Chapter 287

412 46 0
                                    

Chapter 287 : ပြီးပြည့်စုံသော မြေးချွေးမလေး


အချိန်တစ်ခုသာ လိုအပ်သည်။ သုံးနှစ်အတွင်း၊ အများဆုံး သုံးနှစ်ကြာပြီးနောက် ဟယ့်မိသားစုအား သူမ၏ ခြေထောက်အောက်၌ နင်းခြေပစ်မည်။

ကျင်းယွင်ကျောင်းက စကားနည်းနေသည်ကိုမြင်သောအခါ ထန်ကျစ်ဟွားသည် ပို၍ပင် ရှက်ရွံ့လာ၏။ ခဏကြာပြီးနောက်တွင် သူသည် ကျင်းယွင်ကျောင်း စကားပြန်ပြောလာသည်ကို ကြားလိုက်သည်။

"ငါက နင့်ရဲ့ဆေးကုသစရိတ်ကို ယူထားပြီး နင့်ကို ဆေးကုပေးဖို့ကြိုးစားနေတာဆိုတော့ ငါ့အတွက် စွန့်စားမှုတချို့နဲ့ ကြုံတွေ့ရတော့မယ်ဆိုတာကို ငါလက်ခံထားပြီးသားပါ။ အရာအားလုံးက နင့်ကြောင့်ဖြစ််တာဆိုပြီး နင့်ကိုယ်နင် အပြစ်တင်မနေပါနဲ့။ ဒီကိစ္စကို အဖိုးထန် ဘယ်လိုကိုင်တွယ်မယ်ဆိုတာ ငါဂရုမစိုက်ဘူး။ ဒါပေမယ့် အဖိုးကို ဒီစကားလေးတော့ ပါးပေးဦး။ အခု ငါ သူ့ကို အခက်တွေ့အောင် မလုပ်ဘူး။ ဒါပေမယ့် အနာဂတ်မှာ ဟယ့်မိသားစု ငါ့လက်ထဲရောက်လာတဲ့အချိန်ကျရင် သူကလည်း ငါ့ကို အခက်တွေ့အောင် မလုပ်ဖို့ မျှော်လင့်ပါတယ်"

ထန်ကျစ်ဟွားသည် သိသိသာသာပင် အံအားသင့်သွား၏။

ကျင်းယွင်ကျောင်း၏ လေသံက အနည်းငယ် စိတ်ကြီးဝင်နေပုံပေါက်သော်လည်း ထိုစကားအား သူ ယုံကြည်သည်။

"ဟုတ်ပြီ။ အဲဒီအချိန်ကျရင် ထန်မိသားစုက ဝင်မနှောက်ယှက်ပါဘူးလို့ ငါ ကတိပေးတယ်"

ထန်ကျစ်ဟွားက ချက်ချင်း ပြန်ဖြေလိုက်၏။

ထိုအခါ ကျင်းယွင်ကျောင်းက ခေါင်းညိတ်ပြလိုက်ပြီး ထန်ကျစ်ဟွား သူ့ကိုယ့်သူ အပြစ်မတင်တော့ဘဲ စိတ်သက်သာရာရစေရန် ပုံမှန်အတိုင်းပင် ဆက်ဆံလိုက်သည်။

သို့ရာတွင် ဟယ့်မိသားစုက ထိုကဲ့သို့ ကျူးလွန်ပြီးနောက် သူသည် အနည်းငယ် ကိုယ့်ကိုကိုယ် ယုံကြည်မှုပျောက်ဆုံးနေ၏။ ကန်ကျင်းချန်နှင့် ကျင်းယွင်ကျောင်းသည် ဆေးပညာနယ်ပယ်၌ စိတ်ဝင်စားကြသည့် ဝါသနာတူများဖြစ်၍ ကျီသာ့ယုံးသည်လည်း အတန်းခေါင်းဆောင်းဖြစ်သောကြောင့် သူမနှင့် အတန်း၏ အရေးကိစ္စများကို ဆွေးနွေးတိုင်ပင်နိုင်သည်။ သို့သော်် သူကရော၊ သူသည် သူမအား တစ်လျှောက်လုံး ဒုက္ခများသာ ပေးခဲ့၏။

ဤခံစားချက်မျိုးသည် ရှက်ဖွယ်ကောင်းလွန်းလှသည်။

မည်သို့ပင်ဆိုစေကာမူ သူသည် ထန်မိသားစု၏မြေးတစ်ယောက် ဖြစ်နေသေး၏။ နင်းမြို့တော်၌ သူနှင့်ပေါင်းသင်းသော မိတ်ဆွေသူငယ်ချင်းများသည် သူ့ကြောင့် ဒုက္ခမဖြစ်ရုံသာမက သူ၏ သူငယ်ချင်းဖြစ်နေသရွေ့ သူတို့သည် အကျိုးအမြတ်များစွာပင် ရရှိကြသေးသည်။ သို့သော် ဟွားနင်ခရိုင်၌မူ သူ၏ အိမ်ရှေ့စံမင်းသားလေး အရှိန်အဝါက ပျောက်ကွယ်သွားသည်ဖြစ်ရာ ဤစိတ်ပိုင်းဆိုင်ရာ ကွာဟချက်သည် ကြီးမားလွန််းလှသည်။

တစ်ဖက်၌ ထန်ကျစ်ဟွားသည် ကျင်းယွင်ကျောင်းအား သူကိုယ်တိုင် ကတိပေးခဲ့၏။ ထို့ကြောင့် သူသည် ကျောင်းမှအပြန်လမ်းတွင် သူ၏ ချစ်လှစွာသော အဖိုးထန်လင်းအား ဖုန်းခေါ်လိုက်သည်။

အကြီးအကဲထန်သည် အချိန်အများစု၌ ဘဏ္ဍာရေး သို့မဟုတ် စီးပွားရေးသတင်းများကို အာရုံစိုက်နေရသောကြောင့် လူမူရေးသတင်းများနှင့်ပတ်သတ်၍ အာရုံမစိုက်နိုင်ပေ။ ထန်ကျစ်ဟွားက သူ့အား ဖုန်းဆက်အကြောင်းကြားပြီးမှသာ သူသည် ယနေ့ မနက်ခင်း၌ ကျင်းယွင်ကျောင်း ဒုက္ခအကြီးအကျယ် ရောက်ခဲ့သည့် သတင်းကိုသိလိုက်ရသည်။ ထို့နောက် သူသည် အွန်လိုင်းပေါ်၌ အထက်ပါ ဝရုန်းသုန်းကားဖြစ်ရပ်နှင့် ပတ်သတ်သည့် သတင်းများကို လိုက်ရှာကြည့်လိုက်၏။ ယခုအချိန်၌ အင်တာနက်သုံးစွဲသူများသည် မနက်ခင်းက ဖြစ်ခဲ့သည့်ကိစ္စ၏ ဗီဒီယိုဖိုင်အစအဆုံးကိုပင် တင်ထားကြပြီးဖြစ်သည်။

အဖိုးအိုသည် အဖြစ်အပျက်အစအဆုံးကို အာရုံစိုက်၍ ကြည့်ရှုခဲ့ပြီး ဗီဒီယိုဖိုင်ဆုံးသောအခါ သူသည် အနည်းငယ် စိုးရိမ်သွား၏။

အထူးသဖြင့် ကျင်းယွင်ကျောင်း၏ နဖူး၌ ဒဏ်ရာရသွားသည်ကို မြင်သောအခါ သူသည်လည်း စိတ်သောက မရောက်ဘဲ မနေနိုင်ချေ။

သူသည် ပို့စ်အောက်ရှိ လူတိုင်း၏ မှတ်ချက်များကိုပင် လိုက်လံဖတ်ရှုခဲ့ပြီး ထိုစကားများအားလုံးသည် အဆိပ်ပြင်းလှ၍ တစ်ယောက်ချင်းစီက ကျင်းယွင်ကျောင်းအား ကြမ်းကြမ်းတမ်းတမ်း စော်ကားပြောဆို၍ ရိုင်းစိုင်းစွာ ဆဲဆိုထားကြသည်များသာ ဖြစ်သည်ကိုလည်း တွေ့လိုက်ရ၏။ ထိုမှတ်ချက်များကိုကြည့်ရုံနှင့်ပင် အခြေအနေသည် မည်မျှပြင်းထန်းခဲ့ကြောင်းကို သူ ကောင်းစွာခန့်မှန်းကြည့်နိုင်သည်။

"ဒီကလေးကတော့၊ သူက တကယ်ပဲ အဲဒီလိုပြောတာလား"

အဖိုးထန်က ဖုန်းထဲမှ ဒေါသတကြီး မေးလိုက်သည်။

"အမှန်ပါပဲ။ အဖိုး ဆက်ပြီးတော့ ဟန်ဆောင်မနေပါတော့နဲ့။ အခု ကျွန်တော်တို့မိသားစုက ဟယ့်မိသားစုအပေါ်  တစ်ခုလောက် ဒုက္ခပေးလိုက်ရင်တောင် အပြင်လူတွေက အဖိုးရဲ့ရည်ရွယ်ချက်တွေကို အတိအကျ ခန့်မှန်းနိုင်မှာမဟုတ်ဘူး။ ပြီးတော့ ဒုက္ခပေးတယ်ဆိုတာကိုတောင် သိမှာမဟုတ်ဘူး"

ထန်ကျစ်ဟွားက ချက်ကောင်းကို နင်း၍ ပြောလိုက်၏။

ဤကိစ္စသည် တစ်ဖက်၌ အကျိုးအမြတ်ရှိသလို နောက်တစ်ဖက်၌လည်း ဒုက္ခများတွဲ၍ ပါလာသည်။

ထို့ကြောင့် မိသားစုနှစ်စုကြားတွင် သူတို့က တစ်ဖက်မိသားစုအား နင်းခြေချင်နေသည်ဟု မည်သို့ပြောနိုင်မည်နည်း။

အကယ်၍ ဤကိစ္စသာ ပြဿနာဖြစ်သွားပါက ထန်မိသားစုနှင့် ပူးပေါင်းလုပ်ကိုင်နေသည့် အခြား ဖွံဖြိုးဆဲကုမ္ပဏီများနှင့် စီးပွားရေးလုပ်ငန်းများသည်လည်း သူတို့အား သတိနှင့် ဆက်ဆံကြတော့မည်မဟုတ်လား။

"မင်း..."

အကြီးအကဲထန်သည် ပါးစပ်ဟလိုက်သော်လည်း ခဏမျှ ပြောစရာစကားလုံး ပျောက်ရှနေ၏။

"အဲဒီလိုဆိုရင်တောင်မှ မင်း ဒီကိစ္စကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်ဖို့ မလိုဘူး မဟုတ်လား။ တကယ်လို့ မင်းက ဒီလိုမျိုးဖြစ်နေရင် အဲဒီကောင်မလေးက ငါတို့မိသားစုကိုပါ သတိကြီးကြီးထားပြီး ဆက်ဆံနေတော့မှာပဲ"

သူ၏ မြေးဖြစ်သူသည် ငတုံးတစ်ယောက်တော့ မဖြစ်နိုင်ဘူး မဟုတ်လား။

သူသည် ထန်မိသားစု၏ မြေးအကြီးဆုံးဖြစ်သူအား ရောဂါအတော်လေး သက်သာပျောက်ကင်းနေပြီဖြစ်သော်လည်း နင်းမြို့တော်သို့ ပြန်မခေါ်ဘဲ ဟွားနင်ခရိုင်၌ ဆက်လက်၍ ပညာသင်ကြားခွင့်ပြုရန်ပင် သဘောတူခဲ့သည်။ ထိုသို့ခွင့်ပြုပေးခြင်း၏နောက်ကွယ်မှ သူ၏ ရည်ရွယ်ချက်သည် သိသာနေပြီ မဟုတ်လား။

ဟယ့်မိသားစုမှ မိန်းကလေးနှင့် နှိုင်းယှဥ်ပါက သူသည် ကျင်းယွင်ကျောင်းကို အများကြီးပို၍ သဘောကျသည်။

အမှီအခိုကင်းစွာနေထိုင်ပြီး ကိုယ့်ကိုကိုယ် တိုးတက်အောင် အမြဲကြိုးစားနေသည့် သူမသည် ဖော်လံဖားတတ်ခြင်းလည်း မရှိသလို ကိုယ်ရည်သွေးလွန်းခြင်းလည်း မရှိပေ။

သူတို့၏ ထန်မိသားစုသည် စီးပွားရေးဆန်ဆန် မိဘချင်းသဘောတူ၍ လက်ထပ်ထိမ်းမြားခြင်းကို မလိုအပ်ပေ။ ထိုကဲ့သို့ ဂုဏ်ရည်အဆင့်အတန်းတူသူချင်း ပေါင်းဖက်ခြင်းက ကောင်းမွန်သော်လည်း သူတို့၌ အခြားရွေးခြယ်စရာများလည်း ရှိနေသည်ဆိုပါက ထိုအရာများကို ထည့်မစဥ်းစားပေးရန် မဖြစ်နိုင်ပေ။

ကျင်းယွင်ကျောင်း၏ ရုပ်ဆင်းသွင်ပြင်၊ စိတ်နေစိတ်ထားများသည် သူ၏ရင်ထဲရှိ ပြီးပြည့်စုံသော မြေးချွေးမလေး၏ စံချိန်စံညွှန်းများအားလုံးနှင့် ကိုက်ညီမှုရှိသည်။

ကျစ်ဟွားနဲ့ ကျင်းယွင်ကျောင်းက အသက်အရမ်းငယ်နေသေးလို့ပေါ့။ မဟုတ်ရင် ငါ သူတို့ကို ဒီအကြောင်းနဲ့ပတ်သတ်ပြီး တကယ်ပဲ ရှင်းရှင်းလင်းလင်း ပြောပြထားချင်လိုက်တာ။

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Where stories live. Discover now