Chapter 289

419 42 0
                                    

Chapter 289 : ကြောင်သူတော်များ

အစောပိုင်းက လူတိုင်းသည် ကျင်းယွင်ကျောင်းအား စော်ကားပြောဆိုနေကြသော်လည်း ယခုအခါ အင်တာနက်သုံးစွဲသူများ၏ ဆဲရေးကျိန်ဆဲမှုများမှာ ကျင်းမိသားစုနှင့် ချောင်မိသားစုဆီသို့ ဦးတည်ချက်ပြောင်းသွားသည်။

ချောင်မိသားစုနှင့် ကျင်းမိသားစု၏ သရုပ်မှန်ကိုမြင်လိုက်ကြရသော အင်တာနက်သုံးစွဲသူများသည် ဒေါသထွက်နေကြပြီး အချို့က ထိုမိသားစုနှစ်စု၏ လိပ်စာကို အွန်လိုင်းပေါ်၌ လိုက်ဖြန့်နေကြကာ အချို့က သူတို့အား အဆက်မပြတ် ဖုန်းခေါ်၍ စိတ်အနှောက်အယှက်ပေးနေကြ၏။

ညပိုင်းတွင်လည်း ပိုင်ယွီအန်း၊ ရှန်းကျင်၊ တုလင်းနှင့် အခြားမိတ်ဆွေအနည်းငယ်က ကျင်းယွင်ကျောင်းအား စိတ်ပူစွာဖြင့် ဖုန်းဆက်သတင်းမေးလာကြသည်။ ထို့နောက် သူမသည် အင်တာနက်သုံးစွဲသူများက ချောင်မိသားစုနှင့် ကျင်းမိသားစုအား ဆက်လက်၍ ကျိန်ဆဲနေကြသည်ကို စောင့်ကြည့်ရန်အတွက် အွန်လိုင်းဖိုရမ်အချို့ကို စစ်ဆေးကြည့်လိုက်၏။

"ငါ အရင်က ဒီလိုမျိုးအရှက်မရှိတဲ့လူတွေကို တစ်ခါမှ မတွေ့ဖူးဘူး။ သူတို့က စိတ်ဓါတ်အောက်တန်းကျပြီးတော့ လူတစ်ယောက်ရဲ့မိဘတွေအဖြစ်ပါ ဟန်ဆောင်လိုက်သေးတယ်၊ အရှက်ကို မရှိဘူး။ ဆန်ကုန်မြေလေးတွေ"

"အတူတူပဲ၊ နင်တို့ ဟိုဆိုင်းဘုတ်တွေကိုရော မြင်ကြလား။ ကျင်းယွင်ကျောင်းက ကိုယ်ကျင့်တရားပျက်ပြားပြီး ဆင်းရဲတဲ့သူတွေကို အထင်သေးတယ်လို့ သူတို့ကတောင် အတင့်ရဲပြီး စွပ်စွဲထားသေးတယ်။ ငါ တကယ် အုတ်ဂူထဲက ထွက်လာတဲ့ သူတို့ရဲ့ဘိုးဘေးယောင်ဆောင်ပြီးတော့ သူတို့ကို ရိုက်ပစ်ချင်တယ်"

"အဲဒီ ကျင်းမိသားစုက ငကြောင်စုံတွဲရဲ့ကလေးတွေကလည်း ဒီပုတ်ထဲက ဒီပဲတွေပဲနော်။ တစ်ချက်ကြည့်ရုံနဲ့တင် ကောင်လေးက တအားအလိုလိုက်ခံထားရမှန်း သိသာတယ်။ ငါ အဲဒီလို ယောက်ျားလေးတွေကို မိန်းကလေးတွေထက် ပိုဦးစားပေးတဲ့လူမျိုးတွေကို အရမ်းမုန်းတာပဲ။ ချောင်မိသားစုက ပိုပြီးတော့တောင် ထူးဆန်းသေးတယ်၊ ကလေးတွေကို ကောင်းကောင်း မစောင့်ရှောက်နိုင်ရင် မမွေးစားနဲ့လေ၊ ကြောင်သူတော်ကြီး"

...

"နင်တို့အားလုံးက အဲဒီမိသားစုနှစ်စုကို ရှုတ်ချနေကြပေမယ့် ငါကတော့ ကျင်းယွင်ကျောင်းကို ချစ်မိသွားတဲ့ တစ်ဦးတည်းသောသူပဲ"

"အပေါ်က ကောမန့်လိုပဲဟေး။ ငါ့ရဲ့ဖူးစာဖက်ကို ရှာတွေ့ပြီ။ ကျင်းယွင်ကျောင်းက အလှလေးတစ်ယောက်ပဲ။ သူ့ရဲ့အသားအရည်ရော ခန္ဓာကိုယ်ရောက လှတယ်။ ပြီးတော့ သူက စာလည်းတော်သေးတယ်။ သူက ကျောင်းမှာကတည်းက နတ်ဘုရားမတစ်ပါးဖြစ်နေပြီ။ ပြီးတော့ သူ့ရဲ့နေပုံထိုင်ပုံကလည်း ဘုရင်မတစ်ပါးလိုပဲ၊ သူ စကားပြောလိုက်ရင် လူတိုင်းက ရှိန်သွားရော။ သနားစရာကောင်းတာက သူ့ကို လူတစ်ယောက်က တိုက်ခိုက်ခဲ့သေးတာပဲ။ ငါသာ အဲဒီကျောက်ခဲနဲ့ထုတဲ့ သူတောင်းစားကို ဖမ်းမိရင် မူးမေ့သွားတဲ့အထိ ရိုက်ပစ်မှာ"

"ကျောက်ခဲနဲ့ထုတဲ့ သူတောင်းစားကို ကျောက်ခဲနဲ့ပဲ ပြန်ထုသင့်တယ်။ သူဖော်တဲ့ဆေး သူ့ပြန်စားခိုင်းလိုက်ပေါ့"

...

လူအများက မိသားစုနှစ်စုအား ရှုတ်ချရန်အတွက် ပို့စ်အသစ်များတင်နေကြချိန်တွင် အချို့ပို့စ်များသည် မူလရည်ရွယ်ချက်မှ သွေဖီကာ သူမ၏အလှအား ချီးမွှမ်းနေကြသဖြင့် ကျင်းယွင်ကျောင်းသည် ကောမန့်များကိုလိုက်ဖတ်ရင်း ဆွံ့အနေခဲ့၏။

အင်တာနက်သုံးစွဲသူများသည် သူမအား ကိုယ်တိုင်ကိုယ်ကျ မတွေ့ဖူးကြသည်မှာ သေချာသော်လည်း သူတို့သည် သူမအား အသုံးမကျသည့်အမှုန်အမွှားတစ်ခုကဲ့သို့လည်း နှိမ်ချ၍ ပြောဆိုထားပြီးနောက် တစ်ချိန်တည်းမှာပင် သူတို့သည် သူမအား ဘုရင်မတစ်ပါး၊ နတ်ဘုရားမတစ်ပါးဟု ခေါ်နေကြပြန်သည်။

အွန်လိုင်းဖိုရမ်များထဲသို့ နာရီအနည်းငယ်ကြာအောင် ဝင်ကြည့်ပြီးသည့်နောက်တွင် ကျင်းယွင်ကျောင်းသည် ထိုအင်တာနက်စာမျက်နှာများကို ပိတ်လိုက်၏။ ထို့နောက် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်၍ သူမ၏ စိတ်နှင့် ခန္ဓာကို အားဖြစ်စေမည့် ကိုယ်ခံပညာရပ်များကို လေ့ကျင့်ရန်အတွက် နေရာလွတ်နယ်မြေထဲသို့ ဝင်လာခဲ့သည်။

သို့ရာတွင် သူမ အွန်လိုင်းဖိုရမ်များထဲတွင် မြင်ခဲ့ရသည်များထက် ပို၍ ဆိုးရွားသော ကိစ္စတစ်ခု အပြင်လောက၌ ဖြစ်ပျက်သွားခဲ့သည်အား ကျင်းယွင်ကျောင်း မသိလိုက်ပေ။

အစောပိုင်းက လူအများအပြားသည် ကျင်းယွင်ကျောင်းအား ရက်စက်လွန်းသူဟု ယူဆ၍ အုပ်စုဖွဲ့ကာ ဝေဖန်တိုက်ခိုက်ခဲ့ကြသည်။ သို့ရာတွင် ယခုအခါ၌ ကျင်းယွင်ကျောင်းသည် မှားယွင်းအစွပ်စွဲခံရကြောင်းကို သက်သေပြပြီးဖြစ်သဖြင့် အင်တာနက်သုံးစွဲသူများသည် အလိမ်ခံလိုက်ရသကဲ့သို့ ခံစားနေရ၏။ ထိုအခါ အလိမ်ခံလိုက်ရသော အင်တာနက်အသုံးပြုသူများထဲမှ အချို့သည် ကျင်းယွင်ကျောင်းအား အွန်လိုင်းပေါ်မှ တောင်းပန်နေကြပြီး အချို့က မိသားစုနှစ်စုအား ဆဲဆိုကြိမ်းမောင်းနေကြသည်။ တစ်ဖက်၌လည်း ကျင်းမိသားစုနှင့်ချောင်မိသားစုကြောင့် ဆိုးဆိုးဝါးဝါး ထိခိုက်သွားသူများမှာ အခင်းဖြစ်ပွားချိန်၌ ထိုနေရာတွင်ရှိနေကြသူများပင်။

ချောင်ဝေ့မင်နှင့် ချောင်ဟုန်ယဲ့၏ ပုံရိပ်သည် ဤဖြစ်ရပ်မတိုင်မီကတည်းက ပျက်ဆီးပြီးသားဖြစ်သော်လည်း ယခုတစ်ခေါက် ဖြစ်ရပ်သည် အင်တာနက်ပေါ်တွင် ပျံ့နှံ့သွားသည်ဖြစ်ရာ သတင်းများသည် သူတို့၏ မြို့လေးအထိ ရောက်ရှိသွား၍ သားအဖနှစ်ယောက်သည် အိမ်ပြင်ဘက်သို့ ခြေတစ်လှမ်းပင် မထွက်ရဲတော့ပေ။

မူလက ချောင်ဟုန်ယဲ့သည် ဤပြဿနာငြိမ်သွားသည်အထိ ကျန်မိသားစု၏ အိမ်၌ သွားပုန်းနေချင်သော်လည်း ကျန်မိသားစုသည် ရင်ကွဲမြက်အဆိပ်သင့်သည့်ကိစ္စကို ဖြေရှင်းနေရဆဲဖြစ်သဖြင့် မိသားစုဝင်များသည် စိတ်ဆင်းရဲနေကြပြီး ကျန်ရှအား ချောင်ဟုန်ယဲ့ကို သူတို့အိမ်သို့ ခေါ်မလာရန် တားမြစ်ခဲ့ကြသည်။

ထိုအချိန်က ကျန်ရှသည် ချောင်ဟုန်ယဲ့အား အမှန်တကယ်ပင် ချစ်မြတ်နိုးခဲ့၏။ သို့သော် အတူနေပြီးနောက် ချောင်ဟုန်ယဲ့သည် တဖြေးဖြေး စိတ်ရှုပ်စရာကောင်းလာခဲ့သည်။ ထို့အပြင် သူမက သူ့အား အခြားသူများ၏ အရှေ့၌ အရှက်ရစေခဲ့သည့် အချက်ကိုပါ ထည့်တွေးပြီးနောက်တွင် ကျန်ရှသည် သူတို့၏ ဆုံးဖြတ်ချက်ကို မငြင်းနိုင်တော့ဘဲ သဘောတူလိုက်ရ၏။

အိမ်သို့ပြန်လာရသော ချောင်ဟုန်ယဲ့သည် အလွန်နေရထိုင်ရ ကျဥ်းကြပ်သလို ခံစားနေရသည်။

သူမ ဟင်းချက်စရာပစ္စည်းများဝယ်ရန် အပြင်ထွက်သောအခါ ပျံကျစျေးသည်များက မမြင်ချင်ယောင်ဆောင်၍ လျစ်လျူရှုထားကြပြီး လျစ်လျူမရှုသောသူများကလည်း သူမအား စျေးမရောင်းနိုင်ဟု ပွင့်ပွင့်လင်းလင်း ငြင်းလွှတ်ကြ၏။

ဤကိစ္စဖြစ်ပြီးနောက် အရက်ကြိုက်သည့် ချောင်ဝေ့မင်သည်လည်း သူ၏ မိတ်ဆွေအပေါင်းအသင်းများထံမှ ဖယ်ကြဥ်ခံလိုက်ရသည်။

အိမ်နီးချင်းများကလည်း သူတို့နှင့် အဆက်အဆံ မလုပ်တော့ပေ။

ထိုကဲ့သို့ ဆက်ဆံခံရသည်မှာ တစ်လကျော်ခန့်ကြာလာပြီးနောက် ချောင်ဟုန်ယဲ့သည် ထပ်မံ၍ တောင့်မခံနိုင်တော့။ ထို့ကြောင့် သူမသည် ချောင်ဝေ့မင် အရက်အမူးလွန်မည့် အချိန်ထိတိုင်အောင် စောင့်နေပြီး ကျန်မိသားစုထံမှရလာသည့် ငွေများကို ဖွက်ထားသောနေရာမှ ထုတ်ယူလိုက်၏။

ယွမ်ထောင်ဂဏန်းခန့်သာ ယူရသေးချိန်တွင် ချောင်ဝေ့မင်သည် အရက်အမူးလွန်၍ အိပ်ပျော်နေရာမှ နိုးလာသဖြင့် ငွေများယူနေသည်ကို မြင်သွားပြီးနောက် သူမ အနောက်သို့ ပြေးလိုက်တော့သည်။

သို့ရာတွင် သူသည် အမူးလွန်နေသောကြောင့် ချောင်ဟုန်ယဲ့အား မိအောင် မဖမ်းနိုင်ရုံသာမက လမ်းဘေးရှိမြောင်းထဲသို့ပါ ခြေချော်၍ ပြုတ်ကျသွား၏။ သူသည် နာရီအနည်းငယ်ခန့်ကြာသည်အထိ ငယ်သံပါအောင် အော်ဟစ်နေသော်လည်း မည်သူကမှ ဂရုမစိုက်ပေ။ နောက်ဆုံး မေ့မျော့သွား၍ အသံမထွက်တော့သည့်အချိန်ကျမှ လမ်းသွားလမ်းလာများသည် သူတို့ အမှုပတ်မည်ကို စိုးရိမ်သောကြောင့် သူ့အား ဆေးရုံသို့ ပို့လိုက်ကြလေတော့သတည်း။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Tahanan ng mga kuwento. Tumuklas ngayon