Arc_15.2_ Qi Yi Ning

9.5K 719 2
                                    

Arc_15.2_ Qi Yi Ning

ချီရိနဉ်က ထူးချွန်ထက်မြက်တဲ့သူ ဖြစ်ရုံမကဘူး သူ့ကြိုက်နှစ်သက်မှု ဝါသနာတွေကလည်း သဘောကျစရာကောင်းတယ်။ သူက ကဗျာစပ်ခြင်း၊ ပန်းချီဆွဲခြင်းကို နှစ်သက်လေ့ရှိပြီး ရှုမျှော်ခင်းတွေကို ကြည့်ရှုခံစားရတာကိုလည်း ပျော်မွေ့လေ့ရှိတယ်။ ဒါကြောင့် သူက ရှုခင်းတွေကိုကြည့်ဖို့ လမ်းလျှောက်ထွက်တတ်တယ်။ သူက တိုင်းပြည်ရေးရာကိစ္စတွေကို မစီမံခင်မှာ သူ့ရဲ့ချောမောလှပတဲ့ မောင်းမမိဿံများနဲ့ အေးအေးလူလူ ရှုခင်းကြည့်ဖို့ သွားလေ့ရှိတယ်။

အထူးသဖြင့် မယ်တော်ကြီးနဲ့ သူ့ရဲ့ နောက်တော်ပါ ဆွေမျိုးတစ်စုကို ဖိနှိပ်ပြီးနောက်ပိုင်း တရားရုံးချုပ်ကို ဧကရာဇ်ဖြစ်သူ ချီရိနဉ်က ကောင်းကောင်းကိုင်တွယ် ထိန်းချုပ်လာနိုင်ခဲ့တယ်။ အဲ့ဒီနောက်ပိုင်းမှာ ချီရိနဉ်က စိတ်အေးသွားပြီး မင်းနေပြည်တော်ရှိရာဆီကို လှပတဲ့အရာတွေ စုရုံးယူဆောင်လာဖို့ အမိန့်ပေးခဲ့တယ်။ လှပတဲ့အရာတွေဆိုတဲ့ထဲမှာ သက်ရှိ၊ သက်မဲ့တွေ အားလုံးပါဝင်တယ်။ အဲ့ဒီအချိန်မှာ ကျောက်ပိယွမ်ရဲ့အိမ်တော်က သူမကို နန်းတော်ထဲကို ပို့ဆောင်ခဲ့တာဖြစ်တယ်။ အဲ့ဒီနောက် ကျိုးယွင်ရှန့်က ဒီဇာတ်လမ်းထဲကို ပို့ဆောင်ခံရပြီး ဗီလိန်စနစ်ရဲ့ထိန်းချုပ်မှုနဲ့ ကျောက်ပိယွမ်ကို အမျိုးမျိုးမြှောက်စားလို့ ဒီမိန်းမက မင်းဆက်နှစ်ဆက်အတွက် အရေးပါအရာရောက်တဲ့ အခြေခံအုတ်မြစ် ဖြစ်လာခဲ့တယ်။

ချီရိနဉ်က ကျောက်ပိယွမ်နဲ့ တွေ့ပြီးတဲ့နောက်ပိုင်း ဒီမိန်းမက ကံကြမ္မာရဲ့သမီးတော်ဖြစ်လို့ သူက တခြားဇာတ်ကောင်တွေကို လျစ်လျှူရှုပြီး ကျောက်ပိယွမ်တစ်ယောက်တည်းကိုပဲ အမျိုးမျိုး ချီးမြှင့်မြှောက်စားခဲ့တယ်။ ချီရိနဉ် ဘုရင်ဖြစ်တဲ့သက်တမ်းတလျှောက် ဒီသားအမိကို နှိပ်စက်ကလူပြုတာမျိုး ကြုံကိုမကြုံဖူးအောင်ပါပဲ။ အမျိုးမျိုးသော မြှောက်စားမှုအောက်မှာ သူ့သွေးသားမဟုတ်တဲ့ ဒုတိယမင်းသားလေးကို ဘုရင်ဖြစ်အောင် ပျိုးထောင်ပေးခဲ့တယ်။

ဒုတိယမင်းသားလေးကို တစ်နှစ်ကျော်အရွယ်လေးမှာပဲ အိမ်ရှေ့မင်းသားအဖြစ် ကြေငြာခဲ့တယ်။ ကျိုးယွင်ရှန့်ကို ဗီလိန်စနစ်ကခိုင်းစေလို့ ကျောက်ပိယွမ်ကို အတင်းအကျပ်ပြုရတိုင်း သူမ အမြဲ သွေးယိုစီးမှုဖြစ်ခဲ့ရတယ်။

အဲ့ဒီအချိန်မှာ ကျိုးယွင်ရှန့်က အကြိမ်ပေါင်း ဆယ်ကြိမ်ကျော်လောက် ပြန်လည်ဝင်စားပြီးပြီဖြစ်လို့ လူ့ခံစားချက်နဲ့အတွေ့အကြုံက တဖြည်းဖြည်း ရင့်ကျက်လို့လာပြီ။ လူတွေရဲ့ အပေါ်ယံကိုကျော်ပြီး စိတ်နှလုံးထဲက ခံစားမှုကို ဖတ်ရှုနိုင်တဲ့စွမ်းရည် အထိုက်အလျောက်လည်း ရလာပြီဖြစ်တယ်။

ကျောက်ပိယွမ်ရဲ့ အပြင်ပန်းပုံစံက စာနာထောက်ထားတတ်ပြီး ကြင်နာသနားတတ်ပုံပြပေမယ့် သူမရဲ့စိတ်ထဲမှာ နာကျည်းခြင်းနဲ့ သူ့ကို လုံးဝဂရုမစိုက်ဘဲ လျစ်လျှူရှုတတ်တဲ့ စိတ်ပဲရှိတယ်ဆိုတာ ကျိုးယွင်ရှန့် မြင်နိုင်ခဲ့တယ်။ ဒါကြောင့် ကျောက်ပိယွင်ကိုတွေ့တာနဲ့ သူက မနှစ်မြို့တဲ့ခံစားချက် တန်းပေါ်လာခဲ့တယ်။ ကျောက်ပိယွင်ကလည်း ကျိုးယွင်ရှန့်ကို မထီမဲ့မြင်ပြုပေမယ့် သူမအကျိုးကျေးဇူးရရှိဖို့ အလပ္ပါယ်ဆရာက မြွေကိုကစားသလို သူ့ကိုလည်း အမြဲကစားနေခဲ့တယ်။

ကျောက်ပိယွင်ရဲ့မျက်နှာကိုမြင်တိုင်း 'ငါ့ရှေ့ကထွက်သွားစမ်း' လို့ အော်ဟစ်မောင်းထုတ်ချင်စိတ်က အကြိမ်ပေါင်းရာချီ သူ့ရင်မှာ ပေါ်လာတယ်ဆိုတာ ဘုရားကလွဲပြီး ဘယ်သူမှမသိနိုင်ဘူး။ တကယ့်လက်တွေ့မှာ ဗီလိန်စနစ်ရဲ့ထိန်းချုပ်မှုကြောင့် သူမကို သူ့စိတ်ထဲရှိတိုင်း မဆက်ဆံဖို့ ထိန်းချုပ်ခံနေရပြီး ရှစ်နှစ်လုံးလုံး သူ့ကွယ်ရာမှာ ညီဖြစ်သူနဲ့ဖောက်ပြန်နေတာကို သိသိကြီးနဲ့ ကြောင်တောင်ကြည့်နေရပြီး နွားအလုပ်လုပ်နေခဲ့ရတယ်။

ကျိုးယွင်ရှန့်က ကျောက်ပိယွင်ကို အရူးအမူးစွဲလမ်းချင်ယောင်ဆောင်ပြီး ရှစ်နှစ်လုံး မြိုသိပ်ခဲ့ရတယ်။ ကျိုးယွင်ရှန့်က သူ့ညီတော် တော်ဝင်မင်းသားနဲ့ သူ့သားတော် အိမ်ရှေ့မင်းက သူ့အပေါ်သစ္စာမဲ့တာ၊ ရက်စက်တာကို မြင်တွေ့ခဲ့ရတယ်။

မိဖုရားက ဖောက်ပြန်ပြီး သူ့ကို မုန်းတီးစက်ဆုပ်နေတယ်ဆိုတာ သိခဲ့တယ်။ တရားရုံးချုပ်နဲ့ လွှတ်တော်ထဲ သူတို့မွှေလို့ ပြဿနာတွေတက်နေတာကိုလည်း သိခဲ့တယ်။ ဒါပေမယ့် သူမမြင်ခဲ့တာက ဒုတိယမင်းသားလေးရဲ့ တကယ့်အဖြစ်မှန်ပဲ။ သူသေသွားတဲ့အချိန်ထိ ဒီကလေးက သူ့သားအရင်းမဟုတ်ဘူးဆိုတာ သူမသိခဲ့ဘူး။

ကျိုးယွင်ရှန့်က ကလေးတွေကို အမြဲသဘောကျတတ်တယ်။ ဒုတိယမင်းသားက ဖြူဖွေးတဲ့အသားအရေ ပိုင်ဆိုင်ထားပြီး ချစ်စရာကောင်းအောင် တီတီတာတာလည်း လုပ်တတ်တယ်။ ဒီကလေးကို သူတကယ် ချစ်မြတ်နိုးမိပြီးချိန်မှ ဒီကလေးက သူ့ကို လုံးဝချစ်ခင်ခြင်းမရှိဘဲ အကြင်နာတရားကင်းမဲ့တဲ့ စိတ်ထားရှိတာကိုသိရတော့ သူ့ရင်တွေ ပေါက်ကွဲလုမတတ် ဖြစ်ခဲ့ရတယ်။ သူ အမြတ်နိုးဆုံးဖြစ်တဲ့ ဒုတိယသားတော် ချီကျင်းယွီ သူ့ခေါင်းကိုဖြတ်တဲ့အချိန်ထိ ဒီသားတော်လေး မင်းဧကရာဇ်ဖြစ်လာချိန် တိုင်းပြည်ကို ကိုင်တွယ်နိုင်ပါ့မလားလို့ သူစိတ်ပူနေမိတုန်းပဲ။ ပြီးတော့ သူ့မယ်တော် ကျောက်ပိယွမ်နဲ့ သူ့ဦးရီးတော် ဖောက်ပြန်နေတဲ့ကိစ္စကိုသာ သိရင် သူဘယ်လိုဖြေရှင်းမလဲဆိုတာ စိုးရိမ်ပြီး သူ စိတ်မဖြောင့်ဘဲ သေသွားခဲ့ရတယ်။ အဲ့ဒီလောက်ထိ ပေးဆပ်ပြီး ချစ်ခဲ့တဲ့အတွက် ဒီမိဖုရားကျောက်ပိယွမ်နဲ့ သားတော်လေးက မင်းကြီးချီရိနဉ်ရဲ့ အချစ်မြတ်နိုးဆုံး မိဖုရားနဲ့သားတော်ဆိုတာ တစ်လောကလုံးက အသိအမှတ်ပြုခဲ့ကြတယ်။

ဒီကလေးက ကံကြမ္မာရဲ့သားတော်ဖြစ်လို့ ဒီကလေးရဲ့ဇာတ်ကြောင်း ပြောင်းလဲသွားရင် ဒီကမ္ဘာက ချက်ချင်းသတိပြုမိပြီး ဒီကမ္ဘာကို သူ့ဘာသာဖျက်ဆီးပစ်နိုင်တယ်။ ဒါကြောင့် ဒီဇာတ်ကောင်တွေကို ဂရုတစိုက်နဲ့ကိုင်တွယ်ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ အရင်ဘဝကတော့ သူက ဒီအကြောင်းကိုမသိဘဲ မိုက်မဲစွာနဲ့ ဒီမိသားစုကို နောက်ဆုံးအချိန်ထိ စိုးရိမ်ပူပန်ပြီး စောင့်ရှောက်ပေးခဲ့မိတယ်။ အခုဘဝတော့ သူ့ကိုလုပ်ခဲ့တာကို အားလုံးပြန်ယူဖို့ ဆုံးဖြတ်ထားပြီးဖြစ်တယ်။

ကျိုးယွင်ရှန့်က ဒုတိယမင်းသားလေးနဲ့ အချိန်ပေးပြီး ခဏချော့မြူကစားပြီးနောက် ညစာစားချိန် ရောက်လာခဲ့တယ်။ ကျိုးယွင်ရှန့်က ကြောက်ရွံ့နေတဲ့အခြွေအရံကို သားတော်လေးကိုခေါ်သွားဖို့ အမိန့်ပေးလိုက်တယ်။

ညစာစားပြီးတဲ့နောက် ကျောက်ပိယွမ်က ကျိုးယွင်ရှန့် သူမအဆောင်ကိုလာစေဖို့ နေသိပ်မကောင်းလို့ဆိုတဲ့ အကြောင်းပြချက်ကိုသုံးပြီး အခေါ်လွှတ်လိုက်တယ်။ ကျောက်ပိယွမ်က ကျိုးယွင်ရှန့်နဲ့ ကိုယ်လက်နှီးနှောမှုကို မလုပ်ချင်ပေမယ့် အခြားကိုယ်လုပ်တော်တွေနဲ့ အတူအိပ်တာကိုလည်း မလုပ်စေချင်ဘူး။ ဒါကြောင့် ဘုရင်ကို နေ့တိုင်းအခေါ်လွှတ်ပြီး သူမအဆောင်မှာပဲ အိပ်စက်စေတယ်။ ဒီနည်းနဲ့ အိပ်ယာထဲမှာ အခွင့်ကောင်းယူပြီး သူမတစ်ယောက်ထဲကိုပဲ စွဲလမ်းဖို့ ကျိုးယွင်ရှန့်ကို ဆွဲဆောင်ခဲ့တယ်။ တကယ်လို့ တခြားမိဖုရားငယ်တစ်ပါး ဒါမှမဟုတ် ကိုယ်လုပ်တော်တစ်ပါးက ကျိုးယွင်ရှန့်ကို ရအောင်ခေါ်ပြီး သူမတို့အဆောင်မှာ အိပ်စက်စေခဲ့ရင် ကျောက်ပိယွမ်ရဲ့အခြေအနေက စိုးရိမ်စရာဖြစ်သွားနိုင်တယ်။

တကယ်လို့ တခြားယောက်ျားတစ်ယောက်သာဆိုရင် ကျောက်ပိယွမ်ရဲ့ မိန်းမမာယာအောက်က မြှူဆွယ်မှုကို ဘယ်လိုမှ တွန်းလှန်နိုင်မှာမဟုတ်ဘဲ ချက်ချင်း မိဖုရားအိပ်ဆောင်ထဲ ခုန်ဝင်သွားမှာဖြစ်ပေမယ့် ကျိုးယွင်ရှန့်က gay တစ်ယောက်ဖြစ်လို့ သူက မိဖုရားအခေါ်လွှတ်တာကို အလိုက်သင့်ပြောပြီး ငြင်းလိုက်တယ်။ သူက မိဖုရားကို အေးအေးဆေးဆေး အနားယူဖို့ပဲ ပြောခိုင်းလိုက်တယ်။ နန်းဆောင်တံခါးဝကိုရောက်တော့ သူ အပေါ်ကိုမော့ပြီး နန်းဆောင်အမည်ကို ဖတ်လိုက်တယ်။ Feng Yi နန်းဆောင်ဆိုတဲ့ စာလုံးသုံးလုံးကိုတွေ့တော့ ကျိုးယွင်ရှန့် သက်ပြင်းချလိုက်တယ်။

တော်ဝင်ကြင်ယာတော်ဆိုတဲ့ အဆင့်လောက်နဲ့ သူမ ဘယ်လိုသတ္တိတွေ၊ ဘယ်လိုအရည်အချင်းတွေနဲ့များ Feng Yi နန်းတော်ထဲမှာ လာနေရဲတာလဲ။ ကျိုးယွင်ရှန့်က တော်ဝင်နန်းဆောင်ကို လှည့်ပတ်ကြည့်ပြီး သူ ဘယ်အချိန်မှာ ဒီကိုပြန်ရောက်နေသလဲဆိုတာ ပြန်စဉ်းစားနေတယ်။

အရင်တစ်ခါက ဗီလိန်စနစ်ရဲ့ခြိမ်းခြောက်မှုကြောင့် သူက ကျောက်ပိယွမ်ရဲ့ ဆွေမျိုးတစ်သိုက်ကို အရေးပါတဲ့နေရာတွေမှာ ခန့်ထားခဲ့မိတယ်။ ကျောက်ပိယွမ်က Wen Yuan အမတ်ကြီးရဲ့ သမီးဖြစ်ပြီး သူမတို့ဘိုးဘေးတွေက စစ်သူကြီးကနေ ဆင်းသက်လာတာဖြစ်တယ်။ Da Qi ပြည်ကြီးကို စတင်ထူထောင်စဉ်က အဲ့ဒီစစ်သူကြီးတွေရဲ့ ကြိုးပမ်းမှုတွေပါဝင်ခဲ့လို့ သူတို့တွေက အင်အားကြီးထွားပြီး အာဏာမြင့်တက်လာခဲ့တယ်။ ဒါပေမယ့် အရင့်အရင် ဧကရာဇ်တွေက တိုင်းပြည်အေးချမ်းသွားတော့ စစ်သူကြီးတွေလက်ထဲက အာဏာကို စနစ်တကျလျှော့ချပြီး အမတ်ရာထူးတွေပေးပြီး အာဏာကိုလက်လွှဲယူခဲ့လို့ အခုအခါမှာတော့ သူတို့ရဲ့သြဇာအာဏာက တဖြည်းဖြည်း ကျဆင်းလာပြီးဖြစ်တယ်။

လတ်တလောမှာ အနောက်ပိုင်းကလူမျိုးစုတွေက မဟာမိတ်ပြုပြီး နွေနဲ့ဆောင်းဦးမှာ Da Qi ပြည်ရဲ့နယ်စပ်ကို လာရောက်ထိပါး တိုက်ခိုက်ခဲ့ကြတယ်။ ကျိုးယွင်ရှန့်က ဒီရန်ကိုကာကွယ်ဖို့ Wen Yuan အမတ်ကြီးကို တစ်ခါ အာဏာတွေထပ်ပေးခဲ့ရတယ်။ သူက Wen Yuan မိသားစုက သားအကြီးဆုံး ကျောက်ရွှမ်ကို အနောက်ဘက်ဒေသရဲ့ စစ်သူကြီးချုပ်ရာထူးပေးပြီး အနောက်ဘက်ဒေသက တာတာလူရိုင်းတွေကို ချီတက်နှိမ်နင်းစေခဲ့တယ်။ ကျောက်ရွှမ်က အနောက်ဘက်နယ်စပ်ကို ရောက်ရောက်ချင်းမှာပဲ အောင်မြင်မှုကိုရရှိခဲ့တယ်။ ဗီလိမ်စနစ်ရဲ့ထိန်းချုပ်မှုကြောင့် ကျိုးယွင်ရှန့်က ကျောက်ရွှမ်ကို ထပ်ခါထပ်ခါ ချီးမြှင့်ပေးခဲ့တယ်။

ဒုတိယမင်းသားလေး မွေးဖွားတဲ့နေ့မှာပဲ ကျောက်ရွှမ်က အနောက်ဘက်နယ်စပ်တိုက်ပွဲမှာ အောင်မြင်မှုအကြီးအကျယ် ရရှိခဲ့တယ်။ ကျောက်ရွှမ်က သူ့တူလေးမွေးဖွားလာလို့ ဒီလိုကံကောင်းခြင်းတွေ ရရှိခဲ့တယ်လို့သတ်မှတ်ပြီး တူလေးကို အရမ်းကို နှစ်သက်မြတ်နိုးခဲ့တယ်။ ကျိုးယွင်ရှန့်က ကျောက်ရွှမ် နေပြည်တော်ပြန်လာတဲ့အထိတောင် မစောင့်နိုင်တော့ဘဲ နန်းတော်ကနေ တော်ဝင်အမိန့်ကိုထုတ်ပြန်ပြီး ကျောက်ရွှမ်ကို နယ်စားကြီး Yu Gou ရာထူး ချီးမြှင့်တဲ့အပြင် တိုင်းပြည်တစ်ခုလုံးမှာ အကြီးမြင့်ဆုံး စစ်သေနာပတိချုပ်ရာထူးကို အပ်နှင်းလိုက်တယ်။ Da Qi ပြည်ရဲ့သမိုင်းကြောင်းမှာ စစ်ဘက်အရာရှိကို ဒီလိုအချိန်တိုအတွင်း အမြင့်မားဆုံးချီးမြှင့်တာ အင်မတန်ရှားပါးလှတယ်။ အခုတော့ ကျောက်ရွှမ်ရဲ့လက်အောက်မှာ စစ်သည်တော်သိန်းချီကို အမိန့်ပေးနိုင်တဲ့ အာဏာရှိနေပြီး တိုင်းပြည်တစ်ခုလုံးကို သြဇာလွှမ်းမိုးဖို့ လုံလောက်နေပြီဖြစ်တယ်။

ကျိုးယွင်ရှန့်က သူ့မှတ်ဉာဏ်ထဲက ကျောက်ရွှမ်အကြောင်းကို ပြန်လည်ဆင်ခြင် တွေးတောလိုက်တယ်။ ကျောက်ရွှမ်အကြောင်းကို ကြိုသိထားရင် ဒီလူကို ဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ သူ ကြိုတင်စဉ်းစားထားနိုင်မှာပဲ။ ဒါပေမယ့် သနားစရာကောင်းတာက ဒီလူကျောက်ရွှမ်က သူ့ညီတော် တော်ဝင်မင်းသားပေါ်ကို ငြိတွယ်နေပြီးသားဖြစ်နေပြီ။ သူက တော်ဝင်မင်းသား နန်းတက်ရဖို့ အဓိကထောက်ခံသူဖြစ်ပြီး ကျိုးယွင်ရှန့်ရဲ့ နံပါတ်တစ်ရန်သူတော်ကြီး ဖြစ်နေတယ်။

မှတ်ဉာဏ်အရ အနောက်ဘက်ဒေသက စစ်အောင်ပြီးပြန်လာတဲ့ တပ်တော်ကြီးက နန်းမြို့ရိုးအပြင်ဘက်မှာ ရောက်နေပြီ။ သူတို့က နန်းတော်တံခါးဖွင့်မယ့်အချိန်ကို စောင့်ဆိုင်းနေကြတယ်။

"ငါရောက်လာတာ ခြေတစ်လှမ်းနောက်ကျသွားတာပဲ.."

အတွေးထဲက ရုန်းထွက်လာပြီး ကျိုးယွင်ရှန့်က ခေါင်းယမ်းပြီး သက်ပြင်းရှိုက်လိုက်တယ်။ Wen Yuan အိမ်တော်က သြဇာအာဏာကြီးတဲ့ အိမ်တော်တစ်ခု ပြန်ဖြစ်လာပြီ။ သူက တော်ဝင်မင်းသားကို ဆန့်ကျင်မယ်ဆိုရင် Wen Yuan အိမ်တော်ကိုပါ ဖယ်ရှားဖို့ လိုလာတော့မယ်။ ကျောက်ရွှမ်ရဲ့လက်ထဲမှာ စစ်တပ်ကိုကိုင်ထားလို့ သူသာ ဂရုတစိုက် အကွက်မရွှေ့ရင် သူပဲကျရှုံးမှာသေချာတယ်။

ဒါ့အပြင် တခြားဇာတ်ကောင်တွေက မယ်တော်ကြီးရဲ့ ထိန်းချုပ်မှုအောက်မှာရှိနေတယ်။ မယ်တော်ကြီးက နယ်စားကြီး Jing Guo ကိုခိုင်းစေပြီး လွှတ်တော်ထဲမှာ ပြဿနာ တစ်ခုပြီးတစ်ခုဖြစ်အောင် မွှေခိုင်းထားတယ်။ ဒါကြောင့် အခု သူ မယ်တော်ကြီးနဲ့ ဆွေးနွေးဖို့လိုနေပြီ။

သူသာ တစ်နှစ် နှစ်နှစ်စောပြီး ရောက်လာခဲ့ရင် ဒီထက်ပိုလွယ်သွားမှာပဲ။ သူ လက်တစ်ချောင်း မ,စရာမလိုဘဲ ကျောက်ပိယွမ်နဲ့ တော်ဝင်မင်းသားကို သေအောင်လုပ်လို့ရတယ်။

"ဧကရာဇ်မင်းကြီး.. အချိန်မစောတော့ပါဘူး.. အနားယူသင့်ပါပြီ.. မနက်ဖြန် တိုက်ပွဲကနိုင်လာတဲ့ စစ်သည်တော်နဲ့ အရာရှိတွေကို ကြိုဆိုနှုတ်ဆက်ရမှာမဟုတ်လား.."

နူးညံ့တဲ့အသံကို သူ့နားထဲ ကြားလိုက်ရတယ်။ ကျိုးယွင်ရှန့်က အသံလာရာကိုကြည့်ပြီး အနည်းငယ်ပြုံးလိုက်တယ်။ ဘုရင့်နန်းတော်နဲ့ လွှတ်တော်ထဲမှာလည်း ဇာတ်ကောင်တွေရှိနေတာပဲ။ သူ့ရဲ့အပါးတော်မြဲ မိန်းမစိုးချုပ် Liu He ကလည်း မယ်တော်ကြီးရဲ့ သူလျှိုတစ်ယောက်ပဲ မဟုတ်ဘူးလား။ အရင်ချီရိနဉ်က သူ့ကို လုံးလုံး သံသယမဝင်တဲ့အချက်က ဒီမိန်းမစိုးချုပ်က ဖခင်ဆီက လက်ဆောင်ရလိုက်တဲ့ အပါးတော်မြဲဖြစ်နေလို့ပဲ။

ကျိုးယွင်ရှန့်က အပါးတော်မြဲကုန်းကုန်း လျှိုဟော့ (Liu He) ကို ဘယ်တုန်းကမှမယုံကြည်သလို ဘယ်တုန်းကမှလည်း အလေးမထားခဲ့ဘူး။ သူ့ဘေးနားမှာ မယ်တော်ကြီး ကျွေးမွေးထားတဲ့လူတွေ အများကြီးရှိတာဖြစ်လို့ ဒီလူတွေကို ကြိုတင်သတိထားသည်ဖြစ်စေ၊ မထားသည်ဖြစ်စေ ဘာမှမထူးခြားဘူး။ ဒါကြောင့် သူ့သားတော်ပုန်ကန်တော့ ဒီကုန်းကုန်းက သားတော်ကိုဦးဆောင်ပြီး သူပုန်းတဲ့နေရာကို ခေါ်ဆောင်လာတဲ့အချိန် သူ မအံ့သြတာဖြစ်တယ်။ သူ့သားတော် သူ့ကိုပုန်ကန်ပြီး နန်းသိမ်းတဲ့အချိန် တော်ဝင်မင်းသားညီတော်က သူ့ကိုကယ်တင်ဖို့ အနောက်အရပ်ကတပ်တော်တွေကို စေလွှတ်လိုက်တယ်။

ပြည်သူတွေအမြင်မှာ ညီတော်မင်းသားက ပုန်ကန်သူလက်ထဲကဘုရင်ကို ကယ်တင်တဲ့သူဆိုတဲ့ နာမည်ကောင်းရတဲ့အပြင် ပြိုင်ဖက်မင်းသားတွေကို တစ်ခါတည်းဖယ်ရှားပြီး ရာဇပလ္လင်ကို အလွယ်တကူ သိမ်းယူနိုင်ခဲ့တယ်။ ဒီလိုဖြစ်အောင် မယ်တော်ကြီးနဲ့ တော်ဝင်မင်းသားက နှစ်တွေဘယ်လောက်ကြာအောင်များ အကွက်ချပြီး စောင့်ဆိုင်းခဲ့သလဲ မသိတော့ဘူး။

ပိုရယ်စရာကောင်းတဲ့အဖြစ်က တော်ဝင်မင်းသားက နန်းတက်ပြီးနောက် သူ့ကိုရှင်းပြဖို့ ကြိုးစားခဲ့တာပဲ။ သူ ဒီလို နန်းသိမ်းတဲ့အထိဖြစ်လာတာက ကျိုးယွင်ရှန့်က သူ့အချစ်ဆုံးမိန်းမကို ခိုးယူခဲ့ပြီး သူ့ကိုသံသယ၀င်လို့ အကြိမ်ကြိမ်သတ်ဖို့ ကြိုးစားခဲ့တယ်။ သူလည်း ဘယ်လိုမှမတတ်နိုင်ဘဲ အသက်ဆက်ရှင်ဖို့ ဒီလမ်းကြောင်းကိုလျှောက်အောင် တွန်းပို့ခံရတယ်တဲ့။ သူ့နောင်တော်ကို ရာဇ၀တ်မှုနဲ့ စွဲချက်တင်ပြီး ခေါင်းဖြတ်ကွပ်မျက်တော့ တော်ဝင်မင်းသားက ၀မ်းနည်းပမ်းနည်း ငိုကြွေးခဲ့တယ်။

သူရဲ့ခေါင်းပြတ် လေထဲလွင့်သွားတဲ့အချိန် ကျိုးယွင်ရှန့် အော်ဟစ်ပြောဖို့ ကြိုးစားခဲ့တယ်။

"ငါလည်းပဲ အတင်းအကျပ် ဖိအားပေးခံရတာပါ.. system ရဲ့ထိန်းချုပ်မှုကြောင့် ကိုယ့်ထက်ကိုးနှစ်ငယ်တဲ့ညီတော်ကို မသေသေအောင် လုပ်ကြံခဲ့ရတယ်.. system ရဲ့ထိန်းချုပ်မှုနဲ့ ရှင်သန်ရတဲ့ ဧကရာဇ်ကြီးက ငါပါကွ.. ညီတော်ကြီးပြင်းလာတာနဲ့အမျှ ငါ့ရဲ့ထီးနန်းပလ္လင်က ယိမ်းယိုင်းလာရတယ်.. system ကပေးတဲ့ mission ကို ပြီးမြောက်ဖို့ ညီတော်ကို အကြိမ်ကြိမ်လုပ်ကြံဖို့ လုပ်ခဲ့ရတယ်.. တကယ်လို့ ဗီလိန် system ကသာ ထိန်းချုပ်မထားဘူးဆိုရင် ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက်မင်းသားနဲ့ မင်းသမီးကို ငါ လက်ဖျားလေးနဲ့တောင် ထိမှာမဟုတ်ပါဘူးကွာ.."

ဒီမြင်ကွင်းတွေကိုမြင်ပြီးနောက် ကျိုးယွင်ရှန့်က လက်ဝှေ့ယမ်းပြီး အပါးတော်မြဲကုန်းကုန်း လျှိုဟော့ကို ပြောလိုက်တယ်။

"ငါကိုယ်တော် အ၀တ်လဲပြီးတဲ့ထိ စောင့်ပါ.."

သူ တကယ်ပဲ ဒီည စောစောနားဖို့လိုတယ်။ မနက်ဖြန်ကျရင် လွှတ်တော်ညီလာခံခန်းမမှာ စစ်ပွဲကအောင်နိုင်လာတဲ့ သူ့ချစ်သူကို တွေ့ဆုံရမှာဖြစ်တယ်။ ဒီလူက သူ့ချစ်သူဖြစ်မယ်ဆိုတာ ကြိုမှန်းထားပြီးဖြစ်လို့ သူ့ရင်တစ်ခုလုံး မျှော်လင့်ချက်တွေနဲ့ပြည့်လို့ တက်ကြွနေခဲ့တယ်။

နောက်တစ်နေ့မှာ အောင်ပွဲရစစ်သည်တော်တွေက ညီလာခံခန်းမမှာ စိတ်လှုပ်ရှားစွာနဲ့ ဆုလာဘ်ကို လက်ခံယူနေကြတယ်။ ကျိုးယွင်ရှန့်က ဒီလူအုပ်ထဲမှာ သူ့ချစ်သူရှိတာကိုသိလို့ တစ်ယောက်ချင်းကို စေ့စေ့စပ်စပ် လိုက်ကြည့်ပြီးနောက် မျက်နှာက မဲမှောင်သွားတယ်။

ဘယ်လိုဖြစ်နိုင်မှာလဲ..? သူ့စိတ်ထဲက မုန်တိုင်းထန်နေပေမယ့် မျက်နှာပြင်ပေါ်ကို တစ်စိုးတစ်စိတောင် မပေါ်စေဘူး။ သူက သူရဲကောင်းအားလုံးကို ဆုလာဘ်ချီးမြှင့်လိုက်တယ်။

စစ်ပွဲက အောင်ပွဲခံလာတဲ့ စစ်သည်တော်သူရဲကောင်းတွေက ဒူးထောက်ပြီး မင်းကြီးကို ကျေးဇူးတင်စကားပြောကြတယ်။ သူတို့မျက်ဝန်းထဲမှာ ပျော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေတဲ့ အရိပ်အယောင်တွေ ပေါ်လွင်နေတယ်။ ဆယ်ကျော်သက်အရွယ် လူငယ်လေးတစ်ဦးကသာ နှုတ်ခမ်းကိုဖွင့်လိုက်ပိတ်လိုက် လုပ်ပြီး တစ်စုံတစ်ခုကို လျှောက်တင်ချင်ဟန်နဲ့ ချီတုံချတုံဖြစ်နေတယ်။

ကျိုးယွင်ရှန့်က ဒီမြင်ကွင်းကို ရင်းနှီးစွာကြည့်ပြီး လက်ညှိုးညွှန်ပြီးပြောလိုက်တယ်။

"ငါ့ရဲ့ ချစ်လှစွာသော သူရဲကောင်းလေး.. မင်း လျှောက်တင်စရာများ ရှိနေသလား.."

"ကျွန်တော်မျိုး အတင့်ရဲစွာ လျှောက်တင်ပါရစေ.. ကျွန်တော်မျိုးရတဲ့ဆုလာဘ်ကို ပြောင်းလဲပေးလို့ရမလား အရှင်မင်းကြီး.."

လူငယ်လေးက ဒူးထောက်ပြီး လက်နှစ်ဖက်ကိုဆုပ်လို့ အရိုအသေပေးရင်း လျှောက်တင်ချိန်မှာ သူ့ပါးပြင်က ဖြူရော်ရော်နဲ့ စိတ်လှုပ်ရှားနေပုံရတယ်။

"အိုး.. မင်းက ငါကိုယ်တော်ပေးတဲ့ဆုလာဘ်ကို သဘောမကျဘူးလား.."

ဒီကောင်လေး ဘာကြောင့်လျှောက်တင်တယ်ဆိုတာ သိပေမယ့် ကျိုးယွင်ရှန့် သူ့ကို တမင်စနောက်ချင်လို့ မေးလိုက်တယ်။

"အရှင့်ရဲ့အမှုထမ်းငယ်က ဒီလိုမလုပ်ဝံ့ပါဘူး အရှင်.. ကျေးဇူးပြုပြီး အရှင် ကျွန်တော်မျိုးပြောပြမယ့် အကြောင်းအရာလေးကို နားဆင်ပေးတော်မူပါ.."

စစ်သည်တော် အရာရှိငယ်လေးရဲ့ ဖြူဖျော့ဖျော့မျက်နှာက ခရမ်းရောင်ပြောင်းသွားပြီး ဒီအကြောင်းကိုလျှောက်တင်ချိန်မှာ နှုတ်ခမ်းက တဆတ်ဆတ်တုန်လှုပ်နေတယ်။

အရာရှိငယ်လေးက တိုက်ပွဲကအောင်နိုင်မှုကြောင့် ဆုလာဘ်အနေနဲ့ ရာထူးတိုးမြှင့်ပေးခံရတာကို သူ့မိခင်အတွက် ဂုဏ်ထူးတစ်ခု၊ ဘွဲ့တစ်ခုနဲ့ လဲလှယ်ပေးစေချင်တယ်။ သူ့မိခင်က Wu Cheng အိမ်တော်က ကိုယ်လုပ်တော်ဖြစ်တယ်။ သူမက ပန်းကလေးလိုလှပေမယ့် အဆင့်အတန်းနိမ့်ကျလွန်းလို့ တရားဝင်ဇနီးနှင့် သားကြီးသမီးကြီးတွေ ၀ိုင်းနှိပ်စက်လို့ အိပ်ယာထဲလဲပြီး ကောင်လေး အသက်ဆယ့်တစ်နှစ်မှာ သေဆုံးသွားရတယ်။ ဒါကြောင့် Wu Cheng မိသားစုရဲ့ ကိုယ်လုပ်တော်ဖွားကောင်လေးက စစ်ထဲဝင်ပြီး တိုက်ပွဲနိုင်လို့ ရာထူးတိုးပေးခံရတဲ့အချိန် မတော်မတရား နိမ့်နိမ့်ကျကျနဲ့ သေဆုံးသွားရတဲ့မိခင်အတွက် ဘွဲ့လေးတစ်ခုလောက်ကို လဲလှယ်ပေးချင်တာဖြစ်တယ်။ မိခင်အတွက် ဇနီးမယားဆိုတဲ့ ဘွဲ့လေးတစ်ခုယူပေးနိုင်ရင် မြစ်ဝါမြစ်ရဲ့တစ်ဖက်ကမ်း တမလွန်ဘ၀မှာ သူ့အမေက ဂုဏ်သိက္ခာရှိစွာ နေနိုင်လိမ့်မယ်လို့ ယုံကြည်တယ်။

ဒီလိုနဲ့ သနားစရာကောင်းတဲ့သားလေးက မိခင်ရဲ့ကျေးဇူးကိုဆပ်ပေးဖို့ အသက်နဲ့ရင်းပြီးရလာတဲ့ ရာထူးကို လဲလှယ်ပေးဖို့ တောင်းဆိုနေတယ်ဆိုတာ နောက်ပိုင်း တဖြည်းဖြည်း ရင်းနှီးလာတဲ့အချိန်မှာ ကျိုးယွင်ရှန့် သိရှိခဲ့တာဖြစ်တယ်။

သေဆုံးသွားတဲ့မိခင်အတွက် ကျေးဇူးဆပ်ခြင်းက မိဘကျေးဇူးသိတတ်ခြင်းနဲ့ ဘာသာတရားအဆုံးအမကို လိုက်နာခြင်းဖြစ်ပြီး Da Qi ပြည်ကြီးမှာ ဘယ်သူမှ လျစ်လျှူရှုလို့မရတဲ့ အချက်တစ်ချက်ဖြစ်တယ်။ ကျိုးယွင်ရှန့်က လက်ကိုဝှေ့ယမ်းပြီး သားဖြစ်သူရဲ့ဘွဲ့ထူး၊ ဂုဏ်ထူးနဲ့ မိခင်အတွက်ဂုဏ်သိက္ခာကို လိုလိုလားလား လဲလှယ်ပေးလိုက်တယ်။

အခုလောလောဆယ်တော့ ကျိုးယွင်ရှန့် က ဒီလူငယ်လေးရဲ့မိခင်ကို တရားဝင်ဇနီးသည်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ လူငယ်လေးကလည်း တရားဝင်သားဆိုတဲ့ အဆင့်အတန်းကို ပေးအပ်ဖို့ အလုပ်တွေမအားလပ်သေးလို့ ဒီဟာကို ချက်ချင်း လုပ်ဆောင်မပေးနိုင်သေးဘူးလို့ ပြောလိုက်တယ်။ တကယ်လို့ သူတို့အနေနဲ့ ဒီဟာကိုလိုချင်တယ်ဆိုရင် အချိန်တစ်ခုတော့ ပေးရမယ်လို့ ပြောလိုက်တယ်။

တစ်နာရီလောက်ကြာတော့ ကျိုးယွင်ရှန့်က ညီလာခံပြီးဆုံးကြောင်းပြောပြီး လူအားလုံးကို ပြန်လွှတ်လိုက်တယ်။ သူက ဒီဆယ်ကျော်သက်လူငယ်လေးကိုတော့ တမင် ချန်ရစ်နေစေလိုက်တယ်။

"ပိယွမ်က လောလောဆယ် နေမကောင်းဘူးဖြစ်နေတယ်.. သူမက သူ့မိသားစုကို သတိရလွမ်းဆွတ်လိမ့်မှာကို ငါကိုယ်တော် စိုးရိမ်မိတယ်.. လွန်ခဲ့တဲ့ရက်အနည်းငယ်က အမတ်ကြီးကတော်ကို နန်းတော်ထဲကိုလာလည်ဖို့ ဖိတ်ခေါ်ခဲ့ပြီးပြီဆိုတော့ မင်းလည်း မင်းအစ်မတော် တော်ဝင်ကြင်ယာတော်ဆီကို သွားလည်လို့ရတယ်.. မင်း အနောက်ဘက်စစ်မြေပြင်မှာရှိတုန်းက မင်းအစ်မက စိုးရိမ်ကြောင့်ကြပြီး ဘုရားမှာ မင်းတို့အတွက် ဆုတောင်းပေးခဲ့သေးတယ်.."

ကျိုးယွင်ရှန့်က သူ့ရှေ့က အရပ်ရှည်ရှည်နဲ့ ချောမောခန့်ညားတဲ့လူရွယ်ကို မျက်ဝန်းနက်နက်တွေနဲ့ စိုက်ကြည့်ပြီး ပြောလိုက်တယ်။

ကျောက်ရွှမ်က သူ့ချစ်သူဖြစ်လိမ့်လို့ ကျိုးယွင်ရှန့် ဘယ်တုန်းကမှ စိတ်ကူးတောင် မကြည့်ခဲ့မိဖူးဘူး။ အရင်ဘ၀တုန်းက သူက ကျောက်ရွှမ်ကို နှစ်ကြိမ်လောက်ပဲမြင်ဖူးခဲ့တာဖြစ်တယ်။ ပထမအကြိမ်က အနောက်မြောက်ဒေသ လေ့ကျင့်မှုပြီးလို့ စစ်မြေပြင်အတွက် စေလွှတ်တဲ့အချိန်ရယ်၊ နောက်တစ်ကြိမ်ကတော့ စစ်နိုင်လို့ပြန်လာချိန်မှာ ညီလာခံကနေ ဆုပေးတဲ့အချိန်ရယ်ပဲ ဖြစ်တယ်။

အဲ့ဒီနောက် ကျောက်ရွှမ်ကို အနောက်မြောက်ဒေသကို ပြန်လွှတ်ပြီး ဘယ်တော့မှ ပြန်မခေါ်ခဲ့တော့ဘူး။ နောက်ဆုံး သားတော်ဖြစ်သူက ပုန်ကန်ပြီးဖမ်းချုပ်ထားတဲ့အချိန် တော်ဝင်မင်းသားက ဘုရင်ကို ထောင်ချောက်ထဲကနေ ကယ်တင်ဖို့စေလွှတ်တဲ့အချိန်ကျမှ ကျောက်ရွှမ်က မင်းနေပြည်တော်ကို ပြန်လာခဲ့ပြီး မြို့တော်ကို ပြန်လည်သိမ်းယူဖို့ အကာကွယ်အတားအဆီးတွေကို မီးရှို့ဖျက်ဆီးခဲ့တယ်။
အခုတွေ့တဲ့ကျောက်ရွှမ်က အရင်ဘ၀ကကျောက်ရွှမ်နဲ့ တစ်ယောက်တည်းမဟုတ်ဘူးဆိုတာ သိပေမယ့် ကျိုးယွင်ရှန့်ရဲ့ရင်ထဲက နာကြည်းမှုတွေက မပျောက်နိုင်ဘူးဖြစ်နေတယ်။ အခုကျောက်ရွှမ်က တော်ဝင်မင်းသားနဲ့ ပူးပေါင်းပြီး သူ့လက်ထဲကထီးနန်းကိုလုပြီး မင်းသားကိုနန်းတင်ဖို့ လုပ်နေပြီလား။ ဒီလူမှာ ဘာမှတ်ဥာဏ်မှ မကျန်ရှိခဲ့ဘူး။ သူ့မှာရှိတာက သူ့လက်တွေ့ဘ၀ အစစ်အမှန်ရယ်၊ သူ့မိသားစု၊ သူ့မိတ်ဆွေ၊ သူ့ဇနီးနဲ့ သားပဲဖြစ်တယ်။

ကျောက်ပိယွမ်က တော်ဝင်မင်းသားနဲ့ ဖောက်ပြန်ပြီး ဒုတိယမင်းသားကို မွေးဖွားခဲ့တယ်ဆိုတဲ့ကိစ္စကို သိခဲ့ရင်တောင်မှ Wen Yuang မိသားစုကလူတွေက သူမကို ခွင့်လွှတ်လိုက်ကြမှာပဲ။ သူတို့မိသားစု၊ သူတို့စည်းစိမ်၊ သူတို့ရာထူးနဲ့ သူတို့မျိုးဆက်တွေရဲ့အသက်ကို ကယ်တင်နိုင်ဖို့ တစ်ခုတည်းသောအားကိုးရာက မိဖုရားကျောက်ပိယွမ်နဲ့ ဒုတိယမင်းသားလေးပဲ မဟုတ်လား။ ဒီသားအမိကို သူတို့တစ်မိသားစုလုံးက ဘယ်လိုအပြစ်တင်ရဲမှာလဲ။

အခုတော့ ကျိုးယွင်ရှန့်က သစ္စာဖောက်ခံရလို့ ရှက်ရွံ့ခြင်းနဲ့ မုန်းတီးခြင်းတို့ကို တနင့်တပိုးသယ်ဆောင်ထားပြီး Wen Yuang အမတ်ကြီးမိသားစုနဲ့ တော်ဝင်မင်းသားကိုတွေ့တိုင်း ရင်ထဲနင့်နေအောင် နာကြည်းနေမိတယ်။

သူတို့နှစ်ဖွဲ့ပေါင်းပြီး သူ့ကိုဖျက်ဆီးတာကို ဒီအတိုင်းခေါင်းငုံ့ခံနေဖို့ မစဉ်းစားထားဘူး။ ပြဿနာကို ဒီအတိုင်းတော့ မထားရစ်နိုင်ဘူး။ ကျိုးယွင်ရှန့်က သူ့ကိုဒုက္ခပေးတဲ့သူအားလုံးကို ကလဲ့စားချေဖို့ အသေးစိတ်တွက်ချက်နေချိန်မှာ တစ်ဖက်မိသားစုကလူထဲမှာ သူ့ချစ်သူရှိနေတာကို သိလိုက်ရတယ်။ ကံတရားက သူ့ကို တမင်ကျီစားနေသလားတောင် ထင်ရတယ်။

အတွေးတွေနဲ့ ရှုပ်ထွေးနေလို့ ကျိုးယွင်ရှန့်ရဲ့မျက်ခုံးနှစ်ခုက ကုတ်နေပြီး သူ့ရှေ့က ခန့်ညားချောမောတဲ့ ချစ်သူရဲ့မျက်နှာကိုတောင် မတွေ့ချင်တော့တာနဲ့ လက်ဝှေ့ယမ်းပြီး ထပ်ပြောလိုက်တယ်။

"သွား.. ပိယွမ်ကို သွားတွေ့လိုက်.."

ကျောက်ရွှမ်က မင်းကြီးရှေ့မှာရှိနေတဲ့တစ်ချိန်လုံး မျက်လွှာချပြီး ရိုသေလေးစားစွာပဲ ရပ်နေခဲ့တယ်။ သူ့မျက်လုံးက မင်းကြီးရဲ့မျက်နှာကို မော်မဖူးဘဲ ရင်ဘတ်ကိုပဲစိုက်ကြည့်နေခဲ့တယ်။ သူက မျက်လုံးချင်းဆိုင်မကြည့်ရဲလို့ မဟုတ်ဘဲ မင်းကြီးရဲ့ရုပ်ရည်ကို စိတ်မ၀င်စားတဲ့အတွက်ဖြစ်တယ်။

ကျောက်ရွှမ်ထွက်သွားတော့ ကျိုးယွင်ရှန့်က ဆယ်ကျော်သက်အရွယ်ကောင်လေးကို ဦးဆောင်ပြီး သူ့နန်းတော်ကို ဖြည်းဖြည်းပြန်လာခဲ့တယ်။ ဒီကောင်လေးနာမည်က Meng Kang မုန့်ကောင်းဖြစ်ပြီး အခု ၁၈ နှစ်ရှိပြီဖြစ်တယ်။ မုန့်ကောင်းက ငယ်ကတည်းက အစားကြီးပြီး နွားတစ်ကောင်လိုသန်မာကာ ခွန်အားကြီးတယ်။ ဒါကြောင့် Wu Cheng အမတ်ကြီးရဲ့အိမ်တော်က သခင်နဲ့ကျွန်တွေက ဒီကောင်လေးကို လှောင်ပြောင်သရော်ခဲ့ကြတယ်။ အထူးသဖြင့် အမတ်ကတော်ကြီးက ပိုပြီး နှိမ်ချသရော်ခဲ့တယ်။ ဒီကောင်လေးက သူမကိုယ်ထဲစူးဝင်နေတဲ့ ဆူးတစ်ချောင်းလိုဖြစ်တယ်။ ဒါကြောင့် သူ့အမေကိုယ်လုပ်တော် ကလေးမွေးတော့ သေချာဂရုမစိုက်ဘဲ သေသွားအောင် လျစ်လျူရှုထားကြတယ်။ ကိုယ်လုပ်တော်သေသွားတော့ သူမက ဒီကလေးကို သေသေဆိုပြီး အရွယ်ရောက်တာနဲ့ စစ်တန်းလျားကို အမြန်ဆုံး ပို့လိုက်တာဖြစ်တယ်။

မုန့်ကောင်းက ငယ်ငယ်လေးကတည်းက ရိုက်နှက်ခြင်း၊ အရှက်ခွဲခံရခြင်းကို တောက်လျှောက်ခံခဲ့ရတယ်။ ဒါပေမယ့် သူ့ရဲ့စိတ်နှလုံးက မယိမ်းမယိုင်နဲ့ လူကောင်းတစ်ယောက်ဖြစ်နေဆဲပဲ။ ကျိုးယွင်ရှန့်က သူ့အမေကို တရားဝင်ဇနီးဘွဲ့ပေးပြီး မိသားစုသင်္ချိုင်းမှာ မြှုပ်နှံခွင့်ပြုလိုက်တဲ့အတွက် သူ့တစ်သက်လုံး ကျေးဇူးတင်နေခဲ့တယ်။

နောက်ဆုံးဘ၀မှာ မင်းသားက ပုန်ကန်ပြီး ကျိုးယွင်ရှန့်ကို ဖမ်းထားတဲ့အချိန် သူက ပိတ်ဆို့မှုကိုထိုးဖောက်ပြီး ဘုရင်ကို ၀င်ကယ်ခဲ့တယ်။ ဘုရင်ကို ဒိုင်းလိုကာပေးပြီး တစ်ကိုယ်လုံး မြားပေါင်းများစွာ စိုက်ခံရပြီး သေဆုံးခဲ့တယ်။ ကျိုးယွင်ရှန့်က ဒီကောင်လေး အသက်ဘေးကလွတ်ဖို့ ထွက်ပြေးဖို့ကြိုးစားခဲ့ပေမယ့် သူ့ကိုပုန်ကန်တဲ့သားတော်က သူနဲ့တကွ လာကယ်သူကိုပါ အသေသတ်ဖို့ဆုံးဖြတ်ထားလို့ သူ့မျက်စိရှေ့မှာပဲ သူ့အသက်ကိုကယ်ဖို့ကြိုးစားရင်း ဒီကောင်လေး အသေဆိုးနဲ့သေသွားရတာကို မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရတယ်။

ကျိုးယွင်ရှန့်ရဲ့စိတ်က အေးစက်ရင် သူများထက်သွေးအေးရက်စက်ပေမယ့် သူ့အပေါ်ကောင်းတဲ့သူဆိုရင် အရမ်းကို နွေးနွေးထွေးထွေး ပြန်ပေးဆပ်တတ်တယ်။ လူတစ်ယောက်က သူ့ကို ဆိုးဆိုးဝါးဝါးဆက်ဆံရင် အဲ့ဒီလူကို အဆပေါင်းတစ်ထောင် ပြန်လည်ပေးဆပ်အောင် လုပ်တတ်တယ်။ ဒါပေမယ့် သူ့အပေါ် တကယ်ကောင်းတယ်ဆိုရင် သူက တစ်သက်လုံးအမှတ်ရပြီး ကောင်းပေးတတ်တယ်။

တကယ်လို့ သူ့ချစ်သူသာ ဒီမှာရှိရင် သူ့ကို အသက်စွန့်ကယ်တဲ့ မိုက်မဲတဲ့ကောင်လေးဖြစ်မယ်လို့ မျှော်လင့်ထားပေမယ့် တကယ့်အဖြစ်မှန်က သူမျှော်လင့်ထားတာနဲ့ တစ်ခြားစီဖြစ်နေတယ်။

ဒါကြောင့် သူ့ရန်သူတွေကို ဘယ်နည်းနဲ့ လက်တုံ့ပြန်သည်ဖြစ်စေ သူ့ကိုကယ်ခဲ့တဲ့ကောင်လေးကို မထိခိုက်စေတဲ့နည်းကိုပဲ သူရွေးမှာဖြစ်တယ်။

ကျိုးယွင်ရှန့်က မုန့်ကောင်းကို သူ့ဘေးမှာထိုင်ခိုင်းပြီး စစ်တပ်ထဲကအတွေ့အကြုံနဲ့ သူ့ဘ၀ဇာတ်ကြောင်းကို မေးမြန်းလိုက်တယ်။ အရင်ဘ၀တုန်းက မုန့်ကောင်းက ဒီလိုသူ့ဆုလာဘ်နဲ့ သူ့မိခင်အတွက် လဲလှယ်ခဲ့ပေမယ့် သူအိမ်ပြန်ရောက်သွားတော့ အမတ်ကတော်က သူ့ကို ညအခါဆေးခတ်ပြီး သူ့တူမနဲ့ငြိစွန်းအောင်လုပ်ခဲ့တယ်။ မုန့်ကောင်းကိုထိန်းချုပ်ဖို့ သူ့တူမနဲ့ပေးစားဖို့ စီစဉ်ခဲ့တယ်။ အဲ့ဒီတူမက အမတ်ကတော် ကြိုးဆွဲရာကတဲ့ ရုပ်သေးရုပ်ဖြစ်ပြီး မုန့်ကောင်းနားမှာ အနီးကပ်သူလျှိုလုပ်ပြီး သူလုပ်သမျှစစ်ရေးတာဝန်တွေကို အမတ်ကတော်ဆီကို တိတ်တဆိတ်ပေးပို့ပြီး တာဝန်ကိုကျရှုံးအောင် လုပ်ခဲ့တယ်။ ဒီလိုနဲ့ မုန့်ကောင်းရဲ့ အနာဂတ်ဘ၀တက်လမ်းအားလုံး ပျက်စီးခဲ့ရတယ်။

ဒီဘ၀မှာတော့ ဒီမကောင်းဆိုးဝါးအမတ်ကြီးနဲ့ အမတ်ကတော်က ဒီကောင်လေးရဲ့ဘ၀ကို ဖျက်ဆီးတာ ကျိုးယွင်ရှန့် ဘယ်လိုမှ ခွင့်မပြုနိုင်တော့ဘူး။

ကျိုးယွင်ရှန့်က ဒီအကြောင်းတွေကို သိပြီးတဲ့နောက်မှာ မုန့်ကောင်းရဲ့ မူလဆုလာဘ်ကို ပြန်ပေးရုံတင်မကဘူး ဘုရင့်နန်းဆောင်ကိုရောက်တော့ အမိန့်စာတစ်စောင်ရေးပြီး မုန့်ကောင်းကို နန်းတော်ထဲမှာ ရာထူးတစ်ခုပေးပြီး သူ့အတွက် ခိုင်မာတဲ့လူကို စတင်ထူထောင်တော့တယ်။

ဧကရာဇ်ကိုယ်တိုင်က သူ့ကို ရာထူးတစ်ခုပေးတာကို သူက ချက်ချင်းမထမ်းဆောင်ဘူးဆိုရင် ဒါက စော်ကားရာကျတယ်ဆိုတာ မုန့်ကောင်းနားလည်တယ်။ မုန့်ကောင်းက ရိုးသားဖြောင့်မတ်ပေမယ့် တုံးအတဲ့လူတော့ မဟုတ်ဘူး။ ဘုရင်ရဲ့စာနာသနားမှုကို ခံစားရချိန်မှာ မုန့်ကောင်းရဲ့မျက်ဝန်းထဲက မျက်ရည်တွေက တာတမံကျိုးသလို စီးကျလာခဲ့တယ်။

"ကျားကိုးစီးစားမကုန်တဲ့ ခန္ဓာကိုယ်နဲ့ ဘာကြောင့်ဒီလိုငိုနေရတာလဲ.. မျက်ရည်လွယ်တဲ့မိန်းကလေး ရောက်နေသလားမှတ်ရတယ်.. မျက်ရည်တွေကို ချက်ချင်းသုတ်လိုက်စမ်း.."

ကျိုးယွင်ရှန့်က ဒီကောင်လေးငိုနေသလား၊ ရယ်နေသလားတောင် မသိတော့ဘူး။ သူက အ၀ါရောင်ပိုးလက်ကိုင်ပုဝါကို ထုတ်ပြီး သူ့ပါးပြင်ပေါ်ကမျက်ရည်တွေကို သုတ်ပေးလိုက်တယ်။ အရင်ဘ၀က မုန့်ကောင်းက သူနဲ့အတူအဖမ်းခံရချိန် သူ့ရှေ့မှာလဲလျောင်းပြီး မျက်ရည်ဖြိုင်ဖြိုင်ကျခဲ့တယ်။ သူ့မျက်ရည်တွေများလွန်းလို့ ကျိုးယွင်ရှန့်တောင် ကျောက်ပြားပေါ်မှာ ချော်လဲခဲ့ရတဲ့အထိပဲ။ ဒီကောင်လေးရဲ့ အပြင်ပန်းက ၀က်ဝံကြီးလိုကြီးမားပြီး ကြမ်းတမ်းပုံရပေမယ့် သူ့အတွင်းစိတ်က မပြောင်းမလဲဘဲ နူးညံ့စွာရှိနေဆဲပဲဖြစ်တယ်။

မုန့်ကောင်းရဲ့နှာခေါင်း ရှုံ့ပွရှုံ့ပွဖြစ်နေတာကိုကြည့်ရင်း ကျိုးယွင်ရှန့်က နဖူးကို လက်တစ်ဖက်ထောက်ပြီး ရယ်မောလိုက်မိတယ်။

ကျောက်ရွှမ်က တရားဝင်မယားကြီးက မွေးတဲ့သားဖြစ်ပြီး ကျောက်ပိယွမ်က ကိုယ်လုပ်တော်ရဲ့သမီးဖြစ်တယ်။ သူတို့နှစ်ယောက်က သွေးသားတော်ပေမယ့် မအေတစ်ယောက်စီက မွေးလာတာဖြစ်လို့ သူတို့ကြားကသံယောဇဉ်က မနက်ရှိုင်းဘူး။ ဒါကြောင့် သူတို့နှစ်ယောက်တွေ့တော့ အပြန်အလှန် နှုတ်ဆက်စကားပြောပြီး ဒုတိယမင်းသားလေးကိုကြည့်ပြီး နှုတ်ဆက်ပြီးပြန်ခဲ့တယ်။

ကျောက်ရွှမ် နန်းဆောင်မကြီးကိုမရောက်ခင် စင်္ကြန်လမ်းမှာရှိနေတုန်း နန်းဆောင်မကြီးထဲက ပေါ့ပါးသွက်လက်တဲ့ရယ်မောသံက အပြင်ကို လွင့်ပျံလာတာကို ကြားလိုက်ရတယ်။ စစ်တိုက်တဲ့အခါ လက်နက်သံတချွင်ချွင် ထွက်နေသလို၊ မြက်ခင်းပြင်က လတ်ဆတ်တဲ့လေပြေညှင်းတွေ တိုက်ခတ်လာသလို ကျောက်ရွှမ်ရဲ့ရင်ကို လာရောက်ထိခတ်သွားတော့တယ်။

ဒီအသံကိုကြားတော့ သူ မရပ်ဘဲမနေနိုင်တော့ဘူး။ သူက ရပ်တန့်ပြီး ဒီရယ်မောသံကို မိန်းမောပြီး နားထောင်နေရင်း တံခါးဝနားမှာ ရပ်နေမိတော့တယ်။

အပါးတော်မြဲလျှိုဟော့က သူ့ကို ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်ပြီး ကျိုးယွင်ရှန့်ဆီကို နယ်စားယွီကော်က လာရောက်တွေ့ဆုံကြောင်း လျှောက်တင်လိုက်တယ်။

ကျောက်ရွှမ်က ကျိုးယွင်ရှန့်ရဲ့ချီးမြှောက်မှုကြောင့် အမတ်ကြီးဝိန်ယွင်းထက် ရာထူးတစ်ဆင့်မြင့်တဲ့ နယ်စားတစ်ဦးဖြစ်လာခဲ့တယ်။ သူက ဘုရင့်နန်းတော်ဆီကို အောင်ပွဲနဲ့အတူပြန်လာချိန်မှာ ဒီအမိန့်က ထုတ်ပြန်ပြီးဖြစ်လို့ ဘယ်လိုမှ ပြန်ပြောင်းလို့မရတော့ဘူး။ ကျိုးယွင်ရှန့်အနေနဲ့ သူနောက်ကျပြီး ရောက်လာခဲ့တဲ့အတွက် သူ့ဘာသာပဲ အပြစ်တင်မိတယ်။ သူ့ရန်သူတွေရဲ့ သြဇာအာဏာကြီးထွားမှုကို တားဆီးဖို့ နောက်ကျသွားပြီဖြစ်တယ်။

"သူတို့ကို ၀င်ခွင့်ပြုလိုက်ပါ.."

ကျိုးယွင်ရှန့်က ပြုံးပြီးပြောလိုက်ပေမယ့် စိတ်ထဲမှာတော့ စိတ်ပျက်လက်ပျက်ဖြစ်နေတယ်။

ကျောက်ရွှမ်က ကြားလိုက်ရတဲ့ ရယ်သံလွင်လွင်ရဲ့ ညှို့ယူမှုအောက်ကိုရောက်နေပေမယ့် ကျိုးယွင်ရှန့်ရဲ့လေသံထဲက မနှစ်မြို့မှုကို သတိထားမိလိုက်တယ်။ သူက ဘုရင်နဲ့ပတ်သက်သမျှကို ပြန်စဉ်းစားပေမယ့် ဘာကိုမှ အမှတ်မရတဲ့အတွက် ကနေ့ စစ်သည်တော်တွေကို ဆုလာဘ်အများကြီး ချီးမြှင့်ပေးလိုက်ရလို့ မင်းကြီး စိတ်မကြည်မသာဖြစ်နေတယ်လို့ပဲ ကောက်ချက်ချလိုက်မိတယ်။ သူက ဘုရင်ကိုမလှောင်ဘဲ မနေနိုင်ခဲ့ဘူး။ ဘယ်တုန်းက ဗိုလ်ချုပ်ကြီးတွေရဲ့အဆုံးသတ်က ကောင်းခဲ့လို့လဲ။ Da Qi ပြည်ကြီး ထူထောင်ခဲ့တဲ့အချိန်က ဒီဗိုလ်ချုပ်ကြီးတွေကပဲ သက်စွန့်ဆံဖျား ကူညီပေးခဲ့ကြတယ်။ တိုင်းပြည်လည်း တည်ငြိမ်သွားရော အားလုံး စွန့်ပစ်ခံရတာပဲ မဟုတ်လား။ ဒါကြောင့် ဧကရာဇ်တွေဆိုတာ သံသယနဲ့ မနာလိုစိတ် အားကြီးတယ်လို့ပဲ သူက အလွယ်တကူ သတ်မှတ်လိုက်တော့တယ်။

ကျောက်ရွှမ်က လက်ဝဲလက်မှာဝတ်ဆင်ထားတဲ့ လက်စွပ်ကို ပွတ်သပ်ပြီး ဘုရင်ကို ဒူးထောက်အရိုအသေပေးလိုက်တယ်။

"ထပါ.. အနောက်ဘက်တိုက်ပွဲတွေကြောင့် နယ်စားကြီးလည်း ပင်ပန်းခဲ့ရပြီး.. အချိန်လည်းမစောတော့ဘူး.. ငါကိုယ်တော်နဲ့ ညစာ အတူစားသွားလိုက်ပါ.. မနက်ဖြန် ငါကိုယ်တော် စစ်သားတွေအတွက် ဂုဏ်ပြုပွဲလုပ်ပေးဖို့ စီစဉ်ထားတယ်.. နယ်စားကြီးလည်း ဆန္ဒရှိတာကို စားလို့သောက်လို့ရတယ်.."

ကျိုးယွင်ရှန့်က ကျောက်ရွှမ်ကို ထိုင်ရာကထဖို့ ဆွဲထူပေးလိုက်ပြီး လက်ကိုရုပ်လိုက်တယ်။ မနှစ်မြို့စိတ်ကြောင့် ကျောက်ရွှမ်ရဲ့အသားနဲ့ ထိမိတဲ့လက်ကို ပွတ်သပ်လိုက်ပြီး နောက်ကိုသိမ်းဝှက်လိုက်မိတယ်။

ကျောက်ရွှမ်က မင်းကြီးရဲ့မျက်နှာသာပေးမှုကို ကျေးဇူးတင်စကားပြောလိုက်ပေမယ့် မင်းကြီးနဲ့ထိမိတဲ့ သူ့အသားအရေက ပူလောင်နေတယ်လို့ ခံစားလိုက်ရတယ်။

ညစာစားချိန်ရောက်တော့ မုန့်ကောင်းက ခေါင်းခဲလာတော့တယ်။ သူက မယဉ်မကျေးပြုမိမှာကို အရမ်းစိုးရိမ်နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ စားစရာစုံလင်လှတဲ့ စားပွဲကြီးကို တွေ့လိုက်ရတဲ့အချိန် သူ့အနေနဲ့ လူမြင်ကောင်းအောင် ယဉ်ယဉ်ကျေးကျေးစားဖို့ လိုလာပြီ။ မုန့်ကောင်းရဲ့ဘ၀မှာ ဘယ်တုန်းကမှ စားကောင်းသောက်ဖွယ်တွေကို ကျေနပ်အောင် မစားခဲ့ရဖူးဘူး။ မသေရုံတမယ်ကျွေးတာကိုပဲ စားခဲ့ရတော့ ဒီလိုအစားသောက်ကောင်းကိုတွေ့တော့ သူ့စိတ်ကို အတင်းထိန်းထားရလို့ မျက်နှာက ရဲရဲနီလို့နေပြီ။

ဒီကောင်လေးရဲ့မျက်နှာ ဖြူတစ်လှည့်၊ နီတစ်လှည့် ဖြစ်နေတာကြည့်ပြီး ကျိုးယွင်ရှန့် ဘယ်လိုမှ မအောင့်နိုင်တော့ဘူး။ ဒီကောင်လေးရဲ့ သူ့စိတ်ထဲကအတွေးတွေက အမြဲတမ်း မျက်နှာပေါ်မှာ စာရေးထားသလို ပေါ်လွင်နေခဲ့တယ်။

"လျှိုဟော့.. သူ့ကို ပန်းကန်လုံးမပေးနဲ့.. စစ်သူကြီးမုန့်ကို ထမင်းအုပ်သာ တစ်ခါတည်းချပေးလိုက်.."

နန်းတော်က ရံရွေတော်တွေက စားပွဲပေါ် သေးငယ်တဲ့ပန်းကန်လုံးနဲ့ ၀ိုင်ခွက်ကိုချပေးတာမြင်တော့ ကျိုးယွင်ရှန့် ဘယ်လိုမှမနေနိုင်ဘဲ အမိန့်ပေးလိုက်တယ်။ ကျိုးယွင်ရှန့်က သူ့ဘေးမှာထိုင်နေတဲ့ လူနှစ်ယောက်ကြောင့် သူ့စိတ်တွေက ပေါ့ပေါ့ပါးပါး ခံစားနေရတယ်။

လျှိုဟော့က မင်းကြီးပြောလိုက်တာကို နားကြားမှားတယ်ထင်ပြီး သတိလက်လွတ် ရပ်နေမိသေးတယ်။

ကျောက်ရွှမ်ရဲ့မျက်ဝန်းတွေက တောက်ပလို့လာတယ်။ ဧကရာဇ်မင်းကြီးနဲ့ မုန့်ကောင်းတို့ အချိန်တိုအတွင်း ရင်းနှီးသွားမယ်လို့ သူ မမျှော်လင့်ထားမိဘူး။ ဒီစားပွဲမှာ မင်းကြီးရဲ့ အံ့သြဖွယ်အပြုအမူကနေ ဒီအချက်ကို သူ ကောင်းကောင်းသတိထားလိုက်မိတယ်။

မုန့်ကောင်းရဲ့ ရှက်စိတ်နဲ့နီရဲနေတဲ့မျက်နှာကို တောက်ပစွာကြည့်နေတဲ့ ချောမောလှပပြီး မဟာဆန်လှတဲ့ ကျောက်စိမ်းလိုမျက်နှာတော်ကို ကျောက်ရွှမ် ငေးမကြည့်ဘဲမနေနိုင်ဘူး။ မင်းကြီးရဲ့မျက်နှာက နွေဦးမှာပွင့်တဲ့ပန်းလို လှပပြီး စွဲဆောင်မှုရှိတယ်ဆိုတာ သတိပြုမိတော့ ကျောက်ရွှမ်က မင်းကြီးရဲ့အကြည့်နဲ့ အာရုံကို ရအောင်ပြန်ဆွဲဆောင်လိုက်တယ်။

"အရှင်မင်းကြီး.. ကျွန်တော်မျိုး ဒီပန်းကန်လုံးတွေကိုပဲ သုံးပါ့မယ်.. ပန်းကန်တွေက တော်တော်ကြီးပါတယ်.."

မုန့်ကောင်းက အရမ်းကိုရိုးသားတဲ့သူဖြစ်လို့ ဒီစကားကိုပြောပြီးတော့ သူက စိတ်မလုံမလဲနဲ့ ချောင်းဟန့်လိုက်မိတယ်။

"ဟုတ်တယ်.. လေး၊ ငါးပန်းကန်ကျ မင်း စားလို့ဝလိမ့်မယ်.."

ကျိုးယွင်ရှန့်က သူ့လက်ထဲကငွေတူနဲ့ ပန်းကန်လုံးကို အသာထိပြီး ပြောလိုက်တယ်။ ကြားက အမျိုးသားကတော့ ဘာမှထင်မြင်ချက်ပေးစရာမရှိတဲ့ပုံနဲ့ ခေါင်းငိုက်စိုက်ချပြီး စိတ်ဓာတ်ကျစွာ ထိုင်နေတယ်။

မုန့်ကောင်းက သူအစားကြီးတာကို ဧကရာဇ်မင်းကြီး ချက်ချင်းရိပ်မိသွားမယ်လို့ မထင်ထားဘူး။ ဒါကြောင့် ကူကယ်ရာမဲ့စွာနဲ့ သူ့ရဲ့အထက်က စစ်သေနာပတိချုပ်ကြီးကို တိတ်တခိုးကြည့်ပြီး မျက်ဝန်းနဲ့ အကူညီတောင်းလိုက်တယ်။

ကျောက်ရွှမ်က မုန့်ကောင်းကို ကူပြီးပြောပေးမလို့လုပ်တုန်း ကျိုးယွင်ရှန့်က လက်ဝှေ့ယမ်းပြီး ပြောလိုက်တယ်။

"လျှိုဟော့.. ဒီတပ်မှူးလေးအတွက် ထမင်းအိုးကိုသယ်လာခဲ့.. ငါကိုယ်တော်ရဲ့အမိန့်ပဲ.. တပ်မှူးလေးကို ကနေ့ ဗိုက်ဝတဲ့အထိစားဖို့ အမိန့်ပေးတယ်.. သူ စားလို့မပြီးမချင်း နန်းတော်ကနေ ထွက်မသွားရဘူး.."

လျှိုဟော့က ပြုံးပြီး အမိန့်အတိုင်းဆောင်ရွက်ပါ့မယ်လို့ ပြောလိုက်တယ်။ သူက နန်းတွင်းအစေခံတွေကို ထမင်းအိုးလေးတွေကို ယူဆောင်လာစေပြီး မုန့်ကောင်းရဲ့ရှေ့မှာ တည်ခင်းပေးလိုက်တယ်။

မုန့်ကောင်းက စစ်သေနာပတိကိုကြည့်ပြီး မင်းကြီးကိုကြည့်လိုက်တယ်။ သူ့ရင်အစုံက တလှပ်လှပ်ခုန်ပြီး စိတ်ရှုပ်နေတယ်။ သူက နွားတစ်ကောင်လို အစားကြီးတယ်ဆိုတာ မင်းကြီးသိအောင် ဘယ်သူပြောလိုက်တာလဲ..? ဒီသတင်းက အခုတော့ ဘုရင့်ဆီတောင် ပျံ့နှံ့နေပြီး နောက်ဆုံး မင်းကြီးက ဒီဟာတွေကိုအကုန်စားဖို့ အမိန့်ပေးတယ်ဆိုတော့ သစ္စာရှိကြောင်းပြဖို့ သူ အကုန်စားရုံပဲပေါ့။ ဒါ့အပြင် တော်ဝင်စားတော်ကဲရဲ့လက်ရာကို သူ တ၀ကြီးစားရမှာဖြစ်လို့ မုန့်ကောင်းက မင်းကြီးကို ကျေးဇူးတင်စကားပြောပြီး ထမင်းအိုးကို သူ့နားကိုဆွဲယူပြီး စတင်စားတော့တယ်။

ကျိုးယွင်ရှန့်က စားဖိုဆောင်ကို တပ်မှူးလေးကြိုက်တတ်တဲ့ဟင်းကို ထပ်ချက်ဖို့ပြောလိုက်ပြီး ဟင်းပန်းကန်တစ်ခုကိုယူပြီး ထမင်းအိုးကြီးထဲ လောင်းထည့်ပေးပြီး ပြောလိုက်တယ်။

"ဖြည်းဖြည်းစား.. မလောနဲ့.."

ကျိုးယွင်ရှန့်က လူငယ်လေးကို နွေးထွေးစွာပြောခဲ့တယ်။ အရင်ဘ၀က ကောင်လေး သူ့လက်ပေါ်သေဆုံးတဲ့အချိန်တုန်းက နောက်ဆုံးပြောသွားတဲ့စကားက...

'ကျွန်တော်တို့က ထမင်းမစားရတာ သုံးရက်၊ သုံးညတိတိ ရှိခဲ့ပြီ.. ကျွန်တော်သေရင် ငတ်ပြတ်တဲ့သရဲဖြစ်မှာကြောက်တယ်.. အရှင်မင်းကြီး.. တစ်နေ့နေ့ကျရင် ကျွန်တော်မျိုးကို ၀က်ကောင်လုံးနှပ် ကျွေးဖို့ မမေ့ပါနဲ့..'

ဒီရယ်စရာစကားလေးတစ်ခွန်းက ကျိုးယွင်ရှန့်ကို ရင်ကွဲမတတ်ခံစားရစေပြီး မျက်ရည်သုတ်မနိုင်အောင် ကျစေခဲ့တယ်။ အကြိမ်ပေါင်းများစွာ ပြန်လည်ဝင်စားခဲ့ပေမယ့် ဒီကောင်လေးကပဲ သူ့အတွက် အသက်ကိုမနှမြောဘဲ အမှုထမ်းခဲ့တာဖြစ်တယ်။ မုန့်ကောင်းက မင်းကြီးအပေါ် သစ္စာစောင့်သိရိုသေစိတ်နဲ့ သူ့အပေါ် လေးလေးနက်နက် သစ္စာရှိခဲ့တယ်။ ပြီးတော့ သူ့အပေါ် စိတ်ရင်းမှန်ကန်စွာနဲ့ ကယ်တင်ခဲ့တာကို ကျိုးယွင်ရှန့် ဘယ်တော့မှမမေ့နိုင်ဘူး။

ကျိုးယွင်ရှန့်က လျှိုဟော့ကို မီးဖိုချောင်ကနေ ၀က်ကောင်လုံးနှပ်ယူခဲ့ဖို့ အမိန့်ပေးလိုက်တယ်။

ကျောက်ရွှမ်က သူတို့ကို တိတ်တဆိတ် အကဲခတ်နေတယ်။ ကျောက်ရွှမ်က သူ့လက်အောက်ကတပ်မှူးတွေ ဘာတွေကြိုက်တတ်တယ်ဆိုတာ သိတဲ့ စစ်သေနာပတိချုပ်ဖြစ်တယ်။ ဒါကြောင့် စားပွဲပေါ်က တည်ခင်းထားတဲ့ဟင်းတွေကို တစ်ချက်ကြည့်ရုံနဲ့ ၁၀ ခွက်မှာ ၉ ခွက်က မုန့်ကောင်းကြိုက်တဲ့ဟင်းတွေ ဖြစ်နေတာကို တွေ့လိုက်ရတယ်။ ဒီကောင်လေးက နေပြည်တော်ပြန်ရောက်ရင် ၀က်ကောင်လုံးနှပ်စားမယ်လို့ ကြွေးကြော်တာကို သူကြားခဲ့သေးတယ်။ ဘာကြောင့် ဧကရာဇ်က ဒီ နာမည်ထင်ရှားခြင်းမရှိတဲ့ တပ်မှူးလေးမုန့်ကောင်းကို သူငယ်ချင်းဟောင်းလို အကြိုက်အားလုံး သိနေရတာလဲ။

ဘုရင်က မုန့်ကောင်းကို ပျိုးထောင်ပြီး သူ့ကို ဆန့်ကျင်ဖို့ ရည်ရွယ်ထားတာလား။
ဒီအတွေးကြောင့် ကျောက်ရွှမ်ရဲ့မျက်ဝန်းထဲ တွေဝေသွားပြီး အမြန်ဖုံးကွယ်လိုက်တယ်။ မုန့်ကောင်းက သတ္တိရှိပေမယ့် စစ်ရေးဗျူဟာတွေ ချနိုင်လောက်တဲ့ စွမ်းရည်မရှိဘူး။ စစ်တပ်ကြီးကို ဘယ်လိုမှ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး။ ဘယ်လိုလုပ် သူ့ကို လာယှဉ်နိုင်မှာလဲ။ ဒီဘုရင်က အသက် ၁၁ နှစ်မှာ ဘုရင်အဖြစ်ကို ရရှိခဲ့ပြီး ၁၄ နှစ်မှာ လွှတ်တော်အာဏာကို သိမ်းယူနိုင်တဲ့သူပဲ။ လက်တွေ့မကျတဲ့အစီအစဉ်ကို သူ လုပ်မှာမဟုတ်ဘူး။ သူ ဘာပဲစီစဉ်ထားပါစေ ငါ့နေရာကို သူ ဖယ်ရှားနိုင်မှာမဟုတ်ဘူး။

ကျိုးယွင်ရှန့်က တစ်ဖက်သားရဲ့မျက်နှာကို ကြည့်လိုက်တာနဲ့ သူ့ရင်ထဲကအပူနဲ့ စိုးရိမ်စိတ်ကိုရိပ်မိလိုက်ပြီး ရင်ထဲကနေ သက်ပြင်းတစ်ခု ခိုးချလိုက်တယ်။ သူ့ချစ်သူက ကမ္ဘာတစ်ခုကနေ တစ်ခုကို ကူးပြောင်းလာတဲ့အချိန်မှာ မှတ်ဥာဏ်တွေကို ယူဆောင်မလာဘဲ အတိတ်မေ့ရောဂါရှိတာကို သိတဲ့အတွက် သူတို့ဆုံလိုက်တာနဲ့ ကောင်းကင်နဲ့မြေကြီး တုန်ဟီးသွားသလိုမျိုး ဖြစ်လာမှာမဟုတ်ဘူးဆိုတာ သူ ကောင်းကောင်းသိတယ်။ သူ့အနေနဲ့ ကမ္ဘာတစ်ခုကိုရောက်လာရင် အရင်ကဟာကို ပြန်သတိရအောင်လုပ်ဖို့ ခက်တယ်ဆိုတာ ကျိုးယွင်ရှန့်သိတယ်။

ကြည့်ရတာ ဒီဘ၀မှာလည်း သူ့ချစ်သူမှတ်မိလာအောင် ဖိအားပေးဖို့တော့ လိုမယ်ထင်တယ်။ ကျိုးယွင်ရှန့်က တွေးလိုက်ပြီး အရက်ခွက်ကိုမြှောက်ရင်း ပြောလိုက်တယ်။

"နယ်စားကြီး ယွီကောင်း.. ငါကိုယ်တော်နဲ့ တစ်ခွက်သောက်ပါ.."

ကျိုးယွင်ရှန့်ရဲ့စကားကြောင့် ကျောက်ရွှမ်က ခွက်ကို လေးလေးစားစား မြှောက်လိုက်တယ်။ ဒါပေမယ့် သူ့မျက်နှာပြင်မှာ ဘုရင့်သြဇာအာဏာကို ကြောက်ရွံ့ကြောင်း တစ်စေ့တစ်စောင်းတောင် မဖော်ပြဘူး။

👑👑👑👑👑👑

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now