Chapter 302

395 40 0
                                    

Chapter 302 : အချို့က ပျော်ရွှင်နေချိန်မှာ အချို့ကတော့ စိုးရိမ်နေတယ်

ဒုတိယမြို့တော်ဝန်က အွန်လိုင်းပေါ်တွင် ပြန့်နေသည့် ကောလဟာလများအကြောင်း ပြောသည်ကိုကြားသောအခါ ပတ်ဝန်းကျင်မှ လူများအားလုံးက အာရုံစိုက်လာကြသည်။

"စိတ်ပူပေးလို့ ရှင်တို့အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။ ဒါပေမယ့် အားလုံး အဆင်ပြေသွားပါပြီ"

ကျင်းယွင်ကျောင်းက ပြုံး၍ ပြန်ဖြေလိုက်၏။

ကျင်းယွင်ကျောင်းက စိတ်လှုပ်ရှားနေသည့် အရိပ်အယောင်တစ်ချက်လေးမှပင်မရှိဘဲ ရာထူးအဆင့်အတန်းမြင့်သူများစွာနှင့် တည်တည်ငြိမ်ငြိမ် ပြောဆိုဆက်ဆံနေသည်ကိုမြင်သောအခါ ချူးရုန်က သူသည် သူ၏ ဘဝအား အလဟဿဖြုန်းတီးမိခဲ့သလို ခံစားလိုက်ရသည်။ ကျင်းယွင်ကျောင်းသည် ချူးရုန်ထက် အနည်းဆုံး ဆယ်နှစ်ကျော်မျှငယ်သော်လည်း သူ့ထက် ပို၍ တည်ငြိမ်၏။ ကျင်းယွင်ကျောင်းသည် များများစားစား ရှင်းပြစရာမလိုဘဲ သူမ၏ သာမန်စကားတစ်ခွန်းတည်းနှင့်ပင် ဘေးလူများ၏ သံသယများကို ဖြေရှင်းနိုင်သည်။

ဤနေရာတွင် ရှိနေကြသူများအားလုံးသည် ပရိယာယ်များသော မြေခွေးအိုကြီးများသာဖြစ်ကြ၍ ကျင်းယွင်ကျောင်းအား အမှန်တကယ် စိတ်ပူနေကြသူများ မဟုတ်ပေ။ သူတို့၏ စိတ်ပူနေသော စကားများသည် လောကဝတ်အရသာ ဖြစ်သည်။ ထို့ကြောင့် ကျင််းယွင်ကျောင်းကသာ သူမ, မကြာသေးမီက ဒုက္ခရောက်ခဲ့ရသည်များကို ပြောပြပါက စကားဝိုင်းသည် ကိုးရိုးကားယား ဖြစ်သွားလိမ့်မည်။

လက်တွေ့၌ ဤမြေခွေးအိုကြီးများနှင့် ကျင်းယွင်ကျောင်းသည် အတော်လေး အသက်ကွာသည်ဖြစ်ရာ ကျင်းယွင်ကျောင်းက သူတို့အား စကားအမျှင်မပြတ်ပြောမိပါက သူတို့သည် သူမအပေါ် မည်သို့အကောင်းမြင်နိုင်တော့မည်နည်း။

ထို့ကြောင့် ကျင်းယွင်ကျောင်း၏ သာမန်ဖြေရှင်းချက်တစ်ခုနှင့် သူတို့၏ စိုးရိမ်ပေးမှုကို တုံ့ပြန်လိုက်ခြင်းသည် လူတိုင်းအား အချိန်ကုန်သက်သာစေ၍ လူအုပ်ကြီးသည် သူမအပေါ် ပို၍ပင် အထင်ကြီးလာစေ၏။

ချူးရုန်သည်လည်း ကျင်းယွင်ကျောင်းအား သူ၏ စိတ်ထဲမှ လက်မ, မထောင်ပြဘဲ မနေနိုင်တော့ချေ။

ပိုင်ယွီအန်းက ကျင်းယွင်ကျောင်း ပေးအပ်သမျှ တာဝန်တိုင်းကို အလေးအနက်ထား၍ ပြီးမြောက်အောင်လုပ်ပေးသည်မှာ အံ့သြစရာ မဟုတ်တော့။ ချူးရုန်နှင့် စကားပြောသည့်အခါတိုင်း ပိုင်ယွီအန်းသည် ကျင်းယွင်ကျောင်းအား မဆုံးနိုင်အောင်ပင် ချီးမွမ်းတတ်သည်။ ယခုအခါ ကျင်းယွင်ကျောင်း၏ အရှိန်အဝါကို အထင်အရှားတွေ့မြင်လိုက်ရသဖြင့် ချူးရုန်သည် ပိုင်ယွီအန်း၏ စကားကို ယုံကြည်ရန် လုံလောက်သွားပေပြီ။

ကျင်းယွင်ကျောင်းက ယနေ့ မျက်နှာထွက်ပြရခြင်းမှာ ထိုသြဇာရှိသောသူများ အားလုံးနှင့် သူမ၏ အကြားရှိ ဆက်ဆံရေးကို ထိန်းသိမ်းရုံအတွက်သာဖြစ်ပြီး သူမက စကားအများကြီးမပြောတော့ဘဲ အဖိုးထန်၏ ဘေးတွင်သာ ဝင်ထိုင်လိုက်သည်။

ထိုအချိန်၌ အခြားလူများသည်လည်း စိတ်အေးလက်အေး ဖြစ်သွားကြပြီး လက်ဖက်ရည်သောက်ရင်း ဆိုင်၏ တိတ်ဆိတ်အေးချမ်းမှုကို သဘောတကျဖြင့် အချင်းချင်း ခပ်တိုးတိုး စကားစမြည်ပြောနေကြ၏။

"အဖိုးထန်၊ အဖိုးကိုယ်တိုင် ဒီကိုလာမယ်လို့ ကျွန်မ တစ်ခါမှ မမျှော်လင့်ထားဘူး။ ကျွန်မ ဂုဏ်ယူမိပါတယ်"

ကျင်းယွင်ကျောင်းက ပြုံး၍ ပြောလိုက်ရင်း သူမကိုယ်တိုင် လက်ဖက်ရည်နှပ်ပေးလိုက်သည်။

ထိုအခါ အဖိုးထန်က နှုတ်ခမ်းသပ်ရင်း ပြန်ဖြေလိုက်၏။

"အရင်တစ်ခေါက်ပြီးကတည်းက ငါ မင်းနဲ့ မတွေ့တာလည်း ကြာပြီလေ။ ပြီးတော့ ဟွားနင်ခရိုင်က ဖုန်းရွှေကလည်း ကျန်းမာရေးအတွက် အထောက်အကူဖြစ်တယ်။ ဒါကြောင့် ငါ့လို အဖိုးကြီးတစ်ယောက်က နည်းနည်းပါးပါး အသက်ရှည်ရှည်လေးနေရဖို့ ဒီကိုလာရတာပေါ့ကွယ်"

ကျင်းယွင်ကျောင်းက ပြုံး၍ ခေါင်းငြိမ့်ပြလိုက်သည်။

ထို့နောက် အဖိုးထန်၏ မျက်လုံးများက လက်ခနဲဖြစ်သွားပြီး ဟယ့်မိသားစုကိစ္စနှင့် ပတ်သတ်၍ သူ၏ လိပ်ပြာမလုံဖြစ်နေမှုကို ဖုံးကွယ်ရန်အတွက် လက်ဖက်ရည်ကိုသာ ငုံ့သောက်နေလိုက်၏။

မကြာသေးမီက ဟယ့်မိသားစုပါဝင်နေသည့် ပြဿနာဖြစ်ခဲ့၍ ထန်လင်းသည် သူ၏ အခြေအနေအရ ကျဥ်းထဲကြပ်ထဲကျနေသဖြင့် ကျင်းယွင်ကျောင်းအား မကူညီနိုင်ခဲ့ပေ။ တစ်ချိန်တည်းမှာပင် သူသည် ထိုဖြစ်ရပ်ကြောင့် သူနှင့်ကျင်းယွင်ကျောင်း၏ ဆက်ဆံရေးသည် ခပ်တန်းတန်းဖြစ်သွားမည်ကို စိုးရိမ်နေ၏။ ထို့ကြောင့် ကျင်းယွင်ကျောင်းက သူ မြည်းစမ်းရန်အတွက် လက်ဖက်ခြောက်ထုပ်အနည်းငယ် ပို့ပေးချင်နေသည်ဟု ကြားသောအခါ ဤနေရာသို့ ချက်ချင်း ကိုယ်တိုင်ကိုယ်ကျ ထွက်လာခဲ့ခြင်းဖြစ်သည်။

ထက်မြက်သောသူများသည် အခြားသူများ၏ လုပ်ရပ်များ နောက်ကွယ်မှ ဖုံးကွယ်ထားသော ရည်ရွယ်ချက်များကို ကောင်းစွာနားလည်နိုင်သည်။ သူသည် ဤမိန်းကလေးငယ်လေးအား ပါးစပ်မှထုတ်ပြော၍ တောင်းပန်လျှင် သူ၏ အသက်အရွယ်အရ အရှက်ရစရာ ဖြစ်ပေလိမ့်မည်။ ထို့ကြောင့် ကျင်းယွင်ကျောင်း၏ လက်ဖက်ရည်ဆိုင်သို့လာခဲ့သည့် သူ၏ ရည်ရွယ်ချက်အစစ်အမှန်ကို သူမ ကောင်းစွာသိမြင်နိုင်သင့်ပေ၏။

ထိုအခါ ကျင်းယွင်ကျောင်းသည်လည်း အဖိုးထန်၏ ရည်ရွယ်ချက်ကို အလိုလို သိရှိနားလည်၍ သူ့ကို အပြစ်မတင်ပေ။ လက်တွေ့၌လည်း ထိုဖြစ်ရပ်ကို ဟယ့်မိသားစုကသာ ဖန်တီးခဲ့ခြင်းဖြစ်ရာ ထန်မိသားစုအား မည်သို့အပြစ်တင်နိုင်မည်နည်း။

သူမ၏ နားလည်ပေးမှုကြောင့် စကားဝိုင်း၏ အခြေအနေသည်လည်း လိုက်လျောညီထွေမှု ရှိနေ၏။

ကျောက်စိမ်းဝိညာဥ်လက်ဖက်ရည်ဆိုင် အလွန်စည်ကား အသက်ဝင်နေချိန်တွင် လမ်းတစ်ဖက်ရှိ 'မူလပထမ' လက်ဖက်ရည်ဆိုင်မှလူများသည် အံတကြိတ်ကြိတ် ဖြစ်နေကြသည်။

ကျန်မိသားစုဝင် သုံးယောက်သည် အသစ်ဖွင့်ထားသော လက်ဖက်ရည်ဆိုင်ရှေ့ရှိ ကားမျိုးစုံကို စောင့်ကြည့်နေကြ၏။ သူတို့ကြည့်နေစဥ်မှာပင် ကျောက်စိမ်းဝိညာဥ် လက်ဖက်ရည်ဆိုင်မှ လက်ခံရရှိသော ဂုဏ်ပြုပန်းခြင်းများမှာ အတန်းအရှည်ကြီးဖြစ်လာသည်အထိ များပြားလာရာ သူတို့သည် ထိုဆိုင်၏ ဆိုင်းဘုတ်ကို သွားရောက် ဖျက်ဆီးချင်သည်အထိ ဒေါသထွက်လာကြသည်။

ကျန်မိသားစု လက်ဖက်ရည်ဆိုင်သည် မူလက ဤပတ်ဝန်းကျင်၌ တစ်ဆိုင်တည်းသော လက်ဖက်ရည်ဆိုင်ဖြစ်ရာ အကျိုးအမြတ်များစွာရှိခဲ့၏။ လက်ဖက်ရည်သမားများက သူတို့၏ လက်ဖက်ရည်ဆိုင်သို့ အုပ်စုလိုက် လာရောက်အားပေးလေ့ရှိသော်လည်း ရင်ကွဲမြက်ကိစ္စဖြစ်ပြီးနောက်တွင်မူ လက်ဖက်ရည်ဆိုင်သည် လုံးဝခြောက်ကပ်သွား၍ စီးပွားရေးအရသာ ဖွင့်ထားရသော်လည်း ဆိုင်ထဲတွင် ခွေးတစ်ကောင်၊ ကြောင်တစ်မြီးမှ မရှိတော့ပေ။

"ဒီဆိုင်က လက်ဖက်ရည်က လူသတ်လုနီးပါးပဲဟေး"

ထိုကဲ့သို့သော ကောလဟာလများကို ကြားပြီးနောက် မည်သူက သူတို့၏ လက်ဖက်ရည်ဆိုင်သို့ လာရဲတော့မည်နည်း။

သူတို့သည် ကာလရှည်ကြာ အားပေးလာသည့် ဖောက်သည်များကို ကိုယ်တိုင်ကိုယ်ကျ ဖုန်းဆက်၍ ရှင်းပြသော်လည်း ထိုသူများက လုံးဝ ဂရုမစိုက်ကြတော့။

ထိုသို့ သူတို့၏ စီးပွားရေး ကျဆင်းနေချိန်တွင် လက်ဖက်ရည်ဆိုင်သစ်တစ်ဆိုင် ဖွင့်လိုက်ခြင်းက သူတို့၏ မျက်နှာအား ဖြတ်ရိုက်လိုက်သလိုပင်။

"အဖေ၊ အဲဒီလက်ဖက်ရည်ဆိုင်ကို ဘယ်သူဖွင့်တာလဲ။ ဘာလို့ ကားတွေအများကြီး ရောက်နေတာလဲ။ အထဲကိုဝင်သွားတဲ့လူတွေက ဒီလောက်အချိန်တွေကြာနေတာတောင် ထွက်မလာကြသေးဘူး။ အဲဒီဆိုင်ထဲမှာ ဘာမှလုပ်စရာမရှိဘူး မဟုတ်လား"

ထိုဆိုင်ကို အလွန်စိတ်ဝင်စားနေသော ကျန်ရှက မေးလိုက်သည်။

ချောင်ဟုန်ယဲ့ ပျောက်သွားပြီးကတည်းက ကျန်ရှသည် ရက်အနည်းငယ်ကြာအောင် စိတ်ဓါတ်ကျ၍ နာကျင်နေခဲ့၏။ သို့ရာတွင် ကိုယ့်ကိုကိုယ် အချိန်ခဏကြာအောင် ကုစားပြီးသည့်နောက် သူ၏ နှလုံးသားဒဏ်ရာမှာ အပြည့်အဝ အနာကျက်သွား၍ သူ၏ စိတ်အခြေအနေမှာလည်း ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့လေသည်။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Où les histoires vivent. Découvrez maintenant