🍁Daffodils အပိုင်း (၄၁)အလွမ်း၊စိုးရိမ်စိတ်၊သိမ်ငယ်မှု၊အသေးစားရန်ပွဲ!

3.6K 280 7
                                    

"တော်တော်တောင် အေးလာပြီ နွေဦးရေ...ငါဒီညဂျုတီပါဆိုမှ ပိုအေးနေတယ်"

သီရေတာတံခါးဖွင့်ဖွင့်ချင်း ဒီဇင်ဘာလေက သုတ်ခနဲမို့ ကိုထွဋ်က မေးရိုက်သံနဲ့ပြောလာတယ်။သီရေတာထဲမှာ ခွဲစိတ်နေကြတုန်းက အေးမှန်းမသိ ပူမှန်းမသိနဲ့ ခွဲနေကြတာ..ခုမှ ရှုလိုက်တဲ့လေက သူတို့အဆုတ်ထဲထိပါအေးနေတယ်။အဲ့လိုဆိုမှသတိရတယ်...ခရစ်စမတ်တောင်နီးနေပြီပဲ။သူနဲ့မိုးပင်လယ် ခရစ်စမတ်တောင်အတူတူမဖြတ်သန်းဖူးလိုက်ဘူး။

တစ်ခုခုဆို မိုးပင်လယ်ကိုချက်ချင်းသတိရသွားတတ်တာ သူ့အကျင့်လိုတောင်ဖြစ်နေပြီ။နွေဦး ချက်ချင်း စိတ်ကိုစုစည်းပြီး ဝင်လာတဲ့အတွေးတွေကိုခေါင်းခါ ထုတ်လိုက်ရတယ်။

"ကျွန်တော်ဝင်ပေးရမလား"

"နိုး..ရတယ် ကိုယ့်ဂျုတီကိုယ်ပဲဝင်မယ်..ဒါစည်းမျဥ်းပဲ"

"ဟုတ်ပါပြီ..ဒါဆို ကျွန်တော် historyလေးပဲရေးပြီးသွားမယ်"

"အေး..ငါ ကတော့ ကိုထက်တို့ဝါ့ဒ်ကိုCoffeeသွားသောက်လိုက်ဦးမယ်...လိုက်ဦးမလား..အတူတူသွားမလား"

"ဟင့်အင်း..မလိုက်တော့ဘူး"

ကိုထွဋ်ကတော့အနွေးအင်္ကျီကိုတင်းတင်းဆွဲစေ့ရင်း သူ့ကိုနှုတ်ဆတ်ကာ ခပ်သုတ်သုတ်ထွက်သွားတယ်။နွေဦးလဲ အနွေးအင်္ကျီကို ထပ်ဝတ်ရင်း history ရေးဖို့ စားပွဲပေါ်မှာ မထိုင်ခင်မှာ ရေနွေးတစ်ခွက်အရင်ငှဲ့လိုက်တယ်။အရင်ကတော့ သူသီရေတာထဲကထွက်လာတာနဲ့ ပူနွေးနေတဲ့ ရေနွေးခွက်က သူ့လက်ထဲကို ရောက်နှင့်ပြီးသားပဲ...

မိုးပင်လယ်ကို သူ အရမ်းသတိရတယ်။တိုက်ဆိုင်တာတွေရှိတိုင်းလွမ်းရမယ်ဆို သူတစ်နေကုန်ထိုင်လွမ်းနေရတော့မှာ...

နွေဦး ပြတင်းပေါက်ကနေ ကြည်လင်နေတဲ့ ကောင်းကင်ကိုလှမ်းကြည့်လိုက်တော့ အလင်းတန်းလေးတစ်တန်း သူ့မျက်စိရှေ့ကနေဖြတ်ပြေးသွားတယ်။မိုးပင်လယ်သာသူနဲ့အတူတူ ရှိနေတုန်း ကြယ်ကြွေတာမြင်ရင် သူ့ကိုဆုမတောင်းဘူးလားလို့မေးဦးမယ်ထင်တယ်။

စင်္ကြာဝဠာထဲကကျောက်ခဲ​ကြွေကျတာကို သူ အယုံအကြည်မရှိပေမယ့် ခုနောက်ပိုင်းကြယ်ကြွေတိုင်းနွေဦး သူ့လက်နှစ်ဖက်ကို ယှက်ပြီး အချင်းချင်းဆုပ်ကိုင်ကာ ဆုတောင်းမိလာတယ်။သူနဲ့မိုးပင်လယ်ရဲ့ ကံကြမ္မာပြောင်းလဲလာနိုင်မလားလို့။

?Daffodils[Complete]Where stories live. Discover now