူက ရုတ်တရက် ဟက်ဟက်ပက်ပက် ပြုံးရယ်လိုက်၏။

"ကျင်းယွင်ကျောင်း၊ မင်းက တကယ့်ကို တစ်နေ့တခြား ပိုပြီး ချစ်ဖို့ကောင်းလာတာပဲ။ ဒီသခင်လေးက မင်း ပြောမပြမှာကို သိပြီးသားဆိုပေမယ့်လည်း နောက်ကျရင် မင်း ကိုယ့်ကို ပြန်ပေးဆပ်ရမယ့်အကျိုးဆက်က ပိုပြီးတော့ ပြင်းထန်လာလိမ့်မယ်"

ယခင်က လီရှောက်ယွင် ဆေးရုံတက်စဥ်ကလည်း ဤကဲ့သို့ တစ်ထပ်တည်း တူညီသည့်စကားများကို ပြောခဲ့ဖူးသည်။ ဥပမာ သူတို့ဆေးရုံတွင်ရှိစဥ်က သူသည် သူ့အား အပြစ်ပြုမိသော အကျိုးဆက်က မခန့်မှန်းနိုင်လောက်အောင် ဆိုးရွားမည်ဟု သူမကို အမြဲတမ်း ခြိမ်းခြောက်ခဲ့သော်လည်း ယခုအချိန်ထိ ဘာမှ မဖြစ်ခဲ့ပေ။

လီရှောက်ယွင်သည် မကြာခဏ စိတ်အပြောင်းအလဲမြန်သော ဒေါသကြီးသည့် သခင်လေးတစ်ယောက် ဖြစ်သည်။ သူ၏အကျင့်စရိုက်မှာ အခြေအနေအပေါ် မူတည်၍ အကောင်းအဆိုး ပြောင်းလဲနိုင်၏။ သူမအတွက်မူ သူ၏ ခြိမ်းခြောက်မှုများမှာ သူ ထင်ထားသလောက် အမှန်တကယ် ကြောက်စရာကောင်းမနေချေ။

လီရှောက်ယွင်သည်လည်း သူ၏ ခြိမ်းခြောက်မှုများကို သိပ်ဂရုမစိုက်တတ်သည့် ကျင်းယွင်ကျောင်း၏ စိတ်နေစိတ်ထားနှင့် အသားကျနေပုံပေါ်သည်။ ထို့ကြောင့် သူသည် ထုံးစံအတိုင်း သူမနှင့် ဆက်လက်၍ ရောက်တတ်ရာရာ စကားစမြည်ပြောနေ၏။

နှစ်ယောက်သားသည် အမြဲတမ်း စကားများများ ပြောလေ့မရှိသော်လည်း ထူးခြားသည်က သူတို့နှစ်ယောက် စကားပြောတိုင်း အချိန်ကုန်မြန်ခြင်းဖြစ်သည်။ ထို့အပြင် ကျင်းယွင်ကျောင်းသည်လည်း ပို၍ ဆင်ခြင်တုံတရားရှိလာ၏။

ဤလူသည် အမြဲတမ်း သူမ၏ စိတ်အခြေအနေကို ပို၍အဆင်ပြေလာအောင် လွယ်လွယ်ကူကူ လှုံ့ဆော်ပေးနိုင်သည်။

ထို့ကြောင့် သူ ဖုန်းချသွားပြီးနောက်တွင် သူမသည် အတော်လေး စိတ်ငြိမ်သွား၍ အဆုံးသတ် ကောက်ချက်တစ်ခုကိုပင် ချနိုင်သွား၏။

အတိတ်ဘဝသည် ပစ္စုပ္ပန်မဟုတ်၊ သူမ အလိုက်သင့် နေထိုင်သွားရုံသာ ဖြစ်သည်။

နောက်တစ်နေ့ မနက်တွင် ဆွေ့ချန်းရွာသို့ မသွားမီ ကျင်းယွင်ကျောင်းသည် နှုတ်ခွန်းဆက်လက်ဆောင်အချို့ သွားဝယ်ခဲ့သည့်အပြင် သူမတွင်ရှိသော သစ်သီးအချို့နှင့် ဝိုင်နှစ်ပုလင်းကိုပါ ယူလာခဲ့သည်။

(T/N: E tranက ရှေ့အပိုင်းမှာကျ ဆွေ့ကျန်းရွာလို့ ရေးထားပြီး ဒီအပိုင်းမှာတော့ ဆွေ့ချန်းရွာလို့ ရေးထားပါတယ်။)

ရွာသည် အလွန်ခေါင်၍ ဟွားနင်ခရိုင်တွင် ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံးဟုပင် သတ်မှတ်နိုင်၏။ ထို့နောက် ကျင်းယွင်ကျောင်းသည် ဘတ်စ်ကားမှတ်တိုင်သို့ ရောက်သောအခါ ကျင်းထျယ်ကျွင်းကို ဖုန်းဆက်လိုက်တော့ မကြာမီမှာပင် သူသည် အငှားယာဥ်တစ်စီးကို မောင်း၍ ရောက်လာပြီး သူမအား ကျင်းမိသားစုအိမ်သို့ ခေါ်ဆောင်သွားလေသည်။

ခြံဝန်းအကျယ်ကြီးထဲ၌ တစ်ထပ်အိမ်ငါးလုံးရှိပြီး ခြံထဲ၌ ဆိုင်ကယ်နှစ်စင်းကဲ့သို့သော ထွေလီကာလီပစ္စည်းများစွာ ပြန့်ကျဲနေ၏။ သူမသည် တံခါးမကြီးကို ဖြတ်၍ ဝင်လိုက်သောအခါ အိမ်၏အတွင်းပိုင်းသည် အနည်းငယ် မှောင်မဲနေ၍ အလင်းရောင် မဝင်ကြောင်း တွေ့လိုက်ရသည်။ ဝမ်ရှင်းဖန်းသည် နေ့လည်စာပြင်ဆင်ရင်း အလုပ်များနေ၍ ကလေးသုံးယောက်မှာမူ ခြံဝန်းထဲတွင် ရှိနေကြ၏။ သူမ ရောက်သွားပြီး မကြာခင်မှာပင် လူများစွာသည် တံခါးပေါက်အပြင်ဘက်၌ ရပ်လိုက်ကြပြီး အထဲသို့ လှမ်းကြည့်လာကြသည်။

မူလက သူမသည် အနည်းငယ် နေမထိထိုင်မသာ ဖြစ်နေသော်လည်း မနေ့က လီရှောက်ယွင်နှင့် ဖုန်းပြောပြီးနောက်တွင်  ထပ်မံ၍ စိတ်ကသိကအောက် မဖြစ်တော့ပေ။

ထို့ကြောင့် သူမသည် အထဲသို့ တိုက်ရိုက်ပင် လျှောက်ဝင်သွားလိုက်ပြီး ကလေးသုံးယောက်အား သူမ ပြင်ဆင်လာသော လက်ဆောင်ပစ္စည်းများကို ပေးလိုက်သည်။

"ဒါဆို အစ်မက အကြီးဆုံးအစ်မကြီးပေါ့"

အငယ်ဆုံး ကောင်လေးက စတင်၍ စကားပြောလာ၏။ ဆယ်နှစ်အရွယ်ကလေးတစ်ယောက်၏ အသံမှာ အနည်းငယ် နူးညံ့နေသော်လည်း သူ၏ မျက်လုံးများကမူ သူမအား စေ့စေ့စပ်စပ် လေ့လာ အကဲခတ်နေသည်။ သဘောထားက သူသည် ဤအိမ်တွင် အရေးပါအရာရောက်ဆုံးသူဖြစ်ကြောင်း ဟစ်ကြွေးနေသလိုပင်။

သို့ရာတွင် သူသည် သူ့အတွက် လက်ဆောင်ပစ္စည်းကို လက်ခံပြီးသောအခါ သူ၏ အစ်မနှစ်ယောက်ကို ကြည့်၍ ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်ရင်း ...

"ဒါတွေအားလုံးက ငါ့ဟာတွေပဲ၊ ဟုတ်တယ်မလား"

ကျင်းယွင်ကျောင်းက မျက်ခုံးတစ်ဖက် ပင့်လိုက်သည်။ သူမသည် ပြောရဆိုရခက်သော ကလေးများကို မနှစ်သက်ပေ။ အထူးသဖြင့် ရိုင်းစိုင်းပြီး ပြုပြင်ရခက်သည့် နာခံမှုမရှိသော ကလေးများ ဖြစ်သည်။

ထို့အပြင် ဆယ်နှစ်အရွယ်ကလေးတစ်ယောက်သည် ငယ်သည်ဟု မယူဆနိုင်။ မျှော်လင့်ထားသည့်အတိုင်း ယောက်ျားလေးများကို ဦးစားပေးသည့် မိသားစုက အလိုလိုက်ဖျက်ဆီးထားသော ရလဒ်ပင်ဖြစ်၏။

"မဟုတ်ဘူး"

ကျင်းယွင်ကျောင်းက ပုံမှန်လေသံဖြင့် ပြန်ဖြေလိုက်၏။

"မင်းအတွက် လက်ဆောင်က မင်းရဲ့လက်ထဲကဟာပဲ။ ကျန်တာတွေ မပါဘူး"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now