FOD Extra 2 _ Chapter (15) - Yu Cang Hai

4.5K 435 6
                                    

FOD Extra 2 _ Chapter (15) - Yu Cang Hai

ပြင်းထန်တဲ့တိုက်ပွဲကို ဆင်နွှဲပြီးတဲ့နောက် ဂိုဏ်းခေါင်းဆောင်သခင် ယွီချန်းဟိုင်လည်း မောပန်းလွန်းလို့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတော့တယ်။ ဇီရွှမ်နဲ့ကျိုးယွင်ရှန့်က စမ်းချောင်းလေးတစ်ခုမှာ ရေချိုးပြီး မြို့စွန်က လူမနေတဲ့အိမ်ပျက်တစ်လုံးမှာ နားနေကြတာဖြစ်တယ်။ ကျိုးယွင်ရှန့်ကသာ အိပ်ပျော်သွားပေမယ့် ဇီရွှမ်က အိပ်မပျော်ဘဲ ဘေးမှာထိုင်နေပြီး သူ့ကျန်းချီတွေကို မှန်ကန်တဲ့လမ်းကြောင်းအတိုင်း လှည့်ပတ်နေလိုက်တယ်။ ကျန်းချီတွေက နောက်ဆုံး သူ့ရဲ့တျန်းထန်းထဲကို ဝင်ရောက်သွားပြီးတဲ့နောက်ပိုင်းမှာ သူ့မျက်သားပေါ်က အနီရောင်တွေ တဖြည်းဖြည်းလျော့ပါးသွားပြီး ပင်ကိုယ်အဖြူရောင် ပြန်ပေါ်လာတော့တယ်။ မြူတွေလို သူ့စိတ်ထဲ ဝေဝါးနေစေတဲ့ အတွေးအားလုံးလည်း လွင့်ပြယ်ပြီး တဖြည်းဖြည်း ပြန်ကောင်းလာတော့တယ်။

တပ်မက်စရာ၊ ရူးသွပ်စရာကောင်းတဲ့ မြင်ကွင်းတွေက သွေးဆူကြွချင်စရာ သူ့စိတ်ထဲ ပြန်မြင်ယောင်နေတုန်းပဲ။ သူ့ရဲ့လက်မှာ အခုချိန်ထိ သွေးစအနည်းငယ် ပေနေဆဲဖြစ်ပြီး သူ့ဘေးမှာ ငြိမ်သက်စွာအိပ်မောကျနေတဲ့ လူငယ်လေးက ပြင်းထန်စွာဆွဲဆောင်နေသလို ခံစားနေရဆဲဖြစ်တယ်။ ကြုံတွေ့သမျှ အရာအားလုံးက ပျော်စရာအိပ်မက်တွေဖြစ်ပြီး နိုးလာတာနဲ့ ပုံမှန်ပြန်ဖြစ်တာလိုချင်ပေမယ့် တစ်နေ့တာကုန်ဆုံးသွားတဲ့အခါ အိပ်မက်ကနေ ဇီရွှမ် နိုးထလာခဲ့ပြီ။

ဇီရွှမ်က ပြတင်းပေါက်ကနေ ခြံထဲကိုခုန်ဆင်းလိုက်ပြီး အာရုံဦးရောင်ခြည်ကို စောင့်ဆိုင်းနေခဲ့တယ်။ နှစ်နာရီလောက်ကြာတော့ ရောင်ခြည်နွေးတွေက တိမ်တိုက်ကိုကျော်ဖြတ်ပြီး အရှေ့မိုးကောင်းကင်ကနေ သူ့မျက်နှာပေါ်ကို ဖြာကျလာတော့တယ်။ ဒီနေခြည်နွေးက သူ့ကို နွေးထွေးမှုကို ခံစားရစေတယ်ဆိုပေမယ့် နက်ရှိုင်းတဲ့အတွေးချောက်ထဲ နစ်မြုပ်နေတဲ့ သူ့ကို အေးစက်တဲ့ခံစားမှုတွေကို ပေးစွမ်းနေပြန်တယ်။

အခု သူက ရှောင်လင်ဂိုဏ်းရဲ့စည်းကမ်းနဲ့ သူ့ဆရာသခင်ချမှတ်ထားတဲ့ လမ်းစဉ်ကို ချိုးဖောက်ပြီး မကောင်းဆိုးဝါးလမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဆိုတာ ဇီရွှမ်သိလိုက်တယ်။ ဒီအတွေးက သူ့ကို ဖိစီးမှုဖြစ်စေပြီး မလှုပ်မယှက် ကျောက်ရုပ်လို အိမ်ခေါင်မိုးပေါ်မှာ ရပ်နေစေတော့တယ်။ သူ အခုချိန်မှာ အခန်းထဲမှာအိပ်ပျော်နေတဲ့ ယွီချန်းဟိုင် (ကျိုးယွင်ရှန့်)ကို မျက်နှာချင်းမဆိုင်ရဲသလို ဆရာသခင်ရှေ့မှာလည်း မျက်နှာမပြရဲတော့ဘူး။

အဲ့ဒီအချိန်မှာ အခန်းထဲမှာအိပ်နေတဲ့ လူငယ်လေးဆီက အသက်ရှူသံလေးလေးနဲ့ မကြာခင်နိုးထလာတော့မယ့်ဟန် လူးလွန့်နေတာကိုကြားတော့ မျက်နှာပူကြောက်လန့်ပြီး အိမ်အမိုးပေါ်ကနေတစ်ဆင့် တခြားကို ခုန်ပျံထွက်ပြေးလာတော့တယ်။

တိုက်တိုက်ဆိုင်ဆိုင်ပဲ ရှောင်လင်ဂိုဏ်းချုပ်က စေလွှတ်လိုက်တဲ့ ဝါစဉ်ကြီး ဘုန်းတော်ကြီးအဖွဲ့နဲ့ဆုံတွေ့ပြီး ကျောင်းတော်ဆီကို အတင်းအကျပ် ခေါ်ဆောင်သွားခြင်းခံလိုက်ရတယ်။ ကျိုးယွင်ရှန့်နိုးလာတော့ သူ့ချစ်သူကိုမတွေ့တာနဲ့ ပတ်ပတ်လည် မိုင်အတော်များများမှာ ဇီရွှမ့်ကိုလိုက်ရှာတော့ သစ်တောထဲမှာ တိုက်ပွဲဖြစ်သလို ရှုတ်ယှက်ခတ်နေတာကို တွေ့လိုက်ရပြီး သစ်ပင်ကြီးတွေ အပိုင်းပိုင်းပြတ်နေတာတွေ၊ အမြစ်ကကျွတ်ပြီး လဲကျနေတာတွေကို တွေ့လိုက်ရတယ်။

သစ်ပင်တစ်ပင်ရဲ့ပင်စည်မှာ ရှောင်လင်ကျောင်းရဲ့နာမည်ကျော် စိန်လက်ဝါးခုနစ်ဆယ့်နှစ်ချက်ဖြစ်ပေါ်တဲ့ နက်ရှိုင်းတဲ့ လက်ဝါးရာကြီးကိုတွေ့တော့ ဇီရွှမ့်ကို ရှောင်လင်ဂိုဏ်းသားတွေ အတင်းခေါ်သွားတယ်ဆိုတာ သေချာသိလိုက်ရတယ်။ ဒါကြောင့် ကျိုးယွင်ရှန့်က ရိက္ခာခြောက်ကိုဝယ်ခြမ်းပြီး ရှောင်လင်ကျောင်းကိုဦးတည်လို့ ခရီးထွက်လာခဲ့တယ်။ သူ့ချစ်သူကို ပြန်ပြီး ကယ်တင်ရမယ်လို့ စိတ်ကို ပိုင်းဖြတ်ထားလိုက်တယ်။

ရှောင်လင်ကျောင်းရဲ့ ဝါစဉ်ကြီးဂိုဏ်းသားတွေက ဇီရွှမ့်ကိုသတ်မပစ်ဘဲ ရှောင်လင်ကျောင်းကို အတင်းအကျပ် ခေါ်ဆောင်လာကြတာဖြစ်တယ်။ ကျိုးယွင်ရှန့်က ခရီးဆက်လာတဲ့အချိန်မှာ ဇီရွှမ်က ရှောင်လင်ကျောင်းရဲ့ ပြစ်ဒဏ်ခန်းမမှာ ဒူးထောက်နေပြီး ဆရာသခင်နဲ့ ဝါစဉ်ကြီးဆရာတော်တွေရဲ့ မေးခွန်းကို ရှက်ရွံ့သိမ်ငယ်စွာ ဖြေကြားနေရတယ်။

ဂိုဏ်းချုပ်ဆရာတော် ကျီရှန်းက သူ့တပည့်ကိုမေးလိုက်တယ်။

"မင်းက သန့်စင်တဲ့ ယန်ကျင့်စဉ်ကို ချိုးဖောက်ပြီး ရူးသွပ်သွားပြီပဲ.."

ဆရာတော်က ဇီရွှမ်ရဲ့သွေးကြောကို စမ်းသပ်ကြည့်ပြီး ဝမ်းနည်းပမ်းနည်း ပြောလိုက်တယ်။ သန့်စင်ယန်ခန္ဓာနဲ့ မွေးဖွားလာတဲ့လူငယ်လေးက မကြာခင် ယန်ခန္ဓာကျင့်စဉ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိပြီး ထူးချွန်ပေါက်မြောက်သွားမယ်လို့ အားလုံးက မျှော်လင့်ထားပေမယ့် အခုတော့ သန့်စင်ယန်ကျင့်စဉ်ကနေ သွေဖယ်ပြီး အလကားဖြစ်ကုန်ပြီ။

ဇီရွှမ်က ဆရာသခင်ရဲ့စကားကြောင့် ခေါင်းငုံ့နေပြီး ရှက်ရွံ့မှုက တစ်ကိုယ်လုံးကိုပျံ့နှံ့လို့ စကားတစ်လုံးတောင် ဖွင့်ဟမပြောဝံ့တော့ဘူး။ ပုံမှန်ဆိုရင် ရှောင်လင်ဂိုဏ်းက မကောင်းဆိုးဝါးလမ်းစဉ်ကိုကျင့်တဲ့ တပည့်သားမြေးတွေရဲ့ သိုင်းပညာကိုဖျက်ဆီးပြီး ဂိုဏ်းကနှင်ထုတ်လိုက်ပေမယ့် အခု ဂိုဏ်းချုပ်ကြီးက ဇီရွှမ်ကို ဒီလိုမလုပ်ရက်ဘူး။ ဒါကြောင့် အခြားဝါစဉ်ကြီး ဘုန်းတော်ကြီးတွေနဲ့တိုင်ပင်ပြီး ပြစ်ဒဏ်တုတ်ချက် ၃၀၀ ကိုခံပြီး လှိုဏ်ဂူထဲမှာ ဆင်ခြင်သုံးသပ်မှုပြစ်ဒဏ်ကို ငါးနှစ်လုပ်ခိုင်းဖို့ ဆုံးဖြတ်လိုက်ကြတယ်။

ဇီရွှမ်က တုတ်ချက် ၃၀၀ ကို လက်ခံပြီးနောက် အတွင်းဒဏ်ရာက ဆိုးဝါးလာတယ်။ သူ့ကျန်းချီတွေက မတည်မငြိမ်ဖြစ်လာပြီး တျန်းထန်းထဲကချီတွေက မရီဒန်ထဲကို စီးဝင်သွားတော့တယ်။ ချက်ချင်းပဲ သူ့မျက်ဝန်းထဲမှာ သွေးနီရောင်ဖြစ်လာပြီး၊ ဝါဝင်းတဲ့အသားအရေက ဖြူပြာပြာအရောင်ဖြစ်လာပြီး အကြောပြာပြာတွေက တစ်ကိုယ်လုံးကို လိမ်ယှက်ပြီးပေါ်လာတယ်။

ဇီရွှမ့်ရဲ့ အခုပုံစံက လူသားကနေ မကောင်းဆိုးဝါးပုံ ဖြစ်ပေါ်နေတယ်။ လှိုဏ်ဂူကိုစောင့်ကြပ်ရတဲ့ ဘုန်းကြီးက ဇီရွှမ်ရဲ့ပြောင်းလဲမှုကြောင့် သွားချင်းရိုက်ခတ်နေအောင် ကြောက်လန့်သွားတယ်။ ဇီရွှမ်သာ ထိန်းချုပ်မှုကလွတ်သွားရင် ဒီရှောင်လင်ကျောင်းတော်ကြီးမှာ သွေးချောင်းစီးသတ်ဖြတ်မှုတွေ ဖြစ်တော့မယ်ဆိုတာသိလို့ ဂိုဏ်းချုပ်နဲ့အကြီးအကဲတွေဆီကို အပြေးသွားပြီး သတင်းပို့လိုက်တယ်။

ဂိုဏ်းချုပ်နဲ့ ဝါရင့်ဘုန်းကြီးတွေ ချက်ချင်းရောက်လာပြီး ဇီရွှမ်ရဲ့ မကောင်းဆိုးဝါးတစ်ပိုင်း ပုံစံကိုတွေ့တော့ ထိတ်လန့်သွားကြတယ်။

"မကောင်းတော့ဘူး.. သူ မကြာခင် မကောင်းဆိုးဝါးအဖြစ် ပြောင်းလဲတော့မယ်.. အားလုံး.. သူ့ကိုယ်ထဲကို ကျန်းချီတွေထည့်ပြီး မကောင်းဆိုးဝါးအရှိန်ကို ဖိနှိပ်လိုက်ကြ.."

ဂိုဏ်းချုပ်ကြီးက နှောင့်နှေးခြင်းမရှိဘဲ ဇီရွှမ့်အရှေ့မှာ တင်ပျဉ်ခွေထိုင်ချလိုက်ပြီး ကျန်းချီတွေနဲ့ ဇီရွှမ့်ကိုယ်ထဲကို အားဖြည့်ပေးလိုက်တယ်။ ဂိုဏ်းချုပ်ရဲ့အမိန့်ကြောင့် ကျန်ဘုန်းကြီးတွေလည်း ချက်ချင်း ဇီရွှမ့်ပတ်လည်မှာဝိုင်းထိုင်ပြီး ကျန်းချီတွေကို လွှဲပြောင်းပို့ဆောင်ပေးကြတော့တယ်။

ဒီကျန်းချီတွေက ဇီရွှမ့်ကိုယ်ထဲက ဖောက်ပြန်နေတဲ့ချီတွေကို ဖိနှိပ်လိုက်လို့ ဇီရွှမ်ရဲ့ကိုယ်ပေါ်က အပြာရောင်သွေးကြောတွေ တဖြည်းဖြည်း လျော့ပါးသွားကြတယ်။ ဒါက ခဏပဲထိန်းနိုင်တာဖြစ်ပြီး နောက်တစ်ခါ ကိုယ်ပေါ်ကို အစိမ်းရောင်သွေးကြောတွေ ယှက်သမ်းပေါ်လာပြီး ပထမတစ်ခါထက် ဇီရွှမ့်ကို ဝေဒနာခံစားရစေတယ်။

လှိုဏ်ဂူအပြင်မှာရှိတဲ့ ဘုန်းကြီးဆီကို ဂိုဏ်းချုပ်က လှမ်းပြောလိုက်တယ်။

"ကျန်ခန်းမကဘုန်းကြီးတွေ အကုန်ခေါ်လာပြီး မကောင်းဆိုးဝါးကိုတားဆီးဖို့ ဗုဒ္ဓကျမ်းစာကို လာပြီး ရွတ်ဖတ်ခိုင်းလိုက်"

ဂိုဏ်းချုပ်ကြီးက အမိန့်ပေးပြီး ဇီရွှမ်ရဲ့ကိုယ်ထဲ ကျန်းချီတွေ ထပ်ဖြည့်ပေးလိုက်တယ်။

ဂိုဏ်းချုပ်ကြီးရဲ့အမိန့်ကြောင့် ကျောင်းတော်တစ်ခုလုံး ဘုန်းတော်ကြီးတွေက မနှောင့်နှေးရဲဘဲ အပြစ်ပြန်လည်ဆင်ခြင်ရာ လှိုဏ်ဂူအပြင်ဘက်မှာ အထပ်ထပ်ဝန်းရံထိုင်နေကြပြီး ဗုဒ္ဓကျမ်းစာကို ညီညာဖျဖျ ရွတ်ဆိုလိုက်ကြတော့တယ်။ ဒီရွတ်ဖတ်တဲ့ တရားသံတွေကိုကြားတော့ ဇီရွှမ်ရဲ့ ဖောက်ပြန်နေတဲ့အတွေးတွေက တစ်စတစ်စ ပိုမိုငြိမ်သက်လာခဲ့တယ်။ သူ့မျက်လုံးထဲမှာမြင်နေရတဲ့ ရူးလောက်အောင် ဆွဲမက်စရာကောင်းတဲ့ လူငယ်လေးနဲ့ သွေးအိုင်ထဲမှာ လုံးထွေးယှက်တင် သွေးသားဖလှယ်နေတဲ့မြင်ကွင်းတွေ၊ စိတ်ကိုထကြွစေတဲ့ ရမ္မက်ကြွဖွယ် ကျေနပ်တဲ့ညည်းညူသံတွေက စိတ်အာရုံထဲကနေ တဖြည်းဖြည်း မှုန်ဝါးလာခဲ့တယ်။ ဇီရွှမ်ရဲ့စိတ်အာရုံက သူငယ်စဉ်ကတည်းက ရွတ်ဖတ်ခဲ့တဲ့ ဗုဒ္ဓကျမ်းစာတွေကို သေချာကြားနေပြီး အပြင်ကအသံနဲ့အတူ စိတ်ထဲမှာ လိုက်လံရွတ်ဆိုနေမိတယ်။

သူ့ကိုယ်ပေါ်က မိစ္ဆာနဲ့တူတဲ့အရိပ်တွေ တဖြည်းဖြည်းလျော့သွားပြီး သာမာန်လူသားပုံစံ ပြန်လည်ဖြစ်လာတော့မှ ဂိုဏ်းချုပ်ကြီးက ကျန်းချီသွင်းပေးတာကနေ ရပ်သွားတော့တယ်။ ဇီရွှမ် ပုံမှန်ဖြစ်သွားတော့မှ ဂိုဏ်းချုပ်ကြီးက ကျန်တဲ့သူတွေအားလုံးကို ပြန်လွှတ်လိုက်တယ်။

ဇီရွှမ်က စိတ်နှလုံးတည်ငြိမ်သွားတော့ ကျန်းချီတွေကို မှန်ကန်တဲ့လမ်းကြောင်းနဲ့ ဆက်လက်လှည့်ပတ်နေလိုက်တယ်။ ဂိုဏ်းချုပ်ကြီးက လှိုဏ်ဂူကနေ ထွက်လာတဲ့အချိန် ဂိုဏ်းသားလေးက အပြေးအလွှား သတင်းလာပို့တာနဲ့ကြုံတယ်။

"ဂိုဏ်းချုပ်ဆရာတော်.. အပြင်မှာ မကောင်းဆိုးဝါးဂိုဏ်းချုပ် ရောက်နေပါတယ်.."

"သူလာတာ ကောင်းတာပဲ.. သူ့ကို တွေ့ချင်နေတာနဲ့ အတော်ပဲ.."

ဂိုဏ်းချုပ်ကြီးက ယွီချန်းဟိုင်ရှိရာ ကျောင်းတော်တံခါးဝကို ထွက်လာခဲ့တယ်။ ရှောင်လင်ဂိုဏ်းက ဘုန်းကြီးတွေက ပုံမှန်အားဖြင့် အသက်သတ်တာကို ရှောင်ရှားပေမယ့် နတ်ဆိုးကျင့်စဉ် ကျင့်တဲ့သူတွေကိုတော့ ချွင်းချက်အနေနဲ့ သုတ်သင်ဖယ်ရှားပစ်တတ်ကြတယ်။

ကျိုးယွင်ရှန့်က လက်ပိုက်ပြီး ကျောင်းတော်တံခါးဝမှာ အေးဆေးရပ်စောင့်နေတယ်။ သူက အတွင်းအားထုတ်ပြီး အော်ပြောလိုက်တယ်။

"တံခါးဖွင့်ပြီး ဇီရွှမ့်ကို ထုတ်ပေးစမ်း.."

အသံလှိုင်းတွေက ကျောင်းဝန်းတစ်ခုလုံး ပျံ့နှံ့သွားပြီး အရာဝတ္ထုအားလုံးတောင် တုန်ခါသွားကြတယ်။ အတွင်းအားနိမ့်တဲ့ ရှောင်လင်ဂိုဏ်းသားတွေက ဒီအတွင်းအားလှိုင်းဒဏ်ကြောင့် လဲကျသူကျ၊ ဒဏ်ရာရသူရနဲ့ နားကိုလက်နှစ်ဖက်နဲ့အုပ်ပြီး မြေပြင်ပေါ်မှာ နာကျင်စွာလူးလှိမ့်နေကြရတယ်။ ဝါစဉ်ကြီးဘုန်းကြီးတွေသာ ဒီအတွင်းအားဒဏ်ကို ခံနိုင်ရည်ရှိကြတယ်။ တကယ်တော့ ဒီအသံလှိုင်းက ဒီနေရာကနေ မိုင်အတော်ဝေးဝေးထိ ပျံ့နှံ့သွားလောက်အောင် ခွန်အားကြီးမားလှတယ်။

ဇီရွှမ်ရဲ့အတွင်းစိတ် တည်ငြိမ်စပြုလာတဲ့အချိန်မှာ သူနဲ့ရင်းနှီးတဲ့ ဒီအော်သံကို ကြားလိုက်ရပြီး သူ့မျက်ဝန်းထဲမှာ သွေးအိုင်ထဲ သွေးသားဖလှယ်နေတဲ့ လူနှစ်ယောက်ပုံရိပ်ကို ချက်ချင်း ပြန်မြင်ယောင်လာပြန်တယ်။ စိတ်ဝိညာဉ်တွေအထိ ပေါင်းစည်းပြီး စွဲမက်ဖွယ်အရသာ၊ ပြင်းပြတဲ့တပ်မက်မှုကြောင့် သူ့သွေးတွေ တစ်ဖန် ပြန်ပူနွေးလာတော့တယ်။ ဒီပုံရိပ်တွေက အဆိပ်ပြင်းတဲ့သတ္တဝါဆိုးကြီးလို သူ့အတွင်းစိတ်ကနေ ရုန်းထွက်ဖို့ကြိုးစားနေသလို ခံစားလိုက်ရတယ်။

သူက ခံစားချက်ကို တည်ငြိမ်အောင် ထိန်းရင်း ထိန်းရင်း သူ့ရှေ့ကကျောက်တုံးကြီးပေါ်ကို သွေးတွေ အန်ထုတ်လိုက်မိတော့တယ်။

လှိုဏ်ဂူအပြင်ဘက်က ဘုန်းကြီးတွေက အသံလှိုင်းရဲ့ဒဏ်ကြောင့် နာကျင်မှုကိုခံစားလိုက်ရပြီး လှိုဏ်ဂူကိုကြီးကြပ်တဲ့ ဘုန်းတော်ကြီးနဲ့ တပည့်တချို့တောင် မမျှော်လင့်ဘဲ ဒီအသံကြောင့် တုန်လှုပ်သွားကြပြီး ကျောင်းတော်အဝကို အပြေးအလွှားသွားလို့ မကောင်းဆိုးဝါးဂိုဏ်းချုပ် ဝင်မလာနိုင်အောင် အင်အားထပ်ဖြည့်ပြီး ပိတ်ဆို့လိုက်ကြတယ်။

အစိမ်းရောင်သွေးကြောကြီးတွေက ဇီရွှမ်ရဲ့အရေပြားပေါ်မှာ ထပ်ပေါ်လာပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့တော့မလိုပဲ။

"အော်မီတော်ဖော်.. မြင်သမျှကြားသမျှ အရာအားလုံးက စိတ်ကူးအိပ်မက်နဲ့ တပ်မက်မှုတွေပါပဲ.. အရာအားလုံးက လျှင်မြန်စွာဖြစ်ပေါ်ပြီး လျှင်မြန်စွာ ချုပ်ငြိမ်းသွားကြတယ်.. ဒါတွေကို အမှန်တိုင်းမြင်အောင် ရှုမြင်ကြည့်လိုက်ပါ.. အရာအားလုံးက တကယ်မဟုတ်ပါဘူး.. ဂိုဏ်းချုပ်ကြီးက သူ့ရဲ့ဆရာဦးလေးနဲ့ ဆရာဘိုးဘိုးဆီမှာ မင်းလုပ်ခဲ့တဲ့မကောင်းမှုကို ခွင့်လွှတ်ဖို့ ပြောဆိုပြီးသွားပြီ.. တကယ်လို့ အခုချိန်မှာ မင်းက ကျင့်ကြံခဲ့သမျှ အရာအားလုံးကို စွန့်လွှတ်လိုက်ရင် မင်း လက်ရှိအဆင့်ထိ ကျင့်ကြံခဲ့သမျှက ပျက်စီးသွားပြီး ရွှေခန္ဓာကျင့်စဉ်ကို အစကနေ တစ်ခါပြန်ကျင့်ကြံရလိမ့်မယ်.."

လှိုဏ်ဂူဝမှာ ကြီးကြပ်ရေးမှူးဆရာတော်က ကြင်နာသိမ်မွေ့စွာနဲ့ ဇီရွှမ်ကို လှမ်းပြီးသတိပေးလိုက်တယ်။ ဇီရွှမ်ရဲ့အသက်ရှူသံက ဖားဖိုထိုးသလို ဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပြီး သူ့အတွင်းစိတ်က မကောင်းမှုနဲ့ ကောင်းမှုကြားမှာ လွန်ဆွဲနေတယ်။ ဒါပေမယ့်လည်း ဇီရွှမ်က ငယ်ကတည်းက ရှောင်လင်ကျောင်းမှာ နေထိုင်ခဲ့တာဖြစ်ပြီး ဗုဒ္ဓရဲ့ကျင့်စဉ်၊ ရှောင်လင်ဂိုဏ်းရဲ့စည်းကမ်းက သူ့အတွင်းစိတ်မှာ အရိုးစွဲနေအောင် စွဲမြဲနေပြီးဖြစ်တယ်။ ကျန်းရန်ဂိုဏ်းရဲ့ အခြေခံလိုက်နာရမယ့် စည်းမျဉ်းတွေကို ပြန်စဉ်းစားပြီး သူ့အတွေးထဲကထင်မြင်ချက်တွေကို တွန်းလှန်ဖို့ကြိုးစားနေတယ်။ ဒါကြောင့် နောက်ဆုံး သူ့ရဲ့ ခံစားချက်မရှိ၊ ဝမ်းနည်းခြင်း၊ တပ်မက်ခြင်းကင်းတဲ့ စိတ်အခြေအနေကို ပြန်လည်ရရှိသွားတော့တယ်။

"အော်မီတော်ဖော်.. အရှင့်ရဲ့အကြံပေးမှုကို ကျေးဇူးတင်ပါတယ်.."

ဇီရွှမ်က လက်အုပ်ချီပြီး တည်ငြိမ်စွာပြန်ပြောလိုက်တယ်။

လှိုဏ်ဂူကြီးကြပ်ရေးဆရာတော်က ပြုံးပြီး ခေါင်းညိတ်လိုက်တယ်။ နောက်တော့ ဘာမှမပြောဘဲ လှည့်ထွက်သွားတော့တယ်။

ရှောင်လင်ဂိုဏ်းမုခ်ဝမှာ ကျိုးယွင်ရှန့်က ဘုန်းကြီးတွေဝန်းရံတာကို ခံနေရတယ်။ သူက ဇီရွှမ်ရဲ့ကျောင်းတော်ထဲ ရောက်နေတာကြောင့် လူမသတ်ချင်ဘူး။ ဒါကြောင့် ဘုန်းကြီးတွေကို လက်ဝါးနဲ့ပဲတွန်းပစ်လိုက်ပြီး တိုက်ခိုက်မှုကို ခုခံရုံပဲခုခံနေတယ်။ ဒီဂိုဏ်းသားတွေကိုသတ်ရင် ဇီရွှမ်က သဘောကျမှာမဟုတ်ဘူးဆိုတာ သိနေတယ်။ သူက ဂိတ်ကိုဖြတ်သန်းလာပြီး အော်လိုက်တယ်။

"ဇီရွှမ်.. ကျွန်တော် ခင်ဗျားကို လာခေါ်ပြီ.."

ဝါစဉ်ကြီးဂိုဏ်းသားတွေနဲ့ ခန်းမသခင်ဆရာတော်တွေက ဒီယွီချန်းဟိုင်က အစွမ်းထက်တဲ့ ဂိုဏ်းချုပ်တစ်ယောက်ဆိုတာသိလို့ ပေါ့ပေါ့ဆဆ သဘောမထားဝံ့ဘူး။ သူတို့ရဲ့ အပေါ်ရုံသင်္ကန်းတွေကို ဖယ်ရှားလိုက်ပြီး ဆယ့်ရှစ်ကွက်ဝင်္ကပါကို ခင်းကျင်းလိုက်တယ်။ သူတို့ ဒီမကောင်းဆိုးဝါးဂိုဏ်းချုပ်ကို သတ်ဖို့ဆုံးဖြတ်လိုက်တယ်။

ကျိုးယွင်ရှန့်က နှုတ်ခမ်းကိုလျှာနဲ့သပ်ပြီး ရယ်မောလိုက်တယ်။ သူက အမှုမထားဘဲ ဆယ့်ရှစ်ကွက်ဝင်္ကပါကို ထိုးဖောက်လိုက်တယ်။ လက်ညှိုးတစ်ချောင်းထိုးလိုက်တာနဲ့ သူ့ရှေ့တည့်တည့်ကတစ်ယောက် ချက်ချင်း ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားနိုင်တယ်။ ဒါပေမယ့် ချက်ချင်းကိုပဲ ကျန်ဆယ့်ခုနှစ်ယောက်ရဲ့လက်ဝါးတွေက သူ့ကိုယ်အနှံ့ကို လာရောက်ရိုက်ခတ်တာခံလိုက်ရလို့ ကျိုးယွင်ရှန့် သွေးတစ်လုတ်အန်သွားတယ်။

တစ်ယောက်လျော့သွားတဲ့နေရာမှာ အားလှိုင်းဆယ့်ခုနှစ်ခုက လှိုင်းတွေလို ဆက်တိုက် ဝင်ရောက်တိုက်ခိုက်နိုင်တာ ရှောင်လင်ရဲ့ ဆယ့်ရှစ်ကွက်ဝင်္ကပါရဲ့ အဓိကအနှစ်သာရပဲဖြစ်တယ်။ ဒီလိုအကြောင်းအရာမျိုးကို ရှေးဟောင်းဒဏ္ဏာရီထဲမှာပဲ ကြားဖူးပေမယ့် ရှောင်လင်ကျောင်းမှာ တကယ်ပဲရှိနေတာကို ကျိုးယွင်ရှန့်သိသွားတယ်။

ဂိုဏ်းချုပ်ကြီးကျီရှန်းက လက်တစ်ချက်ယမ်းလိုက်ပြီး ဝင်္ကပါထဲက လူဆယ့်ရှစ်ယောက်ကို ပြန်ခေါ်လိုက်တယ်။ သူ့လက်မောင်းတွေကို ဆန့်တန်းလိုက်တာနဲ့ လက်မောင်းတစ်ထောင်လောက် ဖြာထွက်လာသလိုဖြစ်ပြီး ကြီးမားတဲ့ခွန်အားတွေက ကျိုးယွင်ရှန့်ဆီကို တိုးဝင်လာတယ်။ ဒါက နာမည်ကြီးလှတဲ့ နတ်ဆိုးချုပ်တိုက်ကွက်ပဲဖြစ်တယ်။

ကျိုးယွင်ရှန့်က သူ့မျက်နှာကို တစ်ချက်ရိုက်ပြီး ရယ်မောလိုက်တယ်။

ဘုရားကျောင်းခေါင်မိုးပေါ်က အုတ်ကြွပ်တွေ၊ သစ်ပင်သစ်ကိုင်းတွေ၊ အရာဝတ္ထုတွေအကုန်လုံး လှဲကျင်းခံလိုက်ရသလို စုစည်းလိုက်ပြီး ကျယ်လောင်တဲ့အသံ ထွက်ပေါ်လာတော့တယ်။ ထိပ်တန်းသိုင်းပညာရှင်နှစ်ယောက်ရဲ့ အတွင်းအားတွေ ထိပ်တိုက်တွေ့ဆုံရာကနေ ကမ္ဘာပျက်မတတ် အားတွေပေါ်လာပြီး ပတ်ဝန်းကျင်တစ်ခုလုံးကို ပျက်စီးသွားစေတာဖြစ်တယ်။

ဘေးပတ်လည်က တပည့်ဘုန်းကြီးတွေက လေထဲကလွင့်ပါလာတဲ့ အရာဝတ္ထုတွေကို ရှောင်ရှားပြီး သူတို့ကိုယ်ကို မထိခိုက်အောင် အတွင်းအားနဲ့ ကာကွယ်ထားကြတယ်။ ကြီးမားတဲ့သစ်ပင်တွေတောင် ဒီလေအားထဲမှာ လွင့်ပါကုန်ကြတယ်။ တချို့က လေထဲလွင့်ပါမသွားအောင် ကုတ်တွယ်စရာကို ရှာထားရတယ်။

လေတွေငြိမ်သွားတော့ တိုက်ခိုက်တဲ့လူနှစ်ယောက်က သူတို့နေရာမှာ ရပ်တန့်နေဆဲဖြစ်တယ်။ နတ်ဆိုးဂိုဏ်းချုပ်ရဲ့ မျက်လုံးတွေက တောက်ပြောင်နေပြီး ဆန့်ကျင်ဘက်ဆရာတော်က သွေးအန်ပြီး အတွင်းဒဏ်ရာရသွားတယ်။

အဲ့ဒီအချိန်မှ Zen ခန်းမရဲ့ဆရာတော်က ရှေ့ထွက်လာပြီး နွေးထွေးစွာပြောခဲ့တယ်။

"ဒကာလေးယွီ.. ဇီရွှမ်နောင်တော်က ဒကာလေးကို ဘုန်းကြီးကနေတစ်ဆင့် စကားပါးလိုက်ပါတယ်.. နောင်တော်က မင်းကို တွေ့လို့မရဘူးတဲ့.."

Zen ခန်းမသခင်က နောက်တစ်လှမ်းဆုတ်လိုက်ပြီး သူနေရမယ့်နေရာမှာထိုင်ချပြီး ဒီဘုန်းကြီးကျောင်းကို ကြံ့ကြံ့ခံ ကာကွယ်လိုက်တော့တယ်။

ရှောင်လင်ဂိုဏ်းသားအားလုံးရဲ့ စိတ်တွေ လေးလံသွားကြတယ်။ အင်မတန်အစွမ်းထက်တဲ့ ဂိုဏ်းချုပ်ဆရာတော်တောင် ဒီနတ်ဆိုးဂိုဏ်းချုပ်ရဲ့ ပြိုင်ဖက်မဟုတ်ရင် ကျန်သူအားလုံးက ဘယ်လိုလုပ် သူ့ကို ယှဉ်နိုင်တော့မှာလဲ။ အားလုံးသာ ဒီနေ့တစ်နေ့တည်း အသတ်ခံရရင် ရှောင်လင်ဂိုဏ်းက ဒီကမ္ဘာပေါ်ကနေ ပျောက်ကွယ်သွားတော့မယ်လို့ တွေးမိတော့ သူတို့စိတ်တွေ အေးစက်သွားတော့တယ်။

သူတို့က တဖြည်းဖြည်းရှေ့တိုးလာတဲ့ ယွီချန်းဟိုင်ကိုကြည့်ပြီး ကြောက်ရွံ့စွာနဲ့ နောက်ကို ခြေတစ်လှမ်းဆုတ်သွားကြတယ်။

"ဘာကြောင့် ကျွန်တော်က သူ့ကိုတွေ့လို့မရတာလဲ.."

ကျိုးယွင်ရှန့်က ပြုံးရင်းပြောလိုက်တယ်။

"နောင်တော်က နတ်ဆိုးလမ်းစဉ်ကိုရောက်သွားလို့ သေလုမျောပါးဖြစ်သွားတယ်.. ဒီမတိုင်ခင် သူ့ကျန်းချီတွေဖောက်ပြန်ပြီး တစ်ကိုယ်လုံး ပေါက်ကွဲလုမတတ်ဖြစ်ခဲ့တယ်.. တကယ်လို့ နောင်တော်သာ ဒကာလေးကိုတွေ့ပြီး သူ့မကောင်းဆိုးဝါးစွမ်းအင်တွေ ထပ်ပြီးထကြွလာရင် ဘယ်သူမှ ဒါကို မတားဆီးနိုင်တော့ဘူး.. ဒါကြောင့် ကိုယ်တော် ဒကာလေးကို သတိပေးပါရစေ.. နောင်တော်ဒီလိုဖြစ်တာက ဒကာလေးရဲ့အသက်ကို ကယ်ခဲ့လို့ဖြစ်တယ်ဆိုတာ မမေ့လိုက်ပါနဲ့.. နောင်တော့်ကို ထပ်မတွေ့ပါနဲ့တော့.."

ကျိုးယွင်ရှန့်က ခဏငြိမ်သွားပြီး ဆုံးဖြတ်ချက်ချပြီးဟန်နဲ့ အော်ဟစ်လိုက်တယ်။

"မဖြစ်ဘူး.. ကျွန်တော် သူ့ကို တွေ့ရမှဖြစ်မယ်.."

ကျိုးယွင်ရှန့်က တက်ကြွစွာရယ်မောပြီး ပြောလိုက်တယ်။

"ခင်ဗျားက သူ့အသက်ကိုကယ်ဖို့ ကျွန်တော့်ကို တောင်းဆိုနိုင်တယ်.. ကျွန်တော့်အတွင်းအားက ဇီရွှမ့်ထက် ပိုအားကောင်းတယ်.. ဒါကြောင့် သူ့ကျန်းချီကိုထိန်းချုပ်ပြီး သူ့ကို ကယ်တင်ပေးနိုင်တယ်.. ခင်ဗျားတို့ရဲ့ အားနည်းတဲ့အတွင်းအားနဲ့ဆိုရင် ဆယ်ယောက်ပေါင်းတာတောင် သူ့ကိုယ်ထဲကဖောက်ပြန်နေတဲ့ ကျန်းချီကိုထိန်းချုပ်ပြီး ကိုယ်ထဲမှာဖြစ်နေတဲ့ အန္တရာယ်ကို ဖယ်ရှားနိုင်မှာမဟုတ်ဘူး.. ဒါပေမယ့် ကျွန်တော်က ဖယ်ရှားပစ်နိုင်တယ်.. ဒါကြောင့် သူ့အသက် မသေစေချင်ရင် သူ့ကို ကျွန်တော့်လက်ထဲထည့်လိုက်ပါ.."

သူတို့ရဲ့ ဝါစဉ်ကြီးဂိုဏ်းသားတွေရဲ့ အတွင်းအားနည်းပါးခြင်းဆိုတာကို လူသိသွားစေတာက ရှက်စရာကောင်းလှတယ်။ Zen ခန်းမသခင်က တိတ်ဆိတ်သွားတော့တယ်။

ယွီချန်းဟိုင်ပြောတာမှန်တယ်။ ကြည့်ရတာ ဇီရွှမ်ရဲ့ ဖောက်ပြန်နေတဲ့ကျန်းချီကို ဖိနှိပ်ပြီး လမ်းမှန်ရောက်အောင်လုပ်နိုင်တာ ဒီလူငယ်လေးတစ်ယောက်ပဲ တတ်နိုင်တော့တယ်။ ဇီရွှမ့်ကို သူ့လက်ထဲထည့်ပြီး ကယ်တင်စေရင် ဒီအတောအတွင်း ဇီရွှမ် အတွင်းအားဖောက်ပြန်ပြီး သိုင်းပညာပျက်စီးသွားစေတာထက်တော့ အများကြီးပိုကောင်းတယ်။

ဒါပေမယ့် ဇီရွှမ်ရဲ့ရင်ထဲက မကောင်းဆိုးဝါးက ဒီလူငယ်လေးပဲ။ တကယ်လို့ သူ့ကိုတွေ့လို့ ဇီရွှမ်ရူးသွားရင် ဘယ်လိုလုပ်မလဲလို့တွေးပြီး သူ့မှာ ပြောစရာစကားမရှိတော့ဘူး။

ခန်းမတစ်ခုလုံး တိတ်ဆိတ်နေတယ်။ ကျိုးယွင်ရှန့်ကလည်း သည်းခံတတ်တဲ့ လူစားမျိုးမဟုတ်လို့ ခန်းမသခင်ဆီ တိုက်ရိုက်သွားမေးလိုက်တယ်။

ဒီဘုန်းကြီးတွေက သူ့ကိုမတွေ့ချင်သလို သူကလည်း ဒီဘုန်းကြီးတွေကို မတွေ့ချင်ဘူး။ ကနေ့ သူ ဇီရွှမ်ကို ရအောင်ခေါ်သွားဖို့ ဆုံးဖြတ်ထားပြီး ဘယ်အတားအဆီးကိုမှ မမှုဘူး။ သူ့ကို ဘယ်သူမှ မတားဆီးနိုင်စေရဘူး။

အဲ့ဒီအချိန်မှာ လေးနက်တဲ့စကားသံ ထွက်ပေါ်လာတယ်။

"အော်မီတော်ဖော်.. ဒကာလေးယွီ.. ကျေးဇူးပြုပြီး အမြန်ပြန်ပါတော့.."

"ဇီရွှမ်.."

ကျိုးယွင်ရှန့် ဆွံ့အသွားခဲ့တယ်။ ဇီရွှမ်က သူ့ကိုမောင်းထုတ်နေတာ သူ လုံးဝမယုံနိုင်ဘူး။ သူ အံကြိတ်လိုက်ပြီး ခြေလှမ်းကို မြန်သည်ထက်မြန်အောင် လှမ်းသွားလိုက်တယ်။

Zen ခန်းမကတပည့်တွေက ကျိုးယွင်ရှန့်ကိုတားဖို့ ကြိုးစားကြတယ်။ ကျိုးယွင်ရှန့်က ဒေါသထွက်နေလို့ အားကိုမထိန်းနိုင်ဘဲ လက်နဲ့ယမ်းလိုက်တယ်။ ဒါကြောင့် တပည့်တွေက လွင့်စင်သွားပြီး ဂူနံရံနဲ့ရိုက်မိပြီး တချို့က သေလုမျောပါး ဖြစ်သွားကြတယ်။

"မင်းထွက်မလာရင် ဒီနေ့ ရှောင်လင်ကျောင်းကလူတွေအားလုံးကို သတ်ပစ်လိုက်မယ်.."

သူက ဒေါသတကြီးနဲ့ အော်ဟစ်လိုက်တယ်။

ဘုန်းကြီးအားလုံးက ကျိုးယွင်ရှန့်ရဲ့အားကို စမ်းဖူးသူတွေဖြစ်လို့ ဒီစကားက ခြိမ်းခြောက်မှုကနေ တကယ်ဖြစ်အောင်လုပ်နိုင်တယ်ဆိုတာ သိတယ်။ ဒါကြောင့် သူတို့အနာဂတ်အတွက် ပူဆွေးဝမ်းနည်းကုန်ကြတယ်။ ဒါပေမယ့် အသက်သေမယ့်အတူတူ ဒီကျောင်းတော်ကိုကာကွယ်ဖို့ အတင်းအကျပ်တွန်းပို့ခြင်း ခံလိုက်ရတော့တယ်။

ဇီရွှမ်က တိတ်ဆိတ်သွားပြီး ခဏနေတော့ ဆက်ပြောတယ်။

"ဒီဘုန်းကြီးနဲ့ ရှောင်လင်ကျောင်းတော်က သေအတူ ရှင်အတူပါပဲ.. ဒါကြောင့် ဒကာလေးက ဒီရှောင်လင်ကျောင်းက လူတွေအကုန်ကို သတ်မယ်ဆိုရင် ကိုယ်တော် မင်းကို အဆုံးစွန်ထိ တိုက်ခိုက်ခုခံရလိမ့်မယ်.. ဒါပေမယ့် ဒကာလေး ကတိတစ်ခုပေးရင် ဘုန်းကြီး ဒကာလေးကို အတွေ့ခံပါ့မယ်.."

"ဘာကတိလဲ.."

ကျိုးယွင်ရှန့်က စိတ်စောစွာမေးလိုက်တယ်။

"ဒကာလေးရဲ့ဓားကိုစွန့်လွှတ်ပြီး ဗုဒ္ဓရဲ့အဆုံးအမကို ခံယူပါ.. ပြီးတော့ ဆယ်နှစ်တိတိ ရာဇဝတ်မှုမှာ ပါဝင်ကျူးလွန်ခြင်းမရှိဘဲ စောင့်ထိန်းမယ်လို့ကတိပေးရင် ဆယ်နှစ်ကြာပြီးနောက် ဘုန်းကြီးက ဒကာလေးကို အတွေ့ခံပါ့မယ်.."

ဆယ်နှစ်ဆိုတဲ့အချိန်အတွင်းမှာ တချို့အရာတွေက မေ့ပျောက်ပြီး တချို့အရာတွေက ပျောက်ကွယ်သွားကြလိမ့်မယ်။ မနက်ခင်းမှာပွင့်တဲ့ ပန်းကလေးတွေက ခဏတာပဲခံသလို လက်ရှိမှာဖြစ်ပျက်သမျှက အချိန်ရဲ့တိုက်စားမှုကြောင့် လွင့်ပြယ်သွားကြလိမ့်မယ်။ ဘယ်အရာမှ ထာဝရမခံသလို ဘယ်တော့မှ Good bye လို့ ပြောခွင့်ရလိုက်မှာမဟုတ်ဘူး။

ကျိုးယွင်ရှန့်က အစပိုင်းမှာ အရမ်းအံ့အားသင့်သွားပေမယ့် နောက်တော့ သူက ရယ်မောလိုက်တယ်။ သူ့ရယ်သံက ကျယ်သည်ထက် ကျယ်လောင်လာပြီး ပါးပြင်ပေါ်ကို မျက်ရည်တွေက စိတ်မှတ်မဲ့ စီးကျလာတော့တယ်။

ဒါက သူ့ရဲ့ ချစ်သူတဲ့လား..။
ထာဝရချစ်ခြင်းနဲ့ သေအတူရှင်မကွာ ချစ်ခဲ့တယ်ဆိုတဲ့ ချစ်သူတဲ့လား..။
တစ်ယောက်ကိုတစ်ယောက် မှီတွယ်နေကြမယ်ဆိုတဲ့ ချစ်သူတဲ့လား..။

ဇီရွှမ့်အနေနဲ့ သူ့ကို လူမသတ်ဖို့ ကျိန်ဆိုခိုင်းတာက သူအသတ်ခံရဖို့ တွန်းအားပေးတယ်ဆိုတာ မသိလေရော့သလား။

တကယ်ပဲ ဇီရွှမ်ရဲ့မျက်လုံးထဲမှာ သူ့အသက်က ဖုန်မှုန့်လိုတန်ဖိုးမရှိဘဲ သိုးလေးလိုလည်စင်းပြီး သူများသတ်တာခံရဖို့ပဲ လွယ်ကူတယ်တဲ့လား..။

ဇီရွှမ်က ကျိုးယွင်ရှန့်ရဲ့ ဝမ်းနည်းကြေကွဲနေတဲ့ရယ်သံကြောင့် သူ့စိတ်တွေ ပြန်လည်ထကြွလာတယ်။ ဒါပေမယ့် သူက Zhen Yan ရဲ့ အခြေခံစည်းကမ်းကို နှလုံးသွင်းပြီး လှုပ်ရှားလာတဲ့စိတ်ကို ငြိမ်အောင်ထိန်းလိုက်တယ်။ သူ့မျက်လုံးတွေက နီရဲနေရာကနေ ပြန်လည်ပျောက်ကွယ်သွားပြီး ပကတိ ရေလိုကြည်လင်တဲ့ စိတ်အခြေအနေကို ပြန်ထိန်းလိုက်နိုင်တယ်။

"ဒကာလေး.. သဘောတူမှာလား.."

"ကောင်းပြီ.. ကျွန်တော်ကတိပေးတယ်.. ကျွန်တော်က ဓားကိုစွန့်လွှတ်ပြီး ဘုန်းကြီးတစ်ပါးအဖြစ် ခံယူလိုက်မယ်.. နောက်ထပ် လူ့အသက်ကိုလည်း မသတ်ဘူးလို့ ကျိန်ဆိုတယ်.. ပြီးတော့ ခင်ဗျားကိုလည်း ဒီကောင်းကင်နဲ့မြေကြီးအောက် နောက်ထပ် ဘယ်တော့မှမတွေ့တော့ဘူး.."

သူ့ပါးပြင်တွေ အေးစက်လာတယ်လို့ ခံစားရလို့ လက်နဲ့စမ်းကြည့်လိုက်တော့ မျက်ရည်တွေကိုစမ်းမိပြီး သူငိုကြွေးနေမိတာကို သိလိုက်တယ်။ သူက သူ့အားနည်းချက်ကိုပြရတာကို ရှက်တာဖြစ်လို့ နှောင့်နှေးခြင်းမရှိ လှည့်ထွက်သွားတော့တယ်။ သူ့မျက်ဝန်းထဲကချစ်ခြင်းတွေက ခါးသီးမှုအဖြစ် ပြောင်းသွားတော့တယ်။

ကျိုးယွင်ရှန့်က ရှောင်လင်ဂိုဏ်းရဲ့ဂိတ်ပေါက်ဝကို ဖြတ်သန်းထွက်လာပြီး ပြန်လည်ဆင်ခြင်ခြင်း လှိုဏ်ဂူဘက်ကို တစ်ချက်လှမ်းကြည့်ပြီး ရင်ထဲကနေ ကြိမ်းဝါးလိုက်တယ်။

"အခုတော့ ဓားကိုလက်လွှတ်လိုက်ပြီး ဘုန်းကြီးတစ်ပါးအဖြစ်ခံယူတာ ဘာနဲ့တူတယ်ဆိုတာ မင်းသိအောင်လုပ်ရမယ့် အချိန်ကျပြီ.. မင်းရဲ့ဖြူစင်မှုနဲ့ ယုံကြည်မှုကို တစ်ခုပြီးတစ်ခု ငါဖျက်ဆီးပြမယ်.."

'ကောင်းကင်နဲ့မြေကြီးအောက်၊ မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တစ်ယောက်ကိုတစ်ယောက် မတွေ့ကြတော့ဘူး' ဆိုတဲ့ စကားလုံးကိုကြားတော့ ဇီရွှမ် ဘယ်လိုမှ တောင့်ခံမထားနိုင်တော့ဘူး။ ဒီစကားက ကျိန်စာလိုပဲ ဇီရွှမ်ရဲ့ရင်ထဲကို မွှေနှောက်ထိုးနှက်လိုက်ပြီး အနက်ရောင်သွေးတွေကို အန်ထုတ်လာစေတော့တယ်။

ဇီရွှမ်က ရင်ထဲကခံစားချက်ကို ဖုံးကွယ်ထားပေမယ့် ဒီဝေဒနာကလှိုက်စားပြီး တစ်ကိုယ်လုံးကို ပျံ့နှံ့သွားတော့တယ်။

ဒီလူငယ်လေးရဲ့အသံ တိတ်သွားတဲ့အချိန် ဇီရွှမ် နောင်တရသွားတော့တယ်။ ဒါပေမယ့် ဒါကို ပြန်ပြင်လို့မရတော့ဘူး။ သူ့လမ်းကြောင်းကို ပြန်ပြောင်းဖို့ အခွင့်အရေးမရှိတော့ဘူး။

ဒါကြောင့် ဗုဒ္ဓရဲ့ဆုံးမစကားကို ပြန်လည်ဆင်ခြင်တွေးတောလိုက်တယ်။ ဒီဆူးပြွန်းတဲ့ဘဝခရီးမှာ မင်းရဲ့နှလုံးသားက တည်ငြိမ်နေမယ်ဆိုရင် ဘယ်အရာကမှ မင်းကိုထိခိုက်အောင် မလုပ်နိုင်ဘူး။ မင်းရဲ့စိတ်က လှုပ်ခါနေမယ်ဆိုရင်တော့ လောကရဲ့ရိုက်ခတ်မှုကြောင့် မင်းရဲ့နှလုံးသားက ပရိဒေဝသောကတွေနဲ့ နာကျင်ခံစားရလိမ့်မယ်။

အခုချိန်မှာတော့ ဇီရွှမ့်ရဲ့စိတ်က နာကျင်မှုပင်လယ်ထဲကို နစ်မြုပ်နေပြီး တကယ့်လက်ရှိအခြေအနေကို မေ့ပျောက်ခြင်းတစ်ခုကသာ နာကျင်မှုကနေ ကယ်တင်နိုင်တော့မယ်။

=====================

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now