Chapter 228

461 50 0
                                    

Chapter 228 : ခြိမ်းခြောက် ငွေညစ်ခြင်း

ကျင်းယွင်ကျောင်းက ရည်းစားစာများကို သူမ၏ အိတ်ကပ်ထဲသို့ ခပ်ဖြည်းဖြည်း ခေါက်ထည့်လိုက်ပြီး ထိုမိသားစုသုံးယောက်ကို မျက်လုံးဝင့်ကြည့်လိုက်သည်။

"ရှင်တို့က ဒီရည်းစားစာတွေကို လိုချင်တာလား။ ပေးရမှာပေါ့။ ဒါပေမယ့် ကျွန်မရဲ့တောင်းဆိုချက်လေးအချို့ကိုတော့ လိုက်လျောပေးရမယ်"

ကျင်းယွင်ကျောင်းက ထိုသို့ပြောပြီးနောက် စကားခဏရပ်လိုက်၏။

"ဆက်ပြော"

အဖေကျန်က အံကြိတ်၍ ပြောလိုက်သည်။

"ကျန်ရှ၊ ငါ အမှန်တရားကို သိချင်ရုံပဲ။ နင်က ငါ့ကို မချစ်ဘဲနဲ့ ဘာလို့ ရည်းစားစာရေးပေးတာလဲ"

ကျင်းယွင်ကျောင်းက အဖြေကို သိပြီးဖြစ်သော်လည်း မေးခွန်းထုတ်လိုက်၏။

ကျန်ရှ၏ မျက်နှာက ချက်ချင်းပင် ဖျော့တော့သွားပြီး သူ၏စိတ်ထဲ၌ ချောင်ဟုန်ယဲ့၏ မျက်နှာလေးက ဖြတ်ခနဲ ပေါ်လာသည်။

အလွန်သိမ်မွေ့နူးညံ့၍ သနားစရာကောင်းလွန်းလှ၏။ သူမသည် လူများကို ဘယ်ပြန်ညာပြန် ရိုက်နှက်တတ်သည့် ကျင်းယွင်ကျောင်းကဲ့သို့ ဘယ်သောအခါမှ ရူးနှမ်း၍ ရန်မူတတ်ခြင်း မရှိပေ။

ထို့နောက် သူက တစ်ခုခုထုတ်ပြောရန် ငြင်းဆန်လိုက်ပြီး ခေါင်းကို တစ်ဖက်သို့ လှည့်သွားသည်။

"မြင်လား။ ရှင်တို့ရဲ့အဖိုးတန်သားလေးက ခုထိ ခေါင်းမာနေပြီးတော့ ပူးပေါင်းဆောင်ရွက်ဖို့ကို ငြင်းဆန်နေတုန်းပဲ"

ကျင်းယွင်ကျောင်းက လှောင်ပြုံးပြုံး၍ ပြောလိုက်ရာ ဘေးတွင်ရှိသော လူများသည် ကျောရိုးထဲမှ စိမ့်တက်သွား၍ ဖော်မပြနိုင်သော ကြောက်ရွံ့မှုကို ခံစားလိုက်ရ၏။

အဖေကျန်သည်လည်း အောင့်သက်သက်နှင့် ဒေါသထွက်နေသည်။ သူသည် လက်ဖက်ရည်ဆိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး သူတို့၏ အသိုင်းအဝိုင်းသည် များသောအားဖြင့် တည်ငြိမ် အေးချမ်း၏။ ထို့ကြောင့် သူသည် အမြဲတမ်း သူ့ကိုယ်သူ အခြား လောဘကြီးသော စီးပွားရေးသမားများနှင့်မတူကြောင်း ကြွားဝါလေ့ရှိသည်။ သူ့အမြင်၌ သူသည် ဖော်ရွေ၍ တာဝန်ယူ တာဝန်ခံမှုရှိသည့် စီးပွားရေးသမားတစ်ယောက်ဖြစ်သော်လည်း ယခုအခါ သားဖြစ်သူက သူ၏မျက်နှာကို ဖြတ်ရိုက်လိုက်ပြီဖြစ်၏။

'ဖြန်း'

အဖေကျန်က ကျန်ရှအား ပါးတစ်ချက်ရိုက်လိုက်ပြီး ဝမ်းခေါင်းသံဖြင့် အော်ဟစ်ကြိမ်းမောင်းလိုက်သည်။

"မင်းက ငါတို့ကို အရူးလုပ်ဖို့ ကြိုးစားနေတာလားကွ။ မြန်မြန် ပြောစမ်း"

"ကျင်းယွင်ကျောင်းရဲ့ မြှုပ်ကွက်ပါတဲ့ စကားရဲ့အဓိပ္ပါယ်ကို နားထောင်ကြည့်ရသလောက် ငါ့သား ဒီလိုလုပ်တာက တခြားတစ်ယောက်က ခိုင်းလို့ဆိုတာ သိသာတယ်။ ဘယ်သူကများ ဒီလောက်တောင် ယုတ်မာရတာလဲ။ ခိုင်းတဲ့သူကို သိလို့ကတော့ ငါ သူတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"

ကျန်ရှသည် အရိုက်ခံရသောကြောင့် ခဏမျှ ကြောင်အနေ၏။ သူသည် ငယ်စဥ်ကတည်းက ယခုအချိန်အထိ အလိုလိုက်ခံထားရ၍ သူ၏မိဘများက ဤကဲ့သို့ တစ်ခါမှ မဆက်ဆံဖူးပေ။

တစ်ချိန်တည်းမှာပင် သူ၏ နှလုံးသားထဲ၌ အကြောက်တရားများ တဖြည်းဖြည်း ဝင်ရောက်လာ၏။ ခဏမျှ စဥ်းစားနေပြီးနောက် သူက မသဲမကွဲဖြင့် ပြောလာသည်။

"ချောင်ဟုန်ယဲ့ပါ...ငါ အမြဲတမ်း ချစ်ခဲ့တဲ့သူက ချောင်ဟုန်ယဲ့ပဲ။ ဒါပေမယ့် သူက နင့်ကြောင့် စိတ်ဓာတ်ကျနေတာမို့လို့ ငါ့ရဲ့ခံစားချက်တွေကို လက်မခံခဲ့ဘူး။ သူက ငါ့ကို နင့်ကို လိုက်ပိုးဖို့ တောင်းဆိုခဲ့တာ။ မဟုတ်ရင် သူက ငါ့ကို လျစ်လျူရှုလိမ့်မယ်"

ထိုစကားကို ကြားပြီးနောက်တွင် အဖေကျန်သည် သူ၏ အသုံးမကျသော သားဖြစ်သူအား သေအောင် ကန်မပစ်လိုက်နိုင်သဖြင့် ဒေါသထွက်နေ၏။

သူ့ကို လူတစ်ယောက်က ခိုင်းရုံနဲ့ အခြားတစ်ယောက်ကို လိုက်ပိုးတယ်ပေါ့လေ။ သူ့မှာ ကိုယ့်ကိုကိုယ် လေးစားမှု တစ်ိုးတစိလေးတောင် မရှိဘူးလား။ ဒါ့အပြင် တစ်ဖက်လူက သူ့ကို မကြိုက်ဘဲ လှည့်စားနေတယ်ဆို အသိအသာကြီးပဲ။ ကျန်ရှက ပိုပြီး တော်တယ်တတ်တယ် ဆိုရင်တောင်မှ အခြားလူတွေရဲ့ညွှန်ကြားချက်တွေကို လိုက်နာနေတယ်။

အရူး ... ငဖျင်း၊ ငအ ...

"ရှင်တို့ကြားကြလား"

ကျင်းယွင်ကျောင်းက အဖေကျန်ကို လှောင်ရယ်လိုက်ပြီး ဆက်ပြောလာသည်။

"ရှင်တို့ရဲ့သားက အခြားသူရဲ့ ညွှန်ကြားချက်အရ ကျွန်မရဲ့ခံစားချက်ကို လှည့်စားခဲ့တယ်။ ကျွန်မက ဒါကို အဓိပ္ပါယ်ကောက် မလွဲခဲ့ဘူး၊ ဟုတ်တယ်မလား"

အဖေကျန်က မျက်နှာပျက်သွားပြီး အနည်းငယ် အသက်ရှုကြပ်သွားးသလို ခံစားလိုက်ရ၏။

"ကျွန်မကို နစ်နာကြေးပေး"

ထို့နောက် ကျင်းယွင်ကျောင်းက အထက်စီးဆန်ဆန် တောင်းဆိုလိုက်သည်။

ကျင်းယွင်ကျောင်း၏ ပူပင်ကြောင့်ကြမဲ့သော သဘောထားက ဘေးမှ ကြည့်နေသူများအား အဖေကျန်နှင့် အမေကျန်တို့ ကျောင်းသို့ ပထမဆုံး ရောက်ရောက်ချင်းက မောက်မာစွာ ပြောဆိုဆက်ဆံခဲ့ကြခြင်းကို ပြန်သတိရသွားစေသည်။

သူမ လက်စားချေနေသည်မှာ အသိအသာပင်။

ဆရာကျီသည်လည်း ဘာပြောရမှန်းပင် မသိချေ။ သူမအား တတ်နိုင်သမျှ ခွင့်လွှတ်ပေးရန် ပြောသင့်သည်လား။ သူသည် အရွယ်လွန်နေပြီဖြစ်သော်လည်း မတုံးအ,သေးချေ။ ဤမိန်းကလေးက ပြဿနာများအားလုံးကို ထက်ထက်မြက်မြက် ဖြေရှင်းအနိုင်ယူနိုင်ခြင်း သို့မဟုတ် ပျိုးပင်ကောင်းလေးတစ်ပင်အား မဆုံးရှုံးခဲ့ရခြင်းကြောင့် ကျေးဇူးတင်မိသည်။

ကျန်ရှသည်လည်း ပျိုးပင်တစ်ပင်ဖြစ်သော်လည်း သူ၏အမြစ်များက ပုတ်နေပြီးသားဖြစ်၏။

"မင်းက ဘယ်လောက် လိုချင်တာလဲ"

အဖေကျန်က ဤစကားကို ခက်ခက်ခဲခဲဖြင့် အားယူ မေးလိုက်၍ အမေကျန်ကမူ ခေါင်းများ တရိပ်ရိပ်မူးနေသလို ခံစားနေရသည်။

"ကျွန်မ ဘယ်လောက်လိုချင်လဲ ဟုတ်လား။ စိတ်လျှော့ပါ၊ ကျွန်မ အများကြီး မတောင်းပါဘူး။ စိတ်ကျန်းမာရေးထိခိုက်မှုအတွက် ယွမ်ငါးသောင်း၊ ဒါ့အပြင် ကျွန်မ ရှင်တို့သားကို ရိုက်တဲ့ကိစ္စကိုလည်း လျှော်ပေးရမယ်။ ဒီရည်းစားစာတွေကိုတော့ ရှင်တို့ ဆုံးဖြတ်ပါ။ ဒါက စာအုပ်တစ်အုပ်ရေးလို့ရတဲ့ စာပေကုန်ကြမ်းတွေပဲ။ စျေးကွက်ထဲမှာဆိုရင် ဒီရည်းစားစာတွေက ဘယ်လောက်တန်မယ်လို့ ရှင်တို့ထင်လဲ။ အိုး...ဟုတ်သားပဲ၊ ကျွန်မက ရှင်တို့ကို ငွေညစ်နေတယ်လို့ မပြောနဲ့နော်။ ကျွန်မက ခံစားချက် ရုတ်တရက် အပြောင်းအလဲကို ခံနိုင်ရည်မရှိတဲ့ ရှက်တတ်တဲ့သူပါ"

ကျင်းယွင်ကျောင်းက သူမသည် ကျန်မိသားစုအား ခြိမ်းခြောက်မနေသည့်အလား အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ထိုအချိန်၌ ကျောင်းအုပ်ဆရာကြီးသည် အတန်ငယ် မှင်သက်နေ၏။ ဤကိစ္စကို တားသင့်လား၊ မတားသင့်လားပင် သေချာမသိတော့ပေ။ တကယ်တမ်း ဤအခြေအနေသည် ခြိမ်းခြောက်ငွေညစ်နေခြင်းပင် ဖြစ်သည်။

သို့သော် သူသာ ကြားဝင်နှောက်ယှက်လိုက်ပါက ကျင်းယွင်ကျောင်းက သူ့အပေါ် အငြိုးထား၊ မထား မည်သူပြောနိုင်မည်နည်း။ ကျန်မိသားစုကမူ သူ့အား အရိုးစွဲအောင် မုန်းတီးနေမည်မှာ သေချာသလောက်ပင်။ ထို့အပြင် ဤကိစ္စကို ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းနိုင်ပါက အကောင်းဆုံးဖြစ်သည်။ ထိုသို့မဟုတ်ဘဲ ဤဖြစ်ရပ်သာ အပြင်သို့ ပေါက်ကြားသွားပါက ကျောင်း၏ ပုံရိပ်လည်း ကျဆင်းသွားပေလိမ့်မည်ဖြစ်ချေ၏။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now