Chapter 294

398 42 0
                                    

Chapter 294 : နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ

ကျင်းဖန်၏ ကိစ္စ နေရာကျသွားပြီး နောက်ဆုံး၌ စတိုးဆိုင်ပိုင်ရှင်သည် ပိုင်ယွီအန်းအား ဆက်သွယ်လာသည်။

ချက်ချင်းပင် ပိုင်ယွီအန်းသည် တစ်ဖက်လူနှင့် စျေးနှုန်းညှိနှိုင်း၍ ကျင်းယွင်ကျောင်း မျက်စိကျသောနေရာအား ဝယ်လိုက်၏။ တစ်ချိန်တည်းမှာပင် ပိုင်ယွီအန်းသည် လက်ဖက်ရည်ဆိုင် မန်နေဂျာတစ်ယောက်ကိုလည်း ငှားလိုက်သည်။

ထိုမန်နေဂျာသည် ချူးရုန်ဟု ခေါ်ပြီး အသက်သုံးဆယ်ကျော်ခန့်ရှိကာ အနည်းငယ် ရှေးဆန်သူတစ်ယောက််ဖြစ်သော်လည်း စကားပြောအလွန်ကောင်း၍ လက်ဖက်ရည်ကို သိသိသာသာ စွဲလန်းနှစ်ခြိုက်သူဖြစ်သဖြင့် ကျန်ရှ၏ ဖခင်ဖြစ်သူ ကျန်ဝမ်ရှန်းနှင့် လုံးဝကွာခြားလေ၏။

ကျန်ဝမ်ရှန်းသည် သူ၏ စီးပွားရေးလုပ်ငန်းနှင့် လိုက်ဖက်ညီစေရန် ယဥ်ကျေးသိမ်မွေ့သော ပညာတော်သင် ကျောင်းသားပုံဖမ်းလေ့ရှိပြီး ချူးရုန်နှင့်လုံးဝဆန့်ကျင်ဘက်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် လက်ဖက်ရည်ဆိုင်နှင့်ပတ်သတ်သောကိစ္စများကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းချင်သော်လည်း ယခုအချိန်၌ သူမသည် အိမ်ထဲက အိမ်ပြင်မထွက်နိုင်သေးပေ။

ကျင်းမိသားစုနှင့် ချောင်မိသားစုသည် ပျက်စီးသွားပြီဖြစ်သော်လည်း သူမအပေါ်၌ပါ နောက်ဆက်တွဲဆိုးကျိုး ကြီးကြီးမားမား သက်ရောက်လျက်ရှိ၏။ သူမ နေ့စဥ် အိမ်နှင့်ကျောင်းသို့ပင် အပြေးအလွှားသွားနေရသည်။

အကြောင်းမှာ ထိုဖြစ်ရပ်ပြီးသွားသော်လည်း လူများစွာသည် သူမအား အထီးကျန်ပြီး အကူအညီကင်းမဲ့နေသော မိန်းကလေးငယ်လေးဟု ယူဆနေကြသေး၍ ဖြစ်၏။

ဥပမာအားဖြင့် သူမ နေထိုင်ရာပတ်ဝန်းကျင်တွင် ဖြတ်သွားဖြတ်လာများသည် သူမအား မြင်သောအခါ စာနာသနားစွာဖြင့် လှည့်ကြည့်၊ လှည့်ကြည့် လုပ်သွားလေ့ရှိသည်။ ထိုမျှသာမက တစ်ခါက အဖွားအိုတစ်ယောက်သည် ရုတ်တရက်ပေါ်လာပြီး သူမ၏ လက်ကို ဖြတ်ခနဲ လှမ်းဆွဲကာ သက်ပြင်းချ၍ပင် ပြောလာ၏။

"လိမ္မာတဲ့ကလေးလေးရယ်၊ မင်း ဒုက္ခတွေ အများကြီး ကြုံတွေ့ခဲ့ရပြီးပါပြီကွယ်"

ကျင်းယွင်ကျောင်းတစ်ယောက် လုံးဝစိတ်ညစ်နေရလေသည်။

သို့သော် ထိုမျှနှင့် မပြီးသေးပေ။ သူမ ကျောင်းသွားသောအခါ လွန်ခဲ့သောနှစ်ပတ်အတွင်း ကမ္ဘာအရပ်ရပ်မှ  လက်ဆောင်များစွာ လက်ခံရရှိထားကြောင်း သိလိုက်ရပြန်၏။

ဆရာ၊ ဆရာမများ၏ ရုံးခန်းသည်လည်း ကြင်နာတတ်သူများမှ ပေးပို့ထားသည့် လက်ဆောင်ပစ္စည်းများဖြင့် ပြည့်နှက်နေသည်။

"ကြည့်ပါဦး...ဒါတွေအားလုံးက ဘာတွေလဲ။ မွေးပွဂျာကင်လား။ ဒါပေမယ့် ခုမှ စက်တင်ဘာပဲ ရှိသေးတာလေ"

ဆရာမကျင်သည် အံ့သြလွန်း၍ ကြောင်အနေသည့်ကြားမှ မနေနိုင်ဘဲ ပြောလိုက်မိ၏။

"ဒါက မွေးပွဂျာကင်လေးတစ်ထည်ပဲ ရှိသေးတယ်။ ကျန်တဲ့ လက်ဆောင်တွေကိုလည်း ကြည့်ပါဦး။ မုန့်တွေ၊ ဖျော်ရည်တွေ၊ အရုပ်တွေတောင်ပါသေးတယ်။ ဒါတွေတင်မကသေးဘူး၊ ငါကြားတာ ကျောင်းက အလှူငွေတွေအများကြီးလည်း ရထားတယ်တဲ့။ အလှူငွေ အားလုံးပေါင်းက အနည်းဆုံး ယွမ်နှစ်သိန်းနဲ့အထက်ပဲတဲ့"

(T/N  : နောက်ပိုင်းနဲ့ပြန်ညှိပြီး နှစ်သိန်းလို့ပြင်ရေးထားပါတယ်။)

ထိုအခါ ဆရာမကျင်၏ဘေးတွင် ရပ်နေသော ဆရာမတစ်ယောက်က သက်ပြင်းချရင်း ပြောလိုက်သည်။

"ဒီလူတွေက စေတနာနဲ့ ပို့ပေးကြတာဆိုပေမယ့် စိတ်လိုက်မာန်ပါ လုပ်ကြလွန်းတယ်။ ကျင်းယွင်ကျောင်းက သူတို့ကို ဘယ်တုန်းက အကူအညီတောင်းလို့လဲ။ ကျောင်းကလည်း မလှူကြဖို့ ခဏခဏ စာထုတ်ပြီး ကြေညာနေတာပဲ။ အပြင်မှာ တကယ် အကူအညီလိုနေတဲ့သူတွေအများကြီးရှိတယ်။ အဲဒါကျတော့ သူတို့က မလှူကြဘူး။ အရှုပ်ထုပ်တွေ"

အံ့သြစရာကောင်းသည််မှာ ကျင်းယွင်ကျောင်းအား လှူနေကြသူများ ရှိနေဆဲဖြစ်၍ တစ်ယောက်ချင်းစီ လှူဒါန်းသည့်ပမာဏက နည်းသော်လည်း အလှူရှင်များက ပေါများလှသည်။

လက်ရှိ ကျင်းယွင်ကျောင်းသည် ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်နေနိုင်သောကြောင့် ဆရာ၊ ဆရာမများသည် သူမအား အလှူငွေအကြောင်းကို ပြောပြပါက သူမ၏ မာနထိခိုက်သွားမည်ကို စိုးရိမ်နေကြ၏။

ပထမ၌ ကျောင်းတာဝန်ရှိသူများသည် ထိုလူများ၏ သနားကြင်နာမှုက ရက်အနည်းငယ်အတွင်း တဖြေးဖြေး လျော့ကျသွားမည်ဟု ထင်ထားကြသော်လည်း ထိုကြင်နာမှုများက နှစ်ပတ်ကြာသည်အထိ ခံနေရုံသာမက ထို့ထက်ပို၍ပါ ကြာရှည်ဦးမည့်ပုံပေါ်သည်ဟု မည်သူကမှ မျှော်လင့်မထားခဲ့ကြပေ။ ထို့ကြောင့် ကျင်းယွင်ကျောင်းအား ထိုလှူဒါန်းမှုများနှင့်ပတ်သတ်၍ အကြောင်းမကြားဘဲ နေ၍ မရတော့။ သို့သော်လည်း သူတို့က ကျင်းယွင်ကျောင်း၏ မာနကြီးသောမျက်နှာထားကို တွေးမိသောအခါ သူမအား မပြောရဲပြန်တော့ပေ။

ထို့ကြောင့် ဆရာ၊ ဆရာမများသည် ကူကယ်ရာမဲ့စွာဖြင့်သာ လက်ဆောင်ပစ္စည်များကို စုပုံထားရပြီး ထိုနေ့ နေ့လည်ပိုင်းတွင် ကျင်းယွင်ကျောင်းအား ကျောင်းအုပ်ကြီးရုံးခန်းသို့ ဆင့်ခေါ်လိုက်ရတော့သည်။

ကျောင်းအုပ်ကြီးသည် ကြင်နာတတ်သူတစ်ဦးဖြစ်ပြီး စကားကို ခပ်ဖြေးဖြေးနှင့် ပီပီသသပြောတတ်ကာ မောက်မာမှုလည်း မရှိပေ။ သူသည် အမြဲတမ်း ရှပ်အင်္ကျီ အဖြူတစ်ထည်နှင့် ကုတ်အင်္ကျီတစ်ထည်ကို တွဲဖက်ဝတ်ဆင်လေ့ရှိသည်။

ကျင်းယွင်ကျောင်း ရုံးခန်းထဲသို့ ဝင်သွားသောအခါ ရုံးခန်းထဲတွင် ပစ္စည်းများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ အချို့မှာ စာအုပ်များဖြစ်ပြီး အချို့က အဝတ်အစားများဖြစ်ကာ စာအချို့လည်း ပါရှိသည်။

ကျင်းယွင်ကျောင်းသည် ကျောင်းအုပ်ကြီးနှင့် မျက်နှာချင်းဆိုင်တွင် ဝင်ထိုင်လိုက်ပြီးနောက် စားပွဲပေါ်၌ ယွမ် နှစ်သိန်း ခုနစ်သောင်းတန် ချက်လက်မှတ်တစ်စောင် တင်ထားသည်ကို မြင်လိုက်ရ၏။

"ကျင်းယွင်ကျောင်း၊ ငါ မင်းကို မေးစရာလေးနည်းနည်းရှိလို့ ခေါ်လိုက်တာပါ"

ထို့နောက် ကျောင်းအုပ်ဆရာကြီးက ချောင်းဟန့်လိုက်ပြီး ဆက်ပြောသည်။

"ဒီအခန်းထဲမှာရှိတဲ့ ပစ္စည်းတွေအားလုံးနဲ့ စားပွဲက ငွေတွေက တစ်ကမ္ဘာလုံးက ကြင်နာတတ်တဲ့လူတွေက လှူထားကြတာပါ။ ငါတို့ကျောင်းက ဒီလိုလှူဒါန်းတာတွေကို လက်မခံဘူးလို့ ပြောပေမယ့် သူတို့ကို မတားနိုင်ဘူး။ ဒါကြောင့် မင်းရဲ့အမြင်ကို မေးချင်လို့ပါ။ မင်း ဒီအလှူပစ္စည်းတွေကို လက်ခံချင်ရဲ့လား"

ကျောင်းအုပ်ဆရာကြီး၏ စကားဆုံးသောအခါ တစ်ခန်းလုံးသည် လုံးဝငြိမ်ကျသွားသဖြင့် ကျောင်းအုပ်ဆရာကြီးသည် အနည်းငယ် ရှက်ရွံ့သွား၏။ ကျောင်းသားတစ်ယောက်၏ အရှေ့၌ ထိုကဲ့သို့ ကူကယ်ရာမဲ့သည့် အမူအယာကိုဖော်ပြမိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

ကျင်းယွင်ကျောင်းသည် ချက်ချင်းပင် ဆက်စပ်တွေးမိသွား၍ နောက်ဆုံး၌ ကျောင်းက ယခင် သူမအား ငွေလိုသလား၊ အကူအညီတစ်ခုခုလိုသလားဟု မေးနေခြင်းမှာ တစ်ကမ္ဘာလုံးမှလူများ၏ ကြင်နာမှုများက များပြားလွန်း၍ ဖြစ်ကြောင်း နားလည်သွားခဲ့လေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now