FOD Extra 2 _ Chapter (5) - Yu Cang Hai

3.3K 424 0
                                    

FOD Extra 2 _ Chapter (5) - Yu Cang Hai

နောက်တစ်နေ့မှာ သူ့ချစ်သူက သူ့ကိုရှောင်နေတယ်လို့ ကျိုးယွင်ရှန့် ခံစားလိုက်ရတယ်။ ဇီရွှမ့်ကို မျက်စိကစားပြီး လိုက်ရှာကြည့်ချိန်မှာ ဇီရွှမ်က မျက်လုံးကို အဝေးကိုလွှဲထားပြီး သူ့ကို လုံးဝမကြည့်ဝံ့တာကို တွေ့လိုက်ရတယ်။ သူက မျက်လွှာကိုချထားပြီး ဘာခံစားချက်မှ ထင်ဟပ်မနေဘူး။ သူ့ကိုကြည့်ရတာ ပိုပိုပြီး ခံစားချက်နဲ့ဆန္ဒကို စွန့်ပယ်ထားတဲ့ ဗုဒ္ဓနဲ့ တူနေတယ်။

ဒီပြောင်းလဲမှုက ကျိုးယွင်ရှန့်ကို စိတ်မရှည်ချင်အောင်ဖြစ်ပေမယ့် ဘာမှမတတ်နိုင်တော့ဘူး။ သူက ဇီရွှမ့်ကို ပိုပြီး စ,လေလေ ဇီရွှမ်က ပိုပြီး တိတ်ဆိတ်သွားလေ ဖြစ်နေတယ်။ သူ့ကို ခပ်ကင်းကင်းနေဖို့ ဇီရွှမ် ဆုံးဖြတ်လိုက်တာကိုကြည့်ပြီး ကျိုးယွင်ရှန့်က ထပ်မလောတော့ဘဲ သူ့ချစ်သူကို အကွာအဝေးတစ်ခု စည်းထားပြီး နေလိုက်တော့တယ်။ ဒီလိုလုပ်တာ ဇီရွှမ် သူ့ကိုယ်သူ သတိထားလွန်းတာကို လျော့သွားစေပြီး သူ့ကို တည်တည်ငြိမ်ငြိမ်နဲ့ ဆက်ဆံပြောဆိုလာစေတယ်။

ချန်းလုတောင်တန်းက ထွက်ခွာလာပြီး ၇ရက် ၈ရက်လောက်ကြာတော့ သူတို့ နယ်စပ်က မြို့သေးသေးလေးကို ရောက်ရှိလာကြတယ်။

"ငါတို့ ဒီတည်းခိုခန်းထဲ မနေသင့်တော့ဘူး.. သူတို့ ငါတို့ကို အလွယ်တကူ တွေ့သွားနိုင်တယ်.."

သူ့ချစ်သူက သူ့နောက်နားကို အဆောတလျင်လျှောက်လာပြီး ကျိုးယွင်ရှန့်ကို တိုးတိုးသတိပေးလိုက်တယ်။ ပူနွေးတဲ့လေက နားရွက်နားကို တိုးဝှေ့ကျီစယ်သွားတာကိုခံရလို့ သူ့နှလုံးသားကို ယားကျိကျိဖြစ်အောင် လုပ်လိုက်သလို ခံစားလိုက်ရတယ်။ သူက ခေါင်းကို ချက်ချင်းညိတ်လိုက်ပြီး ထွက်ခွာလာကြတယ်။ ဇီရွှမ်က ကောင်တာပေါ် တည်းခိုခအဖြစ် ငွေတုံးနှစ်တုံး တင်လိုက်ပြီး ခြံဝင်းတစ်ဝင်းကို ငှားလိုက်တယ်။

ဇီရွှမ်က အိမ်မကြီးကအိပ်ယာကို အရင် သန့်ရှင်းလိုက်ပြီး ကျိုးယွင်ရှန့်ကို ညင်ညင်သာသာဖေးမပြီး အိပ်ယာပေါ် အနားယူစေတယ်။ အဲ့ဒီမှာ သန့်ရှင်းတဲ့စောင်တချို့ကို အရင်ပိုင်ရှင်က ချန်ထားတာတွေ့လိုက်ရတယ်။

"ရှုပ်ပွညစ်ပတ်နေတဲ့ခြံဝင်းကို သုံးရက်နားဖို့ ငွေနှစ်တုံးကို သုံးခဲ့တယ်ဆိုတော့ ရှောင်လင်ဘုရားကျောင်းက ဘုန်းကြီးက အတော်ချမ်းသာတာပဲ.."

ကျိုးယွင်ရှန့်က အိပ်ယာပေါ်လဲလျောင်းရင်း အခန်းကို လှည်းကျင်းသန့်ရှင်းနေတဲ့ သူ့ချစ်သူကိုကြည့်ပြီး ပြောလိုက်တယ်။ ဇီရွှမ့်ကိုကြည့်ရတာ ဒီလိုသန့်ရှင်းရေးလုပ်နေတာက လုပ်နေကျဖြစ်နေပြီး သူ့လက်မှာ တံမြက်စည်းနဲ့ ဖုန်သုတ်ဝတ်ကို ကိုင်ထားတယ်။ ခဏလည်းကြာရော အခန်းက သန့်ရှင်းပြီး နေချင့်စဖွယ်ကောင်းသွားတယ်။

"ဒါဆို ဘယ်ဈေးက သင့်တော်တာလဲ.. ကိုယ်တော်က တစ်ခါမှ အခန်းငှားတာတွေ၊ တည်းခိုခန်းမှာတည်းတာတွေ လုပ်လေ့မရှိဘူး.. ကိုယ်တော့်ဘာသာဆိုရင် ကြယ်တွေအောက် လေတိုက်တဲ့နေရာဖြစ်လည်း တစ်ညလုံး နေနိုင်တယ်.."

ဇီရွှမ်က နှုတ်ကိုဖွင့်ဟပြီး မထူးခြားသလို မေးခဲ့တယ်။

ကျိုးယွင်ရှန့် ဘာမှမပြောနိုင်တော့ဘူး။ သူ့နှုတ်ခမ်းကိုသပ်ပြီး ကျေနပ်နှစ်သိမ့်တဲ့ခံစားချက်ကိုပဲ ပြနေမိတယ်။

သူ့ချစ်သူရဲ့စကားအရဆိုရင် 'ငါက ဒီနေရာကို မင်း သက်တောင့်သက်သာဖြစ်ဖို့ ငှားပေးလိုက်တာ၊ ဒါကြောင့် ဒီအဆောက်အဦးနဲ့ပတ်သက်ပြီး ချေးမများနဲ့၊ ဒီမှာပဲနေပါ' လို့ ဆိုလိုနေသလိုပဲ။

ဒီကတုံးပြောင်နဲ့ သူတော်စင်က ကြည့်ရတာ အရမ်းရိုးသားပုံရပြီး စကားကိုလည်း ပြေပြေပြစ်ပြစ်ပြောတတ်တာ သိပ်ကို စိတ်ဝင်စားဖို့ကောင်းတယ်။

ဇီရွှမ်က သူ့ခြေလက်တွေနဲ့ ဒီနေရာကို ရှင်းလင်းသွားစေတယ်။ သူက အိမ်မကြီးကိုသန့်ရှင်းပြီးနောက် တံခါးကို ညင်ညင်သာသာ ပိတ်လိုက်ပြီး ခြံဝင်းကို ဆက်လက်ပြီး သန့်ရှင်းရေးလုပ်လိုက်တယ်။ ဇီရွှမ်က ရေစည်ပိုင်းနှစ်ခုအပြည့် ရေဖြည့်လိုက်တယ်။ နေ့ခင်းအထိ သန့်ရှင်းရေးလုပ်ပြီးနောက် ဟိုလူငယ်လေးအတွက် နေ့လည်စာ စီစဉ်ပေးဖို့ မီးဖိုထဲကိုဝင်လာခဲ့တယ်။

ဇီရွှမ်က အိမ်မကြီးဆီသွားတော့ ထိုလူငယ်လေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေတာတွေ့လို့ သူ ငွေတုံးနည်းနည်းယူလိုက်ပြီး အပြင်ထွက်ဖို့ပြင်လိုက်တယ်။ လမ်းကြားထဲရောက်တဲ့အချိန်မှာပဲ ကျင်းဟွာက လူသတ်သမား ၁၂ယောက်ကျော်က ဓားမြှောင်နဲ့ ဓားရှည်ကို ကိုင်ပြီး မကောင်းဆိုးဝါးဝိညာဉ်လို သူ့ဘေးကို ချက်ချင်း ၀န်းရံလာကြတယ်။

ဇီရွှမ်ရဲ့မျက်ဝန်းတွေက မှောင်မိုက်သွားပြီး ခြံဝင်းလေးထဲ အမြန်ပြန်ဝင်လိုက်တယ်။ စကားတစ်ခွန်းမှမဆိုဘဲ သူက လူငယ်လေးကိုပွေ့ချီပြီး သူ့လက်တစ်ဖက်နဲ့ ထွေးပွေ့လိုက်တယ်။ ကျိုးယွင်ရှန့်က ဒီလူတွေ ၀န်းရံလာတာနဲ့ ချက်ချင်း နိုးလာခဲ့တယ်။ သူ့တပည့်တွေကို ဒီလူတွေက သတ်ဖြတ်သွားခဲ့တာဖြစ်လို့ လူသတ်ချင်စိတ်တို့ ချက်ချင်းပေါ်လာတယ်။ သူက အခုချိန်မှာ သူ့ဒဏ်ရာတွေကို ကုစားထားပြီး အဆိပ်ကိုလည်း ကုန်အောင် ထုတ်ထားပြီးဖြစ်တယ်။ သူ့ချစ်သူကို စနောက်ချင်လို့ သူက အရမ်းကို အားနည်းချင်ယောင် ဆောင်ထားပေမယ့် အခုကတော့ သူ့ရင်ထဲက လူသတ်ချင်တဲ့စိတ်ရိုင်းကို မဖုံးကွယ်နိုင်တော့ဘူး။

"စိတ်မပူနဲ့.. ကိုယ်တော်ရှိပါတယ်.."

ဇီရွှမ်က သူ့မျက်နှာပေါ်က နက်မှောင်တဲ့အရိပ်ငွေ့နဲ့ လူသတ်ချင်တဲ့ မျက်ဝန်းနီနီကိုတွေ့တော့ ပြောလိုက်တယ်။ ကျိုးယွင်ရှန့်ကတော့ သူ့ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောလိုက်ဘူး။

"အရှင်ဇီရွှမ်.. အရှင်က ငယ်ရွယ်တဲ့ သူတော်စင်မျိုးဆက်က ဖြစ်တယ်.. ဘာကြောင့် ဒီမကောင်းဆိုးဝါးနဲ့ အတူတူရှိနေတာလဲ.. ဒီလူက ယုကျန်းရွာက နို့စို့ကလေးအပါအ၀င် ကလေးလူကြီး အယောက် ၃၀၀ ကျော်ကို သတ်ထားတဲ့လူဆိုတာ အရှင် သိသင့်တယ်.. ဒီလို ဆိုးဝါးရက်စက်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်ထားလို့ သူ့ကို လွှတ်ပေးလို့မရဘူး.. တကယ်လို့ အရှင်က ဗုဒ္ဓရဲ့တရားတော်ကို သင်ကြားခဲ့ရတာဆိုရင် ဒီမကောင်းဆိုးဝါးကို ပြည်မကလူတွေကို သတ်ဖြတ်ခဲ့တဲ့အတွက် သုတ်သင်လိုက်သင့်ပါတယ်.."

ပထမဆုံးလူက သူ့ဓားရှည်နဲ့ ကျိုးယွင်ရှန့်ကိုညွှန်လိုက်ပြီး စိတ်ဆိုးစွာပြောလိုက်တယ်။

ဘာဗုဒ္ဓရဲ့ သင်ကြားမှုလဲ..? ဗုဒ္ဓရဲ့လမ်းညွှန်မှုကို ဇီရွှမ်က အခုချိန်မှာ ဘယ်လို သတိရနိုင်မှာလဲ..? သူ့လက်မောင်းကြား ပွေ့ထားတဲ့လူကို နည်းနည်းမှမထိခိုက်အောင် ဘယ်လိုကာကွယ်ပေးရမလဲဆိုတာကိုပဲ သူ စိုးရိမ်နေမိတယ်။

သူ့လက်မောင်းတွေနဲ့ ဆက်လက်ပွေ့ဖက်ထားရင်း အဲ့ဒီလူကို စူးစိုက်ကြည့်ပြီး သူက တိုးတိုးပြောလိုက်တယ်။

"ဒီဒကာလေးက ဘုန်းကြီးနဲ့ တစ်ရက်ရှိနေသ၍ ဘုန်းကြီးက သူ့ကို တစ်ရက် ငြိမ်းချမ်းစေချင်တယ်.. ဒါကြောင့် ထွက်သွားကြ.. ဘုန်းကြီးဝင်ပါရအောင် မလုပ်ကြနဲ့.."

ပြည်မကြီးမှာ ဇီရွှမ်ကို မသိတဲ့သူမရှိဘူး။ သူ့ရဲ့ အစွမ်းထက်လှတဲ့ အတွင်းအားနဲ့ သူက ပြည်မကြီးမှာ နံပါတ်တစ်ဆိုတာ လူတိုင်းသိတယ်။ မဟာသိုင်းပညာရှင် ရှောင်ယောင်းကျစ်လိုလူကိုတောင် သူက လက်တစ်ချက်ယမ်းရုံနဲ့ အနိုင်ရလိုက်တာဖြစ်လို့ သူတို့လို ငယ်သားတစ်စုကို မျက်စိထဲတောင် ထည့်မှာမဟုတ်ဘူးဆိုတာ သိပြီးသားဖြစ်တယ်။ လူအတော်များများက နောက်ဆုတ်ချင်ကြပေမယ့် ခေါင်းဆောင်ဖြစ်သူက ယုကျန်းရွာလူကြီးဖြစ်ပြီး သူ့မိသားစုတစ်စုလုံး သတ်ဖြတ်ခံရလို့ သွေးကလဲ့စား ချေချင်နေတယ်။ ဒါကြောင့် သူက နောက်ဆုတ်ဖို့ ဆန္ဒမရှိဘဲ ဓားကိုဝင့်ပြီး တဟုန်ထိုး ပြေးဝင်လာခဲ့တယ်။

"ဒီမကောင်းဆိုးဝါးကို အကာအကွယ်ပေးတဲ့ သူကိုပါ သတ်.."

ရွာလူကြီးက တွန့်ဆုတ်နေတဲ့ ငယ်သားတွေကို လှုံ့ဆော်လိုက်လို့ အားလုံးက ဇီရွှမ်ကို ၀ိုင်းလာကြတယ်။

ဇီရွှမ်က ဘုန်းတော်ကြီးဖြစ်လို့ မလိုအပ်ဘဲ လူမသတ်ချင်ဘူး။ သူ့လက်တစ်ဖက်တည်းနဲ့ လူတွေအကုန်လုံးကို ပြန်ပြီးတိုက်ခိုက်တာလုပ်ဖို့ မလွယ်ကူတဲ့အတွက် ပထမက ကြောက်လန့်နေတဲ့လူတွေက ပြန်လည်ရဲတင်းလာပြီး ဇီရွှမ့်ကို ၀ိုင်းတိုက်ကြတယ်။ သူတို့က ဇီရွှမ်နဲ့ ကျိုးယွင်ရှန့်ရဲ့ အဓိကနေရာကို ဦးတည်ပြီး ရက်ရက်စက်စက် တိုက်ခိုက်လာကြတယ်။

"သူတို့တွေက ခင်ဗျားကို သတ်တော့မယ်.. ခင်ဗျား သူတို့ကို တိုက်ခိုက်နေဦးမှာလား.."

ကျိုးယွင်ရှန့်က သူ့ချစ်သူရဲ့ နားနားကပ်ပြီး ပြောလိုက်တယ်။ သူ့ခွန်အားကို သူ ဖုံးကွယ်မထားချင်တော့လို့ သူ့စိတ်ကိုလွှတ်ပြီး ဒီလူတွေကို သတ်ဖြတ်ချင်လှပြီ။
ဇီရွှမ်က ဘာမှတော့ ပြန်မပြောပေမယ့် သူ့ကို ပိုတင်းတင်းဖက်လိုက်ပြီး ကိုယ်ထဲကအားကိုထုတ်ကာ သူတို့ကိုတိုက်ခိုက်နေသူတွေကို လွင့်ထွက်သွားအောင် လုပ်လိုက်တယ်။ ဒီလူတွေက အတွင်းအားနိမ့်ကျပြီး ဇီရွှမ်ကသာ သူတို့ကိုသတ်ချင်တယ်ဆိုရင် အကြိမ်များစွာ သတ်ပစ်လို့ရတယ်။ အခုလို လွင့်ထွက်သွားအောင်လုပ်တာနဲ့တင် နာရီဝက်လောက်ကြာတော့ သူတို့ အသက်ရှူဖို့တောင် အနိုင်နိုင်ဖြစ်လာကြတယ်။

ယုကျန်းရွာလူကြီးက ဘုန်းတော်ကြီးဇီရွှမ်က မကောင်းဆိုးဝါးသခင်ကို ကာကွယ်ဖို့ ဆုံးဖြတ်ထားတာတွေ့လို့ ဒီနေ့ သူတို့ အလုပ်မပြီးနိုင်တော့တာကို သိလိုက်တယ်။ ဒါကြောင့် သူက အံကြိတ်ပြီး ကြိမ်းဝါးလိုက်တယ်။

"ကောင်းလိုက်တဲ့ ဘုန်းကြီး.. ခင်ဗျားနဲ့ မကောင်းဆိုးဝါးကောင်က ပူးပေါင်းသွားကြပြီပေါ့.. ကျုပ် ခင်ဗျားရဲ့ဆရာသခင် ကျစ်ရှန်းကိုခေါ်ပြီး နေရာကို မြေလှန်ပစ်ပြီး ပြန်လာခဲ့မယ်.."

သူက လက်ဝှေ့ရမ်းပြီး သူ့နောက်လိုက်တွေကိုခေါ်ပြီး ထွက်သွားတယ်။

လူတစ်စုက ထပ်ရောက်လာပြီး တိုက်ခိုက်ပေမယ့် စိတ်ဓာတ်ကျပြီး ပြန်သွားခဲ့တယ်။ သူတို့ရင်ထဲမှာ ဒေါသတွေနဲ့ ပြည့်နေခဲ့တယ်။ ရက်နည်းနည်းကြာတော့ ဘုန်းတော်ကြီးဇီရွှမ်က မကောင်းဆိုးဝါး အရှင်သခင်လက်ထဲ ရောက်သွားပြီဆိုတဲ့သတင်းက ပြည်မလွင်ပြင်မှာ ပျံ့နှံ့သွားခဲ့တယ်။ ဒါကြောင့် သိုင်းသမားအတော်များများ သူတို့ရန်သူကို ချေမှုန်းဖို့ ဒီနေရာကိုလာဖို့ သေချာစုဝေးလာကြတယ်။

ပျက်စီးယိုယွင်းနေတဲ့ခြံဝင်းက ပိုပြီး ပျက်စီးလာတယ်။ ခြံဝင်းထဲက အလှစိုက် တရုတ်စံပယ်ပန်းပင်တွေက ကျိုးပဲ့ပြီး ခြံထဲလဲကျနေတယ်။ သစ်ရွက်တွေ၊ သစ်ကိုင်းတွေက ပြန့်ကျဲလို့နေတယ်။ ရေစည်ပိုင်းနှစ်လုံးက တစ်စစီကျိုးပဲ့ပြီး ရေတွေက နေရာတိုင်း စီးကျနေတယ်။ ပိုင်ရှင်က နံရံပေါ်တွယ်တက်ပြီး သူ့ရဲ့ပျက်စီးမှုတွေအတွက် လျော်ကြေးတောင်းချင်ပေမယ့် ဘုန်းတော်ကြီးရဲ့ အေးစက်တဲ့မျက်ဝန်းအကြည့်ကို တွေ့တာနဲ့ အဝေးကို ထွက်ပြေးသွားတော့တယ်။

"ဘုန်းကြီးက သူတို့ကို ဘာကြောင့် မသတ်လိုက်တာလဲ.. သူတို့ကို ထွက်သွားခွင့်ပြုလိုက်တော့ သူတို့က ကျွန်တော်တို့သတင်းကို ဖြန့်လိုက်ရင် နောင်အခါ ပြဿနာအများကြီး ပေါ်လာတော့မယ်.. ပြီးတော့ ခင်ဗျားရဲ့ဆရာသခင်ဆီသွားပြီး ဒီအကြောင်းသွားပြောရင် ခင်ဗျားလည်း ပြဿနာတက်မှာမဟုတ်လား.."

သူ့ရဲ့ချစ်သူက သူ့ရဲ့ချစ်မြတ်နိုးမှုကို ပြတ်ပြတ်သားသား ဖော်ပြတယ်ဆိုပေမယ့် သူက မမျှော်လင့်ဘဲ ဘုန်းတော်ကြီးဖြစ်နေတယ်။ သူက သတ္တ၀ါတွေအပေါ် သနားကြင်နာပြီး သတ်ဖြတ်ချင်စိတ်မရှိဘူး။ ဗုဒ္ဓတရားတော်က လူတစ်ယောက်ရဲ့စိတ်ကို လုံးဝ အခြေခံကနေ ပြောင်းလဲသွားစေတာပဲ။

"ကိုယ်တော်က သူတို့ကို ဘယ်လိုသတ်ဖြတ်လို့ ဖြစ်မှာလဲ.. သူတို့ပြောတာကို ဒကာလေး စိတ်ထဲမှာမထားပါနဲ့.. ကိုယ်တော် ဒီကိစ္စကို ဖြေရှင်းနိုင်ပါတယ်.. အခု ကိုယ်တော် တခြားနေရာရှာပြီး ဒကာလေးကို ခေါ်သွားပါ့မယ်.."

ဇီရွှမ်က မျက်မှောင်ကုတ်ပြီး ပြောလိုက်တယ်။ သူတို့က ရိက္ခာခြောက်နဲ့ အ၀တ်အစားဝယ်ပြီး ပြည်မကို ဦးတည်ထွက်လာပြီး နယ်စပ်မြို့ကို စွန့်ခွာခဲ့ကြတယ်။ အဲ့ဒီနောက် သူတို့က ဆယ်ရက်လောက် တိတ်တိတ်ဆိတ်ဆိတ်နဲ့ ခရီးကို ချောချောမွေ့မွေ့ နှင်လာခဲ့တယ်။

"မြန်မြန်သွားပြီး မြန်မြန်ပြန်လာပါ.. ကျွန်တော် ဆာလို့ မခံနိုင်တော့ဘူး.."

ကျိုးယွင်ရှန့်က မီးစွဲနေတဲ့သစ်ကိုင်းနဲ့ ညွှန်ပြီး မထူးခြားတဲ့အသံနဲ့ ပြောလိုက်တယ်။

"ကိုယ်တော် သွားလိုက်ဦးမယ်.. တကယ်လို့ အန္တရာယ်တစ်ခုခုကြုံရင် ဒကာလေး ဒီခရာကို မှုတ်လိုက်ပါ.. ဘုန်းကြီး ချက်ချင်း ပြန်လာပါ့မယ်.."

ဇီရွှမ်က ကျောက်စိမ်းခရာကို ကျိုးယွင်ရှန့်လက်ထဲထည့်လိုက်ပြီး မမောမပန်းနိုင် ဆက်လက်မှာကြားနေတယ်။

"ဒကာလေး.. ဘာသံပဲကြားကြား ခရာမှုတ်လိုက်ပါ.. လေတိုက်သံ၊ သစ်ရွက်သံကြားက ပုံမှန်မဟုတ်တာကြားရင် ဘာဖြစ်ဖြစ် ခရာကို အရင်မှုတ်လိုက်.. ဘုန်းကြီး ရောက်လေရာကနေ ချက်ချင်းပြေးလာပြီး ဒကာလေးအတွက် အန္တရာယ်ရှိ မရှိ သေချာကြည့်ပေးပါ့မယ်.."

ဒီစကားလုံးတွေက ကျိုးယွင်ရှန့်ရဲ့ရင်ကို အရမ်းနွေးထွေးစေပြီး သူ့ရဲ့ လက်ဖက်ရည်ရောင် မျက်ဝန်းညိုတွေထဲမှာ ရယ်ရွှင်မြူးရိပ်တို့ လျှံတက်လာတယ်။ ကျိုးယွင်ရှန့်က ခရာကို နှစ်ချက် သုံးချက် မှုတ်ကြည့်ပြီး ပြောလိုက်တယ်။

"ဘုန်းကြီး.. စိတ်ချလက်ချ ထားသွားပါ.. ကျွန်တော် သုံးလေးနှစ်သား မဟုတ်ဘူး.. ဘုန်းကြီးရဲ့ ကာကွယ်မှုကို အမြဲမလိုပါဘူး.."

ဒါပေမယ့် မင်းက အားနည်းနေလို့ သုံးလေးနှစ်သားကလေးလို ဖြစ်နေတယ်လေ..။

ဇီရွှမ်က သက်ပြင်းရှိုက်လိုက်ပြီး သူ့ရဲ့ နက်မှောင်တဲ့မျက်ဝန်းတွေနဲ့ ကျိုးယွင်ရှန့်ရဲ့ နှုတ်ခမ်းရဲရဲလေးတွေကို စိုက်ကြည့်နေမိတယ်။ ကျိုးယွင်ရှန့်ရဲ့ နှုတ်ခမ်းတွေက ကျောက်စိမ်းခရာလေးကို ဖိညှစ်ပြီး မှုတ်ကြည့်နေတာကိုကြည့်ပြီး သူ့ဗလာဟင်းလင်း ဦးနှောက်ထဲ ပုံရိပ်တချို့ အလုအယက် စီးဝင်လာသလို ခံစားလိုက်ရတယ်။ ဒီအတွေးတွေနဲ့ ပုံရိပ်တွေက သူ့နှလုံးသားနဲ့ စိတ်ဝိညာဉ်ကို တစ်ခါတည်း သိမ်းပိုက်သွားတော့တယ်။

ဇီရွှမ်က မျက်လုံးမှိတ်လိုက်ပြီး ဂါထာတော်တွေကို စိတ်ထဲ အာရုံသွင်းပြီးနောက် အနက်ရောင်မြက်တောတွေကြား ချက်ချင်း ပျောက်ကွယ်သွားတော့တယ်။ သူဝေးသွားတော့မှ ကျိုးယွင်ရှန့်က သစ်ပင်ပင်စည်ကိုမှီပြီး ထိုင်ချလိုက်တယ်။ သူ့လက်ထဲမှာ ရွှေဓားကို ကိုင်ထားတယ်။ သူက စက္ကူအိတ်ကိုထုတ်ပြီး လက်ကျန်ရိက္ခာခြောက်ကို ပါးစပ်ထဲထည့်ပြီး တိတ်တဆိတ် ၀ါးနေလိုက်တယ်။

ဒီရှည်လျားတဲ့တောင်တန်းခရီးစဉ်မှာ သူက တစ်နေ့ကို သုံးကြိမ် အစာစားတယ်။ အခု ရိက္ခာက မလုံလောက်တော့ဘူး။ နောက်ဆုံး သူတို့တွေ့ခဲ့တဲ့ မြို့လေးမှာ သူ့ချစ်သူက သူ့အတွက် ဘဲကင်မ၀ယ်ပေးဘဲ ၀ါးရခက်တဲ့ ဂျုံမှုန့်ကြမ်းတွေကိုပဲ ၀ယ်ပေးခဲ့တယ်။ ဒါတွေချည်းစားရလို့ သူ့ကိုယ်သူ ကြက်တွေ ငှက်တွေလို့ ခံစားလာရတယ်။ တကယ်လို့ သူသာ ဒဏ်ရာရမနေရင် တောထဲ ကိုယ်တိုင်အမဲလိုက်ပြီး အသားတွေ ကင်စားနေလောက်ပြီ။

ကျိုးယွန်ရှန့်က ဝက်စတူးအရသာကို သတိရသွားပြီး သွားရည်ကျလာတယ်။ သူက ရိက္ခာခြောက်ရဲ့ ထုပ်ပိုးစက္ကူကို မီးပုံထဲ ပစ်ထည့်လိုက်ချိန် အသံတချို့ကြားလိုက်လို့ နားစွင့်လိုက်တယ်။ 008 ရဲ့ ကုစားမှုကြောင့် သူ့ဒဏ်ရာပျောက်ရုံမကဘဲ မိုင်များစွာအဝေးက အသံကိုတောင်ကြားနိုင်အောင် စွမ်းအားတွေ ရှိလာတယ်။ သူက လက်ပိုက်လိုက်ပြီး သစ်ရွက်တွေ တဖွဲဖွဲကြွေကျနေတဲ့အောက်မှာ မတ်တပ်ရပ်ပြီး စောင့်နေလိုက်တယ်။

========================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now