Arc_15.9_ Qi Yi Ning

6.4K 646 1
                                    

Arc_15.9_ Qi Yi Ning

ကျောက်ကျီတုံးအသက်ခံရခြင်းနှင့် ချီကျင်းယွိတိုက်ခိုက်ခံရတဲ့ သတင်းကို အနောက်တောင်ဒေသ အာဏာပိုင်တွေက ချက်ချင်းရွှေမြို့တော်ကို သတင်းပို့လိုက်ပြီး အင်အားမလုံလောက်တာကို ဖြည့်တင်းပေးဖို့ ဧကရာဇ်ကို အသနားခံစာ တင်လိုက်တယ်။ တစ်ဖက်ကလည်း ဒီကိစ္စအတွက် တာဝန်အရှိဆုံးက သူဖြစ်နေလို့ အာဏာပိုင်အုပ်ချုပ်ရေးမှူးက ဒီဓားပြတွေကိုလိုက်ဖမ်းဖို့ အသည်းအသန် ကြိုးစားရတော့တယ်။ အပြစ်သားတစ်ယောက်မိဖို့ အပြစ်မဲ့သူ 1000 သေလည်း ဂရုမစိုက်ဘဲ ပတ်ပတ်လည်ရွာတွေက လူတွေကို ဖမ်းဆီးသုတ်သင်ဖို့ အမိန့်ချလိုက်တယ်။ ဒါပေမယ့် အုပ်ချုပ်ရေးမှူးရဲ့ ရဲမတ်တွေက ရွာသားတွေကိုဖမ်းဆီးဖို့လာတိုင်း ဝတ်စုံနက်အဖွဲ့ရဲ့ တိုက်ခိုက်မှုကြောင့် ခွေးပြေးဝက်ပြေး ပြေးရပြီး အရှက်တကွဲ တပ်ဆုတ်ခဲ့ရတယ်။

အနောက်တောင်ဒေသက ပြည်သူတွေက သူတို့ဘဝတလျှောက်လုံး လာဘ်စားတဲ့ ခွေးလိုအရာရှိကောင်တွေကို အခွန်ထုပ်ကြီးကြီး ပေးခဲ့ရပေမယ့် နောက်ဆုံးပြန်ရလိုက်တာကတော့ ခုလို ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေပဲဖြစ်တယ်။ ဒါကြောင့် ကြောက်ရွံ့တတ်တဲ့ ကျေးလက်ရွာသားတွေက နာကြည်းမှုတိုးလာပြီး လူစုလူဝေးနဲ့ ဒီအရာရှိဆိုးတွေကို စတင်ပုန်ကန် တိုက်ခိုက်တော့တယ်။ ပျော့ဖတ်တဲ့ရွှံ့စေးတွေတောင် ထုထောင်းပြီးမီးဖုတ်ခံရရင် မာကြောတဲ့မြေအိုး ဖြစ်လာနိုင်သေးတာပဲ။ လူတွေရဲ့နှလုံးသားကလည်း မတရားလုပ်တာကို အကြိမ်ကြိမ်ခံရပြီး ခံနိုင်ရည်နောက်ဆုံးထိ ချောင်ပိတ်ခံရရင် ပြန်တော်လှန်ကြတာ သဘာဝပဲ။

ဘယ်သူကစပြီး လှုံ့ဆော်လိုက်တယ်မသိပေမယ့် အနောက်တောင်ဒေသကလူတွေက စုစည်းမိလာပြီး တချီမင်းဆက်ကို ဖြုတ်ချဖို့ ကြံစည်လာကြတယ်။ အစပိုင်းမှာ လူရာဂဏန်းလောက် စုစည်းရာကနေ လူသောင်းဂဏန်းဖြစ်လာတယ်။ ဒီသူပုန်တွေက ညတိုင်း မြို့ရွာတွေမှာရှိတဲ့ အရာရှိတွေအိမ်ကို ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ကြတယ်။ မတရားယူထားတဲ့ လယ်ယာမြေတွေကို ပြန်လည်သိမ်းယူကြတယ်။ အနောက်တောင်ဒေသ အုပ်ချုပ်ရေးမှူးက ဒီအထိကရုန်းကိုဖြေရှင်းဖို့ တပ်ကူပို့ပေးဖို့ စာချွန်တော်ပေးပို့ပြီးတဲ့ညမှာပဲ သူပုန်တွေရဲ့ လည်ချောင်းထိုးဖောက်သတ်ဖြတ်တာကို ခံလိုက်ရတယ်။

ဒါကြောင့် အရာရှိအတော်များများက သူတို့ပိုင်ပစ္စည်းကို ထုပ်ပိုးပြီး ဒီဒေသကနေ အမြန်ထွက်ပြေးသွားကြတယ်။ ထွက်မပြေးနိုင်တဲ့သူတွေက နှုတ်ထွက်စာတင်ပြီး အိမ်တံခါးအလုံပိတ်လို့ ပုန်းအောင်းနေကြတယ်။ ဘယ်သူမှ လူထုအုံကြွတဲ့ကာလအတွင်း သူရဲကောင်းမလုပ်ရဲကြဘူး။

ကျိုးယွင်ရှန့် အစီရင်ခံစာကို ရလိုက်တဲ့အချိန်တိုအတွင်းမှာပဲ လူရာဂဏန်းကစတဲ့ အုံကြွမှုက အခိုင်အမာတပ်ဖွဲ့ပြီး အနောက်တောင်နယ်စပ်တလွှား အခြေချတဲ့အဆင့်ကို ရောက်ရှိသွားကြပြီ။

ကျိုးယွင်ရှန့်က ညီလာခံမှာ စားပွဲခုံကို ဒေါသတကြီး လက်ဝါးနဲ့ ခပ်ပြင်းပြင်းပုတ်လိုက်ပြီး သူ့ဒေါသကို ဖော်ပြလိုက်တယ်။ ပြီးတော့ တပ်စုကိုဦးဆောင်ပြီး သူကိုယ်တိုင် လူထုအုံကြွမှုကို နှိမ်နင်းမယ်လို့ အမိန့်ထုတ်လိုက်တယ်။

မှူးမတ်တွေက ဒီအမိန့်ကိုကြားပြီး တုန်လှုပ်သွားကြတယ်။ မင်းကြီးက လူထုအုံကြွတဲ့နေရာကိုသွားရင်း တစ်ခုခုဖြစ်သွားရင် တိုင်းပြည်က ဖရိုဖရဲဖြစ်သွားလိမ့်မယ်။ ဒါကြောင့် သူတို့အားလုံး ဒူးထောက်ပြီး မင်းကြီးကိုမသွားဖို့ တောင်းပန်ကြပေမယ့် ကျိုးယွင်ရှန့်ကို တားလို့မရတော့ဘူး။ ကျိုးယွင်ရှန့်က ကျောက်ရွှမ်နဲ့ လော့ကျန်းတို့ကို စုစည်းခေါ်ဆောင်ပြီး အုံကြွမှုဖြစ်တဲ့ဒေသကို သွားမယ်၊ မြို့တော်ကို သူရွေးချယ်ထားတဲ့ မှူးမတ်တစ်စုက ငြိမ်ဝပ်အောင်ကွပ်ကဲပြီး နောက်ကနေ လိုအပ်တဲ့အထောက်အပံ့ပေးရမယ်လို့ အမိန့်ချပြီး ညီလာခံကိုစဲလိုက်တယ်။

မယ်တော်ကြီးက မင်းကြီးကို သူမရဲ့နန်းဆောင်ကို ဖိတ်ကြားပြီး ပူဆွေးတဲ့မျက်ဝန်းတွေနဲ့ တောင်းပန်လိုက်တယ်။

"မင်းကြီး.. မယ်တော်က မင်းကြီးရဲ့ မွေးအမေမဟုတ်ပေမယ့် ငယ်စဉ်ကတည်းကနေ ကြီးပြင်းလာတဲ့အထိ မမျှမတဆက်ဆံတာ ရှိဖူးလို့လား.. အရင်မင်းကြီး နတ်ရွာစံတော့ မင်းကြီးကို ဘုရင်ဖြစ်လာဖို့ မယ်တော် ရှိသမျှအားကုန်သုံးပြီး ထောက်ခံပေးခဲ့တယ်မလား.. ဒီဟာတွေကိုသတိရရင် မယ်တော့်ရဲ့ကြင်နာမှုကိုလည်း သတိရပေးပါ.. ကျင်းယွိက အခု အနောက်တောင်ဒေသမှာ ဒုက္ခရောက်နေတယ်.. အားကုန်သုံးပြီး သူ့ကို မယ်တော့်ဆီ ပြန်ခေါ်လာပေးဖို့ တောင်းပန်ပါတယ်.."

တစ်နှစ်တာကာလအတွင်း မင်းကြီးက သူ ဆယ်စုနှစ်တစ်ခုစာ တည်ထောင်ထားတဲ့ သြဇာအာဏာတွေကို သိမ်းယူနိုင်ခဲ့တယ်။ အခု သူ့သား ဒုက္ခရောက်ရတဲ့နောက်ကွယ်မှာ မင်းကြီးရှိတာသိပေမယ့် သူ့အနေနဲ့ မစွတ်စွဲဝံ့တဲ့ အခြေအနေဖြစ်နေပြီ။ အခု သူ့သားက သေတွင်းထဲရောက်နေပြီး သူမသာ မင်းကြီးကိုဆန့်ကျင်မိရင် သားရဲ့အလောင်းကိုတောင် တွေ့လိုက်ရမှာမဟုတ်ဘူး။

"မယ်တော်ကြီး.. စိတ်အေးအေးထားပါ.. သားတော် သူ့ကို သေချာပေါက်ဘေးကင်းကင်းနဲ့ ပြန်ခေါ်လာပါ့မယ်.."

ကျိုးယွင်ရှန့် ကတိပေးလိုက်တယ်။ ချီကျင်းယွိကို ကျောက်ရွှမ်ရဲ့လျှို့ဝှက်တပ်သားတွေတောင် လုပ်ကြံလို့မရဘူးဆိုကတည်းက သူက ဒီကမ္ဘာရဲ့သားတော် ပီသပါပေတယ်။ သူသာသေချင်စိတ်မရှိရင် သို့မဟုတ် ကိုယ့်ဘာသာသတ်မသေရင် ဘယ်သူမှ သတ်လို့မရအောင် ဒီကမ္ဘာက ကာကွယ်ပေးထားတာပဲ။

ကျောက်ပိယွမ်က သူမမောင် ကျောက်ကျီတုံး အသတ်ခံရခြင်းနဲ့ တော်ဝင်မင်းသား ဒဏ်ရာရတဲ့သတင်းကိုကြားတော့ စိတ်ရောကိုယ်ပါ ချုံးချုံးကျသွားတော့တယ်။ ကျောက်ပိယွမ်ရဲ့ သစ္စာရှိအခြွေအရံမလေးက အသက်စွန့်ပြီး အပြစ်ဒဏ်ကျတဲ့နန်းဆောင်ကနေ ခိုးထွက်ပြီး မင်းကြီးရဲ့ပင်မနန်းဆောင်မှာ စောင့်လို့ သူ့သခင်မရှိရာကို လာတွေ့ပေးဖို့ အသနားခံလိုက်တယ်။

"ဒါတွေအားလုံးက ပြီးပြီးသားကိစ္စတွေပဲ.. ဘာမှလုပ်လို့မရတော့ဘူး.. ဒါပေမယ့် ကျောက်ကျီတုံးက တိုင်းပြည်အတွက် အသက်စွန့်သွားတာကိုထောက်ပြီး တော်ဝင်ကိုယ်လုပ်တော်ရဲ့ ပြစ်ဒဏ်ကို ပယ်ဖျက်ပေးလိုက်ပြီ.. မင်းသခင်မကို ဖိန်းရီနန်းဆောင်ကို ပြန်ခေါ်သွားလို့ရပြီ.."

ကျိုးယွင်ရှန့်က လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်တယ်။ မင်းကြီးရဲ့အမူအယာကြောင့် သခင်မကို ကယ်တင်ပေးနိုင်ဖို့ မျှော်လင့်ချက်တွေ ပျောက်သွားတော့တယ်။ အရင်တုန်းကသာဆိုရင် သူ့သခင်မမျက်ဝန်းက နီလာပြီး ဝမ်းနည်းနေခဲ့ရင်တောင် မင်းကြီးက ချက်ချင်း အနားကိုရောက်လာပြီး အရာအားလုံးကိုလုပ်ပေးဖို့ အသင့်ပဲ။ အခုတော့ သခင်မရဲ့မောင်အရင်း ကျောက်ကျီတုံး သေဆုံးသွားတဲ့ကိစ္စကို ပြောတာတောင် ယောက်ဖဆိုတဲ့ သဘောထားမရှိဘဲ လက်အောက်ခံ ဝန်ထမ်းတစ်ယောက်အကြောင်း ပြောနေသလိုပဲ။ သူမက ဒီပြောင်းလဲမှုကြောင့် ကြောင်အ,ပြီး နေရာမှာရပ်နေမိတုန်း မင်းကြီးက အတွင်းနန်းဆောင်ကို ဝင်ရောက်သွားခဲ့ပြီ။

မင်းကြီးရဲ့ကိုယ်ရံတော်တွေက ဓားလွတ်ကိုကိုင်ဆောင်ပြီး အဆောင်ဝမှာ အခြွေအရံမိန်းကလေးကို အေးစက်စက် စိုက်ကြည့်နေကြတယ်။ ဒီအကြည့်ကိုတွေ့တော့မှ သူ့သခင်မရဲ့ အရင်ကအနေအထားနဲ့ အခုအနေအထား ဘယ်လောက်ကွာသွားပြီဆိုတာ သေချာသိသွားတော့တယ်။

အရင်တုန်းက တစ်နန်းတော်လုံးက အခြွေအရံနဲ့ အစောင့်တွေက ဖိန်းရီနန်းဆောင်ကအခြွေအရံတွေကို ကြိုဆိုပြီး မျက်နှာသာပေးကြတယ်။ ဘာကြောင့်လဲဆိုတော့ ဟွိုက်ရီကိုယ်လုပ်တော်က မင်းကြီးအချစ်ရဆုံးမိန်းမဖြစ်လို့ သူမကိုရိုကျိုးတာက မင်းကြီးကိုရိုကျိုးတာထက် ပိုပြီးအကျိုးရှိလို့ဖြစ်တယ်။ ဟွိုက်ရီကိုယ်လုပ်တော်ရဲ့ အာဏာနဲ့ လွှမ်းမိုးနိုင်စွမ်းက မင်းကြီးရဲ့အာဏာထက်တောင် ပိုပြင်းထန်ခဲ့သေးတယ်။ ဒီအကြောင်းကို အသေးစိတ်ပြန်သတိရလိုက်မိတော့ သူမသခင်မက အဆုံးမဲ့နက်ရှိုင်းတဲ့ တွင်းဝမှာရပ်နေတဲ့ အနေအထားကို ရောက်နေပြီဆိုတာ အခြွေအရံမလေး သေချာသိသွားတော့တယ်။

ကိုယ်လုပ်တော်တစ်ပါးက ဘုရင်ထက်သြဇာကြီးရတဲ့ အကြောင်းအရင်းက ဘုရင်က သူမကို ချစ်မြတ်နိုးပြီး မျက်နှာသာပေးလို့ဖြစ်တယ်။ တကယ်လို့ သူမအပေါ် ဘုရင်က မချစ်တော့ဘူးဆိုရင် သူမရဲ့စကားတစ်ခွန်းနဲ့တင် သူမသာမက ဘေးကအခြွေအရံအားလုံးကိုပါ သေတွင်းထဲ ဆွဲချသွားနိုင်တယ်။

အခြွေအရံမလေးက မင်းကြီးဆီကစကားကိုကြားတော့ သခင်မကို ပြစ်ဒဏ်ကျဆောင်ကနေ ဖိန်းရီနန်းဆောင်ကို ပြန်ခေါ်လာတယ်။ ဒုတိယမင်းသားလေးက မင်းကြီးလက်ထဲမှာ ဘေးကင်းစွာရှိနေပြီး မယ်တော်ကြီးကလည်း မင်းကြီးအမိန့်ကြောင့် ကျောက်ပိယွမ်ထွက်လာတာကို မနှောင့်ယှက်ရဲတော့ဘူး။

"သခင်မ.. စွတ်ပြုတ်ပူပူလေးသောက်ပြီး ကိုယ်ကိုနွေးအောင်လုပ်လိုက်ပါ.."

ငိုနေတဲ့ကျောက်ပိယွမ်ကို အခြွေအရံမလေးက ချော့မော့ပြီးစွတ်ပြုတ်တိုက်နေချိန် အပြင်က လျှောက်တင်စကားကို ကြားလိုက်ရတယ်။ ဝမ်ယွမ်အမတ်ကြီးရဲ့ ဒုတိယဇနီး ကျောက်ယွမ်ရဲ့မွေးစားအမေက ရောက်နေတယ်။

သူမက ကိုယ်လုပ်တော်အဆင့်ကနေ တရားဝင်ဇနီးဘဝရောက်လို့မှ ဘာမှမကြာသေးဘူး၊ သားလုပ်သူ အသတ်ခံလိုက်ရတဲ့ သတင်းကြားလို့ ရင်ကွဲပက်လက် ငိုကြွေးပြီး သမီးဖြစ်သူဆီကို အားကိုးတကြီး လာရှာခဲ့တယ်။ သူမက သားဖြစ်သူ အနောက်တောင်ဒေသသွားရင် အောင်မြင်မှုရပြီး ရာထူးတိုးလိမ့်မယ်လို့ ထင်ထားပေမယ့် ခုတော့ စမ်းချောင်းဝါကိုဖြတ်ပြီး တမလွန်ဘဝကို ရောက်ရှိသွားခဲ့ပြီ။ သူမက ဝမ်ယွမ်အိမ်တော်မှာ ခက်ခက်ခဲခဲ ရုန်းကန်ပြီး သားကိုပျိုးထောင်ထားခဲ့ရပေမယ့် ဘာမှစည်းစိမ်မခံရခင် သားက သေဆုံးသွားရပြီ။ ဒီအဖြစ်ကို မဖြေဆည်နိုင်လို့ တော်ဝင်ကိုယ်လုပ်တော်ဖြစ်တဲ့ သမီးဆီကို အားကိုးတကြီး ရောက်လာတာဖြစ်တယ်။

"တော်ဝင်ကိုယ်လုပ်တော်မယ်မယ်.. ကျီတုံးကိုသတ်တဲ့လူကို အပြစ်ပေးဖို့ မင်းကြီးကိုပြောလိုက်ပါ.. ဒါမှ သားလေးရဲ့ဝိညာဉ်က ငြိမ်းချမ်းရေးရလိမ့်မယ်.. ကျီတုံး.. သနားစရာကောင်းလိုက်တဲ့ မေမေ့ကလေး.. သူ့ကို ချီကျင်းယွိသာ အတင်းခေါ်မသွားရင် အနောက်တောင်ဒေသမှာ ခုလို ခွေးသေ,သေရမှာမဟုတ်ဘူး.. သူ့ဘာသာဆိုရင် တော်ဝင်တက္ကသိုလ်မှာ သားလေးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဂုဏ်ရှိရှိနေရလိမ့်မယ်.. မင်းကြီးက တော်ဝင်မင်းသားကို မနှစ်သက်ဘူးဆိုတာ သိနေလျက်နဲ့ သူနဲ့ပေါင်းလို့ ငါ့သားလေး ဒုက္ခရောက်ရတယ်.. သားလေးဘဝက အခုမှ အမြင့်ကိုတက်မယ်မကြံသေးဘူး အသတ်ခံလိုက်ရတယ်.. သားလေး.. မိုက်မဲလိုက်တဲ့သားလေး.. ဒါပေမယ့် အမေက သားထက်ပိုမိုက်ပါတယ်.. တကယ်လို့ အမေသာ သားကို သူနဲ့မပေါင်းဖို့ ပြောနိုင်ခဲ့ရင် ငါ့သားလေး ခုလိုအဖြစ်ဆိုးနဲ့ ကြုံရမှာမဟုတ်ဘူး.."

ဒုတိယဇနီးက ငိုယိုနေလို့ သူမမျက်နှာက မိတ်ကပ်တွေပျက်ယွင်းပြီး ဆံပင်စုတ်ဖွားနဲ့ အရူးမတစ်ယောက်ပုံ ပေါက်လို့နေတယ်။

သူမအမေရဲ့ ငိုကြွေးသံကြောင့် ကျောက်ပိယွမ်စိတ်ထဲ ပိုလေးလာခဲ့တယ်။ သူမမောင်က ဘာကြောင့် ချီကျင်းယွိနဲ့ ပေါင်းနေရတာလဲ။ ဘယ်သူမှ အကြောင်းအရင်းမသိပေမယ့် သူမကတော့ အသိဆုံးဖြစ်တယ်။ ဒါပေမယ့် ခုမှတော့ အပြစ်အားလုံးကို ချီကျင်းယွိခေါင်းပေါ် ပုံချနေတာ ဘာမှမထူးဘူး။ သေတဲ့သူက သေသွားပြီ၊ ဘာမှလုပ်လို့မရတော့ဘူး။ အသက်ရှင်သေးတဲ့ ချီကျင်းယွိကိုကယ်ဖို့က ပိုအရေးကြီးတယ်။ လူရဲ့သေခြင်းရှင်ခြင်းက ကံတရားက သတ်မှတ်ပေးပြီးသားဖြစ်လို့ ကျောက်ကျီတုံးသေတာကို ခေါင်းထဲကထုတ်ပြီး ချီကျင်းယွိကိုကယ်ဖို့ မင်းကြီးကိုတောင်းဆိုဖို့ ဆုံးဖြတ်လိုက်တယ်။ မင်းကြီးက သေချာပေါက် အကြံကောင်းရှိမှာပဲ။ ကျောက်ပိယွမ်က ဝမ်းနည်းစိတ်ကိုမြိုသိပ်ပြီး မအေဖြစ်သူကိုနှစ်သိမ့်ပြီး အခြွေအရံကို အမိန့်ပေးလိုက်တယ်။

"တစ်ယောက် လာစမ်း.. ရန်ရှင်းနန်းဆောင်မှာ မင်းကြီးကို သွားခေါ်ခဲ့စမ်း.."

အခြွေအရံနဲ့ တော်ဝင်အစေခံတွေ ဘယ်သူမှ မလှုပ်ကြဘူး။ သူတို့က တော်ဝင်ကိုယ်လုပ်တော်ကို အရင်လို မလေးစားကြတော့ဘူး။ ဒါ့အပြင် မင်းကြီးနန်းဆောင်ကိုသွားရင် အပြစ်ပေးခံရမှာကို ကြောက်ရွံ့နေကြတယ်။

"မင်းကြီးကို သွားခေါ်စမ်း.."

ဒီစကားစုလေးနဲ့ မင်းကြီးကို ချက်ချင်းလာခိုင်းရအောင် မင်းကြီးက သူမမွေးထားတဲ့ခွေးမို့ အမြီးနှန့်ပြီးလာရမှာလားလို့ တွေးနေကြပြီး သူတို့မျက်ဝန်းတွေက တော်ဝင်ကိုယ်လုပ်တော်ကို စိတ်ပျက်အထင်သေးဟန်နဲ့ ကြည့်နေကြတယ်။

အခုချိန်မှာ မင်းကြီးက ခွေးမဟုတ်တော့ဘူး။ တစ်တိုင်းပြည်လုံးကို လွှမ်းမိုးနေတဲ့ အပြာရောင်နဂါးဖြစ်နေပြီ။ သူ့အသက်တစ်ခါရှူထုတ်လိုက်တာနဲ့ သူမရဲ့မျိုးနွယ်တစ်ခုလုံး တစစီလုပ်ပစ်နိုင်တယ်ဆိုတာ ကျောက်ပိယွမ်က ခုထိ သတိမပြုမိသေးဘူး။

"သခင်မ.. မင်းကြီးက နန်းဆောင်မှာ တိုင်းပြည်ရေးကိစ္စကြောင့် အလုပ်များနေပါတယ်.. ညစာစားချိန်ထိစောင့်ပြီးမှ မင်းကြီးကို ဖိတ်ကြားပါလား.."

"သွား.. အခုချက်ချင်း မင်းကြီးကို ငါတွေ့ချင်တယ်.."

ကျောက်ပိယွမ်က ကျောက်ကျီတုံးသေဆုံးမှုကြောင့် ရင်နာတယ်ဆိုတာထက် ချီကျင်းယွိကိုစိတ်ပူနေတာ ပိုမှန်တယ်။ ချီကျင်းယွိ အသက်ရှင်လျက်ပြန်ရောက်လာဖို့ မင်းကြီးကို ပြောမှဖြစ်မယ်။

အခြွေအရံခေါင်းဆောင်က မလွှဲသာဘဲ သူမအမိန့်အတိုင်း ထွက်လာရတယ်။ ခဏနေတော့ သူမက မင်းကြီးအမိန့်ကိုယူဆောင်ပြီး ပြန်လာခဲ့တယ်။

"သခင်မ.. မင်းကြီးက ဒုတိယမင်းသားလေးကို ခေါ်ခိုင်းလိုက်ပါတယ်.."

"ဘာကြောင့် မင်းကြီးက ချန်အယ်ကို ခေါ်သွားချင်ရတာလဲ.. သူ ဒီနန်းဆောင်ကိုလာပြီး သားတော်လေးကို ကြည့်လို့ရတာပဲ.."

ကျောက်ပိယွမ်က သူမသားကို ချီရိနဉ်နဲ့ နီးနီးကပ်ကပ်နေတာကို မကြိုက်ဘူး။ ဘာကြောင့်လဲဆိုတော့ သူမကလေးရဲ့ အဖေရင်းက ချီကျင်းယွိဖြစ်ပြီး ချီကျင်းယွိဘုရင်ဖြစ်တဲ့အခါ သားလေးက သူ့အဖေရင်းကို စိမ်းနေမှာစိုးတယ်။ ပြီးတော့ သူ့သားကို ရန်သူဖြစ်တဲ့ ချီရိနဉ်ဘက်မှာ မရှိစေချင်ဘူး။

"မင်းကြီးက ဘာကြောင့်ရယ်လို့မပြောဘဲ မင်းသားလေးကို အမြန်ခေါ်လာဖို့ပဲ ပြောလိုက်ပါတယ်.."

"မင်းကြီးက သားတော်လေးကိုချစ်လို့ ကိုယ်တိုင်ပျိုးထောင်ပေးမလို့ နေမှာပေါ့.. မယ်မယ်.. သားတော်လေးကို အမြန်ပို့လိုက်ပါ.."

ဝမ်ယွမ်အမတ်ကြီးရဲ့ ဒုတိယဇနီးက မျက်ရည်သုတ်ပြီး နွမ်းလျစွာ ဝင်ပြောလိုက်တယ်။ အခုချိန်မှာ သူမရဲ့အားကိုးရတဲ့သမီး တော်ဝင်ကိုယ်လုပ်တော်သာမရှိရင် သူမ ပြိုလဲပြီးနေပြီ။

ကျောက်ပိယွမ်က ဒုတိယမင်းသားလေးကိုမပို့ဘဲ တင်းခံထားလို့ အခြွေအရံတွေက သွေးပျက်သွားကြတယ်။ ဝမ်ယွမ်အိမ်တော်ကလူတွေက ရူးနေကြပြီလား။ မင်းကြီးအမိန့်ကို သွေဖယ်ရဲတယ်။ မင်းပြစ်မင်းဒဏ်ကြောင့် အားလုံး ခေါင်းဖြတ်ခံရမှာ မကြောက်ကြဘူးလားလို့ တွေးပြီး အခြွေအရံတွေ ကျောချမ်းသွားကြတယ်။ အရင်ကတော့ မင်းကြီးအမိန့်ကို သူမ ငြင်းပယ်နိုင်ပေမယ့် အခုအခြေအနေမှာ သူမ ဘယ်လိုငြင်းဆန်ရဲရတာလဲ။ အခြွေအရံမိန်းကလေးရဲ့ရင်ထဲ ဒေါသတွေလျှံလာပေမယ့် ပေါ်ပေါ်ထင်ထင်တော့ ထုတ်မပြရဲဘူး။ အမတ်ကြီးရဲ့ ဒုတိယဇနီးက သူမသမီးကို စိတ်ပြောင်းလာအောင်ပြောပေးဖို့ပဲ အားကိုးရတော့မယ်။

ကျောက်ပိယွမ် က ကလေးကို ကိုယ်တိုင်လာပို့ရင်း သားတော်လေးကို ချစ်ခင်တဲ့စိတ်ကို အခွင့်ကောင်းယူပြီး ချီကျင်းယွိကိစ္စကို ပြောဖို့ကြိုးစားပြီး ကိုယ်တိုင်လာခဲ့ပေမယ့် ရန်ရှင်းနန်းဆောင်ဝကိုရောက်တော့ မင်းကြီးက အပါးတော်မြဲကိုလွှတ်ပြီး သူမကို တားခိုင်းလိုက်တယ်။

"သခင်မ.. သားတော်လေးကို အစေခံနဲ့ပို့ခိုင်းရင် ရပါတယ်.. ကိုယ်တိုင်လာပို့စရာ မလိုပါဘူး.."

အပါးတော်မြဲက စကားကိုယဉ်ကျေးစွာပြောပေမယ့် တကယ့်အချက်ကတော့ သူမကို မင်းကြီးမတွေ့ချင်ဘူး ဆိုတဲ့အဓိပ္ပါယ်ပဲ။ ကျောက်ပိယွမ်က ကလေးကိုပေးလိုက်ရပြီး သူတို့နှစ်ယောက် ပျောက်ကွယ်သွားတဲ့အထိ တံခါးနားမှာ ရပ်ကြည့်နေတယ်။

သူမအမေက အမတ်ကတော်ကြီးကိုကျော်ပြီး ဖခင်ရဲ့အချစ်ကို ရအောင်လုပ်နိုင်လို့ အမေပြောတဲ့ ယောက်ျားချစ်အောင်နေတဲ့နည်းက အလုပ်ဖြစ်တယ်ဆိုတာ သေချာတယ်။

ကျောက်ပိယွမ်က စိတ်ရှုပ်နေချိန်မှာ သတိမပြုမိပေမယ့် စိတ်အေးအေးထားလိုက်တော့ ကြောင်းကျိုးမဆီလျော်တာကို သတိပြုမိလိုက်တယ်။

"ကိုယ်လုပ်တော်မယ်မယ်.. ကျွန်မတို့မိသားစုကြီးမှာ ဒီလောက်နစ်နာမှုကို ကြုံတွေ့ခဲ့ရတာတောင် ဧကရာဇ်မင်းကြီးက သခင်မကို လာမတွေ့ဘူးလား.."

အမတ်ကြီးရဲ့ဒုတိယဇနီးက တုန်လှုပ်နေတဲ့စိတ်ကိုမြိုသိပ်ရင်း တွေဝေနေတဲ့သမီးဖြစ်သူကို မေးလိုက်တယ်။

"သူက ဘာစကားနဲ့မှ မနှစ်သိမ့်ပေးဘူးလား.. သခင်မဆီကို ဘာမှမပို့ဆောင်ပေးဘူးလား.. ကျီတုံးရဲ့ဈာပနကို သူ ဘာမှ မစီစဉ်ပေးဘူးလား.."

ကျောက်ကျီတုံးက နယ်မှာသေဆုံးခဲ့တာဖြစ်လို့ အရင်ဘဝတုန်းက ကျောက်ရွှမ်ကပဲ အလောင်းပြန်ရအောင် လုပ်ဆောင်ပေးသလို အနောက်တောင်ဒေသတစ်ခုလုံးကို ဖျက်ဆီးပစ်ပြီး ကျီတုံးရဲ့သေဆုံးမှုအတွက် ကလဲ့စားချေပေးခဲ့တယ်။ အခုဘဝမှာတော့ ဒုတိယဇနီးက အမတ်ကြီးရာထူးရဲ့ဆက်ခံခွင့်ကို ခိုးယူလိုက်ပြီဖြစ်လို့ ကျောက်ရွှမ်တို့မိသားစုနဲ့ ဆက်ဆံရေး ပျက်ပြားသွားပြီဖြစ်လို့ သူတို့ကိုယ်စား သတ်ဖြတ်တာကိုလုပ်ပေးဖို့ လူသူစုရုံးပြီး ကျောက်ရွှမ်က နန်းတော်ထဲ အသနားခံဖို့ ဝင်ရောက်လာပေးမှာ မဟုတ်တော့ဘူး။

မင်းကြီးက ကိုယ်လုပ်တော်ရဲ့ တောင်းဆိုချက်ကြောင့်မဟုတ်ဘဲနဲ့ကို ဒီကိစ္စကို ကိုယ်တွယ်ဖို့ ဝမ်ယွမ်အမတ်ကြီးဆီကို လုပ်ပိုင်ခွင့်အာဏာပေးသင့်တယ်။ အခုတော့ ဒီလိုလုပ်မပေးတဲ့အပြင် သူမရဲ့သမီးဖြစ်သူ တော်ဝင်ကိုယ်လုပ်တော်ကိုတောင် မတွေ့ချင်ဘူးဆိုတော့ ကျောက်ပိယွမ်က ခါတိုင်းလို မျက်နှာသာပေးမခံရတော့တာ သေချာတယ်။ ဒါဆိုရင် သူမရဲ့ယောက်ျား ဝမ်ယွမ်အမတ်ကြီးရဲ့ လုပ်ပိုင်ခွင့်အာဏာကိုသာမက သူမရဲ့အခြေအနေအဆင့်အတန်းလည်း ထိခိုက်လာတော့မယ်။ ဒုတိယအမတ်ကတော်က စေ့စေ့တွေးလေ ကြောက်ရွံ့လေဖြစ်ပြီး သမီးဖြစ်သူရဲ့လက်ကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်ပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်တယ်။

"သခင်မ.. မင်းကြီးက သခင်မကိုပစ်ပယ်အောင် တစ်ခုခုလုပ်ခဲ့မိသေးလား.. အခု သခင်မ ဘယ်လောက်ပူဆွေးနေတယ်ဆိုတာ သူ လုံးဝမသိတဲ့အပြင် သခင်မကိုလည်း အတွေ့မခံဘူး.. အခုတော့ မင်းကြီးက သခင်မကို ဂရုမစိုက်တော့ဘူးလို့ ကျွန်မထင်လာပြီ.."

ကျောက်ပိယွမ်က မိခင်ဖြစ်သူရဲ့စကားကို ကြားတော့မှ မင်းကြီး သူမနဲ့အတူမနေတာ ကြာပြီဆိုတာ သတိထားမိလာတယ်။ သူမအဆောင်ကို ခါတိုင်းလို ကြွလာတာ မလုပ်တော့ဘူး။ ကျောက်ပိယွမ်က ခေါင်းကို တုံ့ဆိုင်းစွာယမ်းပြလိုက်ပေမယ့် ခုန်ပေါက်နေတဲ့နှလုံးခုန်သံကို သူ့အမေကြားသွားမှာစိုးလို့ အမူအယာမပျက်အောင် မနည်းထိန်းထားရတယ်။

သူမက ချီကျင်းယွိ ထီးနန်းမရခင်အထိ မင်းကြီးဆီက အလေးပေးခံရတာကို မဆုံးရှုံးချင်ဘူး။ ဒီနန်းတော်ထဲမှာ မင်းကြီးရဲ့ အလေးပေးခြင်းမခံရတဲ့ ကိုယ်လုပ်တော်တွေက သူတစ်ပါးကို မနာလိုဝန်တိုဖြစ်ရင်း စိတ်ဆင်းရဲစွာ နေထိုင်သွားရတာကို သူမအသိဆုံးဖြစ်တယ်။ ကျောက်ပိယွမ်ရဲ့အစေခံမှူးက ဒုတိယမင်းသားကိုပွေ့ချီပြီး မင်းကြီးရှိတဲ့ ရန်ရှင်းနန်းတော်ကိုလာခဲ့တယ်။ သူမထင်တာက မင်းသားလေးကို မင်းကြီးက ကြည့်ရှုစောင့်ရှောက်မယ်ပေါ့။ ဒါပေမယ့် မင်းကြီးက ခေါင်းတစ်ချက်တောင်မော့မကြည့်ဘဲ ကလေးကို တခြားခေါ်သွားစေမယ်လို့ မထင်ထားခဲ့ဘူး။

"လာကြစမ်း.. ဒုတိယမင်းသားလေးကို ခေါ်သွားလိုက်.."

ချီလိချိန်က ချီကျင်းယွိရဲ့သားပဲ။ ဘယ်လိုလုပ်ပြီး ဒီကလေးကို သူ့နန်းဆောင်မှာ အလွယ်တကူ နေခွင့်ပြုနိုင်ရမှာလဲ။

ချီကျင်းယွိ ကိုယ်အင်္ဂါချို့တဲ့သွားတဲ့သတင်းက မယ်တော်ကြီးဆီ အနှေးနဲ့အမြန် ရောက်သွားမှာပဲ။ ဒါဆိုရင် မယ်တော်ကြီးက သူ အနောက်တောင်ဒေသကို စစ်ချီထွက်နေတုန်း ဒုတိယမင်းသားလေးကို နန်းတင်ဖို့ကြိုးစားမှာ သေချာတယ်။ ကျိုးယွင်ရှန့်မှာ မယ်တော်ကြီးကိုလက်တုံ့ပြန်ဖို့ နည်းလမ်းအများကြီးရှိပေမယ့် မလိုလားတဲ့ဆုံးရှုံးမှုကို ကာကွယ်ဖို့ သူက ရန်သူ့သွေးသားကို အငုံအကင်းဘဝကတည်းက ဖယ်ရှားလိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

မင်းကြီးရဲ့အမိန့်ကြောင့် ရုတ်တရက်ထွက်ပေါ်လာတဲ့ ဝတ်စုံနက်နဲ့လူဆီကို မင်းသားလေးကို ကမ်းပေးလိုက်တဲ့အခါ ဒီလူက မင်းသားလေးရဲ့အဝတ်ကနေ ဆုပ်ကိုင်ပြီး ကြက်ပေါက်ကလေးကို စွန်ရဲသုတ်သလို၊ ခွေးကလေး ကြောင်ကလေးကို ဂုတ်ကဆွဲသွားသလို ဆွဲပြီး မင်းကြီးရှေ့မှာပဲ မင်းကြီးနှစ်သက်တဲ့ သားတော်လေးကို သယ်ဆောင်ပြီး ထွက်ခွာသွားတော့တယ်။ ဝတ်စုံနက်နဲ့လူရဲ့ ဆက်ဆံပုံကိုကြည့်ရတာ ဒုတိယမင်းသားလေးက မင်းကြီးသဘောမကျတဲ့ ကလေးတစ်ယောက်မို့ ဒီလိုဆက်ဆံတာလို့ ထင်ရတယ်။

သူမက ဒုတိယမင်းသားလေးကို ဘယ်ကိုပို့လိုက်တာလဲလို့ မင်းကြီးကို မေးဖို့ကြံလိုက်ပေမယ့် အချိန်မှီ ပါးစပ်ကိုပိတ်လိုက်တယ်။ ကိုယ်လုပ်တော်ကို မင်းကြီး သဘောကျတဲ့အချိန်တုန်းက သူမတို့လို လက်စွဲတော်အခြွေအရံတွေက နှစ်သက်ခြင်း၊ မျက်နှာသာပေးခြင်းခံရတယ်။ မင်းကြီးရှေ့မှာ သူမစိတ်ထဲရှိတာတွေ ထုတ်ပြောခွင့်ရှိတယ်။ ဒါပေမယ့် အခုချိန်မှာတော့ သူမသာ ထုတ်မေးမိရင် သေတဲ့အထိ ရိုက်သတ်ခံရနိုင်တယ်။

အခြေအနေတွေ ပြောင်းလဲသွားပြီဆိုတာ တကယ်ပဲကိုး။ အခြွေအရံမလေးက ကြောက်စိတ်နဲ့ ဖိန်းရီနန်းဆောင်ကိုပြန်လာတော့ ဒုတိယအမတ်ကတော်ကြီး ပြန်သွားခဲ့ပြီ။ သူမက ကျောက်ပိယွမ်ကို ဒီသတင်းကိုပြောပြတော့ ကျောက်ပိယွမ်က သူမသားကို မင်းကြီးက တစ်နေရာကိုခေါ်ပြီး လျှို့ဝှက်လေ့ကျင့်ပေးမယ်ပဲ ထင်နေတယ်။ သူမက ဒီအကြောင်းကိုမေးဖို့ ဖိန်းရီနန်းဆောင်အပြင်ကို ထွက်လာတော့ နန်းဆောင်စောင့်တဲ့ရဲမက်က သူမကို ဓားနဲ့ရွယ်လိုက်ပြီး နောက်ဆုတ်ဖို့ အမိန့်ပေးလိုက်တယ်။

သူမက အခု အဆောင်တော်မှာ ချုပ်နှောင်ခံရတာလား။ သူမရဲ့အခြေအနေက တကယ်ကို ပြောင်းသွားပြီပဲ။ အနောက်ဆောင်ကိုအုပ်ချုပ်ရတဲ့ ဇာမဏီတံဆိပ်တုံးလည်း မရှိတော့ဘူး။ သူမသားလည်း မရှိတော့ဘူး။ သူမရဲ့ လွတ်လပ်ခွင့်လည်း မရှိတော့ဘူး။ သူမရဲ့မောင်လည်း အသေဆိုးနဲ့ သေသွားရပြီ။ ဒါတောင် မင်းကြီးက သူမကို စိုးရိမ်ကြောင်း နည်းနည်းမှမပြဘူး။

ဖိန်းရီနန်းဆောင်က အစေခံအားလုံး ဒီအခြေအနေဆိုးကို ရင်ဆိုင်နေရပြီ။ သူမတို့သခင်မ တော်ဝင်ကိုယ်လုပ်တော်က မင်းကြီးရဲ့ မျက်နှာသာပေးခြင်းကို ဆုံးရှုံးသွားရပြီ။

ကျောက်ပိယွမ်က သလွန်ပေါ်ထိုင်လိုက်ပြီး သူမလက်တွေနဲ့ ပုခုံးပေါ်သိုင်းဖက်ပြီး အရိုးထဲကလာတဲ့ တုန်ယင်အေးစက်မှုကိုတွန်းလှန်ဖို့ ကြိုးစားနေရတယ်။ သူမရဲ့ လှပတဲ့အဆောင်နေရာကလွဲရင် သူမဘဝက အအေးနန်းဆောင်မှာနေရတာနဲ့ ဘာမှမထူးခြားဘူး။ ကျောက်ပိယွမ်က အကြောက်ကြီးကြောက်နေတဲ့အချိန် သူမအခြေအနေကို သေချာနားလည်သဘောပေါက်သွားပြီး မင်းကြီးရဲ့မျက်နှာသာပေးမှုကိုရဖို့ အစီစဉ်ချနေချိန်မှာ ကျိုးယွင်ရှန့် က အနောက်တောင်ဒေသကို စစ်ချီထွက်လာခဲ့ပြီ။

ကျောက်ရွှမ် ပထမထင်ထားတာက မင်းကြီးက သူရဲ့သြဇာအာဏာ ကြီးထွားလာတာကို ကြောက်ရွံ့လို့ အရေးကြီးတာဝန်တွေ သူ့ကိုမပေးဘဲ မြို့တော်မှာ ဖမ်းချုပ်ထားမယ်ထင်ခဲ့ပေမယ့် အခုတော့ အရေးကြီးတာဝန်တွေကို ပေးအပ်တာကိုကြည့်ခြင်းအရ သူ့အပေါ် မင်းကြီး ယုံကြည်မှုရှိတယ်ဆိုတာ မမျှော်လင့်ဘဲ သိလိုက်ရတယ်။

"ဗိုလ်ချုပ်ကြီး.. မင်းကြီးက ကျွန်တော်တို့ကို တော်ဝင်မင်းသားကိုတိုက်ခိုင်းပြီး နောက်ကွယ်ကနေ ဖမ်းဆီးသတ်ဖြတ်မယ်လို့ ထင်လား.. အခု ကျွန်တော်တို့ ကာထားပေးမယ်.. ဗိုလ်ချုပ်ကြီးနဲ့ တပ်သားတွေက အနောက်တောင်ဒေသကို ထွက်သွားပြီး တော်လှန်ရေးသမားတွေနဲ့ ပူးပေါင်းလိုက်ပါ.. မင်းကြီးကို တော်လှန်ပုန်ကန်ပြီးရင် တော်လှန်ရေးသမားတွေကို ဦးဆောင်ပြီး မြို့တော်ကို ချီတက်သိမ်းပိုက်မယ်.. ဒါဆို ဗိုလ်ချုပ်ကြီး ထီးနန်းကို အလွယ်တကူ..."
ဒီစကားမဆုံးလိုက်ခင်မှာ ကျောက်ရွှမ်က လက်ထောက်ဗိုလ်ချုပ်ကို လက်ပြန်ရိုက်ထည့်ပြီး တင်းမာစွာ သတိပေးလိုက်တယ်။

"ဒီစကားကို ဘယ်တော့မှ ထပ်မပြောမိစေနဲ့.."

ဒုတိယဗိုလ်ချုပ်ကြီးက သူတို့အကြီးအကဲဆီမှာ မင်းကြီးလုပ်ချင်စိတ်မရှိတာကို သေချာသိသွားတော့တယ်။ ဗိုလ်ချုပ်ကြီးက မင်းကြီးလုပ်ချင်သည်ဖြစ်စေ၊ မလုပ်ချင်သည်ဖြစ်စေ ဗိုလ်ချုပ်ကြီးရဲ့ ဦးဆောင်မှုနောက်ကိုလိုက်ဖို့ သစ္စာဆိုထားပြီးဖြစ်တယ်။

ကျောက်ရွှမ်က လက်ထောက်ဗိုလ်ချုပ်ကြီးကို ပြန်လွှတ်လိုက်ပြီး တပ်စခန်းတလျှောက်သွားပြီး ခပ်လှမ်းလှမ်းက မင်းကြီးရဲ့တဲရှိရာကို မျှော်ငေးကြည့်လို့နေတယ်။ အနောက်တောင်ဒေသက တော်လှန်ရေးတပ်တွေက ပိုမိုအင်အားကောင်းလာတဲ့သတင်းကို ဆက်တိုက်ရနေပြီး ကျိုးယွင်ရှန့်က စိုးရိမ်ပူပန်လို့ တနေ့တခြား ကိုယ်အလေးချိန်လျော့ပြီး အဝတ်တွေချောင်လာတာကိုတွေ့တော့ ကျောက်ရွှမ်က သူ့ကိုပြန်ပေးဆွဲပြီး အစားသေချာစားအောင် မလုပ်နိုင်ရတဲ့ဘဝကို မုန်းတီးမိတယ်။

ကိုယ်ရံတော်ရာချီ စောင့်ကြပ်နေတဲ့မင်းကြီးကို စိတ်ထင်တိုင်း ပြန်ပေးမဆွဲနိုင်တဲ့အပြင် ဒီလူကို မထိတွေ့ရတဲ့အတွက် စိတ်မရှည်ခြင်းနဲ့ မချင့်မရဲဖြစ်နေရတယ်။ ဒီစိတ်နဲ့ သူ အိပ်ယာကနိုးလာတော့ အိပ်မက်ထဲကမင်းကြီးရဲ့ ညည်းသံတိုးတိုးကိုတောင် ကြားယောင်နေမိတယ်။ ဒီလိုတွေးရုံနဲ့ ကျောက်ရွှမ်ရဲ့ညီလေးက ထလာပြီး ပိုလို့တောင် တောင့်တ,လာခဲ့တယ်။

"မင်းကြီးက ယွိကော်နယ်စားကြီးကို ဆွေးနွေးစရာရှိလို့ သူ့တဲနန်းကို ဖိတ်ခိုင်းလိုက်ပါတယ်.."

လင်းအန်းရဲ့ ညနက်နက်မှာ လာပို့တဲ့သတင်းကြောင့် အမှောင်ဖုံးနေတဲ့ ကျောက်ရွှမ်ရဲ့စိတ်တို့ လင်းသွားတယ်လို့ ခံစားလိုက်ရတယ်။ ကျောက်ရွှမ်က စိတ်ထဲကပြုံးလိုက်ပေမယ့် အပြင်ပန်းက ဘာမှမထူးခြားသလို အမိန့်တော်ကိုလက်ခံလိုက်ပြီး မင်းကြီးရဲ့တဲနန်းကို ချက်ချင်းထွက်လာခဲ့တယ်။ မင်းကြီးရဲ့တဲနန်းကိုရောက်တော့ ဒူးထောက်အရိုအသေပေးပြီး သလွန်ပေါ်မှာ ခြေထောက်ချထိုင်နေတဲ့ ကျောက်စိမ်းဖြူရောင် ခြေထောက်ဖွေးဖွေးကို စိုက်ကြည့်ရင်း နှုတ်ဆက်လိုက်တယ်။

ဖယောင်းတိုင်အလင်းရောင် ဝါကျင့်ကျင့်က ရေချိုးပြီးစ လန်းဆန်းနေတဲ့ မင်းကြီးရဲ့အသားအရေပေါ် ဖြာကျနေပုံက တကယ့်ကို လှပလွန်းတယ်။ ကျောက်ရွှမ်ရဲ့စိတ်တွေက မငြိမ်မသက်ဖြစ်လာတယ်။ တကယ်လို့ အနောက်တောင်ဒေသ ပုန်ကန်မှုသာမရှိရင် မင်းကြီးလည်း နန်းတော်မှာရှိနေမှာပဲ။ ဒါဆိုရင် သူက နန်းတော်ထဲခိုးဝင်ပြီး ကျောက်စိမ်းလို အပြစ်အနာအဆာကင်းတဲ့ ခြေအစုံကို စိတ်တိုင်းကျ ကိုင်တွယ်ပွတ်သပ် နမ်းရှိုက်နိုင်မှာသေချာတယ်။ အခုတော့ အနီးကပ်တွေ့နေရပေမယ့် ထိခွင့်မရှိတဲ့အခြေအနေကို သူ လက်ခံသင့်ရဲ့လား။

"ထပါ.."

ကျိုးယွင်ရှန့်က သူ့ရှေ့မှာ ကျောက်ရွှမ်ဒူးထောက်တာ ကြိုက်ပေမယ့် အခုလို သူ့ခြေထောက်ကို စူးစူးစိုက်စိုက်ကြည့်နေတာ တွေ့ရတော့ ဒီလူရဲ့စိတ်ထဲ ဘာတွေတွေးနေတယ်ဆိုတာ ကောင်းကောင်းရိပ်မိလိုက်တယ်။ ဒါကြောင့် ဒီလူရဲ့မျက်နှာပေါ် ခြေထောက်နဲ့ကန်ပစ်ဖို့ စိတ်ကူးလိုက်ပေမယ့် ကန်များကန်လိုက်ရင် ကျောက်ရွှမ်က သူ့ကိုအရှက်ရအောင်လုပ်ပါတယ်ဆိုပြီး တွေးမယ့်အစား ခြေထောက်ကိုဖမ်းဆုပ်လို့ လျှာနဲ့လျက်မှာသေချာတယ်။ ဒီလူက ဘဝပေါင်း ဘယ်လောက်ပြောင်းပြောင်း ခြေထောက်စွဲလန်းလွန်စိတ်က ပြောင်းမသွားဘူး။ ဒီလိုတွေးမိပြီး ကျိုးယွင်ရှန့်က နဖူးကိုလက်နဲ့ပွတ်လို့ သက်ပြင်းရှိုက်လိုက်တယ်။

ဒီအမူအယာကိုတွေ့တော့ မင်းကြီးက သူပုန်ကိစ္စကို စိတ်ပူနေတာပဲလို့ ထင်သွားပြီး မင်းကြီးလက်ကို ညင်သာစွာဆုပ်ကိုင်ပြီး ပြောလိုက်တယ်။

"ကျွန်တော်မျိုး ဒီပုန်ကန်တဲ့ကိစ္စကို တာဝန်ယူဖြေရှင်းပါရစေ.."

ကျောက်ရွှမ်ရဲ့တပ်တွေက အနောက်တောင်နယ်စပ်တလျှောက်မှာ ဖြန့်ကျက်ထားပြီးဖြစ်လို့ နေ့တစ်ဝက်အတွင်း စစ်တပ်ကို ဝင်ရောက်တိုက်ခိုက်ဖို့ အမိန့်ပေးလို့ရတယ်။

"ပုန်ကန်မှုကိုနှိမ်နင်းဖို့ ငါကိုယ်တော် စစ်တပ်မသုံးချင်ဘူး.. ငါကိုယ်တော်မှာ ဖြေရှင်းမယ့်နည်းလမ်း ရှိပါတယ်.."

ကျိုးယွင်ရှန့်က ပြောင်လက်အောင်ပွတ်တိုက်ထားတဲ့ ကြေးနီမှန်ကို အကွာအဝေး 10cm ခြားထားတဲ့ ပြွန်နှစ်ခုဆက်ထားတဲ့ ကိရိယာတစ်ခုမှာ ထည့်လိုက်တယ်။

အနောက်တောင်ဒေသက မိုးခေါင်နေတာမဟုတ်လား။ သူတို့က အသက်ရှင်ချင်စိတ် ပြင်းပြသလို မိုးရွာစေချင်တဲ့စိတ်လည်း ပြင်းပြနေတယ်။ ဒါကြောင့် သူက အနောက်တောင်ဒေသကို မိုးသည်းသည်းထန်ထန်ရွာသလိုမျိုး ရေရအောင် လုပ်ပေးမှာဖြစ်တယ်။

ကျောက်ရွှမ်က မင်းကြီးရဲ့စကားကိုကြားတော့ ခေါင်းညိတ်လိုက်တယ်။ ဘာမေးခွန်းမှတော့ မမေးလိုက်ဘူး။

"မင်းကိုခေါ်ရတဲ့အကြောင်းရင်းက ငါကိုယ်တော်အတွက် သစ်သားချောင်းတွေကို ပုံစံထဲမှာပြထားတဲ့အတိုင်း ချွန်ပေးဖို့ပဲ.."

ကျိုးယွင်ရှန့်က ဓား ထက်၊မထက် စမ်းရင်း စားပွဲပေါ်ပြင်ထားတဲ့ ပစ္စည်းတွေဘက်ကို မေးငေါ့ပြလိုက်တယ်။

ကျောက်ရွှမ်က မင်းကြီးရဲ့ ခုလို ပုံမှန်အနေအထားမျိုးလေးနဲ့ ပြောဆိုခိုင်းစေတာကို သဘောကျတယ်။ ဒါကြောင့် သူက ခုံတစ်လုံးကိုယူထိုင်ပြီး သစ်သားချောင်းတွေကို ဓားနဲ့ချွန်ပေးတော့တယ်။ သစ်မှုန်တချို့၊ သစ်သားဖတ်တချို့က မင်းကြီးရဲ့ခြေဖမိုးပေါ်ကို ကျသွားတော့ သူက တောင်းပန်ပြီး လက်နဲ့ပွတ်သပ်လို့ ဖယ်ပေးလိုက်တယ်။ သတိမထားမိဘဲ ကျောက်ရွှမ်ရဲ့လက်ချောင်းထိပ်တွေက မင်းကြီးရဲ့ ခြေချောင်းထိပ်လေးတွေကို ပွတ်တိုက်သွားတယ်။

ကျိုးယွင်ရှန့်က သူတမင်လုပ်တာလားဆိုပြီး မျက်နှာကိုစိုက်ကြည့်လိုက်ပေမယ့် မသင်္ကာစရာမတွေ့ရလို့ ဘာမှမပြောလိုက်နိုင်ပေမယ့် မရိုးမရွဖြစ်အောင်လုပ်တဲ့ ဒီလူကို စိတ်ထဲကနေ ကျိန်ဆဲလိုက်မိတယ်။

ကျောက်ရွှမ်က တမင်သက်သက် မင်းကြီးရဲ့ခြေထောက်ပေါ်ကိုကျအောင် သစ်သားချောင်းကို ချွန်လိုက်ပြန်တယ်။ သစ်သားမှုန်တွေတင်နေတာတွေ့တော့ ထိတ်လန့်တကြားတောင်းပန်ပြီး လက်နဲ့ ထိတွေ့ပွတ်သပ်ပေးပြန်တယ်။ သုံးကြိမ်တိတိလုပ်ပြီးတော့ ကျိုးယွင်ရှန့် သည်းမခံနိုင်တော့ဘဲ သူ့ကိုငေါက်လိုက်ပြီး မျက်နှာပေါ် ခြေထောက်ကိုလှမ်းတင်ပြီး ပြောလိုက်တယ်။

"သွား.. မင်းကို ငါကိုယ်တော် ဓားနဲ့မထိုးမိခင် ဟိုနားသွားထိုင်ပြီး သစ်သားချောင်းတွေ ချွန်စမ်း.."

သူ့ခြေထောက်ကိုပြန်မရုပ်ခင် ခြေဖဝါးမှာ စိုစွတ်မှုကိုခံစားလိုက်ရလို့ ကျိုးယွင်ရှန့် ချက်ချင်း ခြေထောက်ကိုရုပ်ပြီး စိတ်ဆိုးရမလား၊ ရယ်ရမလား မသိလိုက်တော့ဘူး။

ဒီတိရိစ္ဆာန်ကြီးက တကယ် အမှတ်သည်းခြေကို မရှိဘူး။

"ကျွန်တော်မျိုးရဲ့အမှားကို ခွင့်လွှတ်တော်မူပါ မင်းကြီး.. ကျွန်တော်မျိုး ဟိုနားမှာထိုင်ပြီး သစ်သားကို အချောသပ်လိုက်ပါ့မယ်.."

ကျောက်ရွှမ်က ခပ်လှမ်းလှမ်းမှာထိုင်ပြီး အမိန့်နာခံစွာနဲ့ အလုပ်ဆက်လုပ်နေပေမယ့် သူက ခုနက မင်းကြီးခြေထောက်ကို ခိုးလျက်,လိုက်တာကိုတွေးပြီး အရသာခံနေလိုက်တယ်။

ကျိုးယွင်ရှန့်က ကျောက်ရွှမ်ကိုခေါ်ပြီး သစ်သားချောင်းတွေချွန်ခိုင်းတာ တမင်ခေါ်ညှင်းဆဲတာဖြစ်ပေမယ့် အခုတော့ သူက ပျော်ရွှင်စွာနဲ့လုပ်နေတာ တွေ့ရတယ်။ ဒါပေမယ့် ကျောက်ရွှမ်အလုပ်လုပ်တဲ့နှုန်းက နှေးသည်ထက်နှေးနေပြီး တောက်ပစူးရှတဲ့မျက်လုံးကြီးနဲ့ သူ့ကိုစုန်ဆန်ကြည့်ပြီး စိတ်ထဲကနေ ပြစ်မှားနေတော့တယ်။ ဒီအကြည့်ကြောင့် ကျိုးယွင်ရှန့်ရဲ့တစ်ကိုယ်လုံးက သွေးတွေဆူပွက်လာသလို ခံစားရပြီး ကျောက်ရွှမ်ကို သလွန်ပေါ်ဆွဲတင်လို့ ချစ်တင်းနှောချင်စိတ်တောင် ဖြစ်လာစေတယ်။

"ညနက်ပြီ.. မင်းပြန်တော့.."

ကျိုးယွင်ရှန့်က သူ့ကို လွယ်လွယ်သွားခွင့်မပြုချင်ပေမယ့် ခုလိုဆက်ကြည့်နေတာ မခံချင်လို့ အင်္ကျီလက်စကိုယမ်းပြီး မောင်းထုတ်လိုက်တယ်။

ကျောက်ရွှမ်က ရိုရိုသေသေ အရိုအသေပေးပြီး နှုတ်ဆက်လို့ မင်းကြီးတဲနန်းက ထွက်လာခဲ့တယ်။ ကျောက်ရွှမ် သူ့တဲနန်းကိုရောက်တော့ အတွင်းအားနဲ့ထိန်းချုပ်ထားတဲ့ သူ့ကိုယ်ထဲကရမ္မက်စိတ်ကို တစ်ခါတည်းလွှတ်ပေးလိုက်ပြီး မင်းကြီးရဲ့ တော်ဝင်ဆန်တဲ့မျက်နှာလေးနဲ့ ညည်းသံတွေကို စိတ်မှာခံစားလို့ ကြားယောင်နေတော့တယ်။

••••••••••••••••••••••••••••••

အနောက်တောင်ဒေသက သူပုန်တွေကြောင့် ဖရိုဖရဲဖြစ်နေပြီး နေရာတိုင်း ထကြွသောင်းကျန်းနေလို့ မလွှဲသာတဲ့အဆုံး ကျိုးယွင်ရှန့်က စစ်တပ်ကိုသုံးပြီး နှိမ်နင်းမှုကိုပြုရတယ်။ သူဖြတ်သန်းလာတဲ့ လမ်းတလျှောက် စစ်တပ်နဲ့ ရှင်းလင်းလာပေမယ့် သူက အပြစ်မဲ့သူကိုသတ်ဖြစ်တာ မလုပ်ခိုင်းဘူး။ ရှည်လျားတဲ့ ခရီးလမ်းဆုံးကိုရောက်တော့ မင်းကြီးက ဒဏ်ရာရထားတဲ့ ချီကျင်းယွိရှိနေတဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူးအိမ်ကို ဆိုက်ရောက်လာတော့တယ်။ ချီကျင်းယွိရဲ့ဒဏ်ရာက ဆိုးဝါးပြီး အိပ်ယာထဲလဲတဲ့အထိတောင် ဖြစ်နေတာကို တွေ့လိုက်ရတယ်။

လဝက်ကြာပြီဖြစ်လို့ ချီကျင်းယွိရဲ့ဒဏ်ရာက သက်သာနေပြီဖြစ်ပေမယ့် ဒဏ်ရာကနေပိုးဝင်လို့ သူ့အခြေအနေက အန္တရာယ်ရှိနေဆဲပဲဖြစ်တယ်။ ကျိုးယွင်ရှန့်ဘက်မှာ အရာရှိအတော်များများ ရှိနေပြီဆိုပေမယ့် သူ့ဂုဏ်သိက္ခာအတွက် 'ဂရုစိုက်တတ်တဲ့အစ်ကိုကြီး' ဆိုတဲ့ပုံရိပ်ကို ဆက်ထိန်းဖို့လိုသေးတယ်။ စိတ်ကိုတင်းပြီး အခန်းတံခါးကို ဖွင့်ဝင်သွားပေမယ့် ချီကျင်းယွိရဲ့မျက်နှာကိုတွေ့လိုက်ချိန် သူ့ကို နောက်ကျောကဓားနဲ့ထိုးတဲ့ သစ္စာမဲ့ကောင်ကို မုန်းတီးတဲ့စိတ်က လှိုက်တက်လာတော့တယ်။

ချီကျင်းယွိရဲ့မျက်နှာထက်က အမာရွတ်က ကြောက်စရာကောင်းအောင် ထင်ရှားနေတယ်။ မျက်လုံးထောင့်ကနေ ပါးရိုးထိ နက်ရှိုင်းတဲ့ဓားဒဏ်ရာကြီးရှိနေပြီး ကုသတဲ့သမားတော်ရဲ့ လက်ရာမသေသပ်မှုကြောင့် ရုပ်ဆိုးတဲ့အမာရွတ်ကြီးက ထင်းထင်းကြီးဖြစ်နေတယ်။ ဓားဒဏ်ရာတချို့က နှာတံသွယ်သွယ်နဲ့ နှုတ်ခမ်းကိုပါ ခုတ်မိထားသေးတယ်။ ဒါကြောင့် ချီကျင်းယွိရဲ့မျက်နှာတစ်ခြမ်းက ပုံမှန်ဖြစ်ပေမယ့် မျက်နှာတစ်ခြမ်းက ကြောက်စရာရုပ်ရည်သွင်ပြင်ကို ဖြစ်ပေါ်စေပြီး အရင်တစ်ခါက ချောမောခန့်ညားတဲ့ တော်ဝင်မင်းသားပါဆိုတာ မယုံနိုင်အောင်ဖြစ်မိတယ်။ ဒီမျက်နှာကိုတွေ့ရင် ကလေးတွေ လန့်ငိုမှာသေချာတယ်။ ကျောက်ပိယွမ်သာ ဒီရုပ်ကိုတွေ့ရင် ဘယ်လိုဖြစ်မယ်ဆိုတာ ကျိုးယွင်ရှန့် သိချင်သွားတယ်။

ရင်ထဲကကျေနပ်မှုကို သိုဝှက်ပြီး ကျိုးယွင်ရှန့်က ချီကျင်းယွိရဲ့လက်ကို ညင်ညင်သာသာဆုပ်ကိုင်လို့ မေးလိုက်တယ်။

"ညီတော်လေး.. ဘယ်လိုနေသေးလဲ.."

ကျိုးယွင်ရှန့်ရဲ့လေသံက ကြင်နာပြီး မျက်ဝန်းတွေက စိုးရိမ်မှုအပြည့်နဲ့ဖြစ်တယ်။ ချီကျင်းယွိက အိပ်ယာထဲလဲနေတဲ့တလျှောက်လုံး သူတို့ကိုတိုက်ခိုက်တဲ့ ဓားပြအုပ်စုရဲ့လှုပ်ရှားမှုကို တစ်ခုချင်းပြန်တွေးရင်း စဉ်းစားနေခဲ့တယ်။ ဒီဓားပြတွေက ဒေသခံသူပုန်နဲ့ ဓားပြတွေ မဟုတ်နိုင်တာသေချာတယ်။ သူပုန်တွေက ကျန်းပိန်ဗိုလ်ချုပ်ကြီးရဲ့ လက်ရွေးစင်တပ်သားတွေကို ထိခိုက်အောင် ဘယ်လိုမှမလုပ်နိုင်ဘူး။ ဒီဓားပြတွေက သေချာလေ့ကျင့်ထားတဲ့ စစ်သားတွေဖြစ်ရမယ်။ ဒီကမ္ဘာပေါ်မှာ သူ့ကို အသတ်ချင်ဆုံးလူက ချီရိနဉ်ဆိုတော့ ဒီအယောင်ဆောင်ဓားပြတွေကိုလွှတ်ပြီး သတ်ခိုင်းတာ သူ့ရဲ့နောင်တော်မင်းကြီးပဲ ဖြစ်ရမယ်လို့ ချီကျင်းယွိက ကောက်ချက်ချလိုက်တယ်။

အခု ချီရိနဉ်ရဲ့ ဟန်ဆောင်ဂရုဏာတရားနဲ့ ကြင်နာမှုကိုတွေ့လိုက်ရချိန်မှာ ချီကျင်းယွိက ဒေါသထွက်လွန်းလို့ သွေးအန်တော့မလို ခံစားလိုက်ရပေမယ့် မျက်နှာပေါ် စိတ်ခံစားချက်ကို မထင်ဟပ်စေဘဲ ချီကျင်းယွိက လိုက်ပါသရုပ်ဆောင်လို့ စိတ်ကိုထိန်းချုပ်လိုက်တယ်။ အခုချိန်မှာ သူ့မျက်နှာက ပျက်ဆီးပြီး ဒုက္ခိတဖြစ်နေပြီ။ သူ ထီးနန်းကိုရဖို့ မဖြစ်နိုင်တော့ဘဲ အိပ်ယာထက်မှာပဲ လဲလျောင်းနေရတယ်။ သူ ဆက်ပြီးအသက်ရှင်ဖို့နဲ့ သူ့ဘဝရှေ့ဆက်နိုင်ဖို့ စီစဉ်ထားတာရှိတယ်။ သူ့မှာ ဘာမှမရှိတော့ပေမယ့် သားအရင်းတစ်ယောက် ရှိသေးတယ်။ ဒီသားလေးက နန်းတော်ထဲမှာကြီးပြင်းလာပြီး မကြာခင် အိမ်ရှေ့စံမင်းသားအဖြစ် ချီးမြှောက်ခံရတော့မယ်။ ဒီကနေ သူ အများကြီး အကျိုးအမြတ်ရနိုင်သေးတယ်။ အခုချိန်မှာ ချီရိနဉ်က ဟန်ဆောင်နေပေမယ့် တစ်နေ့ သားတော်လေးက သူ့သားအရင်းဖြစ်နေတယ်ဆိုတာ သိသွားမယ့်တစ်နေ့ကို မြင်ချင်လို့ ချီကျင်းယွိ စောင့်တောင်မစောင့်နိုင်တော့ဘူး။ သူ့သားက ဘုရင်ဖြစ်သွားချိန်မှာ ချီရိနဉ်က ဒီသားက ညီဖြစ်သူနဲ့သူ့မယားတို့ အကြိမ်ကြိမ်ဖောက်ပြန်ပြီး ရလာတဲ့ ကလေးဆိုတာများသိလိုက်ရရင် မျက်ရည်မဆည်နိုင်ဖြစ်ရမှာ သေချာတယ်။ ဒီအတွေးကြောင့် ချီကျင်းယွိရဲ့စိတ်ထဲကနေ ကျေနပ်လို့နေတယ်။

ချီရိနဉ်ကို ကလဲ့စားချေစရာ ဝှက်ဖဲကို ကိုင်ထားနိုင်တဲ့အတွက် ချီကျင်းယွိက လက်ရှိကြုံနေရတဲ့ ဘေးဒုက္ခကို ကြံ့ကြံ့ခံဖို့ အားအင်တွေရှိနေတာဖြစ်တယ်။

ကျောက်ရွှမ်အနေနဲ့ ချီကျင်းယွိကို တစ်ခါတည်းအပြတ်ရှင်းလိုက်တာထက် ခုလို သေတာထက်ဆိုးတဲ့ဘဝနဲ့ ရှင်သန်ခိုင်းတာ သူ့ကို ဒီလောက် ကျေနပ်နှစ်သိမ့်စေလိမ့်မယ်ဆိုတာ ကျိုးယွင်ရှန့် တစ်ခါမှမတွေးခဲ့မိဘူး။ ပြီးတော့သူ့စိတ်က ကျေနပ်နေရတဲ့ နောက်တစ်ချက်က သူ့နောက်မှာ ကျောက်ရွှမ်နဲ့လော့ကျန်းတို့ ရပ်နေတာပဲဖြစ်တယ်။ ကျိုးယွင်ရှန့်က ကျောက်ရွှမ်ကို ရှေ့တက်လာဖို့လက်ညှိုးထိုးပြီး လှမ်းခေါ်လိုက်တယ်။

ကျောက်ရွှမ်က ရှေ့ကိုချက်ချင်းတိုးလာပြီး မင်းကြီးအမိန့်ပေးမှာကို စောင့်နေပေမယ့် မထင်မှတ်ဘဲ မင်းကြီးက လက်ဆန့်ပြီး သူ့ပါးပြင်ကို အမှတ်တမဲ့ပွတ်သပ်လို့ ဘာမှမပြောဘဲ လှည့်ထွက်သွားတယ်။

"မင်းကြီးရဲ့အပြုအမူက ဘာကိုဆိုလာတာလဲ.."

လော့ကျန်းက အံ့အားသင့်ပြီး တုန်လှုပ်စွာနဲ့ ကျောက်ရွှမ်ကိုမေးလိုက်တယ်။

"ကျုပ်လည်းမသိဘူး.."

ကျောက်ရွှမ်က ဖုံးကွယ်လိုက်ပေမယ့် သူ့ချစ်သူထိသွားတဲ့ပါးပြင်က ပူရှိန်းနေပြီး ရင်ထဲမီးလောင်နေသလို ခံစားနေရတယ်။ သူက ဒီတစ်သက်မှာ နူးညံ့တဲ့ချစ်ခြင်းမေတ္တာဆိုတာ ရနိုင်တော့မှာမဟုတ်ဘူးလို့ ထင်ထားခဲ့ပေမယ့် မင်းကြီးရဲ့ အပြုအမူလေးတစ်ချက်ကနေ သိမ်မွေ့တဲ့ချစ်ခြင်းကို ခံစားလိုက်ရတော့မှ သူ့အတွေးမှားနေတယ်ဆိုတာ သိတော့တယ်။ ဒါကြောင့် သူက ဘာကိုမှမပြောနိုင်တော့ဘဲ သူနေတဲ့နေရာကို စိတ်လှုပ်ရှားစွာနဲ့ ပြန်လာခဲ့တော့တယ်။ ကျောက်ရွှမ်ရဲ့အမူအယာကိုကြည့်ပြီး ငယ်သားအားလုံးက သူတို့မျက်စိမှားနေသလားတောင် ထင်လိုက်ကြတယ်။

သူတို့ဗိုလ်ချုပ်ကြီးရဲ့မျက်နှာက နီနေပြီး ရှက်ကိုးရှက်ကန်းဖြစ်နေသလိုပဲ။

သူတို့မျက်စိပဲ အကြည့်မှားနေသလား မသိတော့ဘူး။


🍁🍁🍁🍁🍁🍁🍁🍁

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now