FOD Extra 2 _ Chapter (6) - Yu Cang Hai

3.3K 425 2
                                    

FOD Extra 2 _ Chapter (6) - Yu Cang Hai

"ဒီမကောင်းဆိုးဝါးကောင်ရဲ့ အသက်ကို နှုတ်ယူကြစမ်း.."

လမ်းမဘေးက သစ်ကိုင်းတွေကြား တိုက်ခတ်လာတဲ့ အေးစက်စက်လေတွေနဲ့အတူ လူသတ်လိုရိပ်တွေ ဖြာထွက်နေတဲ့ ဓားကြီးတွေကို ကိုင်ဆောင်ထားတဲ့ အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ မျက်နှာဖုံးစွပ်လူသတ်သမားတွေက မြက်တောထဲက တိုးထွက်လာရင်း ကျုံးဝါးလိုက်တယ်။

"ကောင်းပြီ.."

ဒဏ်ရာပြန်လည်ကုစားနေရတဲ့ ဒီရက်သတ္တပတ်တွေမှာ ကျိုးယွင်ရှန့်ရဲ့ အရိုးအဆစ်တွေက လှုပ်လှုပ်ရှားရှားမလုပ်ရလို့ တောင့်တင်းကုန်ပြီလို့ထင်ရတယ်။ အခုတော့ သွေးပူလေ့ကျင့်ခန်းလုပ်ဖို့ အခွင့်အရေး ကြုံလိုက်တာပဲ။ သူ့ရဲ့ဂိုဏ်းက ဖျက်ဆီးခံလိုက်ရပြီ။ တစ်ဂိုဏ်းလုံးကလူတွေကို သတ်ဖြတ်ခဲ့တဲ့ ပိယွင်ရွာနဲ့ မုအိမ်တော်ကလူတွေက ကယ်တင်ရှင်သူရဲကောင်းတွေလို ဂုဏ်ပြုခံနေရတယ်။ ဒီလူတွေက သူ့ဂိုဏ်းထဲက နို့စို့ကလေးနဲ့ သက်ကြီးရွယ်အိုတွေကိုတောင် မချန်ဘဲ သနားညှာတာခြင်းမရှိ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တယ်။ စကားတောင်မပြောတတ်သေးတဲ့ ကလေးငယ်တွေက ဘာအပြစ်များရှိနေလို့ ဒီလောက် အကြင်နာတရား ကင်းမဲ့ရတာလဲ။ ဂိုဏ်းထဲက အသက်ခံရတဲ့ လူအရေအတွက်ကို ကျိုးယွင်ရှန့် ရေတွက်ဖို့တောင် မကြည့်ရက်တော့ဘူး။ ဒါတွေအားလုံးက သူ့ကြောင့်စလာတဲ့ ရာဇ၀တ်မှုကြီးပဲ။ မုလွေ့လင်ကိုသာ သူ မကယ်တင်ခဲ့ရင် ဒီလိုကံကြမ္မာဆိုးမျိုး သူ့ဂိုဏ်းမှာ ကြုံတွေ့ရမှာမဟုတ်ဘူး။

မျက်နှာဖုံးစွပ်ထားတဲ့လူတွေက နတ်ဆိုးဂိုဏ်းချုပ်ကို အဆိပ်မိထားလို့ သိုင်းစွမ်းရည် လုံးဝပျောက်ဆုံးနေတယ်လို့ ထင်နေကြတယ်။ ဒါကြောင့် သူ့ကို ဂရုစိုက်စရာမလိုဘဲ ကြက်ကလေး၊ ငှက်ကလေးလို အလွယ်တကူ သတ်လို့ရမယ်လို့ ယုံကြည်ထားကြတယ်။ ဒါပေမယ့် မျက်မြင်တွေ့လိုက်ချိန်မှာ အားနည်းဖို့နေနေသာသာ ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။ နတ်ဆိုးဂိုဏ်းချုပ်ကြီးက မယုံနိုင်စရာခွန်အားတွေ ပြည့်ဖြိုးနေသလိုပဲ။

နတ်ဆိုးဂိုဏ်းချုပ်ကြီးက အင်္ကျီလက်စကို ယမ်းလိုက်ရုံနဲ့ လေပွေတစ်ခု သူ့ကို ဖြတ်တိုက်သွားတာကို ခံစားလိုက်ရပြီး ဘာမှန်းမသိလိုက်ခင်မှာ ခေါင်းဆောင်လုပ်သူက မြေပြင်ပေါ်ကို လဲကျသွားခဲ့တယ်။ ဒါကိုမြင်လိုက်တဲ့ နောက်ကကပ်လိုက်လာတဲ့ ငယ်သားက ကြောက်လန့်တကြားဖြစ်သွားပေမယ့် လှည့်ထွက်သွားဖို့ နောက်ကျလွန်းသွားပြီ။ သူက နတ်ဆိုးဂိုဏ်းချုပ်ရဲ့ လက်ငါးချောင်းကို စွန်ကုတ်လိုလုပ်ပြီး အနားလာတာကို တွေ့လိုက်ရပြီး ကြောက်လန့်တကြား ပင့်သက်ရှိုက်လိုက်မိတယ်။

နတ်ဆိုးဂိုဏ်းချုပ်ကြီးက ပထမလဲကျသွားတဲ့သူရဲ့ ရင်ဘတ်ကို လက်နဲ့ထိုးဖောက်လိုက်ပြီး အသည်းနှလုံးကို ဆွဲထုတ်လိုက်တယ်။ နှလုံးက ကိုယ်ထဲကဆွဲထုတ်ခံရပေမယ့် တဆတ်ဆတ်ခုန်နေသေးတယ်။ သွေးတွေက အိုင်ထွန်းလာပြီး နတ်ဆိုးဂိုဏ်းချုပ်ရဲ့ ဖြူဖွေးတဲ့ကိုယ်ကို စင်သွားသေးတယ်။ ဒီမြင်ကွင်းက သူ့ကို ထိတ်လန့်ပြီး ကြက်သေ သေသွားစေတယ်။

ကျိုးယွင်ရှန့်က မျက်ခုံးကိုပင့်ပြီး နှုတ်ခမ်းကို လျှာနဲ့သပ်လိုက်တယ်။ နတ်ဆိုးဆန်ဆန် ပြင်းထန်တဲ့အမူအယာတွေက သူ့မျက်နှာပြင်ပေါ် ထင်ဟပ်နေတယ်။

ဇီရွှမ်ကတော့ ဒီလူတွေနဲ့ မတူဘူး။ သူက လူသတ်သမားမဟုတ်သလို ချီးကျူးဂုဏ်ပြုရတဲ့ လူသတ်မကောင်းဆိုးဝါးလည်း မဟုတ်ဘူး။ သူက အချစ်ထောင်ချောက်ထဲ ကျနေတဲ့ သနားစရာ လူသက်သက်ပဲဖြစ်တယ်။

သူပြန်မလာခင် ဒီလူတွေကို ကျိုးယွင်ရှန့် လက်စသတ်ထားမှ ဖြစ်တော့မယ်။ မျက်နှာဖုံးစွပ်ထားတဲ့လူတွေက နတ်ဆိုးဂိုဏ်းချုပ်ရဲ့ သဘောထားကြောင့် ခြေဆုံးခေါင်းဆုံး အေးစိမ့်လာပြီး နည်းနည်းမှတောင် မလှုပ်နိုင်တော့ဘဲ ကျောက်ရုပ်တွေလိုဖြစ်သွားတယ်။ သူတို့ခြေလက်တွေ တစ်စစီဖြစ်သွားပြီး သွေးတွေ နေရာတိုင်းကို ဖြာကျကုန်တယ်။

"မင်းတို့ ဒီအလုပ်ကို စလုပ်ကတည်းက နောက်ပိုင်းဘာဖြစ်မယ်ဆိုတာ စဉ်းစားခဲ့ဖူးလား.. မင်းတို့က ငါ့ကို ငရဲပို့ချင်ကြတာလား.. ငါ့ကို ငရဲပို့မယ့်အစား မင်းတို့ကို ကောင်းကင်ဘုံရောက်အောင် ငါလုပ်ပေးမယ်.."

ကျိုးယွင်ရှန့်က သူ့လက်ထဲကနှလုံးကို အဝေးကိုပစ်လိုက်ပြီး နတ်ဆိုးဆန်ဆန်ရယ်မောရင်း ပြောလိုက်တယ်။

မျက်နှာဖုံးစွပ် လူသတ်သမားတွေက သူတို့ ဘယ်လိုမကောင်းဆိုးဝါးကို ပင့်ဆောင်မိပြီလဲဆိုတာ လက်တွေ့သိသွားကြပြီ။ ပထမဆုံးလူသတ်လိုက်တာက ရက်စက်ကြမ်းကြုတ်တယ်ဆိုရင် နောက်ပိုင်း ဒီလူသတ်ဖြတ်တဲ့ပုံစံက စိတ္တဇလူသတ်သမားနဲ့ တူတယ်။

လူတွေကို တစ်စစီလုပ်ပစ်ဖို့ သူ ဘာမှ ခက်ခက်ခဲခဲ အားထုတ်စရာမလိုဘူး။ မျက်စိတစ်မှိတ်စာအတွင်းမှာ သူတို့တွေရဲ့ ခြေလက်တွေကို ဖြဲပစ်ပြီး တစ်စစီလုပ်ပစ်လိုက်တယ်။ လူသတ်သမားအားလုံးက နောက်ဆုံးထွက်သက်ကို ရှူထုတ်လိုက်ပြီး မြေပြင်ပေါ် အကုန်လဲကျကုန်ကြတယ်။ ကျိုးယွင်ရှန့်က အစကတည်းက သူတို့တွေကို အလွတ်ပေးဖို့ မရည်ရွယ်ထားဘူး။ ဒါကြောင့် ရော်ရွက်ဝါတွေပေါ် လဲကျသေဆုံးနေတဲ့ အလောင်းတစ်လောင်းချင်းဆီကိုသွားပြီး အူ၊ အသည်းနဲ့ ကလီစာတွေကို ဆွဲထုတ်တယ်၊ ခြေလက်တွေကို တစ်စစီလုပ်ပစ်တယ်။

သူ့လက်တွေမှာ သွေးတွေစွန်းနေပြီး သူ့မျက်လုံးအစုံက အကြောင်းအရင်းမရှိ သွေးလိုရဲနေတယ်။ အမုန်းတရားတွေ တောက်လောင်နေတဲ့အတွက် သူက လူစင်စစ်ကနေ မကောင်းဆိုးဝါးတစ်ကောင်လို ဖြစ်သွားတယ်။

နောက်ဆုံးအသက်ရှင်နေတဲ့ လူသတ်သမားက မီးပုံနားကိုလဲကျနေပြီး မီးစွဲလောင်နေတယ်။ သူသေမှာကို ကြောက်လွန်းလို့ တောင်းပန်တိုးလျှိုးနေတယ်။ ကျိုးယွင်ရှန့်က နားထောင်နေပေမယ့် သူ့ကို လွှတ်ပေးဖို့ပြောနေတာကို လက်မခံဘူး။ ကျိုးယွင်ရှန့်က သူ့အသည်းနှလုံးကို လက်ငါးချောင်းနဲ့ ကုတ်ထုတ်လိုက်ပြီး အသားတွေတဖျစ်ဖျစ် မီးလောင်နေတာကို နားထောင်ရင်း နှလုံးကို လွှင့်ပစ်လိုက်တယ်။

ဝံပုလွေတွေက ပြင်းထန်လှတဲ့ သွေးညှီနံ့တွေကြောင့် ရောက်ရှိလာကြပေမယ့် အပိုင်းပိုင်းအစစဖြစ်နေတဲ့ သူတို့အစာအလယ်မှာ လူတစ်ယောက် မတ်တပ်ရပ်နေတာကိုတွေ့တော့ သူတို့အားလုံး ၀ပ်လိုက်ပြီး အူလိုက်တယ်။ တိရိစ္ဆာန်တွေတောင် လူတွေထက် ပိုအသိဥာဏ်ရှိပြီး ပါးနပ်ကြတယ်။ ဘယ်သူ့ကို တိုက်ခိုက်ရမယ်၊ ဘယ်သူ့ကို ထိလို့မရဘူးဆိုတာ သူတို့သိတယ်။

"လာစားကြတော့.. ကောင်လေးတွေ.."

ကျိုးယွင်ရှန့်က လက်ညှိုးညွှန်ရင်းပြောလိုက်တော့ မီးခိုးရောင် ခေါင်းဆောင်ဝံပုလွေကြီးက ၀ပ်ရင်း တဖြည်းဖြည်း ရှေ့တိုးလာတယ်။ သူက နှစ်ကြိမ်အူလိုက်ပြီး ခေါင်းမပါတဲ့ကိုယ်ထည်ကိုဆွဲပြီး သူ့ဝံပုလွေအုပ်စီ သယ်သွားတယ်။

တကယ်လို့ တစ်စုံတစ်ယောက်သာ ဒီမှာရှိမယ်ဆိုရင် အသားတွေ၊ အရိုးတွေ ကိုက်ဝါးစားသောက်နေတာကိုမြင်ရင် ကြောက်လန့်သွားမှာ သေချာတယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်က ပုံမှန်ပဲ။ သူက ဘုန်းတော်ကြီးရဲ့ ရေအိတ်ကိုယူပြီး သူ့လက်မှာစွန်းထင်းနေတဲ့ သွေးတွေနဲ့ လူသားအစအနတွေကို ဆေးကြောလိုက်တယ်။

ဇီရွှမ်ပြန်ရောက်လာတော့ သူတို့အနားယူနေတဲ့နေရာက သွေးပင်လယ်ဝေပြီး သွေးစီးကြောင်းတွေ စီးနေတာကို တွေ့လိုက်ရတယ်။ ပတ်ပတ်လည် သစ်ကိုင်းတွေပေါ်မှာ လူ့ကိုယ်ခန္ဓာ အပိုင်းအစတွေတင်နေပြီး သွေးတွေက တစ်စက်စက် စီးကျနေဆဲပဲ။ သူက သွေးစွန်းတဲ့သင်္ကန်းကို ၀တ်ဆင်ထားပြီး သွေးစက်တွေစင်နေတဲ့ မျက်နှာနဲ့ ကျိုးယွင်ရှန့်ကိုတွေ့တော့ ပတ်ဝန်းကျင်ကအရာအားလုံးကို ဘာမှမမြင်တော့ဘူး။ ကျိုးယွင်ရှန့် ဒဏ်ရာရသွားပြီလား ဆိုတဲ့အတွေးကလွဲပြီး သူ ဘာကိုမှ သတိမရတော့ဘူး။

ဒါပေမယ့် ကျိုးယွင်ရှန့်ရဲ့ အ၀တ်နဲ့ကိုယ်မှာ သွေးတွေပေနေပေမယ့် ဘာဒဏ်ရာ တစိုးတစိမှမရှိ၊ သူ့သင်္ကန်းမှာတောင် အပြဲလေးတစ်ခုတောင် ရှိမနေတာ တွေ့လိုက်ရတယ်။

တစ်နည်းအားဖြင့် ကျိုးယွင်ရှန့်က ဘာဒဏ်ရာမှမရဘူး၊ သွေးတွေက သူများရဲ့သွေးတွေဖြစ်တယ်ဆိုတာ သိရတော့မှ ဇီရွှမ်ရဲ့ တင်းကျပ်နေတဲ့စိတ်တွေ လျော့သွားပြီး မျက်လွှာချမိတော့မှ သူက သွေးအိုင်ငယ်လေးထဲမှာ ရပ်နေမိတယ်ဆိုတာ တွေ့ရတော့တယ်။ သူ့ခြေထောက်တစ်ဝက်လောက် သွေးတွေပေနေပြီး သူ့အ၀တ်ဖိနပ်က သွေးကြောင့် ရဲရဲနီနေပြီ။

သွေးအိုင်၊ လူ့ကိုယ်အစိတ်အပိုင်းတွေ၊ ခေါင်းပြတ်တွေ၊ ဆာလောင်နေတဲ့ ၀ံပုလွေတွေ၊ သစ်ကိုင်းကျိုးတွေ......။

သူ ထွက်သွားတုန်းက ဒီနေရာက အေးချမ်းတိတ်ဆိတ်ပြီး နေချင့်စဖွယ် နေရာလေးပါ။ ဒါပေမယ့် သူပြန်ရောက်လာတော့ လူ့ငရဲနေရာ ဖြစ်နေပြီ။ ဒီလိုဖြစ်အောင်လုပ်တာ ဒကာလေးဆိုတာ ထင်ရှားနေတာပဲ။

ဇီရွှမ်က ခေါင်းကိုမော့လာပြီး မေးလိုက်တယ်။

"ဒီလူတွေအားလုံးကို ဒကာလေး သတ်လိုက်တာလား.."

"ဘုန်းကြီး ခန့်မှန်းနေတာလား.. ဘုန်းကြီးရဲ့ တုံ့ပြန်မှုက နှေးလိုက်တာ.."

ကျိုးယွင်ရှန့်က မီးပုံဘေးမှာထိုင်နေရာကနေ မထူးခြားသလို ဖြေလိုက်ပြီး မီးတောက်ထဲက သစ်တုံးကို လှမ်းထိုးဆွနေတယ်။

ဇီရွှမ်က သူ့ကို လေးလေးနက်နက် စိုက်ကြည့်လိုက်ပြီး မြေပေါ်ငုံ့ကိုင်းပြီး သေချာစစ်ဆေးလိုက်တယ်။ လတ်ဆတ်တဲ့သွေးအိုင်ကြားက 'Gongsun' လို့ရေးထိုးထားတဲ့ လက်နက်ကို သူ တွေ့လိုက်တယ်။ သူတို့က ဟိုတလောကမှ ဖျက်ဆီးခံလိုက်ရတဲ့ ကုန်းစွန်းမိသားစုက မျိုးဆက်တွေဖြစ်တယ်။

ဇီရွှမ်က လက်နက်တွေကိုချလိုက်ပြီး လက်အုပ်ချီရင်း သေဆုံးသွားတဲ့ ကုန်းစွန်းမိသားစုကလူတွေအတွက် ဆုတောင်းရွတ်ဖတ်ပေးလိုက်တယ်။ ပြီးတော့ ညသန်းခေါင်ရောက်တော့ မီးပုံဘေးမှာ မတုန်မလှုပ်ထိုင်နေတဲ့ လူငယ်ဆီကို လာခဲ့တယ်။ လူငယ်ရဲ့ မျက်နှာထက်ကအကြည့်က မှောင်မိုက်လို့နေတယ်။
"မင်းဒဏ်ရာတွေ သက်သာပြီး အဆိပ်တွေ ပြေသွားပြီလား.."

ဒါက မေးခွန်းတစ်ခုဖြစ်သလို သူ့ဘာသာရေရွတ်တဲ့ စကားတစ်ခွန်းလည်းဖြစ်တယ်။ သူ ဒီရက်တွေမှာ ဒီကောင်လေးကို ဂရုစိုက်ခဲ့သမျှအားလုံး အသုံးချခံရတာ၊ ဟာသလုပ်ခံရတာဆိုတာ သူသိသွားတယ်။

"ဟုတ်တယ်.."

ကျိုးယွင်ရှန့်က နှောင့်နှေးခြင်းမရှိ ဖြေလိုက်တယ်။ ဇီရွှမ် သူ့ကို ဘယ်လိုဆက်ဆံလာမယ်ဆိုတာ သူ တကယ်သိချင်နေတယ်။

"ဒီလူတွေက ကုန်းစွန်းမိသားစုက မျိုးဆက်တွေပဲ.. သူတို့မိသားစုကို သတ်ဖြတ်သူက မင်းမဟုတ်ဘူးဆိုတာ မရှင်းပြဘဲ ဘာကြောင့် ဒီလိုသွေးစွန်းတဲ့ဖြစ်ရပ်ကို ထပ်လုပ်ရတာလဲ.. မင်းသေသွားပြီးနောက် ငရဲကျမှာကို မကြောက်ဘူးလား.. ငရဲကြီးကိုးထပ်မှာ လောင်ကျွမ်းပြီး အပြစ်ပေးခံရလိမ့်မယ်.. ဒကာလေးယု.. မင်း အမှားတစ်ခုကို ကျူးလွန်လိုက်မိပြီ.."

ဇီရွှမ်ရဲ့ရင်ထဲ ဒေါသတွေပြည့်နေပေမယ့် သူ့မျက်နှာနဲ့လေသံက တည်ငြိမ်နေတယ်။ သူက ကျိုးယွင်ရှန့်ကို ကယ်တင်ခဲ့တယ်။ အခုတော့ ကျိုးယွင်ရှန့်လုပ်တဲ့ မကောင်းမှုက သူ့မကောင်းမှုတွေဖြစ်ကုန်ပြီ။ သူ့ဆရာရှေ့ကို သူ ဘယ်လိုမျက်နှာနဲ့ သွားရပ်ရဲတော့မှာလဲ။

တကယ်လို့ သူတို့ကိုတိုက်ခိုက်တဲ့ လူသတ်သမားတွေက ပိယွင်ရွာနဲ့ မုအိမ်တော်က လူသတ်သမားတွေဆိုရင် ကုန်းစွန်းမိသားစုကသားတွေက ဘယ်မှာလဲ..?

ကျန်းချန်ရန်က အရမ်းကို စဉ်းစားဆင်ခြင်နိုင်တဲ့သူဖြစ်တယ်။ သူတစ်ပါးရဲ့ ချမ်းသာကြွယ်ဝမှုကိုခိုးယူဖို့ ဘယ်တော့မှမမေ့တတ်သလို အပြစ်အားလုံးကိုလည်း အခြားလူကိုပုံချဖို့ မမေ့ဘူး။

ကျိုးယွင်ရှန့်က ဒါတွေကိုပြန်ရှင်းပြဖို့ စိတ်မကူးထားလို့ နှာခေါင်းရှုံ့လိုက်ပြီး ပြောလိုက်တယ်။

"ဘယ်နေရာမှာ ကျွန်တော်က အမှားလုပ်ခဲ့မိတာလဲ.. သူတို့မိသားစုတွေကို မသတ်ပါဘူးလို့ ကျွန်တော်ပြောနေတော့ကော သူတို့က ယုံမှာတဲ့လား.. လူသတ်တဲ့အလုပ်ကို ကျွန်တော်တို့ဂိုဏ်းက မလုပ်ပေမယ့် သူတို့က ကျွန်တော့်ဂိုဏ်းကလူတွေကို သတ်ဖြတ်ခဲ့တယ်.. ကလေးငယ်တွေကိုတောင်မချန်ဘဲ သတ်ခဲ့တာ.. ဒီသွေးကြွေးကိုဆပ်ဖို့ ဘယ်သူ့ကို ကျွန်တော် သွားရှာရမှာလဲ.. ဘယ်အချိန်မှ အပြစ်သားတွေက ဒီဟာကို ပြန်ပေးဆပ်မှာလဲ.."

ဇီရွှမ်က နက်မှောင်တဲ့မျက်ဝန်းတွေနဲ့ စိုက်ကြည့်ပြီး ဖြေလိုက်တယ်။

"မင်းသေတဲ့အခါ ဒီအပြစ်အတွက် ပြန်ဆပ်ရလိမ့်မယ်.."

ကျိုးယွင်ရှန့်က ရေအိတ်ကိုမြှောက်ပြီး ခေါင်းမော့လို့ တရှိန်ထိုးသောက်လိုက်တယ်။ ပြီးတော့ သူ့နှုတ်ခမ်းကစီးကျလာတဲ့ရေတွေကို လက်ခုံနဲ့သုတ်လိုက်ပြီး ပြောလိုက်တယ်။

"ကျွန်တော်မုန်းတဲ့ အလယ်ပိုင်းပြည်မကလူတွေ အသက်ရှင်နေသရွေ့ ကျွန်တော် မသေသေးဘူး.. တကယ်လို့ ကျွန်တော် အသက်ရှင်သေးရင် ကျွန်တော့်အနာဂတ်က သွေးလွှမ်းနေမှာပဲ.. ဒါက ပြည်မကလူတွေရှိနေသရွေ့ အသက်ရှင်သူမရှိရဘူး.. သူတို့အားလုံးသေသွားရင် တခြားလူတွေက ကလဲ့စားခြေဖို့ ကျွန်တော့်နောက်ကို သည်းသည်းမည်းမည်း လိုက်ကြမယ်.. ဒီတော့ ကျွန်တော်ကတစ်ခါ သူတို့ကို ပြန်သတ်ရမယ်.. ဒါက ဒီကမ္ဘာကြီးရဲ့ အမှန်တရားတွေပဲ.. ကဲ.. ပြောပါဦး.. ခင်ဗျား လူတွေကို ဘယ်လိုသတ်ခဲ့တယ်ဆိုတာ.. ခင်ဗျားရဲ့လက်မှာလည်း သွေးတွေစွန်းနေလျက်နဲ့ လူသတ်တာနဲ့ပတ်သက်ပြီး ကျွန်တော့်ကို စကားပြောဖို့ အရည်အချင်းရှိရဲ့လား.."

မြို့ရွာတွေကို ဖြတ်သန်းလာခဲ့တဲ့တလျှောက်မှာ ကျိုးယွင်ရှန့်က ဇီရွှမ်နဲ့ပတ်သက်တဲ့ ဂုဏ်သတင်းနဲ့ ဇာတ်လမ်းပုံပြင်များစွာကို ကြားသိရပြီး လေ့လာခဲ့တယ်။ အလယ်ပိုင်းပြည်မကြီးမှာ ဇီရွှမ်ရဲ့ဂုဏ်သတင်း၊ အဆင့်အတန်းအားလုံး သူမှတ်သားခဲ့တယ်။

"ကိုယ်တော်က လူသတ်တဲ့အခါ 'ပိုကောင်းဖို့အတွက် စတေးလိုက်တယ်' ဆိုတဲ့ စကားလုံးအောက်မှာ သူတို့ကို မကောင်းဆိုးဝါးတွေလို့ မှတ်ယူခဲ့တယ်.. ကိုယ်တော်က မကောင်းဆိုးဝါးမဟုတ်သလို မကောင်းတဲ့အရာတွေကို မလုပ်ခဲ့ဘူး၊ ကောင်းမှုတွေပဲလုပ်ခဲ့တယ်လို့ ခံစားရတယ်မလား.. ဒီကမ္ဘာပေါ်မှာ မကောင်းဆိုးဝါးဆိုတာ မရှိဘူး.. မကောင်းတဲ့ရည်ရွယ်ချက်နဲ့ လူတွေပဲရှိတယ်.. သူများကိုမသတ်ပေမယ့် သူတို့ကိုယ်ထဲ မကောင်းတဲ့စိတ်ကို လက်ခံမွေးမြူထားတဲ့ လူတွေရှိတယ်.. ကိုယ်တော်သတ်ခဲ့တဲ့ လူတွေအားလုံးက တကယ်ပဲ မကောင်းဆိုးဝါးစိတ်ရှိတဲ့ လူတွေချည်းပဲလား.. ကိုယ်တော် နည်းနည်းမှ လူမှားမသတ်ခဲ့ပါဘူး၊ အမှားမလုပ်ခဲ့ဖူးပါဘူးဆိုတာ သေချာပြောရဲလား.. ဒါဆိုရင် ကျွန်တော့်ကို အခုချက်ချင်း လာသတ်လိုက်ပေတော့.."

ကျိုးယွင်ရှန့်က အေးစက်စွာ ရယ်ရင်း ပြောလိုက်တယ်။

"တကယ်တော့ ပြည်မကလူတွေအားလုံးက တိတ်တဆိတ်နဲ့ မကောင်းမှုကျူးလွန်ကြတဲ့ သူတွေချည်းပဲ.. ကိုယ်တော့်လို ဖြူစင်လှပါတယ်ဆိုတဲ့ ဘုန်းကြီးတစ်ပါးမှာတောင် လက်မှာ သွေးစွန်းနေပြီး မကျွတ်မလွတ်တဲ့ ၀ိညာဉ်တွေ ရှိနေတာပဲ.. တစ်ပြိုင်တည်းမှာပဲ ကိုယ်တော်က လူသတ်တာမကောင်းပါဘူးဆိုပြီး ကျွန်တော့်ကို မေတ္တာတရားအကြောင်း ဟောပြောနေသေးတယ်.. ဟုတ်ရဲ့လား.. ကျွန်တော် ရယ်ရလို့ သေသွားပါလိမ့်မယ်.."

ပြည်မကြီးမှာ ဘေးအန္တရာယ်ကြုံတိုင်း ရှောင်လင်ဘုရားကျောင်းက ရှေ့ကနေ မားမားမတ်မတ် ကာကွယ်ပေးခဲ့တယ်။ ဒါပေမယ့် မကောင်းဆိုးဝါး၊ နတ်ဆိုးလို့ခေါ်တဲ့လူတွေက အကျိုးစီးပွားခွဲဝေမှု မညီမျှတဲ့ရလဒ်ကနေ ထွက်ပေါ်လာတာဖြစ်တယ်။ တကယ်လို့ လူတစ်ယောက်က အရာအားလုံးကို လွှမ်းမိုးနေပြီး လူအများစုက အားနည်းနေတယ်ဆိုရင် ဒီလူက လူတကာပါးစပ်ဖျားမှာ မကောင်းဆိုးဝါးတစ်ကောင် ဖြစ်နေလိမ့်မယ်။ ပြီးတော့ အမုန်းတရားကို အလွယ်တကူ မဖယ်ရှားနိုင်ကြဘူး။

ဒီကမ္ဘာကြီးက ကြွယ်ဝချမ်းသာခြင်းတွေနဲ့ ပြည့်နှက်နေတယ်။ မြစ်ချောင်းအင်းအိုင်တွေလည်း ပေါကြွယ်ဝတယ်။ ဒါပေမယ့် လူဘယ်လောက်များ တရားမျှတမှုအတွက် အသတ်ခံရပြီးပြီလဲ။ ဂုဏ်သရေရှိ လူကြီးလူကောင်းဆိုတဲ့ မျက်နှာဖုံးအောက်မှာ လောဘကြီးတဲ့မျက်နှာတွေ ရှိနေတယ်။

ကျိုးယွင်ရှန့်က ပြည်မကလူတွေကို မုန်းတီးတာတွေမရှိခဲ့ပေမယ့် သူ့ရဲ့ဂိုဏ်း ဝမ်းနည်းဖွယ်ကောင်းစွာ သတ်ဖြတ်သုတ်သင်ခံရပြီးတဲ့နောက် ပြည်မလွင်ပြင်ကလူတွေကို မုန်းတီးပြီး ဒီဘုန်းကြီး သူ့ကိုအကြံပေးတာကို နာခံခဲ့တာဖြစ်တယ်။

"တစ်ယောက်နဲ့တစ်ယောက် မကျေမလည်ဖြစ်တဲ့ ရန်ငြှိုးတွေကို ပေးဆပ်တဲ့အချိန်ရောက်ရင် ဘယ်သူက ဘုန်းကြီးစကားကို နာခံမလဲဆိုတာ သိအောင် ပြည်မကလူတွေကိုလည်း ပြောသင့်တယ်.. ကျွန်တော့်ဂိုဏ်းက အသက်ရှင်ကျန်ရစ်သူတွေ အသတ်ခံရတာကို ခင်ဗျားဘယ်လိုတွေးမလဲ သိရတာပေါ့.."

ကျိုးယွင်ရှန့်က ပြောပြီး စမ်းချောင်းဆီမှာ သွေးတွေဆေးကြောဖို့ ထွက်သွားတယ်။

ဇီရွှမ်က ငယ်စဉ်ကတည်းက ဗုဒ္ဓကျမ်းစာတွေကို သင်ကြားခဲ့သူဖြစ်လို့ ကျိုးယွင်ရှန့်ပြောသွားတာတွေကို သဘောမတူဘူး။ ဒါပေမယ့် ဘာတွေမှားနေတယ်ဆိုတာ သူ မပြောနိုင်ဘူးဖြစ်နေတယ်။ ကျိုးယွင်ရှန့်ကို သူ ကယ်တင်ပြီးနောက်ပိုင်း အသက်များစွာ သေသွားရတာကိုသိရတော့ ဒီကောင်လေးနဲ့ဝေးရာကို ထွက်သွားသင့်တယ်ဆိုတာ ဇီရွှမ် သဘောပေါက်လာခဲ့တယ်။

အသည်းနှလုံးက နာကျင်လာလို့ ဦးနှောက်က ကောင်းကောင်းမတွေးနိုင်တော့ဘူး။ သူ့စိတ်တွေ ယိုင်နဲ့လာတာဖြစ်လို့ ကျိုးယွင်ရှန့်နဲ့ ရေရှည် အတူဆက်ရှိနေလို့ မဖြစ်နိုင်ဘူးလို့ ဇီရွှမ် ခံစားလာရတယ်။

ကျိုးယွင်ရှန့် ဒဏ်ရာမရဘူးဆိုတာသိရလို့ ဇီရွှမ် တကယ်ပဲ စိတ်သက်သာရာ ရသွားခဲ့တယ်။ ကျိုးယွင်ရှန့် အသတ်ခံရတာနဲ့စာရင် ဒီလူတွေကိုသတ်ပစ်လိုက်တာ တော်သေးတယ်လို့ ဇီရွှမ် တွေးလိုက်မိတယ်။ ဒီလိုမတွေးသင့်ဘူးဆိုတာ သိပေမယ့် သူ့အသိစိတ်တွေအားလုံး ကပေါက်တိ ကပေါက်ချာ ဖြစ်ကုန်သလိုပဲ။

"ဒကာလေးယု.. မင်း ပြန်ကောင်းလာပြီဆိုတော့ ဘုန်းကြီး ထွက်သွားတော့မယ်.."

ဇီရွှမ်က သူ့အတွေးကိုသူ ထိတ်လန့်သွားပြီး လက်အုပ်ချီရင်း ပြောလိုက်တယ်။

ကျိုးယွင်ရှန့်က သွေးရောင်ရဲနေတဲ့မျက်ဝန်းနဲ့ သူ့ဘက်ကို လှည့်ကြည့်လာပြီး မေးလိုက်တယ်။

"ဘုန်းကြီး.. ဘာပြောလိုက်တာလဲ.."

ဇီရွှမ်က ထိတ်လန့်သွားပြီး နှုတ်ခမ်းကိုလှုပ်ခါပြီး အချိန်ယူပြီးမှ ပြောလိုက်တယ်။

"ဒကာလေးယုရဲ့ ကိုယ်ခံပညာက ဘုန်းကြီးထက် ကောင်းတယ်.. ဒါကြောင့် ဘုန်းကြီးရဲ့ဂရုစိုက်မှုကို မလိုအပ်တော့ပါဘူး.."

ဇီရွှမ်က ဒီစကားကို ပြောထုတ်လိုက်ပြီဖြစ်လို့ သူ့စကားကို ပြန်မရုပ်သိမ်းနိုင်တော့ဘူး။

"ဒီမှာနေပါ.. ကျွန်တော် ဘုန်းတော်ကြီးကို သွားခွင့်မပြုနိုင်ဘူး.."

ကျိုးယွင်ရှန့်ရဲ့မျက်လုံးတွေက ခက်ထန်ပေမယ့် သူ့မျက်ဝန်းထဲမှာ နူးညံ့တဲ့တွယ်တာရိပ်ကို ပြသနေတယ်။ ဒီအချက်က ဇီရွှမ်ရဲ့နှလုံးကို အခုန်မြန်လာစေတယ်။

ဒီလို နှလုံးခုန်မြန်သွားလို့ ဒီလူငယ်လေးကိုထားရစ်ခဲ့ဖို့ ဇီရွှမ် ဆုံးဖြတ်လိုက်တာဖြစ်တယ်။ သူက နတ်ဆိုးလေးဖြစ်ပြီး ဇီရွှမ့်ရဲ့ စိတ်ဝိညာဉ်တစ်ဝက်ကို လောင်ကျွမ်းပြာကျသွားစေလို့ ကျန်နေသေးတဲ့ စိတ်ဝိညာဉ်တစ်ဝက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ သူနဲ့ဝေးရာကို သွားမှဖြစ်မယ်။ မဟုတ်ရင် သူ ထာဝရ ပျက်စီးသွားလိမ့်မယ်။

"ဒီကမ္ဘာပေါ်မှာ အရာအားလုံးက ဖြစ်ပြီး ပျက်သွားကြတာချည်းပါပဲ.. ဒကာလေးယု.. ကျေးဇူးပြုပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ.."

ဇီရွှမ်က နောက်ကိုနှစ်လှမ်းဆုတ်ပြီး ဗုဒ္ဓကျမ်းစာထဲက စာသားတချို့ကို ရွတ်လိုက်တယ်။ ပြီးတော့ သူ့အထုပ်ကိုယူပြီး ကျောခိုင်းထွက်ခွာသွားတော့တယ်။
ကျိုးယွင်ရှန့်က သူ့နောက်ကိုလိုက်ခဲ့ပေမယ့် သစ်ပင်ထိပ်ဖျားကို ခုန်တက်ပြီးနောက် ရပ်ကြည့်နေခဲ့တယ်။ အဖြူရောင်အစက်လေးအဖြစ် ဝေးကွာပျောက်ကွယ်သွားတဲ့ သူ့ရဲ့နောက်ကျောရိပ်ကို ငေးကြည့်ရင်း ကျန်ရစ်ခဲ့တယ်။

ကျိုးယွင်ရှန့်က သူ့ကို အတင်းခေါ်ထားလို့ရပေမယ့် အတင်းလုပ်ယူထားတဲ့အရာက အရသာမရှိဘဲ ရလဒ်ကောင်းမထွက်နိုင်ဘူး။ ကျိုးယွင်ရှန့်က ဇီရွှမ့်ကို သူ့စိတ်နဲ့သူပြန်လာစေချင်ပြီး ဒီလိုမှပဲ သူ့ကို မခွဲနိုင်မခွာရက် ဖြစ်နေမှာသေချာတယ်။

"ဇီရွှမ်.. ကျွန်တော့်ကိုစောင့်ပါ.."

သူက အော်ဟစ်လိုက်ပြီး စမ်းချောင်းတွေဘက်ကို ထွက်ခွာသွားလိုက်တော့တယ်။

ဇီရွှမ်က ကျိုးယွင်ရှန့် သူ့နောက်ကို လိုက်လာသံကြားတော့ သူထွက်သွားဖို့ တိုက်ခိုက်ရမယ်ထင်ထားပေမယ့် အခုလို ကျိုးယွင်ရှန့်က ရပ်တန့်သွားမယ်လို့ မထင်ထားဘူး။ သူက အဝေးကို ထွက်ခွာသွားတော့မှာဖြစ်လို့ နောက်ကိုလှည့်ကြည့်လိုက်တယ်။ မကြည့်ဖြစ်အောင်ထိန်းထားပေမယ့် ဘယ်လိုမှ မထိန်းနိုင်ခဲ့ဘူး။ သူလှည့်ကြည့်လိုက်တော့ ကျိုးယွင်ရှန့်က သူနဲ့ဆန့်ကျင်ဘက်ကို ခုန်ပျံထွက်ခွာသွားတာကို တွေ့လိုက်ရတယ်။

====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now