Arc_15.11_ Qi Yi Ning

6.3K 623 0
                                    

Arc_15.11_ Qi Yi Ning

ချီကျင်းယွိကဒဏ်ရာပြင်းထန်တာကြောင့် နေပြည်တော်ကို ပြန်ရောက်တာနဲ့ ကျိုးယွင်ရှန့်က နန်းတွင်းထဲက တော်ဝင်ဆေးကုသဆောင်ကို ချက်ချင်းပို့လိုက်တယ်။ မယ်တော်ကြီးက သားဖြစ်သူ ရောက်လာတယ်ကြားတော့ ချက်ချင်း အတော်ဆုံး တော်ဝင်သမားတော်အားလုံးကို အမိန့်ပေးပြီး ချီကျင်းယွိကို အကောင်းဆုံးကုသစေတယ်။ သားဖြစ်သူက မယ်တော်ကြီးရောက်ရှိလာတယ်ဆိုတဲ့အသံကိုကြားတော့ အိပ်ယာထက်မှာ လဲနေရာကနေ ချက်ချင်းထလိုက်ပြီးမယ်တော်ရဲ့ ခြေအစုံကို ဖက်ပြီး ဝမ်းနည်းပမ်းနည်းကို ငိုကြွေးတော့တယ်။ သူ အခု ခြေလက် အင်္ဂါ မစုံတော့တဲ့ သူဖြစ်နေပြီ။ ထီးနန်းကို ဘယ်တော့မှ မရနိုင်တဲ့သူ တစ်ယောက် အသုံးမကျတဲ့သူ တစ်ယောက်အဖြစ်ကို ရောက်ရှိသွားခဲ့ပြီ။ ဒီအဖြစ်ဆိုးကြီးကို ကြုံကတည်းက ရင်ထဲ အောင့်အီးထားရတဲ့ ဝမ်းနည်းခြင်းတွေက အမေဖြစ်သူကို တွေ့တော့မှာ ပေါက်ကွဲထွက်လာတော့တယ်။

မယ်တော်ကြီးက ကိုယ်အင်္ဂါ မစုံတော့တဲ့ သားတော်ဖြစ်သူရဲ့ အဖြစ်ဆိုးကိုတွေ့တော့ မျက်နှာက လူသေလို ဖြူယော်သွားတော့တယ်။ သူမရဲ့ ခန့်ညားလှတဲ့သားတော် ထက်မြက်လှတဲ့သားတော်က ဘယ်လိုကြောင့် ဒီလောက်ဆိုးဝါးတဲ့ အဖြစ်မျိုးကို ကြုံရတာလဲ။ သူမ နန်းတင်ပေးလိုက်တဲ့ ကိုယ်လုပ်တော်သားက ဘယ်လိုစိတ်နှလုံးမျိုးနဲ့ သူ့သားအရင်းကို ဒီလို လုပ်ရက်တာတဲ့လဲ။

"မယ်တော်....သားတော်ပါ... သားတော်ကို ကြည့်ပါဦး.... သားတော်ရဲ့ အဖြစ်ဆိုးကို ကြည့်ပါဦး"
ယောကျာ်းဆိုတာ ဘယ်တော့မှ အသံထွက်ငိုကြွေးလေ့ မရှိပေမယ့် ချီကျင်းယွိအတွက် ဘုရင်နေရာ တက်လှမ်းဖို့ ဘယ်လောက်မှ မလိုတော့တဲ့ အချိန်မှာ ခုလို အစွမ်းစမဲ့တဲ့သူလို ဖြစ်ရတာ ထိုးနှက်ချက်က သိပ်ကို ပြင်းထန်လွန်းလှတယ်။ သူ့အစီစဉ်တွေ အကုန်လွဲကုန်တဲ့အပြင် မျက်နှာပြင်ကလည်း သေရာပါ ကြောက်စရာ အမာရွတ်ကြီး ဖြစ်နေတဲ့အပြင် လက်ချောင်းလေးတွေကိုလည်း ခုတ်ဖြတ်ခံရလို့ သနားစရာ လူသားတစ်ယောက်ဖြစ်နေပြီ။ ချီကျင်းယွိက ဘယ်လိုမှ မအောင့်အီးနိုင်တော့ပဲ မယ်တော်ရဲ့ ခြေအစုံကို ပွေ့ဖက်ပြီး အရူးလို ငိုရှိုက်နေတော့တယ်။
သူက ခုလို အဖြစ်ဆိုး ကြုံနေရချိန် သူ့ နောင်တော်က ပြည်သူအများရဲ့ ချစ်ခင်လေးစားခြင်းကို ခံယူနေရ တဲ့အချက်က ချီကျင်းယွိရဲ့ရင်ကို ပိုလို့မချိအောင် ခံစားရစေတယ်။ နေပြည်တော်ကိုပြန်လာတဲ့ လမ်းတလျှောက်မှာ လော့ကျန်းအပါဝင် အရာရှိအကုန်လုံးက ချီရိနဉ်ကို မိုးကို အမိန့်ပေးနိုင်တဲ့ နဂါးဘုရင်ပါဆိုပြီး အရမ်းကို လေးစားကိုးကွယ်နေကြတယ်။ တလမ်းလုံး ဒီအကြောင်းကိုပဲ စားမြုံ့ပြန် ပြောနေကြတယ်။ ဒီလူတွေက သူ ခေါ်လို့ ၊ သူ စည်းရုံးထားလို့ ဒီလို အခြေနေကိုရောက်လာကြတယ်ဆို  တာကို လုံးဝကို မေ့နေကြပြီ။ အခုတော့ သူတို့လည်ပင်းမှာ ဓါးတင်ပြီး စည်းရုံးရင်တောင် သူတို့က ချီရိနဉ်ဘက်ကနေ မပြောင်းရဲကြတော့ဘူး။ လမ်းတလျှောက်လုံးက ပြည်သူတွေရော၊ ကျွန်တွေကရော မင်းကြီးက မိုးကို ဆင့်ခေါ်ဖို့ ဆုတောင်းပေးခဲ့တယ်ဆိုတာ ပြောဆိုချီးကျူးပြီး ဘုရားတစ်ဆူလို ကိုးကွယ်နေတဲ့ အခြေနေမှာ သူ ဘယ်လိုလုပ် ချီရိနဉ်ကို ယှဉ်နိုင်တော့မှာတဲ့လဲ။
ချီရိနဉ်ရဲ့ ဇာတ်လမ်းက အနောက်တောင်ဒေသကနေ တနိုင်ငံလုံးကို ပျံ့နှံ့သွားတဲ့အခါ မင်းကြီးရဲ့ ရုပ်တုကို ထုလုပ်ပြီး နတ်ကွန်းနဲ့ကိုးကွယ်သူတွေ အများကြီးပေါ်ပေါက်လာမှာသေချာတယ်။ လူသားဘုရင်တစ်ပါးက မိုးကို ဆင့်ခေါ်နိုင်တဲ့အစွမ်းရှိမှတော့ လူတွေက မင်းကြိီးကို နတ်တပါးလို ကိုးကွယ်ဆည်းကပ်တဲ့ ခေတ်တစ်ခေတ် အစပြုလာလိမ့်မယ်။ ဒီလိုအဖြစ်ကို ဘယ်ဘုရင်ကမှ မကြုံဖူးကြဘူး။ အခုဆိုရင် ချီရိနဉ်က နတ်မင်းတစ်ပါးလို ပြည်သူတွေ စိတ်ထဲ ထင်မြင်သွားကြပြီ။ သူကတော့ ရုပ်ပျက်ဆင်းပျက်နဲ့ လက်ချောင်းအပြည့်တောင်မရှိတဲ့ လူတစ်ယောက်ဖြစ်လို့ ဘုရင်နေရာ ဘယ်လို ယှဉ်လုနိုင်တော့မှာတဲ့လဲ။
ဒီအကြောင်းကို တွေးမိတော့ ချီကျင်းယွိက မငိုပဲ မနေနိုင်တော့ဘူး။ မယ်တော်ကြီးတောင် သူမွေးထားတဲ့ သားရဲ့ မျက်နှာကို တွေ့တော့ ဘယ်လိုမှ မမှတ်မိခဲ့ဘူး။ သူ့သားအသံကိုကြားရတော့မှ မြေပြင်ပေါ်ကို အရုပ်ကြိုးပြတ်ပျော့ခွေကျသွားတော့တယ်။ သားအမိနှစ်ယောက် ဖက်ပြီး ကြူကြူပါအောင် ငိုနေကြတယ်။ နောက်ဆုံး ငိုလို့ ဝတော့မှ မယ်တော်ကြီးက သားဖြစ်သူရဲ့ မျက်နှာပေါ်က ကန့်လန့်ဖြတ် အမာရွတ်နဲ့ လက်က ဒဏ်ရာ ရလာပုံကို မေးတော့တယ်။
ချီကျင်းယွိပြောတာကို နားထောင်ပြီး မယ်တော်ကြီးက ကျိုးကြောင်းမညီတာကို ချက်ချင်း သိလိုက်တယ်။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ မင်းကို လုပ်ကြံတဲ့သူတွေက ချီရိနဉ် လွှတ်လိုက်တဲ့သူတွေဖြစ်မယ်။ သူက မင်းထိုင်ရမဲ့ ဘုရင်နေရာကို လုယူထားပြီးတာတောင် ဘယ်လိုလုပ်ပြီး ဒီလို ဆိုးယုတ်တာကို လုပ်ရဲတာလဲ။  ငါ့သား အ သက်ကိုတောင် လိုချင်နေတယ်။ ဒီလို ဖြစ်မယ်မှန်းသိရင် သူ့ကို စောစောသတ်လိုက်မှာပေါ့..."
ချီကျင်းယွိက မျက်ရည်ကို သုတ်လိုက်ပြီး မယ်တော်ဖြစ်သူကို ပြောလိုက်တယ်။

"မယ်တော် သားတော်တို့ အခြားနည်းတစ်ခု ရှိသေးတယ်။ သူ့ကို လက်တုန့်ပြန်မယ့်နည်း သားတော်ဆီမှာရှိတယ်"
ချီကျင်းယွိရဲ့စကားကြောင့် မယ်တော်ကြီးက စိတ်ဝင်စားသွားတယ်။ သားတော်ကို တွဲပြီး သလွန်ပေါ်ထိုင်စေပြီးမှ မေးလိုက်တယ်။ ချီကျင်းယွိက မယ်တော်ရဲ့ နားရွတ်နားကို ကပ်ပြီး တီးတိုးပြောလိုက်တယ်။

"မယ်တော်...သားတော်ဆီမှာ ချန်အယ် ရှိသေးတယ်လေ။ ချန်အယ်ကို အိမ်ရှေ့မင်းသားအဖြစ် တရားဝင် သတ်မှတ်ဖို့ မယ်တော်က တိုက်တွန်းလိုက်ပါ။ ချန်အယ် နည်းနည်းကြီးလာတဲ့အခါ သားတော်တို့ အခွင့်ရေး ရှိလာပါလိမ့်မယ်။"
ချီကျင်းယွိက မယ်တော်ရဲ့နားနားကပ်ပြီး အသေးစိတ်အကြံစည်ကို ပြောပြလိုက်တယ်။ မယ်တော်ကြီးက အဲ့အကြံကို ကြားတော့ သက်ပြင်းရှိုက်လိုက်ပြီး ပြောလိုက်တယ်။

"အင်း...မယ်တော်က ကျောက်ပိယွမ်ကို မင်းနဲ့ ဘယ်တုန်းကမှ သဘောမတူခဲ့ဘူး။ ကြည့်ရတာ အခုအခြေနေမှာတော့ မယ်တော်တို့က သူ့ပေါ်ကိုပဲ မှီခိုရတော့မယ်နဲ့တူတယ်။ သားတော် စိတ်မပူနဲ့။ မယ်တော် သူ့ကို အကြံဥာဏ်ပေးလိုက်မယ်။ တကယ်လို့ သူမက သဘောမတူဘူးဆိုရင် မယ်တော် သူမကို သင်ခန်းစားပေးလိုက်မယ်။"
ချီကျင်းယွိက မယ်တော်ဖြစ်သူကို ကျေးဇူးတင်စကားပြောလိုက်ပြီး စိတ်အေးလက်အေးနဲ့ အနားယူလိုက်တော့တယ်။
ကျိုးယွင်ရှန့်က နန်းတော်ကို ပြန်ရောက်တော့ ဒုတိယမင်းသားအပြင် အခြားမွေးဖွားခဲ့တဲ့ ကလေးတွှေ အကုန်ကို ခေါ်ဆောင်လာစေတယ်။ မယ်တော်ကြီးက ကျိုးယွင်ရှန့် စစ်ချီထွက်တဲ့ သုံးလတာ ကာလအတွင်း ဒုတိယမင်းသားကို ပွေ့ချီချင်လို့ ခဏခဏ အခေါ်တော်လွှတ်လိုက်ပေမယ့် ကျိုးယွင်ရှန့် ကြိုတင်စိစဉ်ထားတဲ့ အတိုင်း အခြွေရံတွေက တားဆီးပြီး မင်းသားလေးက တုပ်ကွေးမိနေလို့ အပြင်ထွက်လို့မရသေးဘူးလို့ ပြောထား ခဲ့ကြတယ်။ တော်ဝင်သမားတော်တွေကလည်း မင်းကြီးအဆောင်ထဲကို ဝင်ချည် ထွက်ချည်လုပ်နေကြလို့ မယ်တော်ကြီးက လုံးဝ သံသယမဝင်ခဲ့ဘူး။ သူမဆီကို တုတ်ကွေးကူးမှာစိုးလို့ ကလေးဆီ အတင်းလာတွေ့တာ မလုပ်ခဲ့ဘူး။
တကယ်တော့သမားတော်တွေက အဆောင်ထဲကို ဝင်လာပြီး ခဏထိုင်ပြီးပြန်ထွက်သွားကြတယ်ဆိုတာ ဘယ်သူမှ မသိကြဘူး။ ကျောက်ပိယွမ်လည်း ချီကျင်းယွိကို စိတ်ပူနေတဲ့အတွက် သူမသား ဘာဖြစ်နေတယ်ဆိုတာ အာရုံမစိုက်အားဘူး။ တခါတလေကျတော့ သူမသားကို မင်းကြီး ဘယ်မှာ ခေါ်ထားပြီး သင်ကြားပေးနေသလိုဆိုတာတော့ တွေးမိတယ်။
ကျောက်ပိယွမ်ရဲ့ အခြွေရံခေါင်းဆောင်က စေ့စေ့တွေးလေ အခြေနေမှန်ကို ပိုရိပ်မိလာလေဖြစ်ပြီး ကြောက်စိတ် ပိုဖြစ်လာခဲ့တယ်။ သူမ သခင်မဖြစ်သူက မင်းကြီးရဲ့ ချစ်ခြင်းကို ခံရဖို့ မျှော်လင့်ချက် လုံးဝမရှိတော့ဘူး။ ကြည့်ရတာ မင်းကြီးက အစကတည်းက အဖြစ်မှန်ကို သိထားပုံရတယ်။ ဒါကြောင့် ဒုတိယမင်းသားလေးကို ဆက်ဆံပုံတွေနဲ့ သူ့သခင်မကို အေးစက်စွာ ဆက်ဆံတာတွေဖြစ်လာခဲ့တာပဲ။ သူမ ရဲ့ သခင်မက မင်းကြိးရဲ့ နှစ်သက်မှုကို ခံရတာက ဥာဏ်ရှိလို့ မဟုတ်ပဲ အလှကြောင့်သက်သက်ဖြစ်တယ်။ မင်းကြီးက သူ့သခင်မကို ကာကွယ်ပေးထားလို့ အနောက်ဆောင်မှာ ကိုယ်လုပ်တော်ကြားက ကောက်ကျစ်တဲ့ တိုက်ပွဲတွေကို ကျောက်ပိယွမ်က လုံးဝမ သိခဲ့ဘူး။ သူမ သိတာက သူမ ချစ်သူနဲ့ ဝေးနေရတာနဲ့ အိပ်ခန်းဆောင်ထဲမှာ စိတ်မပါပဲ မင်းကြီးနဲ့ လိင်ဆက်ဆံရတယ်ဆိုတာပဲ။ ဒါကြောင့် ကျောက်ပိယွမ်က အခြေနေ နည်းနည်းပြောင်းလဲ သွားရခြင်းရဲ့ အကြောင်းရင်းကို ခွဲခြမ်း မသိနိုင်ခဲ့ဘူး။
ကျောက်ပိယွမ်သာ အရင်ပုံစံ အပြုမှုမျိုးကို ဆက်လုပ်နေမယ်ဆိုရင် ဒီ ဖိန်းရီနန်းဆောင်က အခြွေရံ ရာချီကို သူမနဲက အတူ သေလမ်းကို ဆွဲခေါ်သွားတော့မှာ သေချာတယ်။ အခြွေရံမလေးက ဒီအကြောင်းကို တွေးလေး ကြောက်လေဖြစ်ပြီး သခင်မကို အရိပ်မြွက် အကြိမ်ကြိမ်ပြောပေမယ့် ကျောက်ပိယွမ်က သတိလက်လွတ် ခေါင်းငြိမ့်ပြီ  အဆက်မပြတ်ပေးနေခဲ့တယ်။
"ကျင်းယွိ ဘယ်အချိန်ပြန်ရောက်မှာလဲ..."
ဒီလိုခဏခဏဖြစ်လာတော့ အခြွေရံမလေးက စိတ်ပျက်လာခဲ့တယ်။ သူမက နန်းတော် အပြင်ဘက်မှာ သူမ လစာကို မှီခိုနေရတဲ့ အမေအိုကြီးနဲ့ မောင်ငယ်လေး တစ်ယောက်ရှိတယ်။ သူမသေသွားရင် အမေနဲ့ မောင်လေးက ဘာနဲ့ သွားစားရမှာလဲ။ သူမ မိသားစုကို စောင့်ရှောက်ရမှာမို့ သူမ မသေချင်သေးဘူး။ ဒါကြောင့် အခြွေရံမလေးက အဆက်သွယ်အကုန်သုံးပြီး မင်းကြီး ပြန်မရောက်လာခင် ဖိန်းရီနန်းဆောင်ကနေ ထွက်ခွာသွားတော့တယ်။ သူမက နန်းတော်အပြင်ဘက်မှ အဝတ်လျှော်သည်လုပ်တယ်။ ဒီအလုပ်က ပင်ပန်းပြီး အဆင့်တန်းနိမ့်တယ်ဆိုပေမယ့် အသက်တော့ရှင်နေသေးတယ်။ သူမလိုပဲ အခြား အခြွေရံတွေလည်း အသီးသိး သက်ဆိုင်ရာကို ကပ်ပြီး ဖိန်းရီ နန်းဆောင်ကနေ အခြားနန်းဆောင်ကို ကူးပြောင်းကြ၊ သခင် အသစ်ရှာကြတော့တယ်။ ဖိန်းရီနန်းဆောင်ကို စောင့်ကြပ်တဲ့ အစောင့်တွေက ကိုယ်လုပ်တော်ကို အပြင်မထွက်အောင်ပဲ စောင့်နေတာဖြစ်လို့ အခြားလူတွေ ထွက်သွားတာကို အမေးမြန်းမရှိကြဘူး။
ချီကျင်းယွိ နေပြည်တော်ကို ပြန်ရောက်လာချိန်မှာတော့ ဖိန်းရီနန်းဆောင်မှာ အစေခံ ၂၀ နဲ့ အပါးတော်မြဲ ကုန်းကုန်း တစ်ယောက်တည်းကျန်တော့တယ်။ အရင်တုန်းက ကျောက်ပိယွမ်က ဥယျာဉ်ထဲ လမ်းလျှောက်သွားတဲ့ အခါ အခြွေရံ တရာလောက် ခြံရံပြီး အာဏာပါဝါပြလေ့ရှိပေမယ့် အခုချိန်မှာ သူမ အရင်လို မဝံ့ကြွားနိုင်တော့ဘူး။ စိတ်ဓါတ်ကျခြင်းနဲ့အတူ ညညဆိုရင် အိပ်မက်ဆိုးတွေ ဆက်တိုက်မက်တော့တယ်။ အိပ်မက်ထဲမှာ ချီကျင်းယွိသေဆုံးသွားတာ၊ သူမ သား ပျောက်သွားတာ၊ မင်းကြီးက သူမဆီကို အဆိပ်ခွက် ဒါမှမဟုတ် ပိုးထည်ကြိုးစကို ပို့လိုက်တာတွေ မက်ပြီး အိပ်ကောင်းခြင်း မအိပ်ရတော့ဘူး။

"သားလေး... မယ်တော် သားကို သတိရနေတာ။ မယ်တော် သားကို မျှော်နေတာ"
ကျောက်ပိယွမ်က သူမဆီကို သားလေးရောက်လာတော့ မျက်ရည်ကျရင်း ပွေ့ဖက်ပြောလိုက်တယ်။ သူမ မျက်လုံးတွေက တံခါးအနောက်ဘက်ကို မျှော်လင့်တကြိးကြည့်နေတယ်။ သူမထင်ထားတာက ကလေးကို ပွေ့လာတဲ့ ကုန်းကုန်းနောက်မှာ မင်းကြီးကိုယ်တိုင် လိုက်လာတယ်ထင်နေတယ်။ တကယ်တော့ ဘယ်သူမှ ပါမလာဘူး။ ကုန်းကုန်းက ကလေးကို ပို့ပြီး လှည့်ထွက်သွားတယ်။ ကုန်းကုန်းထွက်သွားတော့ အစောင့်က နန်းဆောင်တံခါးကို ချက်ချင်း သော့ခတ်လိုက်တော့တယ်။

ကျောက်ပိယွမ်က မိုက်မဲတယ်ဆိုပေမယ့် ကံဆိုးခြင်းက သူမနားကို ချဉ်းကပ်လာတာကိုတောင် သတိမထားမိအောင် သူမစိတ်တွေက ချီကျင်းယွိအပေါ် မွှန်ထူလို့နေတယ်။ သူမက ကိုယ်လုပ်တော်တစ်ယောက်ရဲ့ သမီးသာဖြစ်ပြီး အနောက်ဘက်ခြံဝင်းထဲမှာပဲ ကြီးပြင်းခဲ့ရတယ်။ သူမမိခင်ဆီက သိရတဲ့အရာတွေကလည်း ယောက်ျားတစ်ယောက်ကို ဘယ်လိုမြှူဆွယ်ရမယ်၊ မျက်နှာလေးကို ဘယ်လိုလှအောင်ပြင်ရမယ် ဆိုတာတွေပဲဖြစ်ပြီး တရားဝင်သားသမီးတွေလို အတွေးအခေါ်စာပေတွေကို သင်ကြားခွင့်မရှိခဲ့ဘူး။ ဒါကြောင့် သူမရဲ့အတွေးအခေါ်တွေထဲမှာ သူမအတွက်ကလွဲပြီး ဘာမှမရှိဘူး။ သူမဘဝသာလျှင် သနားစရာကောင်းတယ်လို့ပဲ အမြဲတွေးနေတယ်။ မင်းကြီးက ဒုတိယမင်းသားကို ဘာကြောင့်ခေါ်သွားခဲ့တယ်ဆိုတဲ့ အကြောင်းအရာကို နက်နက်ရှိုင်းရှိုင်း တွေးမနေဘူး။ သူမကို မင်းကြီးက ချစ်နေဆဲပဲ၊ နောင်အခါမှာ သူမတောင်းပန်ပြီး မင်းကြီးကို ကောင်းကောင်းမွန်မွန်ပြုစုရင် အရင်လိုပဲ မင်းကြီးရဲ့အရေးပေးချစ်ခင်ခြင်းကို ပြန်ရလိမ့်မယ်လို့ပဲ တစ်ထစ်ချတွက်ထားတယ်။

နန်းတော်ထဲက ဘေးဒုက္ခထဲကို နစ်မသွားအောင် မင်းကြီးရဲ့နှစ်သက်မှုကို အခုချိန်လောက် ဘယ်တုန်းကမှ မလိုချင်ခဲ့ဖူးဘူး။ သူမက ချီကျင်းယွိနဲ့ မပေါင်းဖက်နိုင်ပေမယ့် သူမရဲ့အကျပ်အတည်းနဲ့ ဆင်းရဲဒုက္ခကို ချီကျင်းယွိ မြင်နိုင်မယ်လို့ သူမထင်နေတယ်။ ရက်အတော်ကြာ စောင့်မျှော်နေပြီးတော့ မင်းကြီးရဲ့ဆင့်ခေါ်မှုကို ခံခဲ့ရတယ်။ ကျောက်ပိယွမ်က ချက်ချင်း အလှဆုံးဝတ်စုံကိုဆင်မြန်းပြီး မှန်ရှေ့မှာ နာရီပေါင်းများစွာထိုင်လို့ သူမမျက်နှာကို လှသထက်လှအောင် ခြယ်သလို့နေတယ်။ သူမဆံပင်ကို လှပစွာထုံးဖွဲ့ပြီး အဆင်တန်ဆာတွေအပြည့် ဆင်ယင်လိုက်တယ်။ ပြီးတော့ ခါးကိုမတ်မတ်ထားပြီး ပိတ်ထားတဲ့နန်းဆောင်တံခါးကို ကျော်ဖြတ်လို့ ထွက်လာခဲ့တယ်။

"တော်ဝင်ကိုယ်လုပ်တော်က မင်းကြီးကို အရိုအသေပေးပါတယ်.."

သူမက ကျက်သရေရှိစွာဖြင့် မင်းကြီးကို အရိုအသေပြုလိုက်တယ်။ အရင်တုန်းကဆိုရင် မင်းကြီးက ချက်ချင်းပဲ သူမကိုဆွဲထူလို့ ထစေတယ်။ အခုတော့ ဒီလောက်အကြာကြီး ခွဲနေရတာတောင် လွမ်းဆွတ်ဖို့နေနေသာသာ မင်းကြီးက သူမကို ငဲ့စောင်းလို့တောင် မကြည့်ခဲ့ဘူး။ ကျောက်ပိယွမ်က ထရပ်လိုက်ပြီး ဝေ့ဝဲတက်လာတဲ့မျက်ရည်နဲ့ မင်းကြီးရဲ့နောက်ကျောကို ငေးကြည့်ရင်း တိတ်တဆိတ်ရပ်နေမိတယ်။ အရင်တုန်းကဆိုရင် မင်းကြီးက သူမကိုလျစ်လျှူရှုပြီး လှည့်ထွက်သွားမှာမဟုတ်ဘူး။ သူမကို လက်ကမ်းပေးပြီး တူယှဉ်တွဲလို့ သူမရဲ့ခြေလှမ်းတိုင်းကို အလေးထားနေခဲ့တာချည်း ဖြစ်တယ်။ သူမကို သူနဲ့အတူ ဘေးချင်ယှဉ်လျှောက်ခွင့်ပြုပြီး တန်းတူအခွင့်အရေးပေးခဲ့တယ်။ ခုလိုမျိုး မင်းကြီးရဲ့နောက်ကျောဘက်ကနေ ခပ်ရို့ရို့လိုက်ရတာမျိုး တစ်ခါမှမရှိခဲ့ဖူးဘူး။ ကျောက်ပိယွမ်က ဒီလမ်းတလျှောက် မင်းကြီးနောက်ကလိုက်ပါလာရင်း အရင်ကအကြောင်းအရာတွေကို သတိရလို့ ရင်ကွဲပက်လက် ခံစားနေရတယ်။

"အရှင်မင်းကြီး.. ကျွန်မတို့ ဘယ်ကိုသွားမလို့လဲ.."

ကျောက်ပိယွမ်က မင်းကြီးကို လှမ်းမေးလိုက်တယ်။

"စွတ်နဉ်နန်းဆောင်ကိုသွားပြီး မယ်တော်ကြီးကို ဂါရဝပြုမလို့.. တစ်လက်စတည်း ညီတော်မင်းသားရဲ့ အခြေအနေကို မေးကြတာပေါ့.. သူက ဒဏ်ရာအတော်လေးပြင်းထန်လို့ ကနေ့မှ ဆေးကုသဆောင်က ဆင်းလာနိုင်တာ.. ဒါကြောင့် ငါကိုယ်တော်နဲ့မင်း သူ့ကို ဒီမှာလာတွေ့ရတာပဲ.."

ကျောက်ပိယွမ်က ဒီစကားကိုကြားတော့ စိတ်လှုပ်ရှားသွားပြီး မင်းကြီးရဲ့လေသံနဲ့ အမူအယာကို သတိမထားလိုက်မိဘူး။ သူမက ဖိန်းရီနန်းဆောင်မှာ ပိတ်ထားခံရလို့ ဘာသတင်းမှမရဘဲ အကန်းလိုဖြစ်နေခဲ့တယ်။ တော်ဝင်မင်းသား ဒဏ်ရာရလာတာသိပေမယ့် ဒဏ်ရာဘယ်လောက်ပြင်းထန်လို့ အခုမှ မယ်တော်ကြီးနန်းဆောင်ကို ရွှေ့လာရတယ်ဆိုတာ လုံးဝမရိပ်စားမိဘူး။

ကျိုးယွင်ရှန့်က သူမကိုလှည့်ကြည့်ပြီး နှုတ်ခမ်းကိုမဲ့လို့ တိတ်တဆိတ် လှောင်ရယ်,ရယ်မိတယ်။ အခုချိန်မှာ တော်ဝင်မင်းသား မတွေ့ချင်ဆုံးလူက ကျောက်ပိယွမ်ပဲ။ သူက ဒုတိယမင်းသား တုပ်ကွေးမိပြီး ဖိန်းရီနန်းဆောင်မှာ ကျောက်ပိယွမ်နဲ့အတူ ထားထားတယ်ဆိုတာ ကြားသိရကတည်းက မယ်တော်ကြီးကို လုပ်ရမယ့်အစီအစဉ်တွေ သူမကို တစ်ဆင့်ညွှန်ကြားဖို့ မှာကြားပြီး ဒီအဆောင်ကနေ ထွက်ခွာဖို့လုပ်နေတယ်။ ဒီအချိန် ကျောက်ပိယွမ်က မယ်တော်ကြီးအဆောင်ဝကို ရောက်ရှိလာပြီး တံခါးဖွင့်ဖွင့်လိုက်ချင်းမှာပဲ ချီကျင်းယွိကိုတွေ့တော့ ဘာမှမစဉ်းစားဘဲ ချီကျင်းယွိဆီကို ပြေးသွားခဲ့တယ်။

ကျောက်ပိယွမ်က ဘာကိုမှ မသိလိုက်ရသေးခင် ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ ရုပ်ဆိုးဆိုးမျက်နှာတစ်ခုကို ရုတ်တရက်တွေ့လိုက်ရလို့ ထိတ်လန့်သွားခဲ့တယ်။

"အား.. သရဲ.. သရဲ.."

သူမက ကြောက်လွန်းလို့ ငယ်သံပါအောင် အော်လိုက်မိတယ်။ သူမအော်သံကြောင့် အဆောင်တစ်ခုလုံး ပွင့်ထွက်မတတ်ဖြစ်သွားပြီး ရုတ်တရက် ရှိနေတဲ့သူတွေအားလုံး ငြိမ်ကျသွားခဲ့တယ်။ မယ်တော်ကြီးက ဒီမိန်းမပျက်ရဲ့ပါးစပ်ကို ပိတ်မရိုက်လိုက်ရလို့ ကျိတ်မနိုင်ခဲမရ ဒေါသထွက်နေတယ်။ ချီကျင်းယွိရဲ့ နဂိုက စိတ်ဓာတ်ကျနေတဲ့အခြေအနေက ကျောက်ပိယွမ်ရဲ့အော်သံကြောင့် အခြေအနေပိုဆိုးသွားပြီး ပြိုလဲလုမတတ် ဖြစ်သွားတော့တယ်။

"မင်း ဘာတွေအော်နေတာလဲ.. ဒါ ငါကိုယ်တော်ရဲ့ ညီတော်မင်းသားပဲ.."

ကျိုးယွင်ရှန့်က ငေါက်လိုက်ပြီး သူ့အနောက်မှာပုန်းနေတဲ့ ကျောက်ပိယွမ်ကို ခပ်ကြမ်းကြမ်းတွန်းလိုက်တယ်။

"မဖြစ်နိုင်ဘူး.."

ကျောက်ပိယွမ်ရဲ့မျက်နှာက ဖွေးဖွေးဆုတ်နေပြီး လုံးဝကို လက်မခံနိုင်အောင် ဖြစ်နေတယ်။ သူမရဲ့ချစ်သူက ဒီလောက်ချောမောခန့်ညားတာ ဒီရုပ်ဆိုးကောင်နဲ့ ဘယ်နေရာကများ တူနေလို့လဲ။ သူမရဲ့အော်သံ မပျောက်သေးခင်မှာ ဒီရုပ်ဆိုးကောင်က မင်းသားအဝတ်ကို ဝတ်ဆင်ထားတာကို သူမ သတိပြုမိလိုက်တယ်။ ပြီးတော့ သူ့ရဲ့မျက်နှာတစ်ခြမ်းက ပုံမှန်ပဲဆိုတာ မြင်လိုက်ရတယ်။

သူမရဲ့မျက်နှာက ဖြူဆုတ်လာပြီး အသက်ရှူမဝသလို ဖြစ်လာတယ်။ ဒီသုံးလအတွင်း ဖြစ်ခဲ့သမျှတွေက သူမတစ်ဘဝလုံးကို ကံဆိုးမိုးမှောင်ကျစေတဲ့ အရာတွေချည်းပဲဆိုတာ သူမသိလာခဲ့တယ်။

"ညီတော်မင်းသားက ဓားပြတွေကြောင့် ဒဏ်ရာရခဲ့တာဖြစ်တယ်.. ယောက်ျားတစ်ယောက်အတွက် အမာရွတ်နည်းနည်းက ဘာမှမဖြစ်ဘူး.. နောင်ဆိုရင် မင်း ကျင့်သားရပြီး ကြောက်မှာမဟုတ်တော့ဘူး.."

ကျိုးယွင်ရှန့်က အင်္ကျီက်စကိုခါယမ်းလိုက်ပြီး ပြစ်တင်ပြောဆိုလိုက်တယ်။

ကျောက်ပိယွမ်က ခေါင်းငုံ့လိုက်ပြီး ခေါင်းညိတ်လိုက်ပေမယ့် သူမချစ်သူရဲ့ ကြောက်မက်ဖွယ်မျက်နှာကို မကြည့်မိအောင် ရှောင်နေလိုက်တယ်။ သူမချစ်သူရဲ့ ဒီမျက်နှာသွင်ပြင်ကို ဘယ်လိုမှ လက်မခံနိုင်ဘူးဖြစ်နေတယ်။

ချီကျင်းယွိက သူမရင်ထဲက လွန်ဆွဲနေတဲ့အခြေအနေကို သတိမပြုမိလိုက်ဘူး။ သူ့စိတ်နှလုံးက ကျောက်ပိယွမ်ရဲ့တုံ့ပြန်မှုကြောင့် အရမ်းကို နာကျင်ကြေကွဲလို့နေတယ်။ သူက လက်နှစ်ဖက်ဆုပ် အရိုအသေပြုလိုက်ပြီး မယ်တော်ကြီးနန်းဆောင်ကနေ တိတ်တဆိတ် ထွက်ခွာသွားတော့တယ်။

ကျိုးယွင်ရှန့်က ညီလာခံမတက်ခင် ချီကျင်းယွိကို နန်းတော်တံခါးဝအထိ အဖော်ပြုပြီး လိုက်ပါပို့ဆောင်ပေးလိုက်တယ်။ မယ်တော်ကြီးက အနားမှာ ကျိုးယွင်ရှန့်မရှိတာကို အခွင့်ကောင်းယူပြီး ကျောက်ပိယွမ်ကို သူမနားထိုင်စေပြီး သူမတို့သားအမိရဲ့ အကြံအစည်ကို ပြောပြလို့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြောလိုက်တယ်။

ကျိုးယွင်ရှန့်က အသာလေးပြုံးလိုက်မိတယ်။ ဒီသားအမိရဲ့အစီအစဉ်ကို ခေါင်းသုံးစရာမလိုဘဲနဲ့တောင် သူ ခန့်မှန်းလို့ရတယ်။ ဒီဟာက သူ့အတွက် နောက်ဆုံး အပျင်းပြေစရာ ပြကွက်တစ်ခု ဖြစ်လာမှာပဲ။ ကျောက်ပိယွမ်က ဒုတိယမင်းသားကို အိမ်ရှေ့စံအဖြစ် တရားဝင်ခန့်အပ်ဖို့ တောင်းဆိုပြီး သူ့ကိုမုန်းတီးအောင် သင်ကြားပေးကြလိမ့်မယ်။ ဒီကလေးအရွယ်ရောက်လာလို့ သူ့အရိုက်အရာဆက်ခံပြီးရင် သူသေဆုံးသွားရလိမ့်မယ်။ ချီကျင်းယွိက နောင်တရတဲ့ပုံ သရုပ်ဆောင်လိမ့်မယ်။ ဒီနည်းနဲ့ ချီကျင်းယွိက လူပေါင်းများစွာကို သွယ်ဝိုက်အုပ်စိုးနိုင်လိမ့်မယ်။ ဒီစုံတွဲက တကယ့်ကို စိတ်ဝင်စားဖို့ကောင်းတာပဲ။ ယောက်ျားဖြစ်သူက ကိုယ့်ချစ်သူမိန်းကလေးကို တခြားသူနဲ့အိပ်ခိုင်းသလို မိန်းကလေးကလည်း ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတဲ့ ချစ်သူယောက်ျားရဲ့မျက်နှာကို စေ့စေ့မကြည့်ရဲဘူး။ ဒီအချက်က ဒီကမ္ဘာမှာရှိတဲ့ ချစ်ခြင်းမေတ္တာဆိုရင်တော့ သူတကယ့်ကို ငြီးငွေ့ရမှာသေချာတယ်။

ကျောက်ပိယွမ်က မျက်စိမှိတ်လိုက်တာနဲ့ ချီကျင်းယွိရဲ့ ရုပ်ပျက်ဆင်းပျက်မျက်နှာကို မြင်ယောင်ပြီး တစ်ကိုယ်လုံးတုန်အောင် ကြောက်ရွံ့လာခဲ့တယ်။ သူမက မင်းကြီးရဲ့ ရဲရင့်တဲ့မျက်နှာကို ပြန်မြင်ယောင်ပြီး ချီကျင်းယွိရဲ့မျက်နှာကို မေ့နိုင်အောင် ကြိုးစားလိုက်တယ်။ ရုတ်တရက် သူမရဲ့မျက်လုံးကို ဖုံးနေတဲ့အလွှာတစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရပြီး မင်းကြီးက ဒီကမ္ဘာပေါ်မှာ အကောင်းဆုံး ယောက်ျားတစ်ယောက်ဆိုတာ သတိပြုမိလာတယ်။ နှစ်ပေါင်းများစွာ သူမ မထီမဲ့မြင်ပြုနေတဲ့၊ အထင်အမြင်သေးနေတဲ့ ဘုရင်တစ်ပါးက တစ်လောကလုံးကမိန်းမတွေရဲ့ စိတ်ကူးထဲမှာ ချစ်ခင်မြတ်နိုးတောင့်တနေတဲ့ ယောက်ျားတစ်ယောက်ဆိုတာ ကောင်းကောင်းသိသွားတော့တယ်။ ချီကျင်းယွိအပေါ်ထားတဲ့ သူမရဲ့ချစ်စိတ်က စွန့်ပစ်ခံလိုက်ရတဲ့ ဖိနပ်တစ်ရံလို တန်ဖိုးမရှိတော့ဘူး။
ကျောက်ပိယွမ်က မယ်တော်ကြီးဘေးမှာထိုင်ပြီး လက်ကိုင်ပုဝါကိုချေနေရင်း သူမအနေနဲ့ မင်းကြီးရဲ့အချစ်ကို ပြန်ရအောင်ကြိုးစားဖို့ အရမ်းနောက်ကျသွားမှာ စိုးရိမ်နေမိတယ်။ ရုတ်တရက် မယ်တော်ကြီးရဲ့စကားသံက သူမရဲ့စိတ်ကူးတွေကို ဖျက်ဆီးပြီး လက်တွေ့ဘဝကို သတိရသွားစေတယ်။

"ဒီဟာကိုယူပြီး မင်းကြီးရဲ့ အစားအသောက်တွေထဲကို နေ့တိုင်းထည့်လိုက်.."

မယ်တော်ကြီးကလည်း ကျောက်ပိယွမ်လိုပဲ သတင်းအမှောင်ချခံထားရလို့ တော်ဝင်ကိုယ်လုပ်တော်က မင်းကြီးရဲ့မျက်နှာသာပေးခြင်း မခံရတော့ဘူးဆိုတဲ့ သတင်းကို မသိသေးဘူး။

"ဒီဟာ ဘာလဲ.."

ကျောက်ပိယွမ်ရဲ့မျက်လုံးတွေက ကြောက်လန့်နေပြီး မေးလိုက်တယ်။

"ဒါက တန်းရှန်ပါ.."

မယ်တော်ကြီးက နာမည်ကိုပဲပြောပြီး ရှင်းမပြဘူး။

ကျောက်ပိယွမ်က ဒီဟာအဆိပ်ဖြစ်တယ်ဆိုတာ သိလိုက်တယ်။ တန်းရှန်က ဘယ်လိုအဆိပ်မျိုးလဲ။ ဒီဟာက တမလွန်ကို တစ်ခါတည်းရောက်သွားစေတဲ့ အဆိပ်လား။

"ဟင့်အင်း.. ကျွန်မ မလုပ်နိုင်ဘူး.."

သူမက လက်ကိုတင်းတင်းဆုပ်ပြီး ငြင်းလိုက်တယ်။ သူမရဲ့ချစ်သူက ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ဘုရင်နေရာကို ဘယ်လိုမှမရနိုင်တော့ဘူး။ ဒါဆိုရင် သူမရဲ့အနာဂတ်မှာ ရမယ့် စည်းစိမ်ချမ်းသာအားလုံးက သူမရဲ့လင် မင်းကြီးအပေါ်ပဲ မူတည်တော့တယ်။ တကယ်လို့ မင်းကြီး နာမကျန်းဖြစ်ပြီး နတ်ရွာစံသွားရင် သူမတစ်သက်တာလုံး ကောင်းကောင်းမွန်မွန် နေရတော့မှာမဟုတ်ဘူး။ မင်းကြီး နေကောင်းကျန်းမာမှ သူမဘဝလည်း အေးချမ်းလိမ့်မယ်။

"မင်းမလုပ်ချင်ဘူး ဟုတ်လား.. မင်း ငါ့ခြေရင်းမှာ ဒူးထောက်ငိုယိုပြီး ဒီတစ်သက် ကျင်းယွိတစ်ယောက်တည်းကိုပဲ ထာဝရချစ်ပါ့မယ်လို့ ကျိန်ဆိုပြောခဲ့တာ မေ့သွားပြီလား.. မင်း ဘယ်လိုတောင် စိတ်အပြောင်းအလဲမြန်ရတာလဲ.. မင်းက နှလုံးသားမရှိတဲ့ မိန်းမပျက်ပဲ.."

မယ်တော်ကြီးက သလွန်ပေါ်ထိုင်ချပြီး စိတ်ကိုထိန်းလို့ ညင်သာစွာပြုံးပြီး လေသံချိုချိုနဲ့ ဖျောင်းဖျလိုက်တယ်။

"မင်းသားရဲ့ကိုယ်ထဲမှာ စီးဆင်းနေတဲ့သွေးက ဘယ်သူ့သွေးလဲဆိုတာ မမေ့လိုက်နဲ့.. တကယ်လို့ ရိနဉ်က ဒီအကြောင်းကိုသိသွားရင် မင်းကို သူဘာလုပ်မလဲ မသိတော့ဘူး.. မင်းကိုယ်က ညစ်နွမ်းပြီးသွားပြီ.. ဘယ်တော့မှ ပြန်မဖြူစင်နိုင်တော့ဘူး.. ဘာကြောင့် မကောင်းမှုနည်းနည်းလေးကို ထပ်မလုပ်နိုင်ရတာလဲ.."

သူမရဲ့ အဓိကအားနည်းချက်ကို ကိုင်ထားမှတော့ ကျောက်ပိယွမ်အနေနဲ့ မငြင်းနိုင်တော့ဘူး။ ဒါကြောင့် မယ်တော်ကြီးပြောတာကို လက်ခံဖို့ကလွဲပြီး ဘာမှမတတ်နိုင်တော့ဘူး။ သူမရဲ့ရင်ထဲမှာ ပူဆွေးမှုတို့နဲ့ ပြည့်နေတယ်။ တကယ်လို့ သူမက အအေးနန်းဆောင်မှာရှိတဲ့အခိုက် အထီးကျန်မှုကို တောင့်ခံနိုင်ခဲ့ရင် သူမကို တကယ်ချစ်တဲ့ချစ်သူက ဘယ်သူလဲဆိုတာ သူမသေချာသိနိုင်မှာဖြစ်တယ်။ ဒါဆိုရင် အခုလို မျှော်လင့်ချက်ကင်းမဲ့တဲ့ဘဝမျိုး ကြုံစရာမလိုတော့ဘူး။ မင်းကြီးက သူမကိုတကယ်ချစ်ပြီး တကယ်ကောင်းပေးခဲ့တယ်။ မင်းကြီးရဲ့အချစ်က ချီကျင်းယွိထက် အဆပေါင်းများစွာ သာလွန်တယ်ဆိုတာ ကျောက်ပိယွမ် အချိန်နှောင်းမှ သိတော့တယ်။

ချီကျင်းယွိက ကျောက်ပိယွမ်ကြောင့် အကြီးကျယ်စိတ်ထိခိုက်သွားရပြီး သူ့အဆောင်ကို ရောက်တော့ ကြင်ယာတော် မင်းသမီးလာတွေ့တော့ အတွေ့မခံချင်လို့ ကိုယ်ရံတော်တွေကို တားဆီးခိုင်းလိုက်တယ်။ ဒါပေမယ့် သူ့ကြင်ယာတော်က သိုင်းတတ်တဲ့အတွက် ကိုယ်ရံတော်တွေကို တခါတည်း မြေကြီးပေါ်လှဲသိပ် ပြစ်နိုင်ခဲ့တယ်။ သူမက တံခါးကို တွန်းဖွင့်ပြီး အဆောင်ထဲကို ဝင်လာတော့ မျက်နှာကို လက်ဝါးနဲ့အုပ်ထားတဲ့ ချီကျင်းယွိကို တွေ့လိုက်တယ်။ သူမက သူ့အနားကို ဖြည်းညှင်းစွာကပ်လာပြီး ကာထားတဲ့ လက်ကို ဖယ်လိုက်တယ်။ ကြောက်စရာ အမာရွတ်တွေနဲ့ အကျဉ်းတန် မျက်နှာကို တွေ့တော့ ကြောက်လန့်သွားခြင်း မရှိပဲ မေးလိုက်တယ်။
"အရှင့်သား.... ဒီနေရာမှာ ဒဏ်ရာရထားတာလား ။ အခြား နေရာမှာကော အကြီးကျယ် ထိခိုက်တာ ရှိသေးလား"
သူမရဲ့ မျက်ဝန်းထဲက အကြည့်နဲ့ ဆိုလိုရင်းကို သိသွားတော့ ချီကျင်းယွိ ခေါင်းယမ်းလိုက်တယ်။ ကျောက်ပိယွမ်ရဲ့ အမူယာနဲ့ သူ့ကြင်ယာတော်ရဲ့ အမူယာကွာခြားပုံကိုကြည့်ပြီး ချီကျင်းယွိအံ့အားသင့် နေမိတယ်။ သူမက သူ့ရဲ့ သရဲလို သွင်ပြင်ကို နည်းနည်းလေးမှ မလန့်ဘူးလား။
တကယ်တော့ ချီကျင်းယွိရဲ့ ကြင်ယာတော် မင်းသမီးက စစ်သူကြီး သမီးပီပီ စစ်တန်းလျားမှာ ကြီးပျင်းလာတော့ ဒဏ်ရာရထားတဲ့ ယောကျာ်းတွေကို မြင်ဖူးနေကျဖြစ်ပြီ။ ယောကျာ်းတစ်ယောက်ရဲ့ ဒဏ်ရာက သူမကို နည်းနည်းမှ စိတ်အနှောက်ယှက်မဖြစ်စေဘူး။ ချီကျင်းယွိက သူမ အမေးကို ခေါင်းယမ်းပြလိုက်တော့ သူမ အရမ်းကို ကျေနပ်သွားခဲ့တယ်။ ဒါကြောင့် သူ့မျက်လုံးထဲကို စိုက်ကြည့်ပြီး တောက်ပစွာပြုံးရင်း မျက်နှာပေါ်က အမာရွတ်ကို နမ်းပြီး ပြောလိုက်တယ်။

"ဘာမှ စိတ်ဓါတ်မကျပါနဲ့။ ဒီလောကကြီးက လူတွေအားလုံးကို မျှတအောင် လုပ်ပေးထားပါတယ်။ ယောကျာ်းကောင်းတစ်ယောက်ဆိုတာ လှပတဲ့ မျက်နှာထက် လက်ရုံရည်နဲ့ ဇွဲလုံ့လရှိရင် အောင်မြင်မှုရနိုင်ပါတယ်။ အရှင့်သားရဲ့ဘေးမှာ ကျွန်မရှိပါတယ်။ ကျွန်မတို့ လင်မယားနှစ်ယောက် ပြန်ကြိုးစားကြတာပေါ့..."
ကြင်ယာတော် မင်းသမီးရဲ့ အားပေးစကားကိုကြားတော့ ချီကျင်းယွိ အတော်လေးကို စိတ်အားတက်ကြွလာခဲ့တယ်။ သူမက စစ်သူကြီးသမီးဖြစ်ပြီး မြောက်ဘက် တောင်တန်းပေါ်မှာ ဖခင်ဖြစ်သူရဲ့ စစ်တပ်က မြောက်ပိုင်းလူရိုင်းတပ်တွေရဲ့ ဝန်းရံခြင်းကို ခံလိုက်ရတဲ့ အချိန်ကို ကောင်းကောင်းကြုံဖူးလိုက်တာကို ချီကျင်းယွိ မသိခဲ့ဘူး။ စားစရာတွေ ပြတ်လပ်ပြီး တပ်ကူက ရောက်မလာသေးချိန်မှာ စစ်သားတွေက ငတ်မွတ်ပြီး တိုက်ခိုက်ချင်စိတ်တွေ ပျောက်ဆုံးကုန်တယ်။ အဲ့ဒီအချိန် သူမရဲ့ ဖခင် စစ်ဗိုလ်ချုပ်ကြီးက ဒီအရိုင်းစိုင်းတပ်တွေကို ဆက်တိုက်နိုင်ဖို့ သူ့မယားငယ်နဲ့သားသမီးအားလုံးကို သတ်ဖြတ်ပြီး ငတ်မွတ်နေတဲ့ စစ်သားတွေကို ကျွေးမွေးစေခဲ့တယ်။ ဒါပေမယ့် ဒီအသားက ရက်အနည်းငယ်နဲ့ကုန်သွားတော့ သူမ ဖခင်က နောက်ထပ် မယားကြီးက မွေးဖွားတဲ့ သူမကို သတ်ကျွေးဖို့ အမိန့်ချလိုက်တယ်။ သူမ အမေက ဘယ်လောက် ငိုယိုတောင်းပန်နေပါစေ သူမကို သိုးခြံထဲ ခေါ်ဆောင် ချုပ်နှောင်ထားလိုက်တယ်။ စစ်ဗိုလ်ချုပ်ကြီးတစ်ယောက်ရဲ့ ပမာဏ ဇနီးကမွေးတဲ့ သမီးကြီးဖြစ်ပေမယ့် သူမက သားသမီး တစ်ယောက်အဖြစ်ထက် စားစရာ တစ်ခုလို သဘောထားခံလိုက်ရတယ်။ သူမက ကြောက်ရွံ့စွာနဲ့ အချုပ်ခံနေရတဲ့အချိန် ဓါးကိုင်ထားတဲ့ စစ်သားတစ်ယောက်က သိုးခြံထဲကို ဝင်လာခဲ့တယ်။ သူမက ကြောက်လန့်တကြားနဲ့ အော်ဟစ်လိုက်ပေမယ့် သူမ မိသားစုဝင်တွေ ဘယ်သူမှ ရောက်မလာကြဘူး။ သူမက သတ်ဖြတ်ခံရပြီး မကြာခင် ဟင်းအိုးထဲကို ရောက်ရတော့မယ်ဆိုတာ တွေးမိပြီး ကြောက်လန့်တကြား ငိုယိုမိချိန် သူ မဖခင်ရဲ့ အကြံပေး တိုင်ပင်ခံ ရောက်လာပြီး သူမကို ပြန်လည်ခေါ်ဆောင် လာခဲ့တယ်။
အတိုင်ပင်ခံပြောတာကတော့ သူမက မယားကြီးပမာဏ ဇနီးက ဖွားတဲ့သမီးဖြစ်တာတောင် အသတ်ခံရတယ်ဆိုရင် သူမ ဖခင် စစ်သူကြီးကို လူအများက ကဲ့ရဲ့လိမ့်မယ်။ ဒါကြောင့် သူမကို သတ်စားမယ့် အစီစဉ်ကို တားလိုက်တာလို့ ပြောခဲ့တယ်။ သူမက အကြံပေးရဲ့ စကားကြောင့် အသက်ဘေးက လွတ်မြောက်လာပေမယ့် သူ့ကို နည်းန ည်းမှ ကျေးဇူးမတင်ခဲ့ဘူး။ ဘာကြောင့်လဲဆိုတော့ အကြံပေးက သူမကို သနားလို့ကယ်တာမှ မဟုတ်ပဲ။ သူမ ဖခင်ရဲ့ ဂုဏ်အတွက် သူမ အသက်ကို ကယ်တင်ခဲ့တဲ့ အတွက်ဖြစ်တယ်။ သူမ အဆောင်ကို ပြန်ရောက်လာတော့ အမေဖြစ်သူက သူမကို ပွေ့ဖက်ပြီး အရမ်းကို ငိုကြွေးနေခဲ့တယ်။ နူတ်ကလည်း သနားစရာ ငါ့သမီးလေးလို့ မြည်တမ်းနေတော့တယ်။ ဒါပေမယ့် သူမရဲ့စိတ်ထဲက အေးစက်တဲ့ စိတ်က စတင်ဖြစ်ပေါ်လာခဲ့တယ်။ သူမ လက်ထပ်တဲ့အခါ ဘယ်တော့မှ သူမကို လူသားတစ်ယောက်ဆိုတာထက် အသုံးချစရာ အရာအဖြစ်သဘောထားတဲ့သူကို လက်မထပ်ဘူးလို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
ဒါပေမယ့် သူမရဲ့ ဖခင်က သူမကို မြို့တော်ကို လွှတ်ပြီး တော်ဝင်မင်းသားနဲ့ လက်ထပ်ပေးခဲ့တော့ သူမ နည်းနည်း စိတ်ပျက်သွားခဲ့တယ်။ သူမရဲ့ ခင်ပွန်းက သာမန်လူဖြစ်တယ်ဆိုရင် မယားငယ် မယူအောင်၊ ယူခဲ့ရင်လည်း နောင်ကြဉ်အောင် သင်ခန်းစာပေးလို့ရတယ်၊ အခုတော့ တော်ဝင်မိသားစုက မင်းသားတစ်ပါးဖြစ်လို့ သူက မယားငယ်တို့၊ ကိုယ်လုပ်တော်တို့ထားရင် သူ ဘယ်လိုမှ လက်တုန့်ပြန်လို့မရဘူး။
ဒါပေမယ့် ချီကျင်းယွိက အခုလို အနောက်တောင်ဒေသကနေ ရုပ်ပျက်ဆင်းပျက်ဖြစ်ပြီး ပြန်လာတော့ သူမ ဖော်မပြနိုင်လောက်အောင်ကို ဝမ်းသာသွားခဲ့တယ်။ အခုလို ရုပ်ရည်မျိုးနဲ့ဆိုရင် သူ့ခင်ပွန်းဘေးမှာ ဘယ်မိန်းမမှ ကပ်ရဲတော့မှာ မဟုတ်တော့ဘူး။ သူ့ခင်ပွန်းမှာ သူမကလွဲပြီး ဘယ်မယားငယ်မှ မရှိနိုင်တော့ဘူး၊ ပြီးတော့ သူ့ကို လက်ထပ်ကတည်းက သူက မိန်းကလေးတွေနဲ့ နာမည်ပျက်မရှိတဲ့အပြင် လက်ထပ်ပြီးတော့လည်း ငြိမ်သက်အေးဆေးပြီး သူမအပေါ် ကြင်နာတဲ့အတွက် သူမက သူ့ခင်ပွန်း မင်းသားအပေါ်ကို ချစ်ခင်မြတ်နိုးလျက်ရှိတယ်။
အရင်ကတော့ သူမ ယောကျာ်းက အချိန်မရွေး မယားငယ်ယူနိုင်တာဖြစ်လို့ သူမက ကလေး မလိုချင်ဘူး။ ဒါပေမယ့် အခုအခြေနေအရ သူမ ခင်ပွန်းကို ချစ်ခင်ကြောင်းပြဖို့ ကလေး တစ်ယောက် အမြန်ဆုံးလိုချင်တယ်။ သူ့အတွက် ကလေး တစ်ယောက်မွေးပေးပြီး မိသားစု ဘဝကို ဖန်တီးပေးချင်တယ်။  ချင်ကျင်းယွိကလည်း ကြင်ယာတော်ရဲ့ ဖအေစစ်သူကြီးဆီက အထောက်ပံ့ကို လိုချင်တဲ့အတွက် သူမကို အရင်ကထက် ကြင်နာစွာ ဆက်ဆံပေးခဲ့တယ်။ ဒါကြောင့် ဒုတိယမင်းသားနဲ့ ကြင်ယာတော် မင်းသမီးက တစ်ယောက်နဲ့ တစ်ယောက် အဆင်ပြေလျက်ရှိပြီး နတ်ဖက်တဲ့ စုံတွဲရယ်လို့ သူတို့ကိုယ် သူတို့ထင်နေကြတယ်။
တော်ဝင်မင်းသားရဲ့ အိမ်တော်နဲ့ ဆန့်ကျင်ဘက်အားဖြင့် နန်းတော်ထဲကတော့ ငြိမ်းချမ်းခြင်းမရှိခဲ့ဘူး။ မယ်တော်ကြီးက လွှတ်တော်ထဲက အမတ်တွေကို စုစည်းပြီး ညီလာခံမှာ မင်းကြီးကို အိမ်ရှေ့စံမင်းသား သတ်မှတ်ပေးဖို့ ဖိအားပေး တောင်းဆိုခဲ့တယ်။ မယ်တော်တစ်ပါးအနေနဲ့ စိုးရိမ်လို့ တောင်းဆိုတာဖြစ်ကြောင်းလည်း ပြောဆိုခဲ့တယ်။  ချီရိနဉ်က သူမတို့လုပ်ရပ်ကို သိတော့ မိန့်ကြားလိုက်တယ်။

"ကောင်းပြီလေ၊ ဒါဆို အိမ်ရှေ့စံအဖြစ် ပထမ မင်းသားကို သတ်မှတ်ကြောင်း အမိန့်စာထုတ်ခိုင်းလိုက်မယ်..."
ချီရိနဉ်ရဲ့စကားကြောင့် မယ်တော်ကြီးရဲ့ မျက်နှာဖြူဖျော့သွားပြီး နူတ်ခမ်း တဆတ်ဆတ်တုန်သွားတော့တယ်။

"သားတော်က ဒုတိယ မင်းသားလေးကို အချစ်ဆုံးမဟုတ်ဘူးလား။ ဘာကြောင့် အိမ်ရှေ့စံနေရာကို ပထမမင်းသားကို သတ်မှတ်ရတာလဲ"

"ဒါက ရှေးကတည်းက သတ်မှတ်ထားခဲ့တာပဲ မဟုတ်ဘူးလား မယ်တော်ဘုရား။ အိမ်ရှေ့စံမင်းသားက ပထမ မယားက မွေးတဲ့သား နဲ့ အကြီးဆုံးသားပဲဖြစ်ရမယ်။ အခု ဒုတိယမင်းသားက မယားကြီးက မွေးတာ မဟုတ်သလို၊ သားအကြီးဆုံးလည်း မဟုတ်ဘူး။ ဒါကြောင့် ကျွန်တော်က သူ့ကို နန်းမွေခံအဖြစ် ဘယ်လို သတ်မှတ်ပေးလို့ရမှာလဲ။"

မယ်တော်ကြီးက ကျိုးယွင်ရှန့်ရဲ့စကားကြောင့် ဘာမှ ပြန်မပြောနိုင်ခဲ့ဘူး။ သူမက ကျောက်ပိယွမ်ကို မုန်းတီးတဲ့အတွက် တောက်လျှောက် မိဖုရား  မမြှောက်ဖို့ မင်းကြီးကို တိုက်တွန်းနေခဲ့တယ်။ ဒါကြောင့် ကျောက်ပိယွမ်က တရားဝင် မိဖုရားမဖြစ်ပဲ တော်ဝင်ကိုယ်လုပ်တော်အဆင့်မှာပဲ  ဖြစ်ရပြီး သူမသားကလည်း မယားကြီး မိဖုရားခေါင်ကြီးက မွေးတဲ့သားမဖြစ်ပဲ ထီးနန်းနဲ့လွဲရတော့တယ်။ သူမ လုပ်ခဲ့သမျှ အခုတော့ သူမ အစီစဉ်ကို ပိတ်ပင်လိုက်တဲ့ အဓိက အချက်ကြီးဖြစ်လို့နေတယ်။ ဒါကြောင့် မယ်တော်ကြီးက ဘယ်လိုမှ မတတ်နိုင်တော့ပဲ အမိန့်စာထုတ်မယ့်အကြောင်းကို နှောင့်နှေးစေပြီး ကျောက်ပိယွမ်ကို မိဖုရားခေါင် မြှောက်ဖို့ တိုက်တွန်းရတော့မယ်၊ ဒီကြားထဲ ပထမ မင်းသားကို လုပ်ကြံဖို့ ဆုံးဖြတ်ထားတယ်။
ဒါပေမယ့် ကျိုးယွင်ရှန့်က ခြေတလှမ်းဦးသွားတယ်။ သူက ပထမမင်းသားကို သိီးသန့်တစ်နေရာကို ပို့ထားပြီး အစောင့်အပြည့်နဲ့ သေချာလေ့ကျင့်သင်ကြားပေးထားတယ်။ ပထမမင်းသားက အမိန့်စာ မထုတ်သေးပေမယ့် ထီးနန်းဆက်ခံမယ့် မင်းသားတစ်ပါးအဖြစ် လေ့ကျင့်ပေးခြင်း ခံနေရတယ်။ မယ်တော်ကြီးက အစောင့်အပြည့်ချထားလို့ အလွယ်တကူ လုပ်ကြံလို့မရနိုင်ဘူး။ အခုဆိုရင် ပျော့ကွက်ကို အကြပ်ကိုင်ခံထားရတဲ့ အမတ်တွေကလွဲပြီး မယ်တော်ကြီးကို ထောက်ခံမယ့် အမတ်သိပ်မရှိတော့ဘူး။ လော့ကျန်းအပါဝင် လွှတ်တော်က အမတ်အကုန်နီးပါးက မင်းကြီးကို ထောက်ခံကြပြီး နတ်ဘုရားတစ်ပါးလို ကိုးကွယ်ယုံကြည်ကြတယ်။ မင်းကြီးရွေးတဲ့ မင်းသားသာလျှင် အကောင်းဆုံးလို့ လက်ခံထားကြတယ်။
ပထမမင်းသားလေးရဲ့မယ်တော် စူးကျယ်ယွိရဲ့ အခြေနေက နန်းတော်ထဲမှာ ချက်ချင်းကို ပြောင်းလဲပြီး အဆင့်မြင့်သွားတော့တယ်။ ပထမမင်းသားကို အထူးလေ့ကျင့်ပေးခြင်းခံရတဲ့အတွက် အခြား ကိုယ်လုပ်တော်တွေရဲ့ ဖားယားပြီး မေးမြန်းတာကို နေ့စဉ်ဖြေကြားနေရတော့တယ်။
မနာလိုခြင်းရဲ့ အရသာက ဒီလောက်ဆိုးဝါးပြီး ခံရခက်လိမ့်မယ်လို့ ကျောက်ပိယွမ် လုံးဝထင်မထားခဲ့မိဘူး။ သူမ ထင်ထားတာက မင်းကြီးကို တောင်းပန်လိုက်ရင် အရင်လိုပဲ သူမကို ပြန်လည်ချစ်မြတ်နိုးလာမယ် ထင်ထားပေမယ့် လက်တွေ့မှာတော့ သူမစိတ်ကူးယဉ်တာနဲ့ တခြားစီဖြစ်လာတော့တယ်၊ ကျောက်ပိယွမ်က ဟင်းသုံးပွဲနဲ့ဟင်းရည် တခွက်ကို ချက်ပြုတ်ပြင်ဆင်ပြီး အပါးတော်မြဲကုန်းကုန်းကိုစေလွှတ်ပြီး ချန်ချင်း နန်းဆောင်မှာ ရှိတဲ့ မင်းကြီးကို အခေါ်လွှတ်လိုက်တယ်။
အပါးတော်မြဲကုန်းကုန်းက ချန်ချင်း အဆောင်တံခါးကိုတောင် မခေါက်ရသေးခင် မောင်းထုတ်ခံရတဲ့အကြောင်းကို တင်လျှောက်နေတဲ့အချိန် စိတ်ထဲကနေ တော်ဝင်ကိုယ်လုပ်တော်ကို ပြောနေမိတယ်။

"သခင်မရေ....ခင်ဗျားရဲ့ မျက်နှာသာပေးခံရတဲ့အချိန်က ကုန်ဆုံးသွားခဲ့ပြီ။ ဒါကြောင့်မင်းကြီးကို နှောက်ယှက်နေမယ့်အစား ကိုယ့်ဖာသာ အေးအေးဆေးဆေးနေပါတော့လားဗျာ..."
အပါးတော်မြဲရဲ့ တင်လျှောက်မှုကိုကြားတော့ ကျောက်ပိယွမ်က ဟင်းတွေကို အဆင့်ပါတဲ့ဆွဲခြင်းလေးထဲ ထည့်ရင်း ပြောလိုက်တယ်။

"မင်းကြီးက တိုင်းပြည်ရေးကို စီမံနေရလို့ မအားဘူးထင်တယ်။ ငါကိုယ်တိုင်သွားပို့မှဖြစ်မယ်"
ကျောက်ပိယွမ်က ချန်ချင်းနန်းတော်နားကိုရောက်တော့ အစောင့်တွေရဲ့တားဆီးခြင်းကို ခံလိုက်ရတယ်။

"မင်းကြီးကို ငါ ရောက်နေတယ်ဆိုတာ သွားလျှောက်တင်ကြစမ်း... မင်းကြီးက ငါ့ကို ဝင်ခွင့်ပေးမှာသေချာတယ်"
ဒါပေမယ့် အစောင့်တွေရဲ့မျက်နှာထားက လုံးဝမပြောင်းလဲတဲ့အတွက် ကျောက်ပိယွမ်က သူတို့ကို ဖြတ်သန်းပြီး အတွင်းဆောင်ကို အတင်းဝင်ဖို့ ကြိုးစားလို့ အစောင့်တွေက သူမကို တွန်းပစ်လိုက်တယ်။ သူမလက်ထဲကိုင်ထားတဲ့ ဟင်းထည့်ထားတဲ့ ခြင်းတောင်းလေးက ပြုတ်ကျပြီး ဟင်းတွေမှောက်ကုန်တယ်။ ကျောက်ပိယွမ်က မထင်မှတ်ထားတဲ့ အစောင့်တွေရဲ့ ရဲတင်းရိုင်းပြမှုကြောင့်ဒေါသထွက်နေတုန်း ချန်ချင်းနန်းဆောင်ကို လာနေတဲ့ လူတစ်ယောက်ကို သတိမထားမိလိုက်ဘူး။

"ယွိကော်နယ်စားကြီးကို အရိုသေပေးပါတယ်"
အစောင့်တွေက ကျောက်ရွှမ်ကိုတွေ့တော့ ချက်ချင်း ဒူးထောက်ပြီး အရိုသေပေးလိုက်ကြတယ်။ ကျောက်ရွှမ်က ခေါင်းတစ်ချက်ဆတ်ပြပြီး အစောင့်တွေကို ဖြတ်သန်းပြီးနန်းဆောင်ထဲကို ဝင်သွားလိုက်တယ်။ သူက ကျောက်ပိယွမ်ကို တစ်ချက်လေးတောင် စောင်းမကြေည့်သွားဘူး။ ဒါပေမယ့် ဖိတ်ကျနေတဲ့ဟင်းရည်ကို တွေ့တော့ ကျောက်ရွှမ်ရဲ့မျက်လုံးတွေက ချက်ချင်းတင်းမာသွားပြီး သူ့မျက်ဝန်းထဲကလူသတ်လိုရိပ်တွေ ထွက်ပေါ်လာတော့တယ်။

"အကိုကြီး ကျွန်မကို နန်းတော်ထဲ ခေါ်သွားပေးပါ...."
ကျောက်ပိယွမ်ကကျောက်ရွှမ်ရဲ့လက်ကို လှမ်းဆွဲပြီး ပြောလို့မဆုံးခင်  ရုတ်တရက်အတွင်းအားနဲ့ တွန်းဖယ်ပစ်ခြင်းခံလိုက်ရလို့ ဆွဲထားတဲ့လက်ကိုလွှတ်ပေးလိုက်ရတယ်။ ကျောက်ရွှမ်က အစောင့်တွေကို ကြည့်လိုက်ပြီး ကျောက်ပိယွမ်ကို လက်ညှိုးထိုးပြီး အမိန့်ပေးလိုက်တယ်။

"သူမကို ဆွဲထုတ်သွားစမ်း..."
ကျောက်ပိယွမ် ဆွဲထုတ်ခံလိုက်ရပြီးနောက် ကျောက်ရွှမ်က အဆောင်ရှေ့ မြေပြင်ပေါ် ဖိတ်ကျနေတဲ့ ဟင်းရည်ကွက်ကို ညွှန်ပြပြီး အမိန့်ပေးလိုက်တယ်။

"ဒီဟင်းရည်ကို မသုတ်လိုက်နဲ့။ ဘယ်သူမှ မထိနိုင်အောင် စောင့်ကြည့်ထား။ ငါ မင်းကြီးနဲ့ အစည်းဝေးပြီးရင် ပြန်လာမယ်။ "
မင်းကြီးနန်းဆောင်ရဲ့အစောင့်ဖြစ်ဖို့ဆိုရင် မျက်စိနားရှင်ရမယ်။ အခု နယ်စားကြီးပေးလိုက်တဲ့ အမိန့်ကိုကြားတော့ အစောင့်တွေက ချက်ချင်းနောက်ကွယ်က အကြောင်းရာကို ရိပ်မိသွားကြတယ်။ ဒါက အရေးကြီးတယ်ဆိုတာကိုလည်း သိလိုက်တယ်။ ဒါကြောင့် နယ်စားကြီးပြောတဲ့အတိုင်းလုပ်ထားမယ့်အကြောင်း ကတိပေးလိုက်တယ်။
ကျောက်ရွှမ်ရဲ့လူတွေက နန်းတော်ထဲမှာနေရာအနံ့ရှိတဲ့အတွက် ကျောက်ပိယွမ်မျက်နှာသာ ပေးမခံရတော့ဘူး ဆိုတာကို ချက်ချင်းသိလိုက်တယ်။ အစကတော့ မောင်နှမ တော်စပ်တဲ့အတွက် ကျောက်ပိယွမ်ရဲ့ဘဝကို ဘာမှမလုပ်ပဲ ချမ်းသာပေးမလို့ ရည်ရွယ်ထားပေမယ့် သူက ဒီလို ကိုယ့်ဖာသာ သေလမ်းကို လာလိမ့်မယ်လို့ ထင်မထားမိဘူး။ သူက ကျောက်ပိယွမ်ကို လျှို့ဝှက်သတ်လိုက်လို့ရပေမယ့် အခုတော့ သူ ချစ်ရတဲ့ အမျိုးသားရင်ထဲကနေ တခါတည်း ဆွဲထုတ်လိုက်ဖို့အချိန်တန်ပြီ။ မင်းကြီးက သူ့ကိုယ်သူ စင်ကြယ်စွာ ထားပြီး ဘယ်မိဖုရားတွေနဲ့မှ ထိတွေ့ခြင်းမရှိတာကို ကြားကတည်းက ကျောက်ရွှမ် အရမ်းကို ကျေနပ်နေခဲ့တယ်။ အခု မင်းကြီးက သူချစ်ခဲ့တဲ့ မိန်းမရဲ့သရုပ်မှန်ကို သိချိန်တန်ပြီ။ ကျောက်ပိရွှမ်ကို မင်းကြီးရဲ့နှလုံးသားကနေ အပြီးတိုင် ဖယ်ရှားပစ်လိုက်ဖို့ ကျောက်ရွှမ် ဆုံးဖြတ်လိုက်ပြီ။


🍁🍁🍁🍁🍁🍁🍁🍁

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now