FOD_Extra 1_ Chapter(8) (Unicode)

3.6K 341 8
                                    


Chapter (8-1) - မင်းကို အသေမခံနိုင်ဘူး

ရွှယ်ကျင်းရီက ဝရံတာမှာ တစ်နေကုန်ရပ်ပြီး ရွှယ်ဇီရွှမ်ပြန်လာမည့်လမ်းကို စောင့်မျှော်နေသည်။ ဒါပေမယ့် ညနေစောင်းထိ ရွှယ်ဇီရွှမ်၏အရိပ်ကိုပင် မမြင်ရပေ။

"အစ်ကိုကြီး ဘယ်အချိန်ပြန်လာမယ်လို့ ပြောသွားလဲ ဖူဘို.."

"သူ မပြောသွားပါဘူး မမလေး.. မမလေးအခန်းကို ပြန်နားပါတော့လား.. ဒီမှာ တစ်နေကုန်မစောင့်ပါနဲ့ မမလေး ပင်ပန်းပါတယ်... ကျွန်တော် သခင်လေးကို ဖုန်းဆက်ပေးရမလား.."

"ဟင့်အင်း နေပါစေ.. ကျွန်မဘာသာ ဆက်လိုက်ပါ့မယ်.."

ရွှယ်ကျင်းရီက ပြောပြီး ဖုန်းထုတ်ကာခေါ်လိုက်သည်။ ဖုန်းဝင်သွားပေမယ့် တစ်ဖက်က အဝင်ဖုန်းကောကို ဖြတ်ချလိုက်လို့ သူမထပ်ခေါ်သည်။ ၂ကြိမ်မြောက်လုပ်ပြီးနောက် ထိုဖုန်းကို လုံးဝခေါ်မရတော့ပေ။ ရွှယ်ကျင်းရီက မယုံနိုင်အောင်ဖြစ်ကာ ထိုဖုန်းကို ဆက်ခါဆက်ခါခေါ်ပြီး နောက်ဆုံး မရတော့ စိတ်ထိခိုက်ကာ လဲပြိုကျလာသည်။

ဖူဘိုက ရှေ့တစ်လှမ်းတိုးကာ ရွှယ်ကျင်းရီကိုဖေးမလိုက်ရစဉ် ရင်ထဲမှာ ရှုပ်ထွေးနေသည်။ သခင်လေးက သခင်မလေးကို ဘာကြောင့်ခုလိုဆက်ဆံရတာလဲ။ ဒါက ထူးဆန်းနေသည်။ သခင်လေးကိုယ်ထဲ မကောင်းဆိုးဝါး ဝင်ပူးနေတာလား။ သခင်ကြီးနဲ့သခင်မကြီးကို ပြောပြပြီး ပယောဂဆရာဖြင့် နှင်ရင်ကောင်းမလားဟု တွေးနေသည်။

ဖူဘိုအတွေးများနေစဉ် ကားအင်ဂျင်သံကျယ်ကျယ်ကို ကြားလိုက်ရပြီး အနီရောင်ပြိုင်ကားလေးတစ်စီးက ရွှယ်အိမ်တော်ခြံဝင်းထဲ အရှိန်ပြင်းပြင်းနှင့် ဝင်လာခဲ့သည်။ ဒါပေမယ့်ကားက ဂိတ်ပေါက်ဝမှာ တည်ငြိမ်စွာနဲ့ လှပစွာ ရပ်တန့်သွားခဲ့သည်။

ရွှယ်အိမ်တော်က အမှုထမ်းတွေက ဒီကားကို လုံးဝမသိကြပေ။ ဒီရွှယ်အိမ်တော်ကလူတွေက ခုလိုတောက်ပဝံ့ကြွားသော အနီရောင်ပြိုင်ကားကို မစီးကြပေ။ ဒီကားကို အရှေ့ပိုင်းနယ်မှာ မတွေ့ဖူးကြပေ။ ကြည့်ရတာ လူချမ်းသာမိဘတွေရဲ့ လူပေါ်ကြော့သားတစ်ဦးက ပိုင်ဆိုင်ပုံရသည်။

ရွှယ်အိမ်ကတံခါးစောင့်က ဘယ်သူလဲလှမ်းကြည့်စဉ် ကားမောင်းသူနေရာမှာ ရွှယ်သခင်လေးကို တွေ့လိုက်ရသည်။ တံခါးစောင့်က မျက်လုံးပြူးကာ တံခါးကို ချက်ချင်းပြေးဖွင့်လိုက်သည်။

"အစ်ကိုကြီး.. ကားက အစ်ကိုကြီးရဲ့စတိုင်လ်မဟုတ်ဘူး.. သူတို့က သရဲကိုတွေ့သလို ဝိုင်းကြည့်နေကြတယ်ဗျ.."

ယွမ် 8 သန်းတန်ကားကို ဝယ်လိုက်ကတည်းက ရွှယ်ဇီရွှမ်အပေါ်ထားသည့် ကျိုးယွင်ရှန့်ရဲ့သဘောထားက ပြောင်းလဲလာခဲ့သည်။ ဒါကြောင့် သူက ရွှယ်ဇီရွှမ်ကို ခုလိုစနောက်လိုက်တာဖြစ်သည်။

ရှောင်ရီ၏ ခုလိုစနောက်သည့်စကားကြောင့် ရွှယ်ဇီရွှမ်က အရမ်းသဘောကျကာ ခေါင်းလေးကိုလှမ်းပွတ်ပြီး ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

ဝရံတာမှာထွက်ရပ်နေသော ရွှယ်ကျင်းရီက ထိုကားကိုမြင်တော့ ဖူဘိုကိုတွန်းကာ ပြောလိုက်သည်။

"ဘယ်သူတွေလဲ သွားကြည့်ပါဦး.."

ဖူဘိုက ဂိတ်ဝဘက်ကို သေချာလှမ်းကြည့်တော့ သခင်လေးဖြစ်နေတာ တွေ့ရလို့ အမူအယာပြောင်းသွားသည်။ သခင်လေးက အပြင်သွားလိုက်စဉ် ကားပြောင်းလိုက်ပြီး ခပ်ကြမ်းကြမ်းကို မောင်းလာခဲ့သည်။

"သခင်မလေး.. အဲ့တာက သခင်လေးပါ.."

ရွှယ်ကျင်းရီက ဒီစကားကိုကြားတော့ ဝရံတာမှ အောက်ကို သွက်လက်စွာပြေးဆင်းသွားပုံက မွေးရာပါနှလုံးရောဂါသည်ဟု ထင်ရက်စရာပင်မရှိပေ။

ရွှယ်ကျင်းရီက သူမအိပ်ခန်းထဲဝင်ကာ အပေါ်ဝတ်ထူထူ၊ ရေစိုခံဖိနပ်၊ ဦးထုပ်ကိုဆောင်းကာ အောက်ထပ်ကိုဆင်းလာခဲ့သည်။

ကားနီနီရဲရဲလေးက ရေခဲနေသောရေပန်းနား ရပ်ထားကာ ကားထဲက၂ယောက်က ထွက်လာမည့်ပုံမပေါ်ပေ။ တစ်ယောက်က ကားထဲကခလုတ်တွေကို ဟိုဟိုသည်သည်ကိုင်ကြည့်နေပြီး ကျန်တစ်ဦးက စိတ်ရှည်စွာ ပြသပေးကာ ကျေနပ်စွာကြည့်နေသည်။

"မင်း ပျော်ရဲ့လား ရှောင်ရီလေး.. ဒါပေမယ့် ဒီကားကိုတော့ မောင်းလို့မရသေးဘူးနော်.. ဒီလို စွမ်းရည်မြင့်ပြိုင်ကားတွေရဲ့ လုပ်ဆောင်ချက်က အရမ်းမြန်တယ်.. ဘရိတ်က အရမ်းဆတ်ပြီး တစ်ချက်တို့တာနဲ့ ချက်ချင်းသိသာတယ်.. လီဗာဖိနင်းလိုက်တာနဲ့ အရှိန်အရမ်းမြန်ပြီး ရှေ့ကိုပြေးလို့ ကားမောင်းသူအတွက် အန္တရာယ်ကြီးတယ်.. ဒါ့အပြင် အခုက ကားလမ်းမပေါ်မှာ ရေခဲနေလို့ လမ်းချော်မှုဖြစ်နိုင်တယ်.. မင်းမောင်းချင်ရင် ဂိုဒေါင်ထဲက Audi ကားနဲ့ မင်းကို ကားမောင်အရင်သင်ပေးမယ်.."

ကျိုးယွင်ရှန့်က ခေါင်းငုံ့ကာ ကားထဲက IT ဖြင့်ထိန်းချုပ်ထားတာကို စိတ်ဝင်တစားလေ့လာရင်း ရွှယ်ဇီရွှမ်ပြောသမျှ 'အင်း.. အင်း..' ဟုသာ ထူးနေသည်။ ဒီပုံစံလေးက အူယားစရာကောင်းလွန်းလို့ ရွှယ်ဇီရွှမ်က ပါးလေးကိုဖျစ်ညစ်ကာ မေးလိုက်သည်။

"အစ်ကိုကြီးပြောတာကို နားထောင်နေရဲ့လား.. ဟမ်.."

"ကျွန်တော် နားထောင်နေပါတယ်.."

ကျိုးယွင်ရှန့်က မတတ်သာဘဲ မော့ကြည့်ကာ ခပ်စူစူဖြေလိုက်ရသည်။

"ဒါဆို ကိုယ်ဘာပြောလိုက်လဲ.. တစ်ခေါက်ပြန်ပြောပြ.."

ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ပုခုံးလေးကို သိုင်းဖက်ကာ ဘေးကိုဆွဲယူရင်း နားရွက်ဘေးမှာ ဖွဖွကပ်ပြောလိုက်သည်။ ရွှယ်ဇီရွှမ်၏နှုတ်ခမ်းများက ကျိုးယွင်ရှန့်၏နားရွက်ကို ဖွဖွထိတွေ့ကာ နမ်းလိုက်သည်။

========================
Chapter (8-2) - အကိုကြီးက ဖူဘိုနဲ့ကျင်းရီကို ဘာကြောင့် မုန်းတီးနေတာလဲ

ကျိုးယွင်ရှန့်က လည်ပင်းကိုကျုံ့ကာ ပြန်ပြောပြလိုက်ရတော့သည်။  

" ကျွန်တော် အခု ကားမောင်းလို့ မရသေးဘူး။ ကားမောင်း လိုင်စင်ရမှ မောင်းလို့ရမယ်လို့ အကိုကြီးက ပြောတယ်လေ။."

ကြည့်ရတာ သူ အစကတည်းက နားမထောင်ခဲ့ဘူး၊  ကံကောင်းတာက၊ အခြေခံ အဓိပ္ပာယ်တူအတူတူပဲ။ ရွယ်ဇီရွမ် ကရယ်မောရျွလား ငိုရမလား မသိတော့ပေ။ သူက ဒီကောင်လေးရဲ့ပုခုံးကို ဖက်ရင်း နဖူးကို အသာလေးပုတ်ကာ အသည်းအသန်ငေးကြည့်နေမိသည်။

"အကိုကြီး၊ ဒုတိယ အစ်ကို ဘာလို့ အထဲ မဝင်ကြသေးတာလဲ"

ရွှယ်ကျင်းရီသည် ကား ပြတင်းပေါက်မှန်ကို ခေါက်ကာ တောက်ပစွာ ပြုံးပြီး ပြောလိုက်သည်။ သူမ အလေးနက်ထားတာ ရွှယ်ဇီရွမ်ဖြစ်ပေမယ့် ဟွမ်ရီကို အကိုကြီးက အလေးထားသဖြင့် အကိုကြီးဆီက အကောင်းမြင် စေဖို့အတွက် မချစ်သော်လည်း အောင့်ကာနမ်းကာ ဟွမ်ရီကို ခုလို နူတ်ဆက်လိုက်တာဖြစ်သည်။ သူမက ပါးနပ်သူဖြစ်လို့ ဟွမ်ရီကိုပါ ဒုတိယ အကိုဟု ခေါ်လိုက်သည်။

ကျိုးယွင်ရှန့်ပင် သူမ၏ အပြောင်းလဲမြန်ဆန်မှုကြောင့် လန့်သွားပေမယ့် ရွှယ်ဇီရွမ်က မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်။ ရွှယ်ကျင်းရီ ဘယ်လောက် ဇွဲကောင်းပြီး သည်းခံတတ်သည်ကို သူ အသိဆုံးဖြစ်သည်။ သူမက ပြုံးရယ်နေရင်း အကိုရင်းဖြစ်သူ ရှောင်ရီကို ဓါးနှင့်ပင် ထိုးရက်နိုင်အောင် ရက်စက်သော မိန်းကလေးဖြစ်သည်။

သူမ၏ ပင်ကိုစရိုက်သည် မည်မျှရက်စက်ကြောင်း သူသာ အသိဆုံးဖြစ်သည်။  သူက တစ်ကမ္ဘာလုံးမှာ သူမ၏တစ် ဦး တည်းသောသွေးသားရင်းချာ ဆွေမျိုးဖြစ်ပေမယ့် သူမက ထည့်မတွက်ပေ။

"ထပ်ကစားကြရအောင်။ကျင်းရီ  ဒါ အကိုကြီး ငါ့ကို ဝယ်ပေးခဲ့တဲ့ကားပဲ။  မကောင်းဘူးလားဟင်?"

ကျိုးယွင်ရှန့်သည်လည်း လူကောင်းတော့ မဟုတ်ပေ။ သူ့ကို အမြဲ သတ်ဖို့ကြံနေသည့် ကျင်းရီကို အခွင့်ကြုံခိုက် တမင် ဆွပေးလိုက်ခြင်းဖြစ်သည်။


ရွှယ်ကျင်းရီက ဒီစကားကိုကြားတော့ မျက်နှာ ဖြူယော်သွားပေမယ့် အတင်းပြုံးကာ ပြောလိုက်သည်။
 
" ကြည့်ကောင်းပါတယ်။ အကိုကြီး ဝယ်ပေးတဲ့ဟာဆို အကုန် ကောင်းပြီးသားပဲ  "

"ဒါကကောင်းပေမဲ့ အရမ်းဈေးကြီးတယ်။ ယွမ်သန်း ၈ သန်းကျော်တောင်ကျတာ။ ငါတောင် မမောင်းရဲဘူး။ "

ကျိုးယွင်ရှန့်၏ အမူယာသည် အကြီးတစ် ဦး ဆီက အလိုလိုက်မှုကို ခံရသဖြင့် တကယ့်ကို ဂုဏ်ယူနေသလို ဈေးကြီးလွန်းလို့ နှမျောစွာ မစီးရက်သလို လုပ်ပြလိုက်သည်။ သူ့မျက်လုံးလေးများက အရိုးခံအတိုင်းပြောနေသလိုပင် ။


ရွှယ်ဇီရွမ်က အရူးမဟုတ်ပါ။ ရှောင်ရီက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိဖြင့် ပြောပြခဲ့သည်ကို သိပေမယ့် လုံးဝ မပြစ်မမြင်ပဲ နူတ်ခမ်းတစုံက ကော့ညွတ်ကာ ကောင်လေးရဲ့ပြောပုံကို ပြုံးကာ ကြည့်နေမိသည်။ ဒါက သူ ရှောင်ရီအပေါ်ကို ဘယ်လောက်ချစ်တယ်ဆိုတာကို ဖော်ပြနေလို့ ကြားရတာ သူလည်း အရမ်းဝမ်းသားသည်။

ကျိုးယွင်ရှန့်က ဒီဇာတ်လမ်းမှာ ဇာတ်လိုက်၏ အချစ်နှင့် အလိုလိုက်မှုကို သိမ်းပိုက်ရရှိထားသည့် ကျင်းရီနေရာမှာ သူ အစားထိုးကာ အချစ်တွေ ဂရုစိုက်မှုတွေကို ရလိုက်တယ်ဆိုတာ တမင် ပြောပြနေသည်။ ကျင်းရီ၏ မနာလိုဖြစ်လွန်းပြီးသူ့ စိတ်ရင်းနှင့်သူ ပြန်အကျိုးပေးကာ နှလုံးရောဂါ ပိုဖောက်လာစေဖို့ရည်ရွယ်သည်။


နောက်ဆုံးတွင်ရွှယ်ဇီရွယ်က မအောင့်နိုင်တော့ပဲ ကလေးဆန်ဆန် ကြွားနေသော ရှောင်ရီ၏ ပါးပြင်ကို တရှုပ်ရှုပ်နမ်းလိုက်တော့သည်။ ဒီကောင်လေးက အရမ်းချစ်ပြီး အရမ်းအူယားဖို့ကောင်းလှသည်။

ဒီလူက လုပ်ပြန်ပြီ။ သူ့ကို ဖက်ပြီး နမ်းပြန်ပြီ။ ကျိုးယွင်ရှန့် က စိတ်ထဲမှာ အပြစ်တင်လိုက်ပေမယ့် မငြင်းပဲ ငြိမ်နေလိုက်ပြီး ရှက်သလို မျက်နှာလေးဖြင့် လုပ်နေလုက်သည်။

ရွှယ်ကျင်းရီက အတင်းဖျစ်ညစ်ပြုံးကာ ပြောလိုက်သည်။


 "  အစ်ကိုကြီးက ဒုတိယ အကိုအတွက် ဝယ်ပေးတယ်ဆိုရင် လက်ခံလိုက်ပေါ့။ ဘာဖြစ်ဖြစ် ညီမလေးတို့က မိသားစုတွေ မဟုတ်လား။ အကိုလေး လက်ခံလို့ရပါတယ်။ "

သူမသည်ကား၏အတွင်းပိုင်းကိုကြည့်လိုက်သော် ထိုင်ခုံနှစ်နေရာ သာ ရှိသည် ကိုတွေ့လိုက်ရသည်။ ထို့ကြောင့်သူမသည်ကားထဲ ၀ င်လိုသည့် ရည်ရွယ်ချက်ကိုစွန့်လွှတ်ရန် မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ပေ။

"ရာသီဥတုကအေးတယ်။  ခဏ ကစားပြီးရင် အိမ်ထဲဝင်ကြရအောင်။ အဆင်ပြေလား"

သူမသည်လေသံပျော့နှင့်တိုက်တွန်းခဲ့သည်။

ကျိုးယွင်ရှန့်သည် ကား၏လုပ်ဆောင်မှုအားလုံးကိုလေ့လာလို့ မပြီးသေးသဖြင့် ကားထဲမှ မထွက်ချင်သလို ရွှယ်ဇီရွမ်လည်း ဒီကားလေးထဲ ရှောင်ရီနှင့် ပူးပူးကပ်ကပ် ပြောဆိုဆက်ဆံရသဖြင့် ကားထဲက မထွက်ချင်ကြပေ။  သူကကားထဲကထွက်ဖို့တောင် တွန့်ဆုတ်နေ ခဲ့သည်။

ရွှယ်ဇီရွမ်က ကျင်းရီ ကိုလျစ်လျူရှုပြီး ပြောလိုက်သည်။

" မင်းဖာသာ သွား ကစားပါ"

ထို့နောက်သူသည်ပြတင်းပေါက်ကိုချလိုက်ပြီးစီးကရက်ကိုထုတ်ကာ မီးညှိလိုက်သည်။ မီးခိုးငွေ့တွေကို ကျင်းရီထံသို့ မှုတ်ထုတ်လိုက်တော့ ကျင်းရီက နောက်ကို တလှမ်းဆုတ်လိုက်ကာ ချောင်းဆိုးနေတော့သည်။

ညစာပြင်ပြီး လာခေါ်သည့် ဖူဘိုက ဒီမြင်ကွင်းကို တွေ့တော့ အလျင်မြန် ပြောလိုက်သည်။


 " သခင်လေး...  ဆေးလိပ်သောက်တတ်လာတာကို  ကျွန်တော် မပြောတော့ပါဘူး၊ ဒါပေမယ့် မမလေးက ကျန်းမာရေးမကောင်းတာကို သိလျက်နဲ့ ဘာကြောင့် စီးကရက်မီးခိုးကို ရှုမိအောင် လုပ်ရတာလဲ။ သခင်ကြီးတောင် ဆေးလိပ်သောက်ချင်ရင် စာဖတ်ခန်းထဲဝင်သောက်ပြီး အပြင်ကို မီးခိုးငွေ့ တစ်စ တောင် မထွက်စေဘူး။   ."

" ခင်ဗျားက ဘယ်သူမို့ ဒီစကားကိုလာပြောနေတာလဲ"

ရွှယ်ဇီရွမ်၏ လေသံနှင့် မျက်နှာထားကြောင့် ဖူဘို ဘာပြန်ပြောရမှန်းမသိဖြစ်သွားစဉ် ကျင်းရီက လက်ယမ်းကာ ပြောလိုက်သည်။

"  ဘာမှမဖြစ်ဘူး။ အကိုကြီး ကြိုက်ရင် သောက်ပါ"

ရွှယ်ဇီရွမ်က ဆေးလိပ်ကို လက်ကြားညှပ်ကာ ကားကို ဂိုဒေါင်ဘက်ကို ခပ်ကြမ်းကြမ်း မောင်းထွက်သွားခဲ့သည်။

ထိုအခါမှ ဖူဘိုက အထိတ်တလန့်ပြောလိုက်မိသည်။
" ဘယ်လိုမကောင်းဆိုးဝါးမျိုးက သခင်လေးကို ခုလိုဖြစ်အောင် ပြုစားလိုက်တာလဲ "

ကျိုးယွင်ရှန့်က ကားထဲမှာ ငြိမ်သက်စွာထိုင်ပြီး စဉ်းစားနေသည်။ ရွှယ်ဇီရွမ်က ဖူဘိုနဲ့ ကျင်းရီကို မုန်းတီးနေတာသေချာသည်။ သူက ဘာကြောင့် မုန်းရတာလဲ။ ဒါက လုံးဝ မဖြစ်နိုင်စရာပဲ။

============================
Chapter (8-3) –.ရှောင်ရီလေးသဘောကျသလို လုပ်လို့ရတယ် (Z+U)

ကျိုးယွင်ရှန့်သည် ဂိုဒေါင်ထဲကားသွင်းပြီးသည်အထိ ရွှယ်ဇီရွှမ်၏အပြုအမူ ထူးခြားပုံကို စဉ်းစားနေသည်။ ရွှယ်ဇီရွှမ်က ပြပွဲမှာကျန်ခဲ့သည့်ကားကို မောင်းယူလာဖို့လက်ထောက်ကို ဖုန်းဆက်ပြောပြီး ချာတိတ်လေးဘက်လှည့်ကာ ချစ်စနိုးဖြင့်မေးလိုက်သည်။

"ဒီကားနဲ့ကစားချင်သေးလား"

"ကျွန်တော်ကစားချင်တုန်းပဲ.. ဒါပေမယ့် ဘာကရိယာမှမရှိဘူး"

ကျိုးယွင်ရှန့်က တောင့်တစွာဖြင့် နှုတ်ခမ်းကိုလျှာနှင့်သပ်ကာ တက်ကြွစွာပြောလိုက်သည်။ သူက တောကလာသည့် ဆယ်ကျော်သက်ငတုံးလေးအဖြစ် ဟန်ဆောင်နေသည်ကိုမေ့ကာ သူ့ဝါသနာက ပြူထွက်လာသည်။ အရင်ကြယ်တာရာဂြိုလ်မှာရှိစဉ်က သူ၏ဟက်ကာစကေးကြောင့် အင်ပါယာက သူ့ကိုလိုက်ဖမ်းစဉ် ပစ္စည်းထုတ်လုပ်သည့်စက်ရုံတွင် စက်ပိုင်းဆိုင်ရာဒီဇိုင်နာအဖြစ် တစ်နှစ်လောက်ဝင်ရောက်လုပ်ကိုင်ကာ ပုန်းအောင်းနေစဉ် ထိုအပိုင်းမှာအရမ်းထူးချွန်ပြီး ခေါင်းဆောင်အဖြစ်ပင် ရာထူးတိုးပေးခြင်းခံခဲ့ရသည်။

ဒါကြောင့် ဒီပြိုင်ကားကို သူက တစစီဖြုတ်ကြည့်ကာ သူ့စိတ်တိုင်းကျဒီဇိုင်းဖြင့် ပြန်လည်တပ်ဆင်ချင်တာက ကွန်ပြူတာဟက်ကင်းပြီးနောက် ဒုတိယဝါသနာဖြစ်သည်။

ရွှယ်ဇီရွှမ်သည် ရှောင်ရီ၏လျှာဖျားနီနီရဲရဲလေးကိုကြည့်ကာ သူ့မျက်ဝန်းများက နက်မှောင်လာပြီး အာခေါင်တွေခြောက်လာသဖြင့် အသံအက်အက်ဖြင့်မေးလိုက်သည်။

"မင်းစက်ကရိယာတွေလိုချင်လား.. ဒီကားကို တစစီဖြုတ်ကြည့်ချင်လား.."

"အင်း.. ကျွန်တော်အဲ့လိုလုပ်ကြည့်လို့ရလား.."

ကျိုးယွင်ရှန့်က ဟန်ဆောင်ဖို့မေ့ကာ ရွှယ်ဇီရွှမ်၏လက်ကို ဝမ်းသာအားရလှုပ်ခါပြီး မေးလိုက်သည်။

"ရတာပေါ့.. ဒီကားက အစ်ကိုကြီး မင်းကို လက်ဆောင်ပေးထားတာပဲ.. တစစီပဲဖြုတ်ဖြုတ် မီးပဲရှို့ရှို့ ရှောင်ရီသဘောအတိုင်း လုပ်လို့ရတယ်.."

ငါ့တစ်ကိုယ်လုံးလဲ မင်းရဲ့အပိုင်ပဲ ၊ မင်းကြိုက်တာလုပ်လို့ရတယ်ဆိုသည့်စကားကိုတော့ ရင်ထဲကပဲပြောလိုက်မိသည်။ သူကရှောင်ရီ၏ ပန်းရောင်သန်းနေသောပါးပြင်လေးကို ဖွဖွပွတ်ကာ ငေးကြည့်နေသည်။

ကျိုးယွင်ရှန့်က ဒီလူငယ်လေး၏ သူရဲကောင်းလုပ်ချင်သောစိတ်ဓါတ်ကို တကယ်သဘောကျမိပါသည်။ ရွှယ်မိသားစုမှာ သူ့ကိုအနှစ်သက်ဆုံးဆို မှားမည်မထင်ပါ။ ဒါပေမယ့် သူက system ရဲ့ထိန်းချုပ်မှုအောက်က လွတ်လာရင်တော့ သူ့နှလုံးထုတ်ဖို့ ကြိုးစားသည့် ဒီရွှယ်မိသားစုကိုတော့ ကလဲ့စားချေမှာတော့သေချာသည်။ ဒီကားကိုဝယ်ပေးသည့်အတွက်နှင့် သူ့အပေါ်ကြင်နာသည့်အတွက် ရွှယ်ဇီရွှမ်ကိုတော့ သူလွှတ်ပေးလိုက်မှာဖြစ်သည်။

"ဒါဆို ကျွန်တော် ဒီကားကိုဖြုတ်ကြည့်လို့ရပြီပေါ့.. ကျွန်တော်က တကယ်ဖြုတ်ကြည့်မှာနော်.."

ကျိုးယွင်ရှန့်က သေချာအောင်ထပ်ပြောလိုက်သည်။

"ကိစ္စမရှိဘူး ..ရှောင်ရီလေးသဘောကျသလို လုပ်လို့ရတယ်.."

ရွှယ်ဇီရွှမ်က သဘောကျစွာပြောကာ ကားထဲကထွက်ပြီး သူ့ကုတ်အင်္ကျီ ရင်ဘတ်ကြယ်သီးကိုဖြုတ်ကာ ရှောင်ရီကိုယ်လေးကို ရင်ဘတ်ထဲဆွဲသွင်းပြီး အနွေးဓါတ်ပေးရင်း အိမ်မကြီးဘက် ထွက်လာကြသည်။

ရွှယ်ကျင်းရီသည် ဧည့်ခန်းဆိုဖာပေါ်တွင် ဗလာအကြည့်ဖြင့် ဝင်ပေါက်ကိုငေးကြည့်နေသည်။ လူသံကြားလိုက်ရမှ သူမမျက်ဝန်းတွေက ပြန်လည်အသက်ဝင်လာသည်။ အိမ်အဝင်ဝတွင် အစ်ကိုကြီးက ဟွမ်ရီ့ကို ရင်ခွင်ထဲဖက်ကာ အနွေးဓါတ်ပေးရင်း တီးတိုးစကားပြောကာ ရယ်မောနေသည်။ အစ်ကိုကြီး၏နှုတ်ခမ်းက ဟွမ်ရီ၏နှုတ်ခမ်းကိုပင် ထိလုနီးနီးဖြစ်ကာ သူတို့ထွက်သက်ချင်းပင် ရောလို့နေသည်။ သူတို့ဘယ်လောက်နွေးထွေးလိုက်မည်ကို ဘေးကနေတောင် တွေးကြည့်နိုင်သည်။ အစ်ကိုကြီးကရယ်ကာ ဟွမ်ရီ၏နှာခေါင်းထိပ်ဖျားကို အသာလေးညှစ်လိုက်သည်။ သူမအစ်ကိုကြီးက ဒူးထောက်ထိုင်ကာ ဟွမ်ရီ၏ဖိနပ်ကိုချွတ်ပေးသည့်အပြင် ခြေချောင်းလေးတွေနွေးလာအောင် ဆုတ်နယ်လို့ပေးနေသည်။ ဒါတောင် ဟွမ်ရီက ကျေးဇူးတင်ရမှန်းမသိဘဲ ရုန်းလိုက်လို့ သူမအစ်ကိုကြီးက ဖင်ထိုင်လျက် လဲကျသွားသေးသည်။ ဒါပေမယ့် အစ်ကိုကြီးက စိတ်မဆိုးဘဲ ဟက်ဟက်ပက်ပက်ပင် ရယ်မောနေသေးသည်။ သူမအစ်ကိုကြီး အခုလောက် ကျေနပ်ပျော်ရွှင်စွာရယ်သည်ကို ကျင်းရီတစ်ခါမှ မတွေ့ဖူးခဲ့ပေ။

ဒီလိုနူးညံ့ကြင်နာတတ်သော အစ်ကိုကြီးက ရွှယ်ကျင်းရီအမြဲလိုချင်သော၊ အမြဲစိတ်ကူးယဉ်နေသော ပုံစံဖြစ်သည်။ သူမအစ်ကိုကြီးက သူမကို ချစ်စိတ်ပြင်းစွာချစ်သည့်ပုံစံကို အမြဲလိုချင်ခဲ့သည်။

ချစ်စိတ်ပြင်းစွာချစ်ခြင်း....

ဒီစကားလုံးက ရွှယ်ကျင်းရီကို မိုးကြိုးပစ်ချခံလိုက်ရသလို ခံစားရစေပြီး သူမရင်ဘတ်က စူးအောင့်လာခဲ့သည်။ ရုတ်တရပ် သူမအစ်ကိုကြီးက ဘာကြောင့် ဟွမ်ရီကို အရာအားလုံးလုပ်ပေးသည်ကို သဘောပေါက်သွားခဲ့သည်။ အစ်ကိုကြီးက ဟွမ်ရီကို အချစ်ကြီးချစ်နေခြင်းပင်။ ကျင်းရီ၏အမုန်းတရားက ဟွမ်ရီ့အပေါ်  မိုးလောက်တောင်မြင့်သွားခဲ့သည်။

ကျင်းရီက အရေးပေါ်ဆေးကိုထုတ်ကာ လျှာအောက်မှာငုံပြီး ရင်ဘတ်အောင့်သက်သာအောင် စောင့်လိုက်သည်။ ပြီးမှ သူမက ထမင်းစားခန်းဘက်ကို ဖြည်းညင်းစွာ ဘာမှမဖြစ်သလို လျှောက်လာခဲ့သည်။

ရွှယ်လီဒန်နီနှင့် ရွှယ်လွေ့က ဒီည အိမ်ပြန်မလာကြပေ။ သူတို့က လီအိမ်တော်မှာရှိနေကြပြီး ရွှယ်လွေ့က မိန်းမကိုချော့နေရသည်။ လီမိသားစုဘက်မှ အကြီးအကဲများက ရွှယ်ဇီရွှမ်က မိသားစုလုပ်ငန်းကို ဆက်ခံသည့်ကိစ္စကို မတားဆီးကြပေ။

ရွှယ်ကျင်းရီက ရွှယ်ဇီရွှမ်နှင့် ကျိုးယွင်ရှန့်ကြားမှာထိုင်ကာ ဟွမ်ရီ့ကို အဆိပ်ပြင်းသည့် အမုန်းမျက်ဝန်းများဖြင့် ကြည့်လိုက်မိသည်။ ရွှယ်ဇီရွှမ်က သူမဘက်ကို ကြည့်လာတော့ သူမ ခေါင်းငုံ့သွားခဲ့သည်။

ညစာစားပြီးတော့ ကျင်းရီက ပုဝါကိုဖယ်ကာ အမြန်ပြောလိုက်သည်။

"ဒုတိယအစ်ကို ညီမလေး စန္ဒယားတီးကျင့်မလို့ အဖော်လုပ်ပေးပါလားဟင်.."

သူ့လက်ကို ဒဏ်ရာရအောင်လုပ်ပြီးကတည်းက ကျိုးယွင်ရှန့်က စန္ဒယားတီးဖို့ စိတ်မပါတော့ပေ။ ထိုစဉ်က သူ့ကို နာကျင်အောင် ်ပြောခဲ့သော ကျင်းရီ၏စကားများကို သူမမေ့သေးပေ။

"ဟင့်အင်း.. ငါမတီးချင်ဘူး.. အစ်ကိုကြီးကို အဖော်လုပ်ခိုင်းလိုက်.."
======================

Chapter (8-4) –ရှောင်ရီ.. အစ်ကိုကြီးအတွက် သီချင်းတစ်ပုဒ်လောက် တီးပြပါလားကွယ် (Z+U)

ဒီစကားကိုကြားတော့ သူ အရင်ဘဝက ဟွမ်ရီ၏လက်ကို ဘယ်လောက်နာကျင်အောင် လုပ်ခဲ့မိသည်ကို ပြန်သတိရကာ ရင်နာသွားခဲ့သည်။ သူပြန်လည်မွေးဖွားမလာခင်က ဟွမ်ရီတီးသည့် စန္ဒယားလက်သံက သူ့ကို စိတ်အနှောက်အယှက်ဖြစ်စေသောကြောင့် ဒေါသတကြီးဖြင့် စန္ဒယားအဖုံးကို ဆောင့်ပိတ်ကာ ရှောင်ရီ၏လက်ချောင်းများကို ကျိုးမတတ်ဖြစ်စေခဲ့သည်။ ဒါပေမယ့် အနာဂတ်မှာ ရှောင်ရီ၏ စန္ဒယားနဲ့ပတ်သက်သည့် ပါရမီကပေါ်ထွန်းလာပြီး လူပေါင်းများစွာက မြတ်နိုးရသည့် နာမည်ကျော် စန္ဒယားပညာရှင် ဖြစ်လာမှာဖြစ်သည်။

ရွှယ်ဇီရွှမ်က ဒါကိုသက်သေပြဖို့ ရှောင်ရီကို စန္ဒယားခန်းထဲ ဆွဲခေါ်လာခဲ့သည်။ ကျင်းရီက အောက်ကနေ တိတ်တခိုးပြုံးကာ လိုက်ပါလာခဲ့သည်။

ရွှယ်ဇီရွှမ်သည် စန္ဒယားရှေ့ကခုံမှာထိုင်လိုက်တော့ ခါတိုင်းကဲ့သို့ အာရုံစိုက်နိုင်ခြင်း မရှိတော့ပေ။ ဂီတအပေါ်ချစ်ခင်ခြင်းနှင့် အာရုံစိုက်ခြင်းက ယခင်လိုမဖြစ်နိုင်တော့ပေ။ သူ့ရင်ထဲမှာ ရှောင်ရီ့ကို ဆုံးရှုံးရမှာ ကြောက်သည့်စိတ်တွေပဲ စိုးမိုးနေပြီး စန္ဒယားခလုတ်ကိုတို့ထိနေပေမယ့် ဘာသီချင်းကိုမှ တီးခတ်ခြင်းမရှိပေ။ နောက်ဆုံး ရွှယ်ဇီရွှမ်က စိတ်ရှုပ်သည်ကိုဖယ်ကာ ရှောင်ရီကို လှမ်းခေါ်လိုက်သည်။

"ရှောင်ရီ.. လာ.. အစ်ကိုကြီးအတွက် သီချင်းတစ်ပုဒ်လောက်တီးပြပါ.."

ကျိုးယွင်ရှန့်က လာရမည့်အစား နောက်ကိုနှစ်လှမ်းဆုတ်ကာ သူ့လက်များကို နောက်သို့ဝှက်လိုက်သည်။ ဒီလူက အစွန်းနှစ်ဖက်စိတ်ထားရှိသူဖြစ်သည်။ သူ့စန္ဒယားကိုထိလို့ ဒီတစ်ခါ သူ့လက်ကိုကျိုးအောင်မလုပ်ပစ်ဟု ဘယ်သူမှမသိနိုင်ပေ။ ယခင်တစ်ခေါက်က ရွှယ်ဇီရွှမ်ပြောခဲ့သည့် ရက်စက်ကြမ်းကြုတ်သောစကားများကို သူမမေ့သေးပါ။

"သွားလိုက်လေ.. အစ်ကိုလေးမှာ ဂီတပါရမီပါတယ်.. ညီမလေးလိမ်ပြောနေတာမဟုတ်ဘူး.."

ကျင်းရီက နောက်မှ တီးတိုးကပ်ပြောလိုက်သည်။ ဟွမ်ရီက အစ်ကိုကြီး၏ဒေါသကို ထပ်ဆွပေးကာ အပြစ်ပေးခံရသည့်မြင်ကွင်းကို သူမမြင်ချင်လှပြီ။

ရွှယ်ဇီရွှမ်က ရှောင်ရီ၏ကြောက်လန့်နေပုံကိုမြင်တော့ အရင်တစ်ခါကလုပ်မိသည့်အတွက် နောင်တရကာ ရှောင်ရီ၏လက်တစ်စုံကို ဆုပ်ကိုင်ကာ အထပ်ထပ်တောင်းပန်လိုက်မိသည်။ တကယ်လို့ သူသာစောပြီးရောက်လာရင် ရှောင်ရီခုလိုနာကျင်အောင် သူဘယ်တော့မှလုပ်မိမည်မဟုတ်ပေ။ ကျိုးယွင်ရှန့်က စန္ဒရားကိုထပ်မထိချင်တော့ပေမယ့် system က 'ရွှယ်ဇီရွှမ်ရှေ့မှာ စန္ဒရားတီးပါ' ဆိုသည့် စတုတ္ထအလုပ်ကို ပေးခဲ့သည်။

အရင်ဘဝအတွေ့အကြုံအရ system ကပေးသည့် mission တိုင်းက ထောင်ချောက်တွေဖြစ်ပြီး ဒီမစ်ရှင်ကိုလုပ်ရင် အဆုံးသတ်မှာ ဇာတ်လိုက်၏တစ်စုံတစ်ခု အပြစ်ပေးနှိပ်စက်ခြင်းကို ခံရတာချည်းဖြစ်သည်။ ဒါကြောင် မစ်ရှင်အသစ်ပေါ်လာတိုင်း သူ့အတွက် ဘာမှအကျိုးမရှိဘူးဆိုတာ သူသိသည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်ကိုတွန်းဖယ်ကာ လှည့်ထွက်ဖို့လုပ်လိုက်သည်။ မစ်ရှင်ကိုရှောင်လွှဲရင် ပြစ်ဒဏ်က Level 5 နှင့်အထက် အပြစ်ပေးမည်ကို သိပေမယ့် သူက ပြစ်ဒဏ်ခံရဖို့ပဲ ပြင်ဆင်လိုက်သည်။

ဒီကောင်လေးက အင်မတန်ကိုတောက်ပသည့် ကမ္ဘာကျော်စန္ဒရားပညာရှင်ဖြစ်စေမယ့် အလားအလာကို သူဖျက်ဆီးလိုက်မိပြီဟု ရွှယ်ဇီရွှမ် တွေးနေမိသည်။ ဒီကောင်လေးက တူရိယာပစ္စည်းကို ထိတွေ့ဖို့ ပိုကြောက်သွားအောင် စိတ်ဒဏ်ရာပေးခဲ့မိလေပြီ။ ဒီအတွေးကြောင့် ရွှယ်ဇီရွှမ် နာကျင်သွားပေမယ့် သူထပ်တွေးလိုက်မိတာက တကယ်လို့ ရှောင်ရီသာ စင်မြင့်ပေါ်မရောက်ခဲ့ဘူး၊ လူသိထင်ရှားမဖြစ်ခဲ့ဘူးဆိုရင် ရွှယ်ရန်နှင့်တွေ့မည့်ဘေးကို သူကာကွယ်ထားနိုင်မည်။ ရွှယ်ရန်မသိအောင် ဒီကောင်လေးကို သူဝှက်ထားနိုင်တော့မည်ဟု တွေးလိုက်မိသည်။

တစ်ကိုယ်ကောင်းဆန်သည့်အတွေးက ခဏတွင်းပျောက်သွားပြီး ရွှယ်ဇီရွှမ်က ရှောင်ရီ၏ပုခုံးကို ဆုပ်ကိုင်ကာ စန္ဒရားခုံမှာထိုင်စေပြီး တောင်းပန်လိုက်သည်။

"ရှောင်ရီ.. အစ်ကိုကြီးအတွက် သီချင်းတစ်ပုဒ်လောက် တီးပြပါလားကွယ်.. တစ်ပုဒ်လေးပါပဲကွာ.."

ကျိုးယွင်ရှန့်က တုပ်တုပ်မှမလှုပ်ပေ။ ဒါက သူ ရွှယ်ဇီရွှမ်ကို ဆန့်ကျင့်တာမဟုတ်ဘဲ system ကိုဆန့်ကျင်တာဖြစ်သည်။ system က သူ့ကိုအပြစ်ပေးလည်း ထိုနာကျင်မှုကိုတောင့်ခံရင်း သူ့စိတ်စွမ်းအားတိုးအောင် လုပ်နိုင်သည်မဟုတ်လား။ ဒါပေမယ့် သူ့ကိုယ်ကိုပေးသည့်အပြစ်က Level 7 မဟုတ်ဘဲ Level 3 အဆင့်သာ အပြစ်ပေးခဲ့သည်။ သူ့ကိုယ်ထဲတိုးဝင်လာသည့် နာကျင်မှုကြောင့် နဖူးကို လက်နှင့်ထောက်ကာ ကျိုးယွင်ရှန့် တောင့်ခံပြီး တိတ်တခိုးပြုံးလိုက်သည်။ ဒါက သူ့ကိုယ်သူအနာခံပြီး စိတ်စွမ်းအင်တိုးစေသော နည်းတစ်ခုလည်းဖြစ်သည်။

ရွှယ်ဇီရွှမ်က စန္ဒရားခုံမှာထိုင်နေပြီး လက်တစ်ဖက်က ပေါင်ပေါ်တင်ကာ ကျန်လက်တစ်ဖက်က နဖူးကိုထောက်ထားပြီး မျက်နှာဖြူရော်နေသော ရှောင်ရီ့ကိုတွေ့တော့ စိတ်ပူသွားသည်။ ရှောင်ရီ၏မျက်နှာက ဖြူရော်ကာ အားနည်းနေသောပုံလေးက သူ့ရင်ကို တဆစ်ဆစ်နာကျင်သွားစေသည်။

=====================
Chapter (8-5) – ကျွန်တော့် ဘဝအတွက် အစ်ကိုကြီး ဝင်ပြီးဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး

ရှောင်ရီက အရမ်းစိတ်ထိခိုက်နေပုံရသောကြောင့် ရွှယ်ဇီရွှမ်က သူ့နားကိုမကပ်ဝံ့အောင်ဖြစ်နေသည်။ ငါဘာလုပ်ခဲ့မိပါလိမ့်..။ သမိုင်းမှာ တကယ့်ပါရမီရှင် အနုပညာရှင်တစ်ယောက်ကို အသေသတ်ခဲ့မိတာပါလား..။ ငါ့ဘဝမှာ ပြင်မရတဲ့အမှားကြီး လုပ်ခဲ့မိပြီ။ တကယ်လို့ ဒီကောင်လေးဖန်တီးတဲ့ ဂီတသံကိုသာ ထပ်ကြားခွင့်မရရင် ငါ့ဘဝတစ်သက်လုံး နောင်တတွေနဲ့ ရှင်သန်သွားရတော့မယ်..။

ရွှယ်ဇီရွှမ်.. မင်း သေလိုက်ပါတော့ကွာ..

ရွှယ်ဇီရွှမ်၏နှလုံးသားက ခုလောက်ဘယ်တုန်းကမှ မနာခဲ့ဖူးပေ။ သူက ကောင်လေးဘေးမှာ ဝင်ထိုင်ပြီး ချာတိတ်လေး၏ကိုယ်ကို ရင်ခွင်ထဲဆွဲသွင်းကာ ဆံပင်လေးကို အသာပွတ်သပ်နှစ်သိမ့်ရင်း မျက်ဝန်းထဲကနောင်တရိပ်တွေနဲ့ တောင်းပန်ဟန်ငုံ့ကြည့်လိုက်သည်။

ရွှယ်ကျင်းရီက စန္ဒရားခုံမှာပူးကပ်ထိုင်ကာ ပွေ့ဖက်နေသောလူနှစ်ဦးကို ရင်နာစွာ ကြောင်ငေးကြည့်နေမိသည်။ ပထမ သူမက ဟွမ်ရီ့ကို သီချင်းသံတစ်ပုဒ်တီးခတ်စေပြီး အစ်ကိုကြီးက ဘယ်လိုအရူးကောင်၊ ပါရမီမရှိတဲ့ စုတ်တီးစုတ်ပြတ်ကောင်ကို ချစ်မိနေတယ်ဆိုတာ ထင်ရှားအောင်လုပ်ချင်နေသည်။ ဒါပေမယ့် အခြေအနေက သူမမျှော်လင့်တာထက် ကျော်လွန်ကာ ဒီလိုတွေဖြစ်ကုန်လေပြီ။

ဟွမ်ရီက အရမ်းကိုပါးနပ်ကာ ကောက်ကျစ်လှသည်။ သူ၏ညံ့ဖျင်းသောလက်သံကို တီးခတ်ပြမည့်အစား သနားစဖွယ်ပုံ လုပ်ပြလိုက်သည်။ ဘာလဲ.. သူက အစ်ကိုကြီးဆီက သနားဂရုဏာကို ချူယူချင်တာလား..။

ကောင်းပြီ.. နင်လုပ်တာ အောင်မြင်ပါတယ် ဟွမ်ရီ..

အခုထိမတိုင်ခင်က ဂီတနတ်ဘုရားအစ်ကိုကြီးက ဂီတပါရမီလုံးဝမပါသောသူကို ချစ်မိလိမ့်မည်ဟု ကျင်းရီ လုံးဝမထင်ခဲ့ပေ။ အစ်ကိုကြီး၏ မျက်စိ၊ နား၊ နှလုံးသားက ဂီတဖြင့်သာထုံးမွှမ်းနေပြီး ဂီတသာလျှင် အစ်ကိုကြီး၏နှလုံးသားကို ဖွင့်နိုင်မည်ဟု သူမထင်ခဲ့သည်။

ဒါပေမယ့် အထင်နဲ့အမြင်က တခြားစီဖြစ်ခဲ့ရလေပြီ။ သူမယုံကြည်ထားသမျှ တစ်စစီပျက်စီးသွားလေပြီ။

"မင်းရဲ့စံသတ်မှတ်ချက်တွေက မင်းမချစ်တဲ့လူတွေအတွက်သာဖြစ်ပြီး မင်းတကယ်ချစ်တဲ့လူနဲ့တွေ့ရင် စံသတ်မှတ်ချက်ဆိုတာ အရေးမပါတော့ဘူး.."

ဒီတစ်ခါ သူမက ဟွမ်ရီ့ကို ထပ်ရှုံးသွားပြန်လေပြီ။ ဒါပေမယ့် ကိစ္စမရှိပေ။ သူမသည်းခံကာ စောင့်နိုင်ပါသည်။

ကျိုးယွင်ရှန့်က ဒီကမ္ဘာ၏သမီးတော်ဖြစ်သော ရွှယ်ကျင်းရီ၏စိတ်နှလုံး တုန်လှုပ်ချောက်ခြားနေသည်ကို လုံးဝမရိပ်မိပေ။ လက်ရှိမှာ သူက ကြင်နာစွာသိုင်းဖက်ထားသော ရင်ခွင်တစ်စုံမှ အားပေးမှုကိုခံယူနေရသည်။ အရင်က system ဆီကအပြစ်ပေးခံရလို့ တစ်ကိုယ်လုံးစုတ်ဖြဲခံရသလို နာကျင်နေတိုင်း တစ်ယောက်တည်း တောင့်ခံခဲ့ရသည်။ အခုတော့ ရွှယ်ဇီရွှမ်က လုံးဝစိတ်ချရသည့်သူ မဟုတ်ပေမယ့် ကိုယ်နာကျင်နေချိန် အားပေးခံရတာက တကယ်ကို ခံစားလို့ကောင်းလှသည်။ သူ့ရင်ထဲက ဝမ်းနည်းခြင်း၊ နာကျင်ခြင်း၊ ဝမ်းသာခြင်း၊ ဒေါသထွက်ခြင်းကို အတူဝေမျှပေးမည့် လူတစ်ယောက်ရှိတာ စိတ်ဓာတ်အင်အားကို တိုးစေသည်။

ကျိုးယွင်ရှန့်၏ တင်းထားသောစိတ်တို့ ဖြေလျော့ကာ ကိုယ်ကိုလျှောချပြီး ရွှယ်ဇီရွှမ်၏ရင်ခွင်ထဲကို မှီပြီးနေလိုက်သည်။ ဒီရင်ခွင်က စိတ်မချရရင်တောင် အနည်းဆုံးတော့ နွေးထွေးမှုရှိသေးသည်။ သူတို့နှစ်ဦး အတော်ကြာငြိမ်ကာ ပွေ့ဖက်ထားကြသည်။ ပြီးတော့ နားလည်မှုရှိစွာ ဘာမှမပြောဘဲ အတူဖေးမကာ စန္ဒရားခန်းထဲမှ ထွက်သွားကြသည်။

ရွှယ်ကျင်းရီက စန္ဒရားခန်းထဲ တစ်ယောက်တည်းကျန်ရစ်ခဲ့သည်။ သူမက စန္ဒရားခုံနားကို တိုးကပ်လာပြီး ရုတ်တရက် လက်စုံလိုက်ဖြင့် စန္ဒရားခလုတ်ပေါ် ကြမ်းတမ်းစွာနှိပ်ချလိုက်သည်။ တစ်ခန်းလုံး ကြောင်ချင်းကိုက်သံလို ဆူညံသည့် နားကလောဖွယ်စန္ဒရားသံတို့ ဆူညံစွာထွက်ပေါ်လာတော့သည်။ သူမရင်ထဲက အမုန်းကို စန္ဒရားခလုတ်ပေါ် ပုံချပေါက်ခွဲနေတော့သည်။

ကျိုးယွင်ရှန့်က အခန်းပြင်ဘက်ရောက်တော့ ပြင်းထန်သောစန္ဒရားသံကို ကြားသဖြင့် ခြေလှမ်းတုံ့သွားပေမယ့် ရွှယ်ဇီရွှမ်က ဂရုမစိုက်ဘဲ သူ့ကို အခန်းထဲဆွဲခေါ်ခဲ့သည်။ သူ့ကိုယ်ထဲကနာကျင်မှုက သက်သာခဲ့လေပြီ။ ယခုတစ်ကြိမ် မစ်ရှင်ကိုရှောင်လွှဲလိုက်ပေမယ့် system က ခါတိုင်းလို လုံးလုံးကြီး အပြစ်ပေးနိုင်စွမ်းမရှိတော့သည်ကို သတိထားလိုက်မိသည်။ system က သူ့ကိုထိန်းချုပ်နိုင်စွမ်းလျော့လာတာကို ပြသနေသောကြောင့် ကျိုးယွင်ရှန့်ပျော်ရွှင်လာပြီး သူ့အခန်းထဲရောက်တော့ ကွန်ပျူတာကိုဖွင့်လိုက်သည်။

"ဆေးလိမ်းရမယ်လေ.."

ရွှယ်ဇီရွှမ်က ဆရာဝန်ပေးသောဆေးအဆီကိုယူကာ ရှောင်ရီ၏လက်ချောင်းတွေကို ဖွဖွလိမ်းကာ နှိပ်နယ်ပေးနေသည်။

"ကောင်းသွားပြီ အစ်ကိုကြီး.  နာတာတွေ အညိုအမည်းတွေ မရှိတော့ဘူး.."

ကျိုးယွင်ရှန့်က လက်ကိုဖြန့်ကာ ပြလိုက်သည်။ ရွှယ်ဇီရွှမ်က ဆေးဆက်လိမ်းပေးရင်း ညင်သာစွာပြောလိုက်သည်။

"ရှောင်ရီ.. မင်း စန္ဒရားဆက်တီးရမယ်နော်.. မင်းက တစ်ကြိမ်နားထောင်ရုံနဲ့ လိုက်တီးနိုင်တယ်ဆိုတော့ မင်းပါရမီကို အလကားအဖြစ်မခံနဲ့.. ငါပြောတာယုံပါ.. မင်းက ဂီတအတွက် မွေးဖွားလာတာပါ.."

ငါ့ကြောင့် မင်း ဂီတကိုစွန့်လွှတ်လိုက်ရင်၊ နောက်တစ်ကြိမ် မင်းတီးခတ်သံကို ထပ်မကြားရရင် ငါ့တစ်ဘဝလုံး နောင်တ တရားတွေကြားထဲ နေသွားရတော့မှာပါ ရှောင်ရီရာ..

ရွှယ်ဇီရွှမ်က သူ့ကိုယ်သူ အပြစ်တင်မဆုံးသည့်စိတ်ကြောင့် စိတ်ထိခိုက်နာကျင်လွန်းလို့ မျက်စိများရဲနေပြီး ရှောင်ရီ၏ပါးလေးနှစ်ဖက်ကို လက်ဖဝါးနှင့်အုပ်ကိုင်ကာ အကြည့်ချင်းဆုံပြီး ပြောလိုက်သည်။

"အစ်ကိုကြီးပြောတာ ကျွန်တော်မှတ်မိတယ်.. စိတ်ဝိညာဉ်မပါတဲ့သီချင်းက အလကားပဲဆို.. ကျွန်တော်က ဂီတမှာ ပါရမီမပါပါဘူး.. တကယ်တော့ တစ်ခါကြားရုံနဲ့ တစ်ထပ်တည်းလိုက်တီးနိုင်တာက ကျွန်တော့်ရဲ့မှတ်နိုင်စွမ်းကြောင့်ပါ.. ကျွန်တော်က တစ်ခါမြင်ရ၊ ကြားရတာနဲ့ လုံးဝမှတ်မိတဲ့စွမ်းရည် ရှိနေတာပါအစ်ကိုကြီး.."

ကျိုးယွင်ရှန့်က သူ့ခေါင်းကိုလက်ညိုးထိုးပြကာ ဆက်ပြောလိုက်သည်။

"အားလုံးက ကီးဘုတ်ပေါ်ကခလုတ်လေးတွေပါပဲ.. ကွန်ပျူတာဖြစ်ဖြစ်၊ စန္ဒရားဖြစ်ဖြစ်၊ အတူတူပဲ.. ကျွန်တော်က တစ်ခါကြည့်ရုံနဲ့ လိုက်လုပ်နိုင်တယ်... ကျွန်တော်က စန္ဒရားအတွက် မွေးဖွားလာခဲ့တာမဟုတ်ပါဘူး.. ကျွန်တော်သဘောကျတာကိုပဲ ကျွန်တော်လုပ်မယ်.. ဒီအတွက် အစ်ကိုကြီး ဝင်ပြီးဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး.."

=========================

Chapter (8-6) –မင်းလေးကြိုက်တာ လုပ်နိုင်ပါတယ် ရှောင်ရီလေး

System က သူ့ကိုထိန်းချုပ်နိုင်ခြင်းမရှိတော့တာကို သိသောကြောင့် ကျိုးယွင်ရှန့်က ရွှယ်မိသားစုတွေကို အရင်လိုယဉ်ယဉ်ကျေးကျေး ဆက်ဆံမနေတော့ပေ။

ရွှယ်ဇီရွှမ်က ရှောင်ရီ၏စကားကြောင့် အံ့အားသင့်သွားခဲ့သည်။ အခု ရှောင်ရီက အရင်ဘဝကရှောင်ရီနဲ့ လုံးဝမတူသောလူသစ်လေးလို ဖြစ်နေသလို ခံစားရသည်။ ဒါအမှန်ပဲ.. သူဘာကြောင့် အရင်ဘဝကလမ်းဟောင်းကို ဆက်လိုက်နေရမှာလဲ။ သူချစ်တာက ရှောင်ရီလေ။ ဒီကောင်လေးရဲ့လှုပ်ရှားမှုတိုင်း၊ စကားပြောပုံတိုင်းကို ချစ်တာမဟုတ်လား။ ဒါကြောင့် ရှောင်ရီက ဘာပဲလုပ်သည်ဖြစ်စေ သူချစ်သည့်စိတ်က ပြောင်းသွားမည်မဟုတ်ပေ။ သူချစ်သည့်ကောင်လေးက ပြောင်းသွားမည်မဟုတ်ပေ။ ယခုဘဝမှာ နာကျင်စရာဖြစ်ရပ်တွေ မရှိတော့ပေ။ အရာအားလုံးကို အသစ်ကပြန်စလို့ရနိုင်သည်။ ဘဝဟောင်းနှင့် မတူသောဇာတ်ကြောင်းနှင့် ချစ်သောကောင်လေးဘေးမှာ ပျော်ရွှင်စွာနေသွားနိုင်ဖို့က အဓိကဖြစ်သည်။

အရင်ဘဝက ရှောင်ရီ၏ ပြိုင်ဘက်ကင်းစန္ဒရားစွမ်းရည်ကြောင့် ချစ်သွားခဲ့သည်။ ဒီကောင်လေး၏ကျော်ကြားမှု၊ စန္ဒရားတီးစွမ်းရည်မပါရင်တောင် နောက်ဆုံးသူချစ်မိတာက လူကိုပဲဖြစ်သည်။ ယခုဘဝမှာတော့ ရှောင်ရီက စန္ဒရားတီးသည်ဖြစ်စေ၊ မတီးသည်ဖြစ်စေ၊ ရှောင်ရီအပေါ်ထားသည့်အချစ်က ပြောင်းမည်မဟုတ်ပေ။ ဒီလိုတွေးပြီး ရွှယ်ဇီရွှမ်က ကောင်လေးကို တင်းတင်းဖက်ကာ ပြုံးပြီးပြောလိုက်သည်။

"အိုကေ.. အိုကေ.. မင်းလေးကြိုက်တာ လုပ်နိုင်ပါတယ်.. ကိုယ် မင်းအတွက် ဆုံးဖြတ်ချက်မချပေးတော့ပါဘူး.. ရှောင်ရီလေး.. မင်း လွတ်လပ်စွာလုပ်နိုင်တယ် ဟုတ်ပြီလား.."

သူက ဒီကောင်လေး၏နားရွက်နားကပ်ကာ လေးနက်စွာ ကတိပေးလိုက်သည်။

ဒါပေါ့.. ငါက သေချာပေါက် လွတ်လပ်ပြီပေါ့..။

ကျိုးယွင်ရှန့်က ဒီလိုတွေးပြီး ပြုံးလိုက်သည်။ ဒီရွှယ်ဇီရွှမ်က တကယ်ကို သူ့အပေါ်ကောင်းလာတာပဲ။ သူသာ ရွှယ်သခင်လေးမဟုတ်ရင် ဒီလူကို သူသေချာပေါက် ဆွဲဆောင်မှာဖြစ်သည်။

"ဒါဆို အစ်ကိုကြီး.. ကျွန်တော့်ကို ပစ္စည်းကိရိယာတွေ ကူရှာပေးမလားဟင်.. ကျွန်တော် ကားကို တစ်စစီလုပ်ပြီး ပြန်တပ်ချင်လို့.."

'တစ်လက်မလောက်ပေးရင် တစ်တောင်လောက်ယူတယ်' ဆိုသလို ကျိုးယွင်ရှန့်က ထပ်ပြီးတောင်းဆိုလိုက်သည်။

ဒီပြိုင်ကားကို တစ်စစီဖြုတ်ပြီး အကောင်းအတိုင်း ပြန်တပ်နိုင်သလား၊ မတပ်နိုင်ဘူးလားဆိုတာကို ရွှယ်ဇီရွှမ် ဂရုမစိုက်ပေ။ ဒီပြိုင်ကားမပြောနဲ့ ရွှယ်အိမ်ကို တစ်စစီဖျက်ချင်တယ်ဆိုရင်တောင် အောက်ခြေကနေဖြိုဖို့ သူကူညီပေးမှာဖြစ်သည်။

"လိုအပ်တဲ့ကိရိယာပစ္စည်းတွေဝယ်ဖို့ အစ်ကိုကြီးရဲ့လက်ထောက်ကို ခိုင်းလိုက်မယ်.. ဒါလုပ်ဖို့ဆိုရင် တို့ရဲ့ကားဂိုဒေါင်ကို ချဲ့ရမယ်.. မင်းအတွက် အလုပ်ရုံလုပ်ပေးမယ်.. အကူတွေလည်းခေါ်ပေးမယ်.. ပြီးရင် စက်ပစ္စည်းဆိုင်ရာစာအုပ်တွေလည်း ဝယ်ခိုင်းလိုက်မယ်.."

ရွှယ်ဇီရွှမ်က လက်ထောက်ကိုဖုန်းဆက်ကာ လိုအပ်တာအကုန် စီစဉ်ခိုင်းလိုက်သည်။

ဒါကြောင့် စန္ဒရားတီးရမယ်ဆိုတဲ့အလုပ်က ဒီလိုနဲ့ အဆုံးသတ်သွားတော့သည်။

ရွှယ်ကျင်းရီက မတတ်သာဘဲ ဟွမ်ရီနောက်ကို တကောက်ကောက် လိုက်ကပ်နေရတော့သည်။ သူနီးစပ်ချင်သော အစ်ကိုကြီးက ဟွမ်ရီရဲ့ဘေးမှာ အမွှာလိုကပ်နေတော့ သူမကလည်း နောက်ကလိုက်နေရတော့သည်။

နောက်တစ်နေ့မနက် ရွှယ်လွေ့နှင့် ရွှယ်လီဒန်ီတို့ အိမ်ပြန်လာကြသည်။ သူတို့ကြားကဆက်ဆံရေးက သိပ်မတင်းမာတော့ပေ။ သူတို့သားက ပြိုင်ကားတစ်စီးဝယ်လိုက်တာ သိပေမယ့် စန္ဒရားပညာရှင်ဘဝကိုတောင် စွန့်လွှတ်လိုက်ပြီးမှတော့ ဒီလိုငွေဖြုန်းတာလောက်လေးကို ရွှယ်လီဒန်နီက ဘာမှမပြောတော့ပေ။ ရွှယ်လွေ့ကတော့ စီးပွားရေးလုပ်ငန်းကို သားဖြစ်သူဆက်ခံကတည်းက ပိုက်ဆံဖြုန်းလည်း ဘာမှမဖြစ်ပေ။ သူတို့က အိမ်မှာအထုပ်အပိုးပြင်ကာ ရွှယ်လီဒန်နီက ဥရောပဘက်ကို ဖျော်ဖြေရေးကိစ္စဖြင့် ခရီးထွက်သလို ရွှယ်လွေ့လည်း စီးပွားရေးအတွက် ခရီးထွက်သွားတော့သည်။

ဒါကြောင့် ကားကိုတစ်စစီဖြုတ်ဖို့ စက်ကိရိယာတန်ဆာပလာများ ကားတစ်စီးတိုက် ရွှယ်အိမ်ကိုရောက်လာချိန် သူတို့နှစ်ဦး မရှိကြတော့ပေ။ ထိုနေ့မှစပြီး ကျိုးယွင်ရှန့်က ကားဂိုဒေါင်ထဲမှာ နေ့ရောညပါ အလုပ်များကာ ပျော်ရွှင်လို့နေသည်။

ရွှယ်ဇီရွှမ်က company တွင် ရာထူးကြီးနှင့်လက်ခံကာ စတင်တာဝန်ထမ်းဆောင်သည်။ သူအလုပ်ဝင်သည့်နေ့မှာပင် အုပ်ချုပ်ရေးပိုင်းကလူများ လက်ဖျားခါရလောက်သည့် ပြတ်သားသောဆုံးဖြတ်ချက်များ၊ အစီစဉ်များ၊ အလုပ်များကို ဆောင်ရွက်နိုင်သောကြောင့် စောင့်ကြည့်နေသောလူများစွာက ပါးစပ်ပိတ်သွားကြပြီး ရွှယ်ဇီရွှမ်၏အုပ်ချုပ်မှုကို လက်ခံလာကြသည်။

ရွှယ်ဇီရွှမ်က အမေ့သွေးပါပြီး အနုပညာမှာ ပါရမီပါသလို အဖေ့သွေးပါပြီး စီးပွားရေးမှာလည်း လာဘ်မြင်သည်ဟု လူတိုင်းက ယုံကြည်လာကြသည်။ ရွှယ်လွေ့လည်း သူ့သား၏အရည်အချင်းကိုကြားသိပြီး ကျေနပ်အားရကာ အလောတကြီးပြန်လာဖို့မလုပ်ဘဲ နိုင်ငံခြားမှာ စီးပွားရေးတိုးချဲ့ဖို့ ဆက်လုပ်နေသည်။ ဒါမှ သူ့သားရဲ့စီးပွားရေးလုပ်ငန်းလွှဲယူသည့်ကိစ္စကို သူ့ဘာသာ သေချာအောင်မြငအောင် လုပ်နိုင်မှာဖြစ်သည်။

================

Chapter (8-7) –အကိုကြီး၏ အလိုလိုက်မှုကို ပိုင်ဆိုင်ထားသော ရှောင်ရီလေး

ရွှယ်ဇီရွှမ်သည် သူ၏စီးပွားရေးနဲ့ပတ်သက်သောစွမ်းရည်ကို လက်ခံကာ သေချာအောင်မြင်အောင် ဆောင်ရွက်သည်။ ရွှယ်ရန်လိုပြိုင်ဘက်ကလွဲပြီး ဘယ်သူ့ကိုမဆို ရအောင်ကျော်တက်သည်။ Project ကြီး၂ခုကို ရအောင်လုပ်ပြီးနောက် company ထဲမှာ သူ့နေရာကအခြေခိုင်လာခဲ့လေပြီ။

ဂီတလောကမှ ရွှယ်ဇီရွှမ်အနားယူသွားသည့်သတင်းက အင်တာနက်ပေါ်မှာအရမ်းဟော့နေပြီး သူ့ပရိသတ်များက သူတို့ဂီတနတ်ဘုရားက ဂီတလောကထဲပြန်လာဖို့ကိုမျှော်လင့်နေသည်။ လူတိုင်းက ရွှယ်ဇီရွှမ်၏လုပ်ရပ်ကို အာရုံစိုက်နေကြသည်။

"မင်းရဲ့ရန်သူက မင်းအရည်အချင်းကို မှတ်ကျောက်တင်ပေးသည်" ဆိုသည့်စကားပုံလိုပဲ။ အရင်ဘဝကရွှယ်ရန်လို company ကြီးကိုပင် ရအောင်ယှဉ်ပြိုင်ခဲ့သော ရွှယ်ဇီရွှမ်က ယခုဘဝမှာ ဘယ်ပြိုင်ဘက်ကိုမှ အသာစီးမပေးဘဲ ရအောင်တိုက်ခိုင်နိုင်ခဲ့သည်။

Company ကိုလွှဲပြောင်းယူလိုက်သော လူသစ်အနေဖြင့် မဆုံးနိုင်သော အစည်းအဝေးများ၊ တာဝန်များကြား ပိကာ အိမ်ပြန်ချိန်နောက်ကျမှာဖြစ်ပေမယ့် ရွှယ်ဇီရွှမ်က ချွင်းချက်ဖြစ်သည်။ သူက အချိန်ကျလာရင် အိမ်ပြန်သွားသည်။ သူ့လုပ်လက်စအလုပ်များကို အိမ်ကိုသယ်သွားကာ ဆက်လုပ်သည်။

"ရှောင်ရီ ဒီနေ့ ဘာလုပ်နေလဲ.."

ကားပေါ်မှဆင်းလိုက်သည်နှင့် ရွှယ်ဇီရွှမ်က လည်စည်းနက်ခ်တိုင်ကို ဖြေလျှော့ကာ ကားသမားကိုမေးလိုက်သည်။

ရှောင်ဝမ်၏တာဝန်က အလုပ်မှအပြန် သခင်လေးကိုကြိုရပြီး တစ်နေကုန် ဟွမ်ရီလိုအပ်သမျှ ဖြည့်ဆည်းပေးဖို့ဖြစ်သည်။ ခရီးသွားစရာရှိရင် company ကအစီစဉ်နဲ့ပဲ ရွှယ်ဇီရွှမ်သွားသည်။ ပြီးတော့ ရွှယ်ကျင်းရီ ဟွမ်ရီနားမကပ်စေဖို့ ရှောင်ဝမ်က တာဝန်ယူရသည်။

ပထမတော့ သခင်လေးရဲ့အမိန့်က မမလေးကျင်းရီအတွက်ဟု ထင်ခဲ့သည်။ နှလုံးခွဲစိတ်မှုအပြီး ဟွမ်ရီပျောက်ကွယ်သွားရင် မမလေးစိတ်မထိခိုက်စေဖို့၊ သူတို့နှစ်ဦးကို သိပ်နီးနီးကပ်ကပ်မရှိစေဖို့ဟု ထင်ခဲ့ပေမယ့် အခုတော့ ထိုသို့ဟုတ်ဟန်မတူပေ။

သခင်လေးက ဟွမ်ရီနှင့်မမလေးကို စကားတောင်မပြောစေအောင် စောင့်ကြပ်စေတော့ စိုးရိမ်လို့၊ ချစ်ခြင်းမေတ္တာကြောင့် ဟုတ်ဟန်မပေါ်ပေ။ ရှောင်ဝမ်က ရင်ထဲကအတွေးကို မြိုသိပ်ကာ ပြောလိုက်သည်။

"ကနေ့ ရှောင်ရီက ဂိုဒေါင်ထဲမှာ ကားရဲ့အပြင်ပိုင်း Body ကို ခွာချလိုက်ပါပြီ.. သူက ကားရဲ့လှုပ်ရှားမှုစနစ်ကို ပြောင်းလဲမယ်လို့ပြောပါတယ်.. သခင်လေးရောက်ရင် တစ်ချက်လောက်သွားကြည့်ကြည့်ပါလား.. ကားက တစ်စစီဖြစ်နေပြီး အကောင်းတိုင်းပြန်ဖြစ်နိုင်ပါ့မလား မသိတော့ဘူး.. တကယ်လို့ ကားကို အကောင်းဆိုင်းဖြစ်စေချင်ရင် မူရင်းစက်ရုံက စက်ပြင်ဆရာတွေကို ဈေးကြီးပေးခေါ်ပြီး ပြန်တပ်မှရတော့မယ်.. ဒါက အတော်လေးတော့ စရိတ်ကုန်ကျသွားနိုင်တယ်.."

ရှောင်ဝမ်က ဒီစကားပြောရင်း လူချမ်းသာတွေပိုက်ဆံဖြုန်းပုံကို ခေါင်းယမ်းမိလိုက်သည်။

"ဒါက မင်းကိစ္စမဟုတ်ဘူး.. မင်းတာဝန်က ရှောင်ရီ့ဘေးကို ရွှယ်ကျင်းရီကပ်မလာစေဖို့ပဲ.."

ကြည့်ပါဦး.. ဒါက ရွှယ်ကျင်းရီအတွက် စိုးရိမ်လို့လုပ်တာလား..၊ မသိရင် သူမကို တရားခံတစ်ယောက်လိုသဘောထားပြီး စောင့်ကြည့်နေသလိုပင်။

ရှောင်ဝမ်က မကျေနပ်ပေမယ့် ပါးစပ်က ဘာမှထုတ်မပြောဝံ့ပေ။ အခုချိန်မှာ သခင်လေးက ရွှယ်အိမ်တော်၏အာဏာကို လွှဲယူထားပြီး company မှာ အစွမ်းပြနိုင်ခဲ့လေပြီ။ company မှာ သခင်လေး၏လုပ်ရည်ကိုင်ရည်ကြောင့် တစ်လအတွင်းမှာပင် သခင်လေး၏ဂုဏ်သတင်းက မွှေးလို့နေလေပြီ။ ဘယ်သူက သခင်လေးကို အတိုက်အခံပြောရဲတော့မှာလဲ။

ထိုအချိန်မှာ ကျိုးယွင်ရှန့်က ကားကိုယ်ထည်အောက်ဝင်နေပြီး ပစ္စည်းဖြုတ်နေသည်။ ရွှယ်ကျင်းရီက အနွေးထည်ထူထူဝတ်ကာ ဘေးမှာဆောင့်ကြောင့်ထိုင်ပြီး tool box ကိုညွှန်ပြကာ မေးမြန်းနေသည်။

"အစ်ကိုလေး.. နင် ဒါကို တကယ်ပြန်တပ်နိုင်ရဲ့လား.. ဘယ်အချိန်က စက်ပိုင်းဆိုင်ရာဘာသာရပ်ကို တတ်သွားတာလဲ.. ဒါကဘာလဲ.. ထူးဆန်းလိုက်တာ.."

"ဘေးကိုခဏရွှေ့ပေးဦး.. ငါ အပြင်ကိုထွက်မလို့.."

ကျိုးယွင်ရှန့်က ပြောလိုက်သည်။ ရွှယ်ကျင်းရီက အမြန်နောက်နှစ်လှမ်းဆုတ်လိုက်သည်။ တစ်ကိုယ်လုံး ဆီချေးများပေနေသော ကျိုးယွင်ရှန့်ကိုမြင်တော့ လက်ဖြင့် ပါးစပ်နှင့်နှာခေါင်းကို ပိတ်လိုက်သည်။

"ဒီဆီနံ့က ပြင်းလို့မခံနိုင်ရင် ဂိုဒေါင်ထဲကနေ ထွက်သွားလေ.. ဒီမှာလာမနေနဲ့.. သွားတော့.."

ဒီတစ်လအတွင်း ကျိုးယွင်ရှန့်က သူ့စိတ်စွမ်းအင်နှင့် system ထဲကို ထိုးဖောက်ဝင်ရောက်ကြည့်သည်။ system က သူ့ကိုမထိန်းချုပ်နိုင်တော့တာသိရလို့ သူ့စကားပြောပုံက ပိုမိုတည်ကြည်လာခဲ့သည်။

ရွှယ်ကျင်းရီက ချစ်ခင်ဟန်ဆောင်နေပေမယ့် သူမမျက်ဝန်းထဲမှာ သူ့ကိုသေစေချင်သည့်အရိပ်က ပေါ်လွင်နေသောကြောင့် ကျိုးယွင်ရှန့်က သူမကို မြင်လည်းမမြင်ချင်သလို စကားလည်းမပြောချင်ပေ။ ဒါပေမယ့် သူမက တောက်တဲ့လို အနားမှာလာကပ်လို့နေသည်။

"ငါနောက်ဆုတ်လိုက်ရင် နင်လုပ်တာ အနှောင့်အယှက်မဖြစ်တော့ပါဘူး.. ငါနင်နဲ့ တစ်ခန်းတည်းတော့နေပါရစေ.. နင်မှ ငါ့ကိုစကားမပြောရင် ဘယ်သူက စကားပြောတော့မှာလဲ.."

ရွှယ်ကျင်းရီက ညှိုးငယ်စွာဖြင့် သနားစဖွယ်ပြောလာခဲ့သည်။

ကျိုးယွင်ရှန့်က သူမ၏စိတ်ရင်းကို သိသောကြောင့် သူမ၏ကျော့ကွင်းထဲကို ကျမသွားပေ။ သူမအသက်ရှင်ဖို့ သူ့နှလုံးကို တူးထုတ်ယူမှာဖြစ်ပြီး သူက လိုက်လျောစွာ ဘာမှပြောနေမှာမဟုတ်ပေ။ သူက ဗီလိန်ဖြစ်ပြီး သူမက ဒီကမ္ဘာ၏ဇာတ်လိုက်မဖြစ်လို့ သူတို့နှစ်ယောက်က ဘယ်တော့မှာ ငြိမ်းချမ်းစွာယှဉ်တွဲနေလို့မရနိုင်ပေ။

Villain System ၏ထိန်းချုပ်မှုက လွတ်သွားပြီဖြစ်လို့ ရွှယ်ကျင်းရီကို သူ လက်တုံ့ပြန်မှာမဟုတ်ပေမယ့် သူမသေဆုံးတာကို ညှာတာခြင်းမရှိ သူ အေးစက်စက်စောင့်ကြည့်နေမှာဖြစ်သည်။

==================

Chapter (8-8) – မြေအောက်ခန်းကို ဖျက်ပစ်ခြင်း

ကျိုးယွင်ရှန့်က နှုတ်ခမ်းမဲ့လိုက်ပြီး ဂိုဒေါင်ထဲကနေ ရွှယ်ကျင်းရီကို မောင်းထုတ်ဖို့ကြိုးစားနေစဉ် ကားဂိုဒေါင်ထဲကို တန်ဖိုးကြီးဇိမ်ခံကားတစ်စီး မောင်းနှင်ဝင်ရောက်လာပြီး အရည်အသွေးမြင့် ခဲရောင်အနောက်တိုင်းဝတ်စုံ ဝတ်ဆင်ထားသော ရွှယ်ဇီရွှမ်က ကားထဲကထွက်လာခဲ့သည်။

သူက ကြောင်ချီးရုပ်ပေါက်နေသော ရှောင်ရီ့ကိုတွေ့တော့ ပြုံးလိုက်မိပြီး ချစ်မြတ်နိုးစွာ ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ ထိုစဉ် ရွှယ်ကျင်းရီရှိနေသည်ကိုတွေ့တော့ သူ့မျက်ဝန်းတွေ အေးစက်သွားခဲ့သည်။

"ဖူဘိုနဲ့ ရှောင်တုန်းက ဘယ်မှာလဲ.. သူတို့က သူမကိုစောင့်ကြည့်ဖို့ တာဝန်ရှိတာမဟုတ်လား.."

ရှောင်ဝမ်က ကားထဲက ကပျာကယာထွက်လာပြီး ပြောလိုက်သည်။

"သခင်လေး.. ကျွန်တော် မမလေးကို အဖော်လုပ်ပြီး အခန်းကိုလိုက်ပို့လိုက်ပါ့မယ်.."

"အစ်ကိုကြီး ပြန်လာပြီလား.. ညီမလေးက အစ်ကိုကြီးအတွက် ငှက်သိုက်ဆန်ပြုတ် လုပ်ခိုင်းထားတာ ရလောက်ပြီ.. သွားစားလိုက်ပါဦးနော်.."

ရွှယ်ကျင်းရီက တောက်ပစွာပြုံးကာ ယဉ်ကျေးလိမ်မာစွာ ပြောလိုက်သည်။

ရွှယ်ကျင်းရီ၏ အားနည်းဖျော့တော့သောပုံစံကိုကြည့်ပြီး ရှောင်ဝမ်က ရွှယ်ကျင်းရီ လူကောင်းပကတိပြန်မဖြစ်လာနိုင်တော့ဘူးဟု တွေးနေမိသည်။ ပထမ သူူက ရွှယ်ကျင်းရီကို သူမအခန်းဆီ ဆွဲခေါ်သွားချင်ပေမယ့် သူမလေး၏ သခင်လေးအပေါ် တမ်းတမြတ်နိုးစွာကြည့်နေပုံကို သနားသွားပြီး မလုပ်ရက်တော့ပေ။

ဒါပေမယ့် သူမ၏အသက်ရှင်ဖို့က ဟွမ်ရီ့ကို သတ်ဖြတ်ခြင်းပေါ် မူတည်နေသည်ကို ရှောင်ဝမ် မတွေးလိုက်မိပေ။ ရွှယ်ကျင်းရီနေမကောင်းတာနဲ့ ဟွမ်ရီက ဘာကြောင့် သူ့အသက်ကိုပေးလိုက်ရမှာလဲ..။ ဆယ်ကျော်သက်ကောင်လေး ဟွမ်ရီရဲ့အသက်ကလည်း အသက်တစ်ချောင်းမဟုတ်လို့လား..။

"သခင်လေး မမလေးကို ပြန်ပို့ပေးမလား.."

ရှောင်ဝမ်က ရွှယ်ကျင်းရီ၏မျက်ဝန်းထဲက မျှော်လင့်ချက်လေးကိုတွေ့တော့ ယခင်ကလို ပြန်သင့်မြတ်စေဖို့ ကြားက ပြောပေးလိုက်သည်။ သခင်လေးက ဘယ်လိုဖြစ်ပြီး မမလေးအပေါ် ခုလိုစိမ်းကားသွားရသလဲဆိုတာ သူလည်းမသိတော့ပေ။

ရွှယ်ကျင်းရီ၏တောင့်တမှုနှင့် ဝမ်းနည်းဖွယ်ပုံစံလေး လုပ်ပြနေသည်ကို ကြည့်ပြီး ကျိုးယွင်ရှန့် စိတ်ပျက်လာသည်။ ဒီကောင်မလေးက တမင် သူ့ကို နှောင့်ယှက်ချင်နေသည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်၏ တန်ဖိုးကြီးဝတ်စုံကို သူ၏ဆီချေးပေနေသောလက်နှင့် ဆွဲကာ ပြောလိုက်သည်။

"အစ်ကိုကြီး.. ကျွန်တော် အစိတ်အပိုင်း ၂ခု တပ်ဖို့ ကျန်သေးတယ်.. ကျွန်တော့်ကို ကူပေးပါဦး.. ဒါပြီးမှ အတူတူသွားကြတာပေါ့.. ခဏစောင့်ပြီး ကူပေးလေ.. နော်.."

ရွှယ်ဇီရွှမ်၏အဝတ်ကိုဆွဲကာ ခုလိုတရင်းတနှီး ပူးပူးကပ်ကပ် ပြောဆိုပုံက ရွှယ်ကျင်းရီ၏ပုံစံဖြစ်သည်။ အရင်က သူမက ရွှယ်ဇီရွှမ်ဘယ်သွားသွား ကပ်နေတတ်သည်။ ဒါကြောင့် ကျိုးယွင်ရှန့်က ရည်ရွယ်ချက်ရှိရှိဖြင့် သူမရှေ့မှာ လုပ်ပြလိုက်ခြင်းဖြစ်သည်။

ရွှယ်ဇီရွှမ်က ရှောင်ရီ ခုလို သူ့ကို တရင်းတနှီးပြောဆိုတာ၊ အားကိုးတာ၊ ပိုင်စိုးပိုင်နင်းပုံလုပ်တာကို အရမ်းသဘောကျကာ ချက်ချင်း ကုတ်အင်္ကျီကိုချွတ်၊ လည်စည်းနက်ခ်တိုင်ကိုဖြုတ်ကာ အင်္ကျီလက်ကိုပင့်ရင်း ပြောလိုက်သည်။

"ကိုယ်က စက်ပစ္စည်းအကြောင်း မသိဘူး.. ဒါကြောင့် ရှောင်ရီလေးလိုတဲ့ ကိရိယာကို ယူပေးတဲ့နေရာမှာပဲ ကူပေးနိုင်မယ်.. ဒါကြောင့် အစ်ကိုကြီးကို မုန်းမသွားနဲ့ဦး.. ဟုတ်ပြီလား.."

"ဘယ်သူကမုန်းလို့လဲ.. အစ်ကိုကြီးကို ကျွန်တော် ဘယ်တော့မှမမုန်းဘူး.."

ထိုချစ်စဖွယ်စကားများကို ကျိုးယွင်ရှန့်က ရွှယ်ကျင်းရီစိတ်အနှောင့်အယှက်ဖြစ်စေရန် တမင်ပြောနေခြင်းဖြစ်သည်။

ရွှယ်ကျင်းရီက ရှေ့ကမြင်ကွင်းကြောင့် မျက်လုံးနီရဲလာပြီး ငိုချတော့မယောင်ဖြစ်နေသောကြောင့် ရှောင်ဝမ်က သူမကိုချော့ကာ အခန်းဆီပြန်ဖို့ပြောပေမယ့် သူ့ကို စူးရဲခက်ထန်စွာကြည့်လိုက်သော ရွှယ်ကျင်းရီ၏အကြည့်ကြောင့် ရှောင်ဝမ် သက်ပြင်းချလိုက်မိသည်။

သခင်လေးနဲ့ မမလေးက တကယ်ကို ပြောင်းလဲသွားကြပြီပဲ..။

ရွှယ်ဇီရွှမ်က အသန့်ကြိုက်လွန်ရောဂါ ရှိသောကြောင့် သူစိမ်းများ၊ ညစ်ပတ်သောအရာများ ထိမှာကို ကြောက်ရွံ့ခဲ့ပေမယ့် ခုတော့ ဆီချေးပေတူးကာ ညစ်ပတ်နေသော ဆယ်ကျော်သက်ကောင်လေး၏ ခါးကို ပွေ့ဖက်ထားကာ ကောင်လေးမျက်နှာကပေနေသော ဆီချေးများကိုပင် တယုတယ သုတ်ပေးနေသည်ကိုတွေ့တော့ ရှောင်တုန်း အံ့အားသင့်ကာ ကြောင်ကြည့်နေမိသည်။ သူက ညစ်ပတ်သည့်အရာကနေ ရှောင်လိုက်ရမည့်အစား ပျော်ရွှင်စွာထိတွေ့လို့နေသည် မဟုတ်လား။ သခင်လေးက အခန်းထဲဝင်ပြီး ရေချိုးသန့်စင်ရမယ့်အစား ကောင်လေးနားကိုပိုတိုးကပ်ကာ ပျော်ရွှင်စွာရယ်မောနေသေးသည်။ သူ့မိဘကလွဲပြီး ဘယ်သူ့ကိုမှ တရင်းတနှီး ထိတွေ့ခြင်းမလုပ်ခဲ့သည့် သခင်လေးက ရှောင်ရီ့ကို ဒီလောက်ချစ်ခင်ယုယစွာ ထိတွေ့နေပုံက မြင်ရသူကို ဆံပင်မွှေးပင်ထောင်ထသွားအောင် လန့်သွားစေသည်။

ဒီလိုလုပ်ပေးနိုင်တာက ချစ်ခြင်းမေတ္တာကြောင့်ဆိုတာ ရှောင်ဝမ်က မသိသောကြောင့် ဒီလောက်အံ့သြနေခြင်းဖြစ်သည်။ ဒီလိုပုံနဲ့ဆိုရင် မမလေးရဲ့ နှလုံးခွဲစိတ်မှုက ဘယ်လိုလုပ်တော့မလဲ..။ ဖျက်သိမ်းလိုက်တော့မလား..။ သခင်လေးက သခင်ကြီးနဲ့သခင်မကြီးကို ကိုင်တွယ်နိုင်မလားပဲ စောင့်ကြည့်ရမှာပဲ။

ဒီလိုတွေးမိပေမယ့် ရှောင်ဝမ်က တစ်ခွန်းမှထုတ်မပြောရဲဘဲ အနားကနေ ဝိညာဉ်လွင့်သူလို ငူငူကြီးရပ်နေသော မမလေးကိုသာ အတင်းချော့ခေါ်ပြီး ဂိုဒေါင်ထဲကထွက်လာစဉ် ဘိလပ်မြေတွေပေနေသော လူတစ်စုကို ဂိုဒေါင်တံခါးနားမှာ တွေ့လိုက်ရသည်။

"ဟေး.. ခင်ဗျားတို့ ဘာလုပ်နေတာလဲ.."

ရှောင်ဝမ်က ရှေ့တိုးကာမေးလိုက်သည်။

"မစ္စတာရွှယ်က ကျွန်တော်တို့ကို မြေအောက်ခန်းကိုပြုပြင်ဖို့ ခေါ်ထားတာပါ.."

"ဒီမြေအောက်ခန်းကို ထိလို့မရဘူးလေ.. အဲ့ဒီမှာ.."

တကယ်တော့ မြေအောက်ခန်းက ရွှယ်ကျင်းရီ နှလုံးခွဲစိတ်ဖို့အတွက် ခွဲစိတ်ခန်းကို ပြင်ဆင်ထားတာဖြစ်သည်။ ရှောင်ဝမ်က မြေအောက်ခန်းထဲအမြန်ဝင်ကာ စစ်ဆေးလိုက်သည်။

ဘာမှမရှိတော့ဘူး..

ခွဲစိတ်ခန်းကိရိယာအားလုံး ဘာမှမရှိတော့ပေ။

=====================

Chapter (8-9) –

မြေအောက်ခန်းက ဗလာဟင်းလင်းဖြစ်ကာ အရှေ့ဘက်ကနံရံကို ဖြိုချထားကာ ဂိုဒေါင်လေးနှင့်ဆက်ပြီး ပိုကျယ်သော ဂိုဒေါင်တစ်ခုဖြစ်အောင်လုပ်ဖို့ ပြင်ထားတာ တွေ့လိုက်ရသည်။ ဒါက ဘယ်သူ့အတွက် လုပ်ပေးထားတယ်ဆိုတာ မြင်ရုံနှင့်သိသာသည်။ သခင်လေးက ရှောင်ရီ့အပေါ်ကို တကယ်ကို ချစ်မိသွားပြီဆိုသည့်သဘောပေါ့၊ သခင်လေးက မမလေးကို မကယ်ချင်ဘူးပေါ့။ ရှောင်ဝမ်က မြေအောက်ခန်းကနေ ပြေးထွက်လာတော့ ဆည်းဆာနေခြည်အောက်မှာရပ်နေသော ဝမ်းနည်းနေသည့်မမလေးကိုတွေ့တော့ လည်ချောင်းမှာ အလုံးကြီးဆို့လာသလို ခံစားလိုက်ရသည်။

ပထမ သူက မြေအောက်ခန်းကိုမဖြိုခင် သခင်ကြီးနဲ့သခင်မကြီးတို့၊ ဖူဘိုတို့ကို မေးကြည့်ရဲ့လားဆိုတာ အလုပ်သမားတွေကို မေးချင်ပေမယ့် လက်ရှိ သခင်လေး၏စိတ်အခြေအနေကို သတိရကာ ကိုယ်ရှိန်သတ်လိုက်သည်။ သခင်လေး၏စိတ်ထားအရ သူလုပ်သည့်ကိစ္စကို ဘယ်သူ့ကိုမှ ဝင်စွက်ဖက်ခွင့်ပေးမည်မဟုတ်ပေ။ ဒါကြောင့် သူက လက်ယမ်းကာ အလုပ်သမားတွေကို သွားခွင့်ပေးလိုက်သည်။ ကံကောင်းတာက မမလေးကျင်းရီက ဘာမှမသိသေးပေ။ သူ့နှလုံးခွဲစိတ်ကာ အသက်ရှင်ဖို့အခွင့်အရေးက ခုလိုအတင်းအကျပ် ဖျက်သိမ်းခြင်းခံရတာကိုသိလျှင် သူမ စိတ်ပျက်သွားမှာသေချာသည်။

သူတို့နှစ်ယောက် အိမ်မကြီးဘက်ရောက်ပြီး နာရီဝက်လောက်ကြာတော့ ရွှယ်ဇီရွှမ်နှင့်ရှောင်ရီက အမွှာတွေလိုပူးကပ်ကာ ဖက်ထားရင်း လျှောက်လာခဲ့ကြသည်။ နှစ်ဦးသား ဖိနပ်လဲဖို့ ဖိနပ်ချွတ်မှာထိုင်နေကြသည်။ ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်လုပ်ပေးတာကို ကျင့်သားရပြီးသားဖြစ်လို့ ရှူးဖိနပ်တစ်ဖက်ကို ကန်ချွတ်ကာ ဟက်ဟက်ပက်ပက် ရယ်မောလို့နေသည်။

ရွှယ်ဇီရွှမ်က ကလေးဆန်သည့် ရှောင်ရီ၏အမူအယာ ခပ်ဆိုးဆိုးလေးကို သေလုအောင်ချစ်မိနေပြီး သူက ရှောင်ရီ့ကို လက်မောင်းကြားဆွဲသွင်းကာ နှာခေါင်းလေးကို ဖျစ်ညစ်လိုက်ပြီး ပါးပြင်နှင့်နှုတ်ခမ်းထောင့်ကို အကြိမ်ကြိမ်နမ်းကာ နားရွက်များကို မထိတထိကိုက်ကာ စလိုက်သည်။ ရှောင်ရီက အူယားလွန်းလို့ အော်ရယ်ပြီး မောတော့မှ ရွှယ်ဇီရွှမ်ကလွှတ်ပေးလိုက်ပြီး ရှောင်ရီ့ကို အိမ်တွင်းစီးဖိနပ် စွပ်ပေးလိုက်သည်။

ဧည့်ခန်းကဆိုဖာထက်မှာထိုင်ပြီး ထိုမြင်ကွင်းကိုကြည့်နေသော ရွှယ်ကျင်းရီ၏မျက်လုံးများက လူသတ်ချင်ရိပ်ဖြင့် အေးစက်ကာ လက်သီးကို တင်းတင်းဆုပ်ထားရလို့ လက်သည်းများက လက်ဖဝါးကို စိုက်လို့နေလေပြီ။

ရှောင်ဝမ်က ရှောင်တုန်းကို တခြားကိုပထုတ်ကာ မြေအောက်ခန်းကိုပြင်လိုက်ကြောင်း ဖူဘိုကို သတင်းပေးလိုက်သည်။

"ဘာ.."

မြေအောက်ခန်းထဲက ခွဲစိတ်ခန်းကို ရှင်းပစ်လိုက်တယ် ဟုတ်လား..။ သူပြောတော့ ဂိုဒေါင်ပြင်ဖို့ပဲမဟုတ်ဘူးလား..။ ဖူဘိုက ဒေါသထွက်ကာ မေးဖို့ပြေးထွက်လာပေမယ့် ဧည့်ခန်းမှာ မမလေးထိုင်နေတာတွေ့လို့ ကိုယ်ရှိန်သတ်လိုက်ရသည်။

နာရီဝက်ကြာတော့ သခင်လေးနဲ့ရှောင်ရီက ရေချိုးပြီးတော့ ထမင်းစားဖို့ အောက်ဆင်းလာသည်။ ဖူဘိုက ထမင်းဝိုင်းဘေးမှာရပ်ပြီး ပြောဖို့တွန့်ဆုတ်နေသည်။ သခင်လေးက သူ့ကို တစ်ချက်တောင်မော့မကြည့်ဘဲ ရှောင်ရီနှင့်သာ အလုပ်ရှုပ်နေသည်။ နောက်ဆုံး ဖူဘိုက မနေနိုင်လို့ ပြောလိုက်သည်။

"ရှောင်ဝမ်ပြောတာကြားတာတော့ သခင်လေးရဲ့လူတွေက မြေအောက်ခန်းကို ဖျက်လိုက်တယ်ဆို.. သခင်ကြီးနဲ့ သခင်မကြီးက ဒါကို သဘောတူလို့လား.."

ရွှယ်ဇီရွှမ်က ရှောင်ရီအတွက် ငါးရိုးထွင်ပေးရင်း အေးစက်စွာပြောလိုက်သည်။

"ဒါ ကျွန်တော့်အိမ်.. ဒါကြောင့် ဒီအိမ်ကို လုပ်ချင်တာလုပ်တဲ့ကိစ္စမှာ ဘယ်သူ့ကိုမှ မေးဖို့မလိုဘူး.. ဖူဘို.. ခင်ဗျားကို ကျွန်တော် သတိပေးပြီးသား.. နောက်တစ်ကြိမ်ဆိုတာ မရှိဘူးလို့.. ခင်ဗျား ထွက်သွားလို့ရပြီ.."

"သခင်လေး.. ဘာကိုဆိုလိုတာလဲ.."

ဖူဘိုက ထိတ်လန့်စွာမေးလိုက်သည်။

ရွှယ်ကျင်းရီက သူမအစ်ကိုကြီးကို မယုံနိုင်စွာ ငေးကြည့်လိုက်သည်။ ဖူဘိုက မိသားစုဝင်လိုဖြစ်နေပြီး အစ်ကိုကြီးက ဖူဘို့ကို ဘယ်လိုမောင်းထုတ်ရက်တာလဲ..။

ရှောင်တုန်း၊ ရှောင်ဝမ်နှင့် ရှောင်ကျိုးတို့က မီးဖိုခန်းထဲမှာ ညစာစားနေစဉ် ထိုစကားကိုကြားတော့ ပြေးလာပြီး ချောင်းကြည့်ကြသည်။ သခင်လေးက ဖူဘို့ကို တကယ်ကြီးမောင်းထုတ်နေတာပဲ..။ သခင်လေးက အရင်နဲ့ လုံးဝမတူတော့ပေ။

ကျိုးယွင်ရှန့်တစ်ယောက်သာ ညစာကို ပျော်ရွှင်စွာစားသောက်နေသည်။ ဒီမြေအောက်ခန်းထဲမှာ ဘာရှိတာ သူသိတာပေါ့။ ရွှယ်အိမ်ကလူတွေက ဘာကြောင့် စိတ်လှုပ်ရှားနေကြတာလဲ။ ဒါပေမယ့် သူတို့ကို ကျိုးယွင်ရှန့် စိတ်မဝင်စားပါ။ အဖိုးကြီးဖူဘိုကို အစ်ကိုကြီး ခုလိုလုပ်လိုက်တာမြင်ရတော့ တကယ်ကို အားရကျေနပ်မိသည်။ ဘယ်သူက သူ့ကို လူသေကောင်လို လာကြည့်ခိုင်းနေလို့လဲ..။

"ဖြည်းဖြည်းစား.. အရိုးလေးတစ်ခု ရှိတုန်းပဲ.. နေဦး.. ဒါက မထွင်ရသေးဘူး.."

ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ဆံပင်ကို ပွတ်ကာ ပြောလိုက်ပြီး ဖူဘိုဘက်လှည့်ကာ ထပ်ပြောလိုက်သည်။

"ခင်ဗျားကို ကျွန်တော် အလုပ်ထုတ်လိုက်ပြီလို့ပြောတာ.. ခင်ဗျား ညတွင်းချင်း ထွက်သွားတော့.."

"သခင်ကြီးနဲ့ သခင်မ.."

ဖူဘိုက ဒီအဖြစ်ကို လက်မခံနိုင်ဘဲ ပြောလိုက်သည်။

"သူတို့ကို ကျွန်တော် ဖုန်းဆက်ပြောလိုက်မယ်.. ခင်ဗျားသိဖို့က အနှေးနဲ့အမြန် ဒီရွှယ်အိမ်ရဲ့သခင်က ကျွန်တော်ဖြစ်လာတော့မယ်.. ခင်ဗျား အခုထွက်မသွားရင်လည်း မကြာခင်ထွက်သွားရမှာပဲ.. ကျွန်တော့်ကိုဝေဖန်တာ၊ အမိန့်ပေးတာကို မကြိုက်ဘူး.."

ဖူဘိုသည် သခင်လေး၏ ဖိအားပြင်းသည့်အကြည့်အောက်ဝယ် စကားတစ်ခွန်းမှ မဟဝံ့တော့ပေ။ သခင်လေးသာ မိသားစုစီးပွားရေးကို လက်လွှဲယူမယ်ဆိုရင် ဘာမဆိုသဘောတူမည့် သခင်ကြီး၏သဘောထားကို ပြန်စဉ်းစားမိတော့ ထိုည အိမ်ကထွက်သွားဖို့ သဘောတူလိုက်ရသည်။

ဖူဘို ခေါင်းငိုက်စိုက်ကျသွားသည်ကိုကြည့်ပြီး ရှောင်တုန်းက သူ့သခင်လေးကို ပိုကြောက်သွားသည်။ သခင်လေးက အနုပညာသမားကနေ ထက်မြက်သွေးအေးသော စီးပွားရေးသမားဖြစ်ဖို့ တစ်လပဲကြာသည်။ နောင်ဆို ဒီအိမ်မှာ သခင်လေးက အရှင်သခင်ဖြစ်လာတော့မည်။ သခင်ကြီးနဲ့ သခင်မကြီး၏အခန်းကဏ္ဍက မှေးမှိန်လာတော့မည်။

====================



ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now