Chapter 276

405 45 0
                                    

Chapter 276 : အစွန်းရောက်ခြင်း


ထိုသတင်းထောက်သည် လူအုပ်ကြီး၏ အနောက်သို့ ပြန်လည်ဆုတ်ခွာသွားပြီး အခြားသတင်းထောက်တစ်ယောက်သည်လည်း ဘေးနားရှိ ချောင်ဝေ့မင် မှင်သက်တွေဝေနေသည်ကို မြင်သောအခါ အခွင့်အရေးကို ချက်ချင်းပင် အမိအရဖမ်းဆုပ်လိုက်ပြီး မေးလိုက်သည်။

"ကျင်းယွင်ကျောင်း၊ ခုနတုန်းက မင်းပြောခဲ့သမျှက အမှန်တွေဆိုရင်တောင်မှ မင်းက ချမ်းသာတဲ့သူကို မျက်နှာပေးပြီး ဆင်းရဲတဲ့သူကိုတော့ နှိမ့်ချတယ်ဆိုတဲ့အချက်ကို အကြောင်းပြချက်ပေးဖို့ မလုံလောက်သေးဘူးလေ။ တကယ်လို့ မင်းရဲ့မွေးစားမိဘတွေက မင်းကို ဆိုးဆိုးဝါးဝါး ဆက်ဆံခဲ့တယ်ဆိုရင် မင်းရဲ့မိဘအရင်းတွေက မင်းကို အိမ်တံခါးဝအထိ လာရှာတဲ့အချိန်မှာ မင်းက သူတို့ကို ပိုပြီးတော့တောင် တန်ဖိုးထားသင့်တာလေ။ ဒါပေမယ့် မင်းက ဘာကြောင့် သူတို့ကို အသိအမှတ်မပြုခဲ့တာလဲ"

ထိုအခါ ကျင်းယွင်ကျောင်းက သူမ၏ ဝှက်ဖဲဖြစ်သည့် မိဘအရင်းဟုတ်၊ မဟုတ် စစ်ဆေးချက်စာရွက် သူမ၏အိတ်ထဲ၌ ရှိသည်ကို သတိရသွားပြီး စိတ်အေးသွားသည်။

ထို့ကြောင့် မေးခွန်းအားကြားသောအခါ သူမသည် ရယ်စရာကောင်းသည်ဟုသာ သတ်မှတ်လိုက်၏။

"ဒါဆိုရင် ပြောပါဦး။ ကျွန်မက ဘာကြောင့် သူတို့ကို အသိအမှတ်ပြုသင့်တာလဲ"

"သူတို့က မင်းရဲ့မိဘအရင်းတွေလေ"

တစ်ဖက်လူက ချက်ကျလက်ကျ တုံ့ပြန်လိုက်သည်။

"ကျင်းမိသားစုမှာ ကလေးဘယ်နှစ်ယောက်ရှိလဲ"

ကျင်းယွင်ကျောင်းက ပြုံး၍ မဆိုင်သောမေးခွန်းတစ်ခုကို ရုတ်တရက် ထမေးလိုက်၏။

"သုံးယောက်လား"

ထိုသူများက မရေမရာပြန်ဖြေလာသည်။

သုံးယောက်ပဲရှိသင့်တာ မဟုတ်လား။ ငါသွားတုန်းက မိန်းကလေးတစ်ယောက်ပဲ မြင်ခဲ့ပေမဲ့ နောက်ထပ် သားတစ်ယောက်နဲ့ သမီးတစ်ယောက် ရှိသေးတယ်လို့ ကြားတယ်။ သုံးယောက်လုံးကို ကျောင်းထားရမှတော့ သူတို့ဘဝက ခက်ခဲပြီပေါ့။

"အိုး...ဒါဆိုရင် သူတို့မှာ သားသမီးသုံးယောက်ရှိတာ ရှင်တို့လည်း သိပြီးသားပဲ။ သူတို့က သားယောက်ျားလေးကို သမီးမိန်းကလေးထက် ပိုပြီးဦးစားပေးတာကြောင့် မဖြစ်မနေ စွန့်ပစ်ခဲ့ရတဲ့ သူတို့ရဲ့အကြီးဆုံးသမီးက ကျွန်မပါလို့ သူတို့အားလုံးက ပြောကြတယ်။  အရင်က ကျွန်မဘဝထဲမှာ သူတို့ကို လက်သင့်ခံဖို့ ကြိုးစားခဲ့ပေမယ့် အန်တီဝမ်က ကျွန်မကို ပြောလာတယ်။ အကြီးဆုံးသမီးတစ်ယောက်အနေနဲ့ ကျွန်မရဲ့မောင်ကို ပြုစုစောင့်ရှောက်ဖို့ ကျောင်းထွက်ပြီး အိမ်မှာပဲ နေရမယ်တဲ့။ အချိန်အကြာကြီးပျောက်နေတဲ့ သမီးကို ရှာတွေ့တဲ့အချိန်မှာ သူတို့ပထမဆုံး လုပ်တဲ့အရာက အဲဒီသမီးမှာ မရှိတဲ့အရာကို ဖြည့်ဆည်းပေးဖို့ ကြိုးစားတာမဟုတ်ဘူး။ အဲဒီအစား သမီးဖြစ်တဲ့သူက လက်ရှိအချိန်မှာ ကိုယ်ပိုင်အစွမ်းအစနဲ့ကြိုးစားအားထုတ်ပြီး ရလာတဲ့အရာအားလုံးကို အတင်းအကြပ်ဖိအားပေးပြီးယူဖို့ ကြိုးစားတာပဲ"

သို့ရာတွင် သတင်းထောက်က ခေါင်းယမ်းလိုက်ပြီး ...

"ကျင်းယွင်ကျောင်း၊ အခု မင်းရဲ့အတွေးတွေက အစွန်းရောက်လွန်းနေတယ်ဆိုတာ မင်းကိုယ်တိုင် ဝန်ခံနေတာလား။ မင်းက ကျင်းမိသားစုရဲ့သမီးပဲ။ မင်းရဲ့မိဘတွေက သားသမီးလေးယောက်လုံးကို မြေတောင်မြှောက်ပေးနိုင်တဲ့ အစွမ်းအစမရှိလို့ ဒီလိုမျိုး ဆုံးဖြတ်ချက်ချလိုက်ရတာက ပုံမှန်ပဲလေ။ မင်းက ဒီလိုမျိုး အစွန်းရောက်တဲ့အကြောင်းရင်းတွေကို စွပ်စွဲချက်တစ်ခုအနေနဲ့သုံးပြီးတော့ မင်းရဲ့မိဘအရင်းတွေကို ဆက်ပြီးငြင်းပယ်နေလို့မရဘူး မဟုတ်လား"

"ဒါ့အပြင် မင်းရဲ့မိဘတွေက မင်းနဲ့သူတို့ကြားက ဆက်ဆံရေးကို ပြန်ပြီးထိန်းသိမ်းဖို့ ကြိုးစားခဲ့တာတောင်မှ မင်းက မောင်ဖြစ်တဲ့သူရဲ့အသက်နဲ့ သူတို့ကို ခြိမ်းခြောက်ခဲ့သေးတယ်ဆိုတာကတော့ အမှန်တရားပဲလေ၊ ငါပြောတာ မှန်တယ်မဟုတ်လား"

သတင်းထောက်က ဆက်၍ ပြဿနာရှာနေသည်။ သူပြောနေစဥ်မှာပင် နောက်ထပ်သတင်းထောက်က ကြားဖြတ်ဝင်ပြောပြန်၏။

"သူတို့ကို ခြိမ်းခြောက်ရုံတင် မဟုတ်ဘူး။ ကျင်းယွင်ကျောင်း၊ မင်းနဲ့ မင်းရဲ့ချမ်းသာတဲ့ရည်းစားက ဒီနေရာမှာရှိနေတဲ့ ရွာသားတိုင်းကို တစ်ကိုယ်လုံးဒဏ်ရာရတဲ့အထိ ရိုက်ခဲ့သေးတယ်ဆို။ မင်း သူတို့ကို တောင်းပန်သင့်တယ်လို့ မထင်ဘူးလား"

အမှန်တကယ်ပင် ဤရွာသားများသည် သူမထက် သက်ကြီးဝါကြီးများ ဖြစ်ကြသည်။ လက်တွေ့၌ အငယ်တစ်ယောက်အနေနှင့် သူမသည် ထိုကဲ့သို့သောကိစ္စမျိုးကို လုပ်ခဲ့သည်ဆိုသည်အား မယုံနိုင်ပေ။

ထိုအခါ ကျင်းယွင်ကျောင်းက ထိုသတင်းထောက်အမျိုးသားနှစ်ယောက်အား တစ်ချက်ကြည့်၍ ပြောလိုက်သည်။

"ရှင်က ကျွန်မကို မေးခွန်းတစ်ခုမေးရုံပဲ၊ ဒါပေမယ့် ရှင်က ရှင့်ရဲ့မေးခွန်းက မလေးနက်ဘူးလို့ထင်တဲ့အတွက်ကြောင့် တခြား မဆိုင်တဲ့ ရှင့်ရဲ့ထင်မြင်ချက်တွေကိုပါ ထည့်မေးခဲ့တယ်။ ဒါဆိုရင် ရှင်တို့နှစ်ယောက်က တစ်ဖက်တည်းမှာရပ်နေကြတော့ ရှင်တို့က ချိန်းတွေ့နေကြတယ်လို့ရော ကျွန်မ ပြောလို့ရလား။ ရှင်တို့ရဲ့အတွေးအခေါ်ကြီးက ထူးဆန်းမနေဘူးလား"

"မတူဘူးလေ၊ ငါတို့က ယောက်ျားလေးနှစ်ယောက်..."

"ဘာကွာလို့လဲ။ လိင်တူစုံတွဲကြားက အချစ်တောင် ရှိသေးတာပဲ"

ကျင်းယွင်ကျောင်း အလွယ်တကူပင် ပြန်လည်ချေပလိုက်၏။

သူမစကားဆုံးသည်နှင့် လူများစွာ၏ မျက်နှာများက နီရဲသွားကြသည်။

"မင်းတို့နှစ်ယောက်ကြားမှာ ဘာမှမရှိရင်တောင်မှ မင်းက မင်းရဲ့မိဘတွေနဲ့သူတို့ရဲ့မိတ်ဆွေတွေကို ရိုက်နှက်ခဲ့တယ်ဆိုတာတော့ အမှန်ပဲလေ။ ကျင်းယွင်ကျောင်း၊ မင်းရဲ့မိဘတွေကိုလည်း ကြည့်ဦး၊ သူတို့က ဒီအသက်အရွယ်တောင် ရောက်နေပြီ၊ သားသမီး သုံးလေးယောက်ကို ပြုစုပျိုးထောင်ပေးရဦးမယ်၊ ပြီးတော့ မင်းရဲ့မောင်တွေညီမတွေကလည်း မူလတန်းနဲ့အလယ်တန်းပဲ ရှိသေးတာ။ သူတို့က မင်းကိုအချိန်အကြာကြီး လိုက်ရှာခဲ့ရတာတောင်မှ မင်းက သူတို့ကို ဒီလိုဆက်ဆံတယ်။ မင်းမှာ အသိတရားရော ရှိသေးရဲ့လား။ သူတို့က မင်းကိုမွေးပေးခဲ့တာတောင်မှ မင်းကတော့ သူတို့ကို ဆင်းရဲလို့ဆိုပြီး အထင်သေးတယ်"

ထိုသတင်းထောက်က တရားစောင့်နတ်သမီးအလား ဟောပြောဆုံးမလာ၏။ ထိုသို့ သတင်းထောက်က ဆက်လက်၍ ဟောပြောပို့ချနေစဥ်မှာပင် ကျင်းထျယ်ကျွင်းသည် သူ၏ မိသားစုဝင်များနှင့်အတူ ငါးဦးစလုံး လူလုံးထွက်ပြလာသည်။ ထို့နောက် သူသည် ကျင်းယွင်ကျောင်းအား မျက်နှာမူ၍ ရုတ်တရက် မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်တော့၏။

"ရှောင်ယွင်၊ အမေ အမှားလုပ်ခဲ့မိပါတယ်။ မင်း ဘာလို့ အမေနဲ့အတူ အိမ်ပြန်လိုက်မလာတာလဲ"

ဝမ်ရှင်းဖန်းက အသံကို အမြင့်ဆုံးတင်ပြီး စတင်၍ အော်ဟစ်ငိုယိုပြလာသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now