Chapter 253

399 42 0
                                    

Chapter 253 : အိမ်တွင်းအာဏာရှင်


နွေးထွေး၍ သက်တောင့်သက်သာရှိသော ဧည့်ခန်းသည် ငြိမ်သက်နေ၏။ ကျင်းယွင်ကျောင်းက သူမကိုသာ အပြည့်အဝ အာရုံစူးစိုက်နေ၍ သူမပြောသမျှအား နားထောင်ပေးရန် အသင့်ဖြစ်နေသည့် သူငယ်ချင်းသုံးယောက်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။

"ငါ အဲဒီကိုသွားတော့ ငါ့ရဲ့အဖေနဲ့အမေက ဖော်ဖော်ရွေရွေ ဆက်ဆံနေတုန်းပဲ။ ပြီးတော့ အိမ်မှာ ကလေး သုံးယောက်ရှိတယ်။ အကြီးဆုံးကလေးက ကျင်းရှို့လို့ခေါ်ပြီးတော့ အတော်လေး လိမ္မာတယ်၊ နှိမ့်ချနာခံတတ်တဲ့ အကျင့်စရိုက်ရှိတယ်။ သူ့ရဲ့ညီမကိုကျ ကျင်းလင်လို့ခေါ်တယ်။ အဲဒီကလေးက အသက်ဆယ့်နှစ်နှစ်ပဲ ရှိသေးပေမယ့် ချောင်ဟုန်ယဲ့အငယ်စားလေးလိုပဲ။ သူ့ရဲ့အကျင့်စရိုက်က အပြောင်းအလဲမြန်ပြီး လူရည်လည်တယ်။ ကျန်တဲ့ အငယ်ဆုံးကလေးကကျတော့ ကျင်းမင်ခိုင်လို့ ခေါ်တဲ့ သူတို့မိသားစုရဲ့ အိမ်တွင်းအာဏာရှင် သားယောက်ျားလေးပေါ့"

"ဟမ်...နောက်ထပ်ရော ဘာတွေဆက်ဖြစ်လဲ"

စူးချူက မေးလာ၏။

"ကျင်းလင်က စျေးပေါတဲ့ ပစ္စည်းသေးသေးလေးတွေကိုတောင် လောဘကြီးပေမယ့် ကျင်းမင်ခိုင်က ပစ္စည်းတွေကို အပိုင်စီးတတ်တဲ့ စရိုက်ရှိလို့ သူ လောဘကြီးချင်တိုင်းကြီးလို့ မရဘူး။ ကျင်းမင်ခိုင်က ငါ့ကို သဘောမကျတော့ သူကျောင်းကထွက်မယ်လို့ ခြိမ်းခြောက်တယ်။ ပြီးတော့ ငါ့ပစ္စည်းတွေကို လုဖို့ ကြိုးစားတယ်။ အဲဒီမှာ ငါက သူ့ကိုတားလိုက်တော့ ငါ့အဖေနဲ့အမေက သူတို့ရဲ့စိတ်ရင်းအမှန်ကို ထုတ်ပြလာပြီး ငါကို စအပြစ်တင်တော့တာပဲ။ သူတို့က ငါ့ကို ကျောင်းထွက်၊ အိမ်မှာပဲနေပြီး သူတို့ရဲ့အဖိုးတန်သားလေးကို ဝတ်ကြီးဝတ်ငယ်ပြုစုစေချင်တာ"

"ကျောင်းထွက်ခိုင်းတယ် ဟုတ်လား"

ကျင်းယွင်ကျောင်း၏ စကားကို ကြားပြီးနောက် ရှောင်ဟိုင်ချင်းသည် ချက်ချင်းပင် မတ်တပ်ထရပ်လိုက်၏။

"သူတို့က ရူးနေတာလား။ ဘာလို့ နင်က ကျောင်းထွက်ရမှာလဲ"

ထိုအခါ စူးချူက ရှောင်ဟိုင်ချင်း၏ အင်္ကျီစကို ဆွဲ၍ သတိပေးလိုက်သည်။

သူတို့က သူတို့၏ကိုယ်ပိုင်အယူအဆများကို ထုတ်ပြောခြင်းဖြစ်သော်လည်း တစ်ဖက်လူ၏ မိဘများကိုတော့ မလေးမစားလုပ်၍ မရပေ။ တကယ်တမ်း ထိုလူများသည် ကျင်းယွင်ကျောင်း၏ မိဘများပင် ဖြစ်နေကြသေးသည်။

ထို့ကြောင့် ရှောင်ဟိုင်ချင်းက သူမ၏ ခုံပေါ်သို့ ဒေါသတကြီး ပြန်ထိုင်လိုက်ပြီး မေးလာ၏။

"နင် ဒီကိစ္စကို ဘယ်တော့မှ သဘောမတူဘူး မဟုတ်လား။ ဒါပေမယ့် နင် သဘောမတူခဲ့ရင် သူတို့က နင့်ကို ထွက်သွားပေးမှာ မဟုတ်ဘူး"

ရှောင်ဟိုင်ချင်းသည် သားယောက်ျားလေးများကို သမီးမိန်းကလေးများထက် ပိုဦးစားပေးသောမိသားစုများကို အလွန်မုန်းတီးသည်။

သူမ၏မိခင် ကွယ်လွန်ပြီး သုံးနှစ်ကြာသောအခါ ဖခင်ဖြစ်သူက နောက်အိမ်ထောင်ပြုခဲ့၏။ ယခင်က ဖခင်ဖြစ်သူသည် သူမအား မျှမျှတတ ဆက်ဆံ၍ သူမကိုယ်သူမ ရှောင်မိသားစု၏ ရတနာတစ်ပါးဟုပင် ယူဆထားခဲ့သော်လည်း သူမ၏ဖခင် နောက်အိမ်ထောင်ပြုပြီးသည့်နောက်တွင် အရာအားလုံး ပြောင်းလဲသွားခဲ့သည်။ 'မိထွေးတစ်ယောက်ရှိခြင်းသည် ပထွေးတစ်ယောက်ရှိလာခြင်းဟူ၍လည်း အဓိပ္ပါယ်ရသည်' ဆိုသော စကားပုံရှိ၏။ ထိုစကားပုံသည် သူမ၏ မိထွေးမှ သားယောက်ျားလေးတစ်ယောက် မွေးဖွားလာသောအခါ ပို၍ထင်သာမြင်သာ ရှိလာသည်။ ထိုအချိန်မှစ၍ သူမသည် ရှောင်မိသားစု၌ တစ္ဆေတစ်ကောင်အလား နေထိုင်ခဲ့ရ၍ သူမ၏ ဖြစ်တည်မှုက အရေးမပါတော့ပေ။

ထို့ကြောင့် ကျင်းမိသားစုက ကျင်းယွင်ကျောင်းအပေါ် ဆက်ဆံပုံများကို ကြားသောအခါ ရှောင်ဟိုင်ချင်းသည် ကျင်းယွင်ကျောင်းအတွက် စိတ်ထိခိုက်သွားပြီး ဒေါသထွက်လာသည်။

မိန်းကလေးတစ်ယောက်ဖြစ်နေတော့ရော ဘာဖြစ်လို့လဲ။

သူမကိုယ်တိုင်က မိန်းကလေးတစ်ယောက်ဖြစ်သော်လည်း သူမနှင့် ယောက်ျားလေးများကြား၌ ကွာခြားချက်ရှိသည်ဟု တစ်ခါမှ မခံစားရဘဲ ကျင်းယွင်ကျောင်းကိုလည်း ထို့အတူပင် ဖြစ်သည်။

ထိုအခါ ကျင်းယွင်ကျောင်းက သူမအား တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောလာ၏။

"သေချာပေါက် ငါက သဘောမတူခဲ့ဘူးပေါ့။ အဲဒါနဲ့ ငါထွက်သွားဖို့ ပြင်နေတဲ့အချိန်မှာပဲ ငါ့ရဲ့အဖေနဲ့အမေက ငါ့ကို အတင်းအကြပ်တားဖို့ ကြိုးစားတယ်။ နောက်ကျတော့ လီရှောက်ယွင်နဲ့ သူ့ရဲ့မိတ်ဆွေက ငါ့ကိုအိမ်ပြန်ခေါ်သွားဖို့ ရွာကိုရောက်လာကြတယ်။ ငါတို့ထွက်သွားတော့မယ့်အချိန်မှာပဲ လက်နက်တွေကိုင်ထားတဲ့ ရွာသားတစ်စုက ငါတို့ကို ဝိုင်းလာကြတယ်။ တကယ်လို့ ငါတို့သုံးယောက်သာ ကိုယ်ခံပညာမတတ်ရင် ဒီနေ့ ပြန်လာနိုင်မှာ မဟုတ်ဘူး"

ကျင်းယွင်ကျောင်းသည် နားထောင်သူ သုံးယောက် အလွန်အမင်း စိတ်ပူနေမည်စိုးသောကြောင့် ဖြစ်ပျက်ခဲ့သမျှအား အတိုချုံး၍ ဖုံးဖုံးဖိဖိပြောရန် ကြိုးပမ်းနေသော်လည်း သူတို့သည် ထိုအချိန်က ကျင်းယွင်ကျောင်း ရင်ဆိုင်ခဲ့ရသည့် အန္တရာယ်ရှိသော အခြေအနေအား စိတ်ကူးကြည့်မိပြီးသားဖြစ်သည်။

ကျင်းယွင်ကျောင်း လွတ်မြောက်လာနိုင်သည့် တစ်ခုတည်းသော အကြောင်းအရင်းမှာ သူမက ကိုယ်ခံပညာတတ်ထားသောကြောင့်သာဖြစ်၏။ အကယ်၍ သူမသာ ကိုယ်ခံပညာမတတ်ခဲ့လျှင်ရော။ သူမနှင့် လီရှောက်ယွင်တို့ ရက်ရက်စက်စက် အရိုက်ခံခဲ့ရမည်လား။

ဒီလူတွေက ဘာလို့များ ဒီလောက်တောင် အကြင်နာတရား ကင်းမဲ့ရတာလဲ။ သူတို့က တကယ်ပဲ မိဘအရင်းတွေ မဟုတ်ဘူးလား။

ရှောင်ဟိုင်ချင်းက အံကြိတ်လိုက်ပြီး တုံ့ပြန်လိုက်သည်။

"ယွင်ကျောင်း၊ ဒါတွေအကုန်လုံးက နင့်ရဲ့မောင်လေးကြောင့် ဖြစ်တာ မဟုတ်လား။ ငါ သူတို့ကို ရိုက်ခိုင်းဖို့ လူသွားရှာလိုက်မယ်၊ ဘယ်လိုလဲ။ အနာဂတ်မှာ နင် အဲဒီ အိမ်ဆိုတဲ့နေရာကို ပြန်စရာမလိုဘူး။ ဒီလိုမိသားစုမျိုးက ဒီလိုမှ နားလည်မှာ"

တကယ်တမ်း သူမသည် ရိုက်နှက်၍ ပညာပေးသည်ထက် ထိုတစ်မိသားလုံးကို သတ်ပစ်လိုက်ချင်၏။

ကျင်းယွင်ကျောင်းသည် သူမ၏ မွေးစားမိဘများအိမ်တွင် နေစဥ်က အခက်အခဲများစွာ တွေ့ကြုံခံစားခဲ့ရပြီး မိဘအရင်းများသည် သူမအား ငယ်စဥ်က စွန့်ပစ်ခဲ့သည့်ကိစ္စကို ပြန်အလျော်မပေးနိုင်လျှင်တောင်မှ သူမကို အေးအေးချမ်းချမ်းထားပေးသရွေ့ အဆင်ပြေသော်လည်း ယခု သူတို့ကိုယ်တိုင်ကပင် သူမအား အနိုင်ကျင့်၍ ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ခဲ့သည်။

"ကျွန်မ သဘောတူတယ်။ ပြောင်ကျဲ၊ ဒီမိသားစုက ရွံစရာကောင်းလွန်းတယ်။ အစ်မ အဲဒီအိမ်ကို ထပ်ပြီး ပြန်မသွားသင့်တော့ဘူး"

စူးချူကလည်း ချက်ချင်းပင် ဝင်ပြောလာ၏။

သူမနှင့် ပြောင်ကောသည် ငယ်စဥ်ကတည်းက အလိုလိုက်ခံခဲ့ရ၍ ဤသို့ကြောက်စရာကောင်းသော မိဘမျိုးကို တစ်ခါမှ မမြင်ဖူးပေ။

ထို့အပြင် စူးမိသားစု၌ သမီးမိန်းကလေးတစ်ယောက်တည်းသာရှိ၍ သူမ၏ မိဘများသည် ဒုတိယကလေးယူရန်အတွက် တစ်ခါမှ စိတ်မကူးမိခဲ့ကြချေ။ အကြောင်းမှာ သူတို့၏ မျက်လုံးထဲတွင် သူမနှင့် ပြောင်ကောမှာ အတူတူသာဖြစ်၍ သူတို့မိသားစု၏ တစ်စိတ်တစ်ပိုင်းဟု ယူဆသောကြောင့် ဖြစ်သည်။ အလွန်ဘက်လိုက်သည့် ကျင်းမိသားစုနှင့် လုံးဝမတူပေ။

ထိုအချိန်၌ ကျင်းယွင်ကျောင်းသည် သူမ၏ သူငယ်ချင်းသုံးယောက်က ထုတ်ဖော်ပြသလာသည့် စိုးရိမ်ပူပန်မှုများကြောင့် နှလုံးသားလေး အရည်ပျော်ကျလုမတတ် ခံစားနေရသည်။

"စိတ်အေးအေးထားကြပါဦး။ ငါက အဲ့လောက်မတုံးပါဘူးဟာ။ ပြီးတော့...လီရှောက်ကလည်း ကျင်းမိသားစုက မိဘအရင်း ဟုတ်၊ မဟုတ် စစ်ဆေးမှုရလဒ်ကို အတု လုပ်၊ မလုပ် စုံစမ်းဖို့ လူလွှတ်ထားပြီးပြီ"

အတိတ်၌ ပြန်လည်မွေးဖွားခြင်း BOOK 2Unde poveștirile trăiesc. Descoperă acum