Chapter 283

421 43 0
                                    

Chapter 283 : အဲဒါက အတုပဲ


ကျင်းယွင်ကျောင်းက ဝမ်ရှင်းဖန်းအား အမှန်အတိုင်း ဝန်ခံလာစေရန် ခြိမ်းခြောက်လိုက်ခြင်းသာဖြစ်၍ ဝမ်ရှင်းဖန်းက အမှန်တကယ် ဝန်ခံမည်ဟုပြောလာသောအခါ သူမသည် စိတ်သက်သာရာ ရသွား၏။

အကယ်၍ ဝမ်ရှင်းဖန်းသည် ယနေ့ အမှန်အတိုင်း ဝန်မခံခဲ့လျှင်တောင်မှ သူမအပေါ်စွပ်စွဲချက်များက လျှော့သွားလိမ့်မည် မဟုတ်ပေ။ သို့သော် သူမကသာ ကျူးလွန်ခဲ့သော အမှားများကို ဝန်ခံလိုက်လျှင် ထိုအချက်များသည် ပြန်ပြင်၍မရသော အမှန်တရားများဖြစ်လာပြီး သူမ၏ အနာဂတ်အား ပြောင်းလဲရန် နည်းလမ်းမရှိတော့။

ဤဖြစ်ရပ်သည် အကြီးအကျယ်ဖြစ်သွားသောကြောင့် ကမ္ဘာအရပ်ရပ်ရှိ မျက်လုံးပေါင်းများစွာက နောက်ဆက်တွဲဖြစ်ရပ်များကို စောင့်ကြည့်နေကြမည်ဖြစ်၍ သူမကိုယ်တိုင်က ကျင်းထျယ်ကျွင်းနှင့် ဝမ်ရှင်းဖန်းတို့အား ရဲမတိုင်ချင်လျှင်တောင် အင်တာနက်သုံးစွဲသူများသည် ဤကိစ္စကို ကိုယ်တိုင်ဝင်ပါ၍ ထိုစုံတွဲအား တရားစွဲကြလိမ့်မည် ဖြစ်သည်။ နစ်နာသူဖြစ်သည့် သူမကိုယ်တိုင်ပင် စွပ်စွဲချက်ထုတ်နေစရာမလိုဘဲ ထိုစုံတွဲသည် သေချာပေါက် ပြေးစရာမြေမရှိ၊ ပုန်းစရာနေရာမရှိ ဖြစ်လာကြလိမ့်မည် ဖြစ်၏။

အချို့က ဤမိသားစုသည် ဆင်းဆင်းရဲရဲ ဖြတ်သန်းခဲ့ရသောကြောင့် သနားစရာကောင်းသည်ဟု ပြောကြလိမ့်မည်ဖြစ်သည်။ သို့သော် သူတို့လောက် မဆင်းရဲဘဲ သူတို့ထက် ပို၍ ဒုက္ခကြုံခဲ့ရသူများစွာရှိ၏။ အကယ်၍ လူတစ်ယောက်သည် ဆင်းရဲသောကြောင့် အခြားသူများအား ကျဥ်းထဲကြပ်ထဲကျအောင် လုပ်၍ ဒုက္ခပေးနိုင်သည်ဆိုပါက ဤကမ္ဘာကြီးသည် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းကပင် ကသောင်းကနင်းဖြစ်၍ ပျက်စီးသွားပြီးသား ဖြစ်လိမ့်မည်။

ထို့နောက် ဝမ်ရှင်းဖန်းက ကျင်းမင်ခိုင်အား တင်းတင်းကြပ်ကြပ်ဖက်၍ အံကြိတ်ကာ ပြောလာ၏။

"အဲဒါက အတုပဲ။ ငါ့မှာရှိတဲ့ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်က အတုကြီး"

"ငါနဲ့ လုံးဝမသိတဲ့ သူဌေးမတစ်ယောက်က ငါတို့ကို ဆက်သွယ်လာပြီးတော့ မင်းရဲ့မိဘတွေအဖြစ် ယောင်ဆောင်ပေးဖို့ ပြောတယ်။ ဒီ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်က ရှို့အာရဲ့ သွေးနဲ့ လုပ်ထားတာ။ အဲဒီအပြင် သူက ငါ့ကို မင်းရဲ့ဓါတ်ပုံတစ်ပုံပေးတယ်။ ပြီးတော့ သူက မင်းရဲ့အနောက်ကိုလိုက်ဖို့လည်း လူတွေလွှတ်ထားသေးတယ်။ အဲဒီလူတွေက မင်းကိုရှာတွေ့တော့ သူက ငါတို့ကို ဆက်သွယ်ပြီး မင်းရဲ့ရှေ့မှာ မင်းရဲ့မိဘတွေအဖြစ် သွားတွေ့ဖို့ပြောခဲ့တယ်။ ပြီးတော့ သူက ငါတို့ကို ယွမ်သုံးသောင်းပေးပြီး အနာဂတ်မှာ သူခိုင်းသမျှကိစ္စတွေကို ငါတို့က ပြီးအောင် လုပ်ပေးနိုင်ရင် ပိုပေးမယ်လို့လည်း ပြောခဲ့သေးတယ်"

"ကျင်းယွင်ကျောင်း၊ ဒီလောက်ဆို လုံလောက်ပြီ မဟုတ်လား။ ငါက ဒီကိစ္စရဲ့နောက်ကွယ်က ကြိုးကိုင်တဲ့သူ မဟုတ်ဘူး။ အဲဒီလူက နင် အပြစ်ပြုမိခဲ့တဲ့သူတစ်ယောက်ပဲ"

ဝမ်ရှင်းဖန်းက မုန်းတီးမှုအပြည့်ဖြင့် အော်ဟစ်လိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ဘေး၌ ရပ်နေသည့် ကြောက်လွန်းသဖြင့် တုန်ယင်နေရှာသော ကျင်းရှို့အား ကြည့်လိုက်ပြီး ဝမ်ရှင်းဖန်းအား မေးလိုက်သည်။

"ရှင်က ကျင်းရှို့ရဲ့သွေးကို သုံးခဲ့တာလား။ သူကရော ဒီအကြောင်းကို သိလား"

ဝမ်ရှင်းဖန်းသည် အမှန်တကယ်ပင် ဝက်တစ်ကောင်ကဲ့သို့ တုံးအ,လှ၍ သူမတို့ ကျူးလွန်ခဲ့သည့်အမှားများကို ဝန်ခံနေချိန်၌ ကျင်းရှို့၏ အမည်ကိုပါ ဆွဲထည့်ခဲ့ရာ အနာဂတ်တွင် အပြင်လူများက ကျင်းရှို့အား မည်သို့ မြင်ကြလိမ့်မည်နည်း။ သူတို့သည် သူမအား အမေတူသမီးဟူ၍သာ ယူဆကြလိမ့်မည်ဖြစ်၍ ထိုစုံတွဲကျူးလွန်သောပြစ်မှု၌ သူမသည် ကြံရာပါတစ်ယောက်ဟုသာ အမြဲတမ်းအမြင်ခံရလိမ့်မည်ဖြစ်၍ အနာဂတ်၌ သူမ၏နာမည်ဂုဏ်သတင်းကို ရှင်းလင်းနိုင်လိမ့်မည် မဟုတ်ပေ။

အကယ်၌ ဝမ်ရှင်းဖန်းသာ မလိုအပ်သောစကားများကို မပြောခဲ့လျှင် ကျင်းရှို့သည် သူမ၏ မိဘများ လုပ်ချင်ရာလုပ်နေကြသည်ကို နားမလည်သော ကလေးတစ်ယောက်ဟူ၍သာ အပြင်လူများက ယူဆကြလိမ့်ဖြစ်သည်။ သို့ရာတွင် သူမကသာ ဤလုပ်ကြံဖန်တီးထားသည့် မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်ထဲတွင် ပါဝင်ပတ်သတ်နေသည်ဆိုပါက ဇာတ်လမ်းသည် တစ်မျိုးတစ်ဖုံဖြစ်သွားလိမ့်မည်။

အကယ်၍ မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်အား ကျင်းမင်ခိုင်၏သွေးကို သုံး၍ လုပ်ထားပါက ဝမ်ရှင်းဖန်းသည် သားဖြစ်သူ ဒုက္ခမရောက်စေရေးအတွက် သေချာပေါက် ထိုအကြောင်းကို များများစားစား စဥ်းစားတွေးခေါ်ပြီးမှသာ ဖြေမည်ဖြစ်သည်။ သို့သော် ယခုအခါ ထိုသွေးပိုင်ရှင်မှာ ကျင်းရှို့ဖြစ်နေသဖြင့် သူမသည် ထိုကိစ္စအား လုံးဝဂရုမစိုက်သည်မှာ အသိအသာပင်။

"သူ မသိဘူး။ ငါ့ကို အဲဒီမိန်းမက သွေးနမူနာလိုတယ်လို့ပဲ ပြောခဲ့တာဆိုတော့ ငါ ဆေးခန်းကိုသွားပြီး ဆေးထိုးအပ်တစ်ချောင်း ငှားရင်းနဲ့ သွေးဘယ်လိုထုတ်ရမလဲဆိုတာ သင်လာလိုက်တာ"

ဝမ်ရှင်းဖန်း၏ စကားဆုံးသောအခါ ဘေးမှရပ်ကြည့်နေသူများသည် ကျင်းရှို့အား ကရုဏာသက်စွာဖြင့် ကြည့်လိုက်ကြသည်။

အမေတစ်ယောက်သည် သူတို့၏ သမီးအရင်းအား အဘယ်ကြောင့်များ ဤကဲ့သို့ဆက်ဆံနိုင်သနည်း။

ထိုအခိုက်၌ ကျင်းရှို့၏ မျက်နှာသည် ချက်ချင်းဖြူဖတ်ဖြူလျော်ဖြစ်သွား၍ သူမ၏သွေးကို လိုချင်နေသောအချိန်က မိဘများပြောခဲ့သည့်စကားများကို သတိရသွား၏။ သူမသည် ငယ်စဥ်ကတည်းက အလုပ်ကြိုးစားခဲ့၍ မကြာမီ၌ အထက်တန်းကျောင်းစာမေးပွဲလည်း နီးလာပြီဖြစ်ရာ ကျန်းမာရေးနှင့်ပတ်သတ်ပြီး စိတ်ချရစေရန် ကြိုတင်ပြင်ဆင်ထားခြင်းက ပိုကောင်းသဖြင့် ကျန်းမာရေးစစ်ဆေးမှုလုပ်ရန် သွေးနမူနာလိုချင်သည်ဟု သူတို့က ပြောခဲ့သည်။

သူတို့သည် သူမအတွက် တစ်ခါမှ စိတ်မပူပေးဖူးသောကြောင့် ပထမ၌ ထူးဆန်သည်ဟု ခံစားလိုက်ရသော်လည်း သူတို့က သူမ၏ ကျန်းမာရေးအား စိုးရိမ်ပေးနေသဖြင့် သူမလည်း ပျော်ရွှင်ကျေနပ်သွားကာ မေးခွန်းများ ထပ်မမေးတော့ပေ။

သို့သော် ယခု ပြန်စဥ်းစားကြည့်သောအခါ ထိုကိစ္စမှာ သိသာလွန်းလှ၏။ သူမသည် ထိုအချိန်က မိဘများအား သူမ၏ မောင်ဖြစ်သူကိုလည်း ကျန်းမာရေးစစ်ဆေးပေးရန် ပြောသောအခါ သူတို့သည် ချက်ချင်း မျက်နှာပျက်သွားခဲ့သည်။

သူတို့သည် သားဖြစ်သူကိုမူ ထိုကဲ့သို့ အသုံးချရန် ဆန္ဒမရှိကြောင်း အသိအသာပင်။

သူမသည် ငယ်စဥ်ကတည်းက အမြဲတမ်း အမှားများသာ လုပ်တတ်၍ တုံးအ,သူဖြစ်ရာ မိဘများအား မြှောက်ပင့်၍ ပေါင်းတတ်သော ကျင်းလင်နှင့်မတူသလို သူမ၏ လိင်ကို မပြောင်းလဲနိုင်ဘဲ သားယောကျ်ားလေးတစ်ယောက်လည်း ဖြစ်မလာနိုင်ရာ သူမ၏ ကံတရားကိုသာ လက်ခံ၍ သမီးလိမ္မာတစ်ယောက် ဖြစ်လာခဲ့သည်။ ကျောင်းသားများစွာက သူမအား အထင်သေးကြလျှင်တောင်မှ သူမသည် အတန်းဖော်များနှင့် တတ်နိုင်သမျှ ပြေလည်အောင် ချော့မော့ပေါင်းသင်း၍ မိဘများထံမှ သဘောကျနှစ်ခြိုက်မှုကို ရရှိရန် ကြိုးစားခဲ့၏။

သို့သော် ယခု ထိုအရာအားလုံးက အရေးမပါသည့် ကိစ္စများသာဖြစ်၍ အလိမ်အညာများသာ ဖြစ်သည်။

ကျင်းရှိူ့၏ မိဘများသည် သူမအား တစ်ပါးသူများကို လိမ်ညာလှည့်ဖြားရာ၌ အသုံးချခဲ့၏။ သူမသည် ထိုအကြောင်းကို တိတ်တဆိတ် သိနေခဲ့သော်လည်း ထုတ်မပြောခဲ့သည်ဖြစ်ရာ သူမ၏ ရေငုံနှုတ်ပိတ်နေမှုအား လိမ်ညာမှုတစ်ခုအဖြစ် ယူဆနိုင်၍ သူမနှင့် ကြံရာပါတစ်ယောက်၏ ကြား၌ မည်သည့်ကွာခြားချက် ရှိမည်နည်း။ ကျင်းရှို့သည် ရုတ်တရက် သူမကိုယ်သူမ အော်ဂလီဆန်လာသလို ခံစားလိုက်ရ၏။

ဝမ်ရှင်းဖန်း၏ စိတ်နေသဘောထားနှင့် သူမ၏ ပါးစပ်မှ ထွက်သောစကားလုံးများသည် တူတစ်ချောင်းအလား လူတိုင်းကို ရင်ကို ရိုက်ခတ်သွား၍ အသက်မရှုနိုင်အောင်ပင် ဖြစ်သွားစေသည်။

ရွာသားများသည် ကျင်းမိသားစု၏ သမီးမိန်းကလေးများအပေါ်၌ထားရှိသည့် သဘောထားကို သိထားပြီးဖြစ်၍ ထိုစကားများက သူတို့အပေါ်ရိုက်ခတ်မှုမရှိသော်လည်း သတင်းထောက်များနှင့် အင်တာနက်အသုံးပြုသူများကမူ ဆေးခါးကြီးတစ်တောင့်ကို မြိုချလိုက်ရသကဲ့သို့ ခံစားလိုက်ရ၏။

သူတို့အားလုံးသည် သူတို့ကိုယ်သူတို့ မှန်သည့်ဘက်၌ ရပ်တည်သူများဟုသာ ထင်ခဲ့ကြသော်လည်း လက်တွေ့၌ သူတို့သည် လူမိုက်အားပေးများ ဖြစ်နေခဲ့ကြသည်သာ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now