FOD Extra 1 - Chapter (4)(Unicode Version)

4.6K 326 4
                                    

FOD Extra 1 - Chapter (4-1) - အစွန်းနှစ်ဖက် ကိုယ်ရည်ကိုယ်သွေးနှင့် စိတ် ရောဂါ

သူတို့ရောက်လာတဲ့ဆေးရုံက ရွှယ်မိသားစုနှင့် မသက်ဆိုင်သောကြောင့် ရွှယ်ဇီရွှမ်အတွက် သီးသန့်ကားပါကင် မရှိပေ။ ကားရပ်ဖို့နေရာလေးအတွက် ဆေးရုံတစ်ဝိုက် Xiao Wang ချွေးပြန်အောင် ရှာဖွေနေရသည်။ ကားပါကင်နေရာတစ်ခု ရတော့မှ ကားရပ်လိုက်သည်။

ကျိုးယွင်ရှန့်က တင်ပါးကို ဟိုသည်ရွှေ့ရင်း ရွှယ်ဇီရွှမ်ပေါင်ပေါ်က ဒူးနှစ်ဖက်ကို ဖယ်ပစ်လိုက်ချင်သည်။ အပြင်ကိုလှမ်းကြည့်တော့ ရာသီဥတုက အရမ်းအေးနေပြီး မြေပြင်ပေါ်မှာ နှင်းရည်နှင်းစက်တွေနှင့် စိုရွှဲနေကာ သူသာ ဖိနပ်မပါဘဲ လမ်းလျှောက်သွားရင် ခြေအိတ်တွေ ညစ်ပတ်စိုရွှဲရုံသာမက ခြေဖဝါးများပင် အေးခဲသွားနိုင်သည်။ ဒါကြောင့် သူ့ဖိနပ်ကိုချွတ်ကာ ကားရှေ့ပိုင်းကို လှမ်းပစ်လိုက်သည့် ရွှယ်ဇီရွှမ်ကြောင့် ကျိုးယွင်ရှန့် ဒေါသတွေထွက်လာသည်။

"လှုပ်စိလှုပ်စိ လုပ်မနေနဲ့.."

ရွှယ်ဇီရွှမ်က ကျိုးယွင်ရှန့်၏ တင်ပါးအိအိလေးကို အသာပုတ်ကာ ပြောလိုက်သည်။ သူ့ရဲ့မျက်ခုံးကို ပင့်ကာ ကျိုးယွင်ရှန့် ဘာလုပ်ချင်တယ်ဆိုတာ သိသလို ကြည်လင်စွာ ဆိုလိုက်သည်။ သူက ကျိုးယွင်ရှန့်ကို ဘေးကိုချပေးပြီး ကားတံခါးဖွင့်ကာ အပြင်ထွက်သွားပြီး ရှေ့ခုံဘက်က သူပစ်လိုက်တဲ့ဖိနပ်ကို တကုန်းကုန်းနှင့် ရှာလိုက်သည်။

Xiao Wang က သခင်လေး ကားရှေ့ခန်းကိုလာကာ တောသားလေးရဲ့ဖိနပ်ကို ပစ်လာခဲ့ပြီးမှ ခုလိုရှာနေတာကိုကြည့်ပြီး အံ့အားသင့်ကာ စိတ်ရှုပ်နေမိသည်။ ဒီလိုနိမ့်ကျတဲ့အလုပ်တွေကို သခင်လေး ဘာကြောင့်လုပ်နေတာလဲ..။

ရွှယ်ဇီရွှမ်က ဖိနပ်ကိုရှာပေမယ့် ထိုင်ခုံအောက် ဟိုးအတွင်းပိုင်းထဲရောက်နေလို့ အတော်လေးကြိုးစားကာ ထုတ်ယူလိုက်ရသည်။ ကျိုးယွင်ရှန့်သည် နောက်ထိုင်ခုံမှာ ခြေချိတ်ထိုင်ရင်း ကားရှေ့ခန်းက လူကြီးနှစ်ယောက် ဖိနပ်ယူဖို့ကြိုးစားနေတာကို ကြည့်ပြီး စဉ်းစားမရဖြစ်နေသည်။ ရွှယ်ဇီရွှမ်က ဆေးရုံပေါ်ကဆင်းလာပြီးကတည်းက ဦးနှောက်တစ်ခုခုဖြစ်သွားတာ သေချာသည်။ သူမလုပ်စဖူး အလုပ်တွေကို လာလုပ်နေသည်။

ရွှယ်ဇီရွှမ်က ဘာကြောင့် သူ့ကို လာကောင်းပြနေတာလဲ။ သူတို့လုပ်ရပ်ကို သူရိပ်မိသွားပြီထင်လို့ သူတို့အပေါ် အကောင်းမြင်စေဖို့ ကောင်းပြနေတာလား..။

ဒါလည်း မဖြစ်နိုင်ပေ။ ရွှယ်မိသားစုမျက်လုံးထဲမှာ သူက ဘာမှမသိတဲ့ တောသားဖြစ်ပြီး ရွှယ်အိမ်ထဲမှာ ချုပ်ထားပြီး အစောင့်ချထားလိုက်တာနဲ့ ကိစ္စပြတ်နိုင်သည်။ အခုလိုမျိုး သူ့အပေါ် ကောင်းပြဖို့မလိုပေ။ သူ့ကို အကြမ်းဖက်ခြိမ်းခြောက်တာပဲ လုပ်သင့်တယ်မဟုတ်လား။

ကျိုးယွင်ရှန့်က အတွေးထဲနစ်နေလို့ ရွှယ်ဇီရွှမ်က ဖိနပ်ကို ရအောင်ယူနိုင်ပြီး ကားနောက်ခန်းကိုပြန်လာပြီး သူ့ကို ဖိနပ်စီးပေးဖို့ ကြိုးစားတော့သည်။

"ရှောင်ရီ.. မင်းကို ငါ ဖိနပ်စီးပေးပါ့မယ်.."

"ကျွန်တော့်ဘာသာ လုပ်ပါ့မယ်.."

ကျိုးယွင်ရှန့်က နောက်ကို အလန့်တကြား ကိုယ်ကိုယိမ်းကာ ပြောလိုက်သည်။

"မင်းရဲ့လက်က ပတ်တီးစည်းထားတာ ဘယ်လိုစီးလို့ရမှာလဲ.. ငါ မင်းကို ကူပေးပါရစေ.."

ရွှယ်ဇီရွှမ်က ပတ်တီးစည်းထားသည့်လက်များကို စိုက်ကြည့်ကာ စိတ်မကောင်းစွာ မေးလိုက်သည်။

"ဒီရက်ပိုင်း ရေချိုးတာ၊ အဝတ်လဲတာ၊ အစာစားတာတွေ မင်းဘာသာ လုပ်နေတာလား.."

"အင်း.."

ကျိုးယွင်ရှန့်က ဒီလူရွယ်၏ ချောမောခန့်ညားသည့်မျက်နှာကို ခြေထောက်နှင့် ဆောင့်ကန်ပစ်ချင်စိတ်ကို မနည်းထိန်းလိုက်ရသည်။

"ခုကစပြီး ဒါတွေကို ကိုကိုလုပ်ပေးမယ်.. မင်း တစ်ခုခုလုပ်ချင်ရင် ကိုယ့်ကိုပဲ ပြောလိုက်နော်.."

ရွှယ်ဇီရွှမ်က ဖိနပ်စီးပေးရင်း ကြင်နာစွာပြောလိုက်သည်။ ကမ္ဘာ့ရတနာဟု တင်စားလို့ရသည့် စန္ဒယားတီးခတ်နိုင်ပြီး အကောင်းဆုံးသံစဉ်ကို ဖန်တီးပေးနိုင်သည့် ဒီလက်တစ်စုံကို သူကိုယ်တိုင် ဒဏ်ရာရအောင်လုပ်ခဲ့မိလို့ ရွှယ်ဇီရွှမ်က စိတ်မကောင်း၊ နောင်တရစွာဖြင့် ပြောလိုက်သည်။

ရွှယ်ဇီရွှမ်က ဖိနပ်ကြိုးကို စီးပေးဖို့လုပ်တော့ မကျွမ်းမကျင်ဖြစ်နေလို့ မျက်မှောင်တွန့်လိုက်မိသည်။ ကျိုးယွင်ရှန့်က ဒီရွှယ်သခင်လေး၏ ကြင်နာမှုနှင့် မျက်နှာသာပေးမှုကိုခံရလို့ အံ့အားသင့်ကာ ကြည်နူးရိပ်ကိုပြနေပေမယ့် သူ့ရင်ထဲမှာတော့ ဒီလိုလုပ်ပြတာကို ဂရုမစိုက်ပေ။ ဒီလူရွယ်က အချစ်တော်သတ္တဝါလေးလို သဘောထားပြီး သူ့ကို ကြင်နာယုယနေပုံရသည်။ စိတ်ကြည်ရင် သူ့ကို ကောင်းကောင်းဆက်ဆံမည်၊ သူစိတ်မပါရင် အိမ်မွေးသတ္တဝါလို ခြေနှင့်ကန်ကျောက်လိမ့်မည်။ ဒီလိုကြင်နာတဲ့ခံစားချက်က ကြာရှည်ခံမည့်ပုံမပေါ်ပေ။

လူတစ်ယောက်က ကိုယ့်ကို ရုတ်တရက် ကြင်နာစွာ ပြုမူဆက်ဆံလာတယ်ဆိုရင် ဒါက တခဏတာ စိတ်ကူးယဉ်တာကြောင့် ဖြစ်နိုင်သလို တစ်ခုခုလိုချင်စိတ်ကြောင့်လည်း ဟန်ဆောင်တာ ဖြစ်နိုင်သည်။ ဘာပဲပြောပြော ဒီလိုကြင်နာမှုပေးသည့် အချိန်အတွင်း သူ့ကို အလေးအနက်ထားပေလိမ့်မည်။ ဒီလိုကြင်နာပေးသည့်အချိန်က တိုရင် ဘာမှလုပ်လို့မရပေမယ့် အချိန်ကာလတစ်ခုထိ ရှည်ကြာရင်တော့ ဒီလူရွယ်က ဘာလုပ်ဖို့စီစဉ်နေသလဲဆိုတာ သူတွက်ချက်ကြည့်ပြီး ရှေ့ဆက်လုပ်ရမှာကို စီစဉ်လို့ရနိုင်သည်။ Villain System သာ သူ့ကိုမထိန်းချုပ်ထားရင် ရွှယ်ဇီရွှမ်ရဲ့ စိတ်ကောင်းဝင်နေချိန် သူ့ကိုစည်းရုံးပြီး ဒီကနေ ထွက်ပြေးလွတ်မြောက်အောင် လုပ်နိုင်လိမ့်မည်။

ဒါပေမယ့် ဒီဟာကလည်း စိတ်ကူးယဉ်မှု သက်သက်သာဖြစ်သည်။ တကယ်လို့ သူက ရွှယ်အိမ်တော်က ထွက်ပြေးမယ်ဆိုရင် system က သူ့ကို အပြစ်ပေးလိမ့်မည်။ ဒါကြောင့် မလွတ်မြောက်နိုင်မှတော့ သူလည်း ရွှယ်ဇီရွှမ် သူ့အပေါ် ယဉ်ကျေးပြတဲ့အပေါ် လိုက်ပါကစားပေးချင်စိတ်မရှိဘဲ ယဉ်ကျေးတဲ့ပုံစံသာ ပြနေလိုက်သည်။

ချာတိတ်လေးက သူ့ဘေးကနေ တိတ်ဆိတ်စွာလျှောက်လာစဉ် ရွှယ်ဇီရွှမ်က ကောင်လေး၏ နူးညံ့သိမ်မွေ့သော အမူအယာ၊ ပါးနပ်ကာ လှပသိမ်မွေ့သည့် မျက်နှာအပါအဝင် ခြေဆုံးခေါင်းဆုံးကြည့်ကာ ရင်ထဲ နှစ်သိမ့်ကြည်နူးလျက်ရှိသည်။ သစ္စာဖောက်မှုများ၊ သွေးစွန်းသတ်ဖြတ်မှုများ မဖြစ်ခင် ယခင်ကမ္ဘာကို ပြန်လာနိုင်ခဲ့လို့ သူ့စိတ်ထဲ အတော်လေးကို ကြည်နူးနေမိသည်။ ဘယ်လိုအရာက သူ့မျက်စိရှေ့က အံ့သြဖွယ် ချစ်ရသူလေးကို ပို့ဆောင်ပေးခဲ့တာပါလိမ့်။ ဘာဖြစ်ဖြစ် ထိန်းချုပ်မှုကို မလုပ်နိုင်တော့တဲ့ Lord God နဲ့ ဒီကိုပြန်ပို့ပေးတဲ့ ကံတရားကို သူ ကျေးဇူးတင်နေမိသည်။

ကျိုးယွင်ရှန့်က လမ်းလျှောက်ရင်း ဘေးကနေ သူ့ကို တောက်လျှောက်စိုက်ကြည့်ကာ မျက်ဝန်းများ နီရဲစိုစွတ်နေသည့် လူရွယ်ကိုကြည့်ကာ ဒီတစ်ယောက် ရူးသွားပြီလားဟု ထင်နေမိသည်။ ရွှယ်ဇီရွှမ်က သူ့ခါးကို တင်းတင်းဖက်နေသဖြင့် သူ့မှာ ဟန်ချက်ညီအောင် ရွှယ်ဇီရွှမ်၏လက်မောင်းကို အသာပြန်ဖက်နေရင်း ရင်ထဲကနေ ရွှယ်ဇီရွှမ်ကို အော်ဟစ်ကျိန်ဆဲနေမိသည်။

"ဘာကြည့်တာလဲ.. မင်းအမေကိုပဲ သွားကြည့်လိုက်.."

"system.. ရွှယ်ဇီရွှမ့်ကိုယ်ကို တခြားဝိညာဉ် ဝင်နေသလား စစ်ဆေးကြည့်စမ်းပါ.."

"ဒီကမ္ဘာမှာ system က တစ်ခုပဲရှိတယ်.. တကယ်လို့ တခြားဝိညာဉ်သာ ဒီကမ္ဘာထဲ ကူးပြောင်းဝင်ရောက်လာရင် Lord God က တစ်ခါတည်း ဖျက်ဆီးပစ်လိုက်မှာပါ.. Host အတွေးခေါင်နေတာပါ.."

System က အေးစက်စွာနှင့် ရှင်းပြသည်။

ဒီအဖြေကြောင့် ကျိုးယွင်ရှန့် စိတ်ငြိမ်သွားပြီး ရွှယ်ဇီရွှမ့်ကို မော့ကြည့်လိုက်သည်။ သူက လူရွယ်၏လက်မောင်းကို အသာဆုပ်ကိုင်ကာ ရှေ့ကိုဆက်လျှောက်လာရင်း တွေးနေသည်။ တကယ်လို့ ဒီမြင့်မြတ်တဲ့သခင်လေးက သူ့ကျေးကျွန်ဖြစ်ဖို့ ဆန္ဒရှိတယ်ဆိုရင် သူ မသေခင် ဘာကြောင့် ဒီကိစ္စပေါ် အမြတ်မထုတ်နိုင်ရမှာလဲ။ ဒါကြောင့် ကျိုးယွင်ရှန့်က ဝိညာဉ်ကူးပြောင်းလာသည့်လူကိစ္စကို ဆက်မတွေးတော့ဘဲ စိတ်ချမ်းသာသွားတော့သည်။

ရွှယ်ဇီရွှမ်က ကောင်လေးက သူ့ကိုငြင်းဆန်နေတာလျော့သွားပြီး သူ့လက်မောင်းကို မှီတွယ်ကာ လိုက်လာတာသိရတော့ စိတ်လှုပ်ရှားတက်ကြွလာခဲ့သည်။ သူက ကောင်လေးကို ခြေဆုံးခေါင်းဆုံး ဂရုစိုက်ကာ ဆေးရုံထဲ ခေါ်ဆောင်လာစဉ် Xiao Wang က ဆန့်ကျင်ဘက်ဖြစ်သည်။ သူက သူ့သခင်လေးနှင့် ဒီကောင်လေးကို မျက်ခြေမပြတ်စောင့်ကြည့်ကာ နောက်ကလိုက်တာရင်း ပြောလိုက်သည်။

"မင်း လက်ပဲထိခိုက်သွားတယ်လို့ ပြောခဲ့တယ်.. မင်းခြေထောက် ဘာမှမဖြစ်တာ ကံကောင်းတာပဲ.. သခင်လေးက မင်းအပေါ် ဘယ်လောက်ကောင်းသလဲကြည့်စမ်း.. နောင်မှာ သခင်လေးကို မင်း ကျေးဇူးတင်သင့်တယ်.."

Xiao Wang က ကောင်လေးကို ဒီအတွေးအခေါ် ရိုက်သွင်းပေးဖို့ ကြိုးစားပြီး ပြောလိုက်သည်။

ကျိုးယွင်ရှန့်က ခေါင်းညိတ်ပြလိုက်ပေမယ့် ရင်ထဲကနေ ရှုံ့ချနေသည်။

"ဟမ့်.. ကျေးဇူးတင်ရမယ် ဟုတ်လား.. ငါ့ကို တစ်ကြိမ်နှစ်ကြိမ်လောက် ကောင်းပြပြီး နောက်ပိုင်း ငါ့နှလုံးကို ထုတ်ယူချင်နေတယ်.. ဒါကိုများ နာမည်ကောင်းယူချင်သေးတာလား.."

ရွှယ်ဇီရွှမ်က ဆေးရုံကို ပုံမှန်အတိုင်း တန်းစီမစောင့်ရဖို့ ဖုန်းတစ်ချက်ခေါ်လိုက်သည်။ ပြီးတော့ သူက ကောင်လေးကို အပေါ်ထပ်ခေါ်သွားပြီး အရိုးဌာနက ဌာနမှူးရုံးခန်းထဲ ခဏစောင့်နေပြီး လက်ကိုဓာတ်မှန်ရိုက်ကာ အဖြေကိုစောင့်နေကြသည်။ ရလဒ်ထွက်လာတော့ ကံကောင်းစွာဖြင့် အရိုးကိုထိခိုက်ခြင်းမရှိဘဲ သွေခြေဥကာ သွေးခဲနေသည်ကို သက်သာပျောက်ကင်းဖို့ ဆေးဆီမွှေးဖြင့်လိမ်းကာ လက်ကို ညင်သာစွာနှိပ်ပေးရုံနှင့် မကြာမီရက်ပိုင်းအတွင်း ပြန်ကောင်းလာနိုင်ကြောင်း သိလိုက်ရသည်။

"Doctor.. ဒီဟာက လက်ချောင်းကွေးဆန့်တာကို မထိခိုက်တာ တကယ်လားဗျ.."

ရွှယ်ဇီရွှမ်က သေချာအောင် ထပ်မေးလိုက်သည်။

"ဟုတ်ပါတယ်.. ဒီဒဏ်ရာက ဘာမှမဖြစ်ပါဘူး.. သူ့ကို အရိုးဟင်းရည်ချက်ကျွေးပြီး အာဟာရပြည့်အောင်ကျွေးပါ.. ဒီလို လက်ကို ပတ်တီးစည်းထားတာက ပြန်မကောင်းစေနိုင်ဘူး.. ပတ်တီးဖယ်ပြီး ဆေးလူးပြီး အသာလေးနှိပ်လို့ သွေးလေပြန်လျှောက်အောင် လုပ်ပေးတာ ပိုပြီး မြန်မြန်သက်သာလာလိမ့်မယ်.. သခင်လေးမယုံရင် ခု လက်တွေ့လုပ်ကြည့်ပြီး ခဏစောင့်ကြည့်လို့ရပါတယ်.."

ဒီမေးခွန်းကိုပဲ ထပ်ခါထပ်ခါ ၅ခါလောက်မေးနေသည့် ရွှယ်ဇီရွှမ်ကို ဆရာဝန်က မရယ်မောဘဲ၊ ဒေါသမထွက်ဘဲ စိတ်ရှည်လက်ရှည် ရှင်းပြနေပေမယ့် စိတ်ထဲကတော့ ဒီရုံးခန်းထဲကနေ တံမြက်စည်းနှင့် ရိုက်ထုတ်ချင်စိတ် ပေါက်နေတော့သည်။

ကားသမား Xiao Wang က ဒီလုပ်ရပ်ကြောင့် ရှက်ရွံ့နေမိပေမယ့် သခင်လေးက အင်မတန်ကိုစေ့စပ်စွာ မေးမြန်းနေပုံက အဖွားကြီးနဲ့ပင်တူနေသည်။ ဒါက တကယ့်ကို မာန်မာနကြီးပြီး သွေးအေးတည်ငြိမ်လွန်းတဲ့၊ လူတွေနဲ့ ခပ်ခွာခွာနေတတ်တဲ့ ရွှယ်အိမ်တော်က သခင်လေးမှ ဟုတ်ရဲ့လားဟုတွေးပြီး လက်ခံရခက်လို့နေသည်။

=======================

Chapter (4-2) - မင်းမကျန်းမာတာ ဟွမ်ရီရဲ့အမှားမဟုတ်ဘူး

ဒီကုသမှုတလျှောက်လုံး ကျိုးယွင်ရှန့်က တက်ကြွစွာပူးပေါင်းပါဝင်ပေးပြီး တောက်လျှောက်စိုက်ကြည့်နေသည့် ရွှယ်ဇီရွှမ်ကို ကျေးဇူးတင်ဟန် ဖြူစင်သည့်၊ ဝမ်းနည်းနေသည့် အကြည့်လေးများ ပြန်ပေးလိုက်သည်။ သူဒီလိုကြည့်လိုက်တိုင်း တစ်ဖက်က အပြစ်မကင်းသလို၊ ဝမ်းနည်းဟန် ဖြစ်သွားတော့သည်။ သူက ဝမ်းနည်းဟန်လေးဖြင့် ကြည့်လိုက်တိုင်း ရွှယ်ဇီရွှမ်က သူ့ကို သနားစာနာမှုတို့ ပိုတိုးလာတော့သည်။

ဒါပေမယ့် သူရောက်နေသည့်နေရာကို စဉ်းစားမိတော့ ကျိုးယွင်ရှန့် တုန်လှုပ်သွားခဲ့သည်။ တစ်ဖက်လူကို သူခန့်မှန်းတာ မှားသွားပြီထင်သည်။ တကယ်တော့ ဒီနေရာက စိတ်ကူးကြည့်လို့မရအောင် ကြမ်းတမ်းရိုင်းစိုင်းသည့် လောကတစ်ခုသာဖြစ်သည်။ အပြင်ဘက်ကော်ရစ်ဒါဘက်မှ ဒေါက်ဖိနပ်သံကို ကြားလိုက်ရပြီး အခန်းထဲကို ရွှယ်လီဒန်နီနှင့် ရွှယ်ကျင်းရီတို့က ဖူဘိုနှင့်အတူ ဝင်လာကြတာကို တွေ့လိုက်ရသည်။

"မင်း ဘာကြောင့် ဒီကိုရောက်နေတာလဲ.. တကယ်လို့ Xiao Wang သာ အမေ့ကိုဖုန်းမဆက်ရင် မင်း လမ်းပျောက်နေပြီလို့ အမေထင်မိမှာ.."

သူမက အပေါ်ထပ်ကိုညွှန်ပြကာ ပြောလိုက်သည်။

"အမေ အပေါ်ထပ်က ဦးနှောက်နဲ့အာရုံကြောဌာနမှူး Dr.Liu နဲ့ ဖုန်းပြောပြီးသွားပြီ.. အပေါ်ထပ်သွားပြီး CT Scan ရိုက်ရအောင်.. တကယ်လို့ သားရဲ့အခြေအနေ မတည်ငြိမ်သေးရင် တစ်ခါတည်း ဆေးရုံတက်သွားရအောင်.."

ဆရာဝန်ကို စိတ်ပူစွာ မေးခွန်းထုတ်နေသည့် ရွှယ်ဇီရွှမ်၏အမူအယာတို့က ဒီစကားကိုကြားတော့ အေးစက်သွားပြီး လက်ချောင်းလေးများကို ရိုက်ထားသည့် ဓာတ်မှန်တွေကို စာအိတ်ကြီးထဲ ပြန်ထည့်လိုက်သည်။ ပြီးတော့ ပိန်သွယ်သောကောင်လေး၏ လက်မောင်းကို ညင်သာစွာဆုပ်ကိုင်ကာ ပြောလိုက်သည်။

"ဆရာဝန်က အားလုံး အဆင်ပြေတယ်လို့ပြောတယ်.. ကိုကိုတို့ ဆေးညွှန်းပေးထားတဲ့အတိုင်း ဆေးဝယ်ဖို့ အောက်ထပ်ကိုသွားရအောင်.. ပြီးရင် အိမ်ပြန်ကြစို့.."

သူက ကျိုးယွင်ရှန့်ကိုဆွဲကာ ရွှယ်လီဒန်နီနှင့် ရွှယ်ကျင်းရီကို အကြည့်တစ်ချက်တောင်မပေးဘဲ ဘေးကဖြတ်လျှောက်ကာ ထွက်လာခဲ့သည်။

ရွှယ်လီဒန်နီသည် သူမသားဆီက မတူညီတဲ့ဆက်ဆံမှုကို အကြိမ်များစွာ ခံခဲ့ရသည်။ အခု သူက သူမကို 'mom' ဟုခေါ်နေရာမှ 'အမေ' ဟုခေါ်လိုက်သဖြင့် လျစ်လျှူရှုခံရသလို ခံစားခဲ့ရသည်။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော် သူ့သား စိတ်ကုထုံးခံခဲ့ရပြီး သတိရလာချိန်ကို ပြန်ရောက်သွားသလို ခံစားရသည်။ အဲ့ဒီအချိန်တုန်းက သူ့သားက မိသားစုဝင်တွေကို အာရုံမရှိဘဲ စန္ဒယားကိုပဲ အဖော်လုပ်ခဲ့သည်။ သူ့ဘဝကို စန္ဒယားလေ့ကျင့်ခြင်း၊ တီးခတ်ခြင်းဖြင့်သာ နှစ်မြှုပ်နေခဲ့လို့ သူမက နာကျင်ဝမ်းနည်းခဲ့ရသည်။ အခုတော့ သူမသားက စန္ဒယားကို ဘဝထင်နေရာမှ ဟွမ်ရီကို ပြောင်းလဲသွားခဲ့လေပြီ။ ဒီကောင်လေးကို သူ့ဘဝလိုသဘောထား ဆက်ဆံနေခြင်းက ရွှယ်လီဒန်နီကို ယခင်ကထက် ဝမ်းနည်းနာကျင်လာစေသည်။ ရွှယ်လီဒန်နီက နှလုံးရောဂါခံစားနေရသည့် မွေးစားသမီးထက် သူမ၏သားကို အဆပေါင်းများစွာ ဂရုတစိုက် ပြုစုပျိုးထောင်ခဲ့သည်။ ဒါပေမယ့် သူမသားက သူမ၏အပြုအမူနှင့် အတွေးကို ဘယ်လိုတောင် လျစ်လျှူရှုနိုင်ရတာလဲ..။

သူမသား သတိပြန်ရလာကတည်းက ဟွမ်ရီတစ်ယောက်တည်းကိုပဲ စိုက်ကြည့်နေပြီး ဟွမ်ရီဘေးက ခွာသွားတယ်လို့တောင် မရှိခဲ့ပေ။ သူသွားလေရာတိုင်း ဒီကောင်လေးရဲ့လက်လေးကို ဆုပ်ကိုင်ကာ တန်ဖိုးရှိပြီး ကျိုးပဲ့လွယ်တဲ့ရတနာလေးလို သဘောထားပြီး တယုတယဆက်ဆံနေပုံက ဘယ်လိုမှ မမျှော်လင့်ထား၊ လက်မခံနိုင်သော ကိစ္စရပ်သာဖြစ်သည်။ ဒီကောင်လေးက သူ့သားအပေါ် အောက်လမ်းမှော်ပညာကိုသုံးပြီး ပြုစားထားသလားလို့တောင် ရွှယ်လီဒန်နီ သံသယဝင်လာသည်။

"ဘယ်ကိုသွားမလို့လဲ.. အခုချက်ချင်း ဒီကိုပြန်လာစမ်း.. မင်းကို ဆေးသွားစစ်ဖို့ အမေပြောနေတယ်လေ.. ဒါက မင်းကို ထိခိုက်အောင်လုပ်နေတယ်လို့ ထင်နေတာလား.."

သူမသားက လုံးဝလျစ်လျှူရှုကာ ထွက်သွားတာတွေ့တော့ ရွှယ်လီဒန်နီက သားနောက် အပြေးအလွှားလိုက်ခဲ့သည်။ ရွှယ်ကျင်းရီက အနီးက ကပ်ပါလာသည်။ ဒီနေ့တစ်နေကုန် ပြေးလွှားသွားလာနေရလို့ နှလုံးရောဂါသည်သူမက limit ကိုကျော်ပြီး လဲပြိုကျချင်လောက်အောင် ပင်ပန်းလို့နေပြီ။ ဒါပေမယ့် သူမ လဲပြိုလို့မဖြစ်ပေ။ သူမ လဲကျသတိလစ်သွားရင် ဟွမ်ရီ့ဘေးကို ကိုကို လုံးဝရောက်ရှိသွားမည်ကို ကြောက်လို့ အတင်းတောင့်ခံထားရသည်။

မဟုတ်သေးဘူး..။ သူမ မှားသွားပြီထင်တယ်။ တကယ်လို့ သူမ ခုနေ လဲကျသွားရင် အစ်ကိုကြီးက ဘယ်သူ့ကိုရွေးချယ်မယ် ထင်သလဲ..။ ငယ်ကတည်းက ယုယခဲ့သည့် ညီမကိုလား..၊ လတချို့ပဲသိခဲ့တဲ့ ဟွမ်ရီ့ကိုလား..။ ဒီအတွေးပေါ်လာပြီးနောက် ရွှယ်ကျင်းရီရဲ့အတွေး တန့်သွားပြီး နံရံကိုလက်ထောက်ကာ သူမလက်တစ်ဖက်က ရင်ဘတ်ကိုဖိဆုပ်ကာ အော်ပြောလိုက်သည်။

"အစ်ကိုကြီး.."

သူမက ပြောပြီး ပြိုလဲချလိုက်သည်။

"ကျင်းရီ.. ကျင်းရီ.. မြန်မြန်.. ဆရာဝန်ခေါ်ပေးကြပါဦး.. မြန်မြန်.."

ရွှယ်လီဒန်နီက စိုးရိမ်စွာဖြင့် သမီးနားပြေးလာပြီး စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်သည်။

"သခင်မလေး.. သခင်မလေး.. သတိထားပါဦး.. ဆေး.. ဆေး ဘယ်မှာလဲ.."

ဖူဘိုက ရွှယ်ကျင်းရီ အမြဲယူဆောင်လေ့ရှိသော နှလုံးဖောက်ရင်သောက်ရသည့် အရေးပေါ်ဆေးကို ဘယ်လိုမှရှာမတွေ့တော့ မျက်နှာဖြူရော်သွားခဲ့သည်။ ဒါပေမယ့် ကံကောင်းပြီး ဆေးရုံမှာဖြစ်လို့ ဆရာဝန်နဲ့သူနာပြုတွေ ချက်ချင်းရောက်ရှိလာပြီး သူမကို လူနာကုတင်ပေါ် သယ်သွားပြီး ကုသမှုကို အချိန်မှီ လုပ်ဆောင်ပေးလိုက်ကြသည်။

Xiao Wang က ဒီအော်သံကိုကြားတော့ ခေါင်းကိုလှည့်ပြီး သခင်လေးကြားအောင် ပြန်ပြောလိုက်သည်။

"မကောင်းတော့ဘူး.. မမလေး နှလုံးဖောက်နေပြီ.."

ကျိုးယွင်ရှန့်က ဒီအသံကိုကြားတော့ မတ်မတ်ရပ်ပြီး ခေါင်းငုံ့ကာ နေလိုက်မိသည်။ ချက်ချင်းစုဝေးလာသည့် လူအုပ်ကြီးကို ငေးကြည့်နေမိသည်။ ရွှယ်ကျင်းရီကို လူနာတွန်းလှည်းပေါ်တင်လိုက်ပြီး ဆရာဝန်က သူမရင်ဘတ်ကို စမ်းသပ်လို့နေပြီး သူနာပြုများက တွန်းလှည်းတလျှောက် လမ်းကြောင်းမှာပိတ်နေသည့် လူများကို ဖယ်ပေးရန်အော်ပြောရင်း ဓာတ်လှေကားဘက်ကို တွန်းယူသွားကြသည်။

Xiao Wang က တွန်းလှည်းနောက်ကို ပြေးလိုက်သွားပြီး လဲပြိုလုလုဖြစ်နေသည့် ရွှယ်လီဒန်နီကို ဖူဘိုနှင့်အတူ ဘေးကနေ ဖေးမပေးလိုက်သည်။

ရွှယ်ကျင်းရီက လုံးလုံးသတိလစ်မသွားပေ။ သူမမျက်လုံးကို တစ်ဖက်ဖွင့်ထားပြီး တွန်းလှည်းက ရွှယ်ဇီရွှမ်နားဖြတ်သွားစဉ် သူမလက်ကိုမြှောက်ကာ အစ်ကိုကြီးကိုစိုက်ကြည့်ပြီး လှမ်းဆုပ်ရန် ကမ်းပေးနေသည်။ အသက်ရှူရခက်သဖြင့် သူမ၏နဖူးပေါ်မှာ ချွေးတို့ရွှဲနေပြီး သူမ၏မျက်ဝန်းထောင့်မှ မျက်ရည်စတို့ တွဲခိုနေသည်။ ဖြူရော်ခြောက်သွေ့သည့် နှုတ်ခမ်းတို့က ဟနေပြီး တစ်စုံတစ်ယောက်ကို လှမ်းခေါ်နေသလိုပင်။

'အစ်ကိုကြီး' လို့ခေါ်လိုက်ပေမယ့် အသက်ရှူမဝလို့ ဒီအသံက သူမနှုတ်မှ ထွက်မလာနိုင်ခဲ့ပေ။ ရွှယ်ဇီရွှမ်၏ အင်္ကျီလက်ကို လှမ်းဆွဲချင်ပေမယ့် ဆွဲဖို့ အားမရှိအောင်ဖြစ်နေလို့ သူမမျက်ဝန်းထဲ နာကျင်ခံစားမှုဖြင့် မျက်ရည်တွေ ဆက်တိုက်စီးကျနေသည်။

သူမပုံစံက သနားစရာကောင်းလွန်းလို့ ကျိုးယွင်ရှန့်ပင် စိတ်မကောင်းဖြစ်လာမိသည်။ ရွှယ်လီဒန်နီက မခံမရပ်နိုင်စွာဖြင့် သားဖြစ်သူကို လှမ်းပြောလိုက်သည်။

"မင်း ဘာလုပ်နေတာလဲ.. မင်းညီမက မင်းကိုခေါ်နေတယ်လေ.. မြန်မြန်လာပြီး သူမလက်ကို ကိုင်ထားပေးလိုက်.."

သူမသမီးက နေမကောင်းတိုင်း သူမကို မ'တ'ဘဲ သူမသားကိုသာရှာကြောင်း တစ်အိမ်သားလုံး သိထားပြီးဖြစ်သည်။

ကျိုးယွင်ရှန့်က မလိုအပ်တော့တဲ့ စာနာသနားမှုကိုရုပ်သိမ်းကာ ရွှယ်ဇီရွှမ်ကို ချောင်းကြည့်လိုက်သည်။ သူက ရွှယ်ဇီရွှမ်၏ မတုန်မလှုပ် အေးစက်စက်ပုံစံကိုမြင်တော့ အံ့အားသင့်သွားသလို ရွှယ်လီဒန်နီပြောတာ မှားယွင်းတယ်ဆိုတာ သိလိုက်ရသည်။ ရွှယ်ဇီရွှမ်၏မျက်လုံးက မှောင်မိုက်နေပြီး အေးစက်နေပေမယ့် သူက ကျိုးယွင်ရှန့်၏ပုခုံးကို သိုင်းဖက်ကာ ကျန်လက်တစ်ဖက်က သူ့အင်္ကျီအိတ်ထဲထည့်ကာ သူ့မိသားစုဝင် အရေးပေါ်ဖြစ်နေတာကို စိုးရိမ်ခြင်း ပူပန်ခြင်းမရှိ စိုက်ကြည့်လို့နေသည်။ ဒီလူငယ်၏ကြွက်သားများက တောင့်တင်းမှုကင်းကာ သက်တောင့်သက်သာပုံစံပင် ရပ်နေသည်။

ရွှယ်ဇီရွှမ်က ခါတိုင်းဆိုလျှင် ခုလိုအေးစက်ကာ ဖာသိဖာသာနေပေမယ့် ရွှယ်ကျင်းရီအပေါ်ကိုတော့ ကြင်နာတယ်မဟုတ်ဘူးလား။ သူ ဘာဖြစ်သွားတာလဲ..။ ဒီလူက တစ်ညနေခင်းနဲ့ အားလုံးပြောင်းလဲသွားမယ်ဆိုတာ ကျိုးယွင်ရှန့် မယုံနိုင်ပေ။ သူ ဦးနှောက်ပေါက်မတတ် တွေးနေပေမယ့် ဒီလူ ပြန်လည်မွေးဖွားလာမယ်ဆိုတာ လုံးဝမတွေးမိခဲ့ပေ။

နေမကောင်းခြင်း၊ အားနည်းခြင်းက ရွှယ်ကျင်းရီ၏ အားအကိုးရဆုံးလက်နက်ဆိုတာ အရင်ဘဝက နောက်ဆုံးချိန်ရောက်မှ ရွှယ်ဇီရွှမ် သိခဲ့သည်။ သူမ ဘာမဟုတ်တာလုပ်ထားပါစေ ရင်ဘတ်ကို လက်နဲ့ဆုပ်ကိုင်ပြ လိုက်ပြီး ညည်းညူပြလိုက်တာနဲ့ တစ်မိသားစုလုံးက သူမရဲ့အမှားကို ခွင့်လွှတ်ခဲ့ကြစမြဲပင်။ ပြီးတော့ သူမလိုချင်တာကို ချက်ချင်း သူမရှေ့ကို ပို့ပေးခဲ့ကြသည်။ ကြာတော့ သူမက ဒီလို 'လိုတရ' အဖြစ်က သူမရသင့်သည့်အရာဟု ထင်လာပြီး တစ်ဖက်သားကို ထည့်မစဉ်းစားတော့ပေ။ နောက်ဆုံး သူမ၏အမွှာအစ်ကို၏ဘဝကို ဖျက်ဆီးဖို့ပင် ဝန်မလေးတော့ပေ။

ဒီဘဝမှာတော့ သူမ၏လှည့်ကွက်ထဲ သူ ဘယ်တော့မှ ထပ်ဝင်တော့မည်မဟုတ်ပေ။ သူမအားနည်းတော့ရော ဘာဖြစ်လဲ..၊ သူမသေခါနီးတော့ရော ဘာဖြစ်လဲ..၊ ဒါက သူမရဲ့ကံတရားပဲ။ မွေးရာပါ နှလုံးရောဂါနဲ့ မွေးဖွားလာရတာက ဟွမ်ရီရဲ့အပြစ်မဟုတ်ပေ။ သူမရဲ့ကံတရားကို သူတစ်ပါးကို ပုံချလိုက်လို့မရပေ။ သူမအသက်ရှင်ဖို့ သူတစ်ပါးအသက်ကို နှုတ်ယူပိုင်ခွင့် သူမမှာမရှိပေ။ သူမပြဿနာကို သူမဘာသာပဲ ဖြေရှင်းသင့်သည်။

=========================
Chapter (4-3) - ဝိဉာဉ်ကူးပြောင်းလာသူလား?

အခု ရွှယ်ကျင်းရီက သနားစရာကောင်းတယ်ဆိုပေမယ့် ဟွမ်ရီ့ကို ဘယ်သူကများ သနားပေးခဲ့သလဲ။ အားလုံးထဲမှာ ဒီကောင်လေးက သနားစရာအကောင်းဆုံး၊ အပြစ်အကင်းဆုံးဖြစ်သည်။ ဒီအတွေးကြောင့် ရွှယ်ဇီရွှမ်က ကောင်လေးကို ရင်ခွင်ထဲ ခပ်တင်းတင်းဖက်ကာ သူ့အကြည့်က ဆေးရုံတွန်းလှည်းကို အကြည့်လွှဲလိုက်သည်။

ရွှယ်လီဒန်နီနဲ့ ရွှယ်လွေ့တို့က ရွှယ်ကျင်းရီကို ဟွမ်ရီနဲ့ ပိုပြီး ရင်းနှီးသံယောဇဉ်တွယ်သွားမှာကို ကြောက်နေကြသည်။ သူလည်း အရင်ဘဝက ဒီလိုပဲဖြစ်ခဲ့သည်။ ခုဘဝတော့ ရွှယ်ကျင်းရီက မကြာခင်သေတော့မည်။ ဟွမ်ရီ ဝမ်းနည်းပမ်းနည်း ငိုကြွေးနေတာကို ကြည့်နေမယ့်အစား သူမကို မြန်မြန် ဝေးရာကို ခေါ်သွားစေချင်တော့သည်။

ဆေးရုံတွန်းလှည်း ဘေးကဖြတ်သွားတော့ စိုက်ကြည့်နေသည့် ကျိုးယွင်ရှန့်မျက်လုံးကို နွေးထွေးသောလက်ဝါးကြီးက လာပိတ်ထားလိုက်သဖြင့် သူက မျက်တောင်ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်မိသည်။ ဒီလူက ခုလိုအချိန်တောင် ဟာသလုပ်နေသေးတာလား..။ မကောင်းဆိုးဝါးကောင်ကြီး..။ ရွှယ်ဇီရွှမ်က အေးစက်ပြီး နှလုံးသားကင်းမဲ့သူပဲ။

ရွှယ်ကျင်းရီက သူမအစ်ကိုကြီးဆီက အေးစက်ပြီး ထူးမခြားနားအကြည့်ကို ရလိုက်တော့ သူမနှလုံးက တောင့်မခံနိုင်တော့ဘဲ 'အစ်ကိုကြီး' လို့ခေါ်ပြီး သတိလစ်သွားတော့သည်။ ရွှယ်လီဒန်နီက မြန်မြန်လုပ်ဖို့ ဆရာဝန်ကို တိုက်တွန်းလိုက်သည်။ ဖူဘိုနှင့် Xiao Wang က တွန်းလှည်းကို အမြန်ဝိုင်းတွန်းကာ ဓာတ်လှေကားထဲ အပြေးအလွှားဝင်လိုက်ကြသည်။ ဖူဘိုက ဓာတ်လှေကားမပိတ်ခင် ကော်ရစ်ဒါဟိုးတစ်ဖက်မှာ ရပ်ကျန်ရစ်ခဲ့ပြီး သူတို့ကို နက်နက်ရှိုင်းရှိုင်းနဲ့ ခန့်မှန်းလို့မရတဲ့ မျက်ဝန်းတစ်စုံနဲ့ စိုက်ကြည့်နေသည့် သခင်လေးကို တွေ့လိုက်ရသည်။

ဓာတ်လှေကားပြန်ပိတ်သွားတာတောင် မစောင့်ဘဲ ရွှယ်ဇီရွှမ်က ကောင်လေးကို ကြင်နာစွာ ပွေ့ဖက်နှစ်သိမ့်လိုက်သည်။ ဒီမြင်ကွင်းကို ဓာတ်လှေကားတံခါးမပိတ်ခင် Xiao Wang နဲ့ဖူဘိုတို့ တွေ့သွားပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်မိကြသည်။ သူတို့မျက်ဝန်းထဲ စိတ်ပျက်ခြင်းနှင့် မယုံနိုင်ခြင်းတို့ ထင်ဟပ်နေသည်။ သခင်လေး၏ ခံစားချက်ကင်းမဲ့ခြင်းက ပိုပိုဆိုးလာပြီး သခင်မလေးတောင် သခင်လေးကို စိတ်လှုပ်ရှားလာအောင် မလုပ်နိုင်တော့ပေ။ သခင်လေးကား တကယ်ကို ဆိုးဝါးလွန်းလှသည်။

ကျိုးယွင်ရှန့်က စိတ်ငြိမ်သွားပေမယ့် သူက အသံတိုးတိုးနှင့် ပြောလိုက်သည်။

"သူတို့ကို အစ်ကိုကြီး သွားမတွေ့ဘူးလား.."

"မလိုဘူး.. ရွှယ်ကျင်းရီက မသေနိုင်ဘူး.."

သူမက အရှုံးမပေးလိုက်ဘူးဆိုရင် ရွှယ်ကျင်းရီက ဘယ်သူထက်မဆို အသက်ရှည်ရှည် နေရမှာဖြစ်သည်။ အရင်ဘဝက ဘာပဲကြုံခဲ့ကြုံခဲ့ သူမက ကျော်လွှားနိုင်ခဲ့တာချည်းဖြစ်သည်။ လူတိုင်းရဲ့နောက်ကွယ်မှာ ပုန်းနေပြီး စက်ဆုပ်စရာ လူသတ်သမားစိတ်ဓာတ်ကို သူမက တိတ်တဆိတ် မွေးမြူနေခဲ့တာဖြစ်သည်။ အေးစက်နေသည့်အခန်းထဲဝင်ပြီး နှလုံးခွဲစိတ်သည့် ဗီဒီယိုများကို နေ့ရောညပါ သူမကြည့်ခဲ့သည်။ သူမနှလုံးခွဲစိတ်မှု မလုပ်ခင်အထိ သူမဘာသာ ကျန်းမာအောင် နေထိုင်နိုင်ခဲ့သည်။ ဘယ်နှလုံးရောဂါသည်ကများ ဒီလိုသွေးသံတရဲရဲ ဗီဒီယိုကို ကြာရှည်ကြည့်နိုင်မှာတဲ့လဲ။ သူမက ဒါကိုလုပ်ခဲ့သည်။ သူမက သန်မာအောင်နေပြီး အမွှာအစ်ကိုကို သတ်ဖို့ကြိုးစားခဲ့သည်။

ဒီလိုလူမျိုးကို ရွှယ်ဇီရွှမ် မသနားနိုင်ပါ။ 'အားနည်းခြင်း'နှင့် 'သနားစရာကောင်းခြင်း' ဆိုတဲ့စကားက သူမကိုဖော်ပြဖို့ရာ ရယ်စရာကောင်းလို့နေသည်။ တကယ်လို့ အသက်ဆက်ရှင်ဖို့မျှော်လင့်ချက်ကို မစွန့်လွှတ်မချင်း သူမက ကိုယ်တွင်းအင်္ဂါပျက်စီးမှုဖြင့် လွယ်ကူစွာသေမည်မဟုတ်ပေ။

"သူမ ဘာမှမဖြစ်ပါဘူး.."

အသေးစိတ်ရှင်းပြမရလို့ ဒီလောက်ပဲပြောပြီး ကောင်လေး၏ နူးညံ့သော ဆံပင်မည်းမည်းများကို ပွတ်သပ်ပေးလိုက်သည်။

"ဒါပေမယ့် ညီမလေးဖြစ်တာ အတော်ဆိုးဝါးပုံရတယ်.. ကျွန်တော်တို့ တကယ် သူမကို သွားမကြည့်တော့ဘူးလား.. သူမက ဘယ်လိုရောဂါ ဖြစ်နေတာလဲဟင်.."

ကျိုးယွင်ရှန့်က စိုးရိမ်ပူပန်သလို ဟန်ဆောင်ကာ မေးလိုက်ပြီး သတင်းနှိုက်ဖို့ ကြိုးစားလိုက်သည်။

"မွေးရာပါ နှလုံးရောဂါပါ.."

ရွှယ်ဇီရွှမ်က ပွင့်လင်းစွာပြောပေမယ့် အသေးစိတ်ကိုတော့ ပြောဖို့မရည်ရွယ်ပေ။

"ဒါဆို ခဏသွားကြည့်ရအောင်.. ကျွန်တော် တကယ်စိတ်မချဘူး.."

ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်၏ အင်္ကျီလက်ကိုဆုပ်ကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ စိတ်ခံစားချက်နှင့် ယုတ္တိကျကျတွေးတောခြင်းတို့ လွန်ဆွဲနေသည်။ ဘာဖြစ်ဖြစ် ဒီကောင်လေးက ဟွမ်ရီရဲ့ တစ်ဦးတည်းသော ဆွေမျိုးမဟုတ်လား။

ရွှယ်ဇီရွှမ်၏ ခံစားချက်ကင်းမဲ့ခြင်းက ကောင်လေးရဲ့မျက်နှာကို မြင်ရရုံနဲ့ ပျောက်ကွယ်သွားသည်။ ဒီကောင်လေးရဲ့ ဝမ်းနည်းတဲ့အကြည့်နှင့် တောင်းဆိုချက်ကို ငြင်းပယ်နိုင်သည့်နှလုံးသား သူ့မှာမရှိပေ။ ကောင်လေးက သူ့ဘဝရဲ့အရာရာ၊ သူ့ရဲ့ပျော်ရွှင်မှုဖြစ်သည်။ ဒါကြောင့် ကောင်လေးကိုခေါ်ပြီး အရေးပေါ်ခန်းဘက်ကို လျှောက်လာခဲ့သည်။

ကျိုးယွင်ရှန့်က သူ့အနေနဲ့ ရွှယ်ကျင်းရီနေရာရောက်သွားသလို ခံစားလိုက်ရသည်။ ရွှယ်ကျင်းရီ၏ ဒီကမ္ဘာကဇာတ်လိုက်မ ဆိုသည့်အရှိန်အဝါက သူ့ဆီကို ရောက်လာသလိုပင်။ သူက ကူကယ်ရာမဲ့ မျက်နှာကို လက်နှင့်အသာပွတ်လိုက်ကာ မျက်လုံးကို ပေကလပ် ပေကလပ်လုပ်လိုက်ပြီး ဒီအတွေးက ပျောက်သွားတော့သည်။

သူတို့ရောက်သွားတော့ အရေးပေါ်ခန်းက မီးလင်းနေပြီး ကုသနေဆဲဖြစ်သည်။ ရွှယ်လီဒန်နီက ခွဲခန်းရှေ့ကခုံမှာ အားလျော့စွာထိုင်နေပြီး ဖူဘိုက ဘေးမှ ဟိုသည်လျှောက်နေသည်။ Xiao Wang က လှေကားနားသွားကာ ဆေးလိပ်သောက်နေသည်။

ခြေသံကြားလို့ ရွှယ်လီဒန်နီ လှည့်ကြည့်ပြီးပြောလိုက်သည်။

"သား လာပြီလား.."

နောက်ဆုံး သူမသားက သူ့ညီမကို လျစ်လျှူမရှုပစ်နိုင်သေးပေ။ သူမ စိတ်သက်သာရာ ရသွားတော့သည်။ တကယ်လို့ သူမသမီးက တစ်ခုခုဖြစ်ပြီး သားက စိတ်ပိုင်းဆိုင်ရာခံစားချက် ကင်းမဲ့သွားရင် သူမမိသားစုကို မိသားစုလို့ ခေါ်လို့မရတော့ပေ။ ရွှယ်ဇီရွှမ်က တိတ်နေပြီး သူမနှင့် ခပ်ဝေးဝေးမှာထိုင်ကာ ခံစားချက်ကင်းမဲ့စွာဖြင့် စောင့်နေသည်။

ကျိုးယွင်ရှန့်က ခံစားချက်ကင်းမဲ့စွာ ထိုင်နေသည့် ရွှယ်ဇီရွှမ်လို လုပ်လို့မရပေ။ သူက အခု မိသားစုမေတ္တာကို ငတ်မွတ်နေသည့် မိဘမဲ့ကလေးအနေဖြင့် စိုးရိမ်ပူပန်သည့် မျက်နှာထားဖြင့် ဖူဘို့ကိုမေးလိုက်သည်။

"ကျင်းရီ ဘယ်လိုဖြစ်သွားတာလဲ.. သူမ ပြန်ကောင်းလာမှာပါနော်.."

ဖူဘိုက ဒီကောင်လေးရှိနေတာကို မကျေနပ်စွာဖြင့် စူးရှစွာကြည့်ချင်ပေမယ့် သခင်လေးကိုယ်တိုင် ဒီကိုခေါ်လာလို့ မကျေနပ်တာကို မဖော်ပြဝံ့ပေ။

ရွှယ်လီဒန်နီက စိတ်ရှုပ်ထွေးစွာဖြင့် ဟွမ်ရီ့ကိုကြည့်ကာ မေးလိုက်သည်။

"မင်း သူ့ကို ဘာကြောင့် ဒီကိုခေါ်လာတာလဲ.. Xiao Wang ဘယ်မှာလဲ.. သူ့ကို အိမ်ပြန်ပို့ခိုင်းလိုက်တော့.."

သူမက ဒီကောင်လေးရဲ့နှလုံးကို ထုတ်ယူပြီး သူမသမီးကိုယ်ထဲထည့်ဖို့ ထားချင်ရုံဖြစ်ပြီး ခုလို လူမြင်ကွင်းထဲ လူတိုင်း ဟွမ်ရီရှိကြောင်း သတိပြုမိအောင် မရှိစေချင်ပေ။ လူတွေသတိထားမိသွားရင် ပြဿနာဖြစ်လာနိုင်သည်။

"အန်တီ.. ကျွန်တော် ဒီမှာ ညီမလေးကို စောင့်ချင်လို့ပါ.."

ကျိုးယွင်ရှန့်ရဲ့မျက်နှာက ဖြူရော်ပြီး မျက်ဝန်းထဲမှာ မျက်ရည်အပြည့်နှင့် သနားစဖွယ်ပုံစံ လုပ်လိုက်သည်။

ရွှယ်ဇီရွှမ်က ဒီမျက်နှာထားလေးကြောင့် သည်းအူပြတ်မတတ် ခံစားလိုက်ရသည်။ သူ့ကြောင့် ဒီကောင်လေး ဘယ်တော့မှ ထပ်မနာကျင်စေရလို့ သူဆုံးဖြတ်ထားပြီးဖြစ်သည်။

"ရှောင်ရီက ရွှယ်ကျင်းရီရဲ့ အစ်ကိုရင်းပဲ.. သူက ကျွန်တော်တို့ထက် ဒီမှာနေသင့်တဲ့လူပဲ.."

ရွှယ်ဇီရွှမ်က ပွင့်လင်းစွာပြောပြီး ကောင်လေးကို ရင်ခွင်ထဲဖက်ထားကာ သူ့ရင်ခွင်မှာခေါင်းမှီစေပြီး နူးညံ့သည့်ဆံပင်ကို တစ်ချက်ငုံ့နမ်းလိုက်သည်။

"ဒါပေမယ့် ကျင်းရီနေမကောင်းတာက.."

ဒီကောင်လေးက တောကလာပြီး ဘာမှမသိဘူးဆိုပေမယ့် နှလုံးရောဂါဆိုတာ နှလုံးအစားထိုး ကုသရတယ်ဆိုတာ သိချင်သိနေနိုင်တယ်လို့တွေးပြီး ရွှယ်လီဒန်နီက ဆက်မပြောဘဲရပ်လိုက်သည်။

ရွှယ်ဇီရွှမ်က သူ့အမေကို နက်ရှိုင်းစွာကြည့်ကာ ကောင်လေးကို ပိုတင်းအောင်ဖက်ထားလိုက်သည်။

Xiao Wang က သူ့သခင်က ဖုန်းဆက်ခေါ်လို့ ပြန်ပြေးလာပြီး မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ခင်ဗျ.."

"ဘာမှမဖြစ်ဘူး.."

ရွှယ်လီဒန်နီက လက်ယမ်းကာပြောလိုက်သည်။

ရွှယ်ဇီရွှမ်က Xiao Wang ကိုယ်က စီးကရက်နံ့ရတော့ ကောင်လေးကို ဖက်ထားရာကနေ လွှတ်လိုက်ပြီး ပြောလိုက်သည်။

"ငါ့ကို စီးကရက်တစ်လိပ်ပေးပါ.."

"ဟုတ်ကဲ့.. ဘာ.. ဘာကိုပေးရမယ်.."

Xiao Wang က စီးကရက်ကိုထုတ်ယူပြီးမှ ရုတ်တရက် သူ့သခင်လေးက စီးကရက်၊ အရက် မသောက်ဘူးဆိုတာ သတိရသွားသည်။ သူ ရုတ်တရက် အေးခဲသွားသည်။

ရွှယ်ဇီရွှမ်က စီးကရက်တစ်လိပ်လှမ်းယူကာ ကောင်လေးရဲ့ပုခုံးကို ခပ်တင်းတင်းညှစ်ကာ ဆေးလိပ်သောက်လို့ရသည့်နေရာ ခေါ်လာရင်း မေးလိုက်သည်။

"အစ်ကိုကြီးဆေးလိပ်သောက်ရင် စိတ်မရှိဘူးမဟုတ်လား.."

သူက လက်ကြားထဲ စီးကရက်ကိုညှပ်ကာ မေးလိုက်သည်။

"ဟုတ်ကဲ့.. ရပါတယ်.. သောက်ပါ.."

ကျိုးယွင်ရှန့်က ရွှယ်ဇီရွှမ်ကို ထူးဆန်းစွာ စိုက်ကြည့်နေမိသည်။ သူသိရသလောက် ရွှယ်ဇီရွှမ်က ဆေးလိပ်၊ အရက်၊ မိန်းမ၊ လောင်းကစားကင်းပြီး တကယ့်စံပြလူသားဖြစ်သည်။ အခုတော့ သူက လုံးဝမတူသည့်သူလို ပြောင်းလဲနေသည်။ တကယ်လို့ system ကမစုံစမ်းနိုင်ရင် သူ့ဘာသာ စုံစမ်းမှဖြစ်တော့မည်။ မူလရွှယ်ဇီရွှမ် မဟုတ်သည့် တစ်စုံတစ်ယောက် ကူးပြောင်းလာသည်ဟု သူ့စိတ်ထဲ ထင်နေမိတော့သည်။

======================
Chapter (4-4) - ကိုယ့်ကို ကိုကိုလို့ ခေါ်....

ရွှယ်ဇီရွှမ် ပြောင်းလဲသွားတယ်လို့ထင်တာ သူတစ်ယောက်တည်းမဟုတ်ပေ။ Xiao Wang နဲ့ ဖူဘိုတို့လည်း သံသယဖြင့် နောက်ကလိုက်လာကြသည်။ Xiao Wang က သခင်လေးကို ဆေးလိပ်မီးညှိပေးရန် ဆိုသည့် အကြောင်းပြချက်နှင့် လိုက်လာစဉ် ဖူဘို့ကို ရွှယ်လီဒန်နီက မေးနေသည်။ သူမသား ဘယ်အချိန်က ဆေးလိပ်သောက်တတ်သွားတာကို သူမသိချင်နေသည်။ သူမသား သတိလစ်သွားပြီး ပြန်သတိရလာတော့ ဘာကြောင့် လူသစ်တစ်ယောက်လို ပြောင်းလဲသွားတာလဲဆိုတာ သူမ သိချင်နေသည်။

လှေကားကကျဉ်းပေမယ့် ရွှယ်ဇီရွှမ်က သူ့ကုတ်အင်္ကျီကိုချွတ်ကာ လှေကားထက်မှာခင်းပြီး ဟွမ်ရီ့ကို နံရံဘက်ပိုင်းမှာထိုင်စေသည်။ သူဆေးလိပ်သောက်နေစဉ် ကောင်လေး ထွက်ပြေးသွားမည်ကိုကြောက်လို့ ခုလိုစီစဉ်တာဖြစ်သည်။ ကောင်လေးထိုင်ချလိုက်ပြီး ထွက်မပြေးတာသေချာတော့မှ Xiao Wang ကို 'မီး' လို့ပြောလိုက်သည်။

Xiao Wang က စီးကရက်ကိုမီးညှိပေးတော့ သခင်လေးက လက်တစ်ဖက်နဲ့ လေကိုကာပြီး မီးညှိကာ စီးကရက်ငွေ့ကိုရှိုက်ဖွာပြီး နှာခေါင်းထဲကအငွေ့ကို ထုတ်လိုက်သည်။ သခင်လေးက ခုမှဆေးလိပ်သောက်ကာစလူလို မဟုတ်ဘဲ ဝါရင့်ဆေးလိပ်သမားလို ကျွမ်းကျင်တာတွေ့တော့ အံ့အားသင့်နေမိသည်။

ဖူဘိုက တွန့်ဆုတ်စွာဖြင့် တီးတိုးပြောလိုက်သည်။

"သခင်လေး ဘယ်တုန်းက ဆေးလိပ်သောက်တတ်သွားတာလဲ.. ဆေးလိပ်သောက်လွန်းရင် ကျန်းမာရေးကို ထိခိုက်လိမ့်မယ်.. ဆေးလိပ်ဖြတ်လိုက်တာ ကောင်းပါတယ်.."

ရွှယ်ဇီရွှမ်က တိတ်ဆိတ်စွာ ဆေးလိပ်ဖွာရင်း ဖူဘို့ကို လူစိမ်းတစ်ယောက်လို စိုက်ကြည့်လိုက်သည်။ သူ ဘယ်အချိန်ကတည်းက ဆေးလိပ်သောက်တတ်သွားတာလဲ..။ သူ မမှတ်မိတော့ပေ။

အဆုံးမဲ့ ပူပြင်းနာကျင်မှုကို ခံစားနေရတဲ့အချိန် သူ့ဦးနှောက်နဲ့လည်ချောင်းကို လောင်ကျွမ်းမတတ်ဖြစ်စေတဲ့ မီးခိုးငွေ့တွေကပဲ သူ့စိတ်ကို ငြိမ်သက်စေခဲ့သည်။ တိတ်ဆိတ်တဲ့ညတွေမှာ မဆုံးနိုင်တဲ့ညှင်းပန်းမှုကို ခံနေရချိန်မှာ သူက အရက်နဲ့မူးယစ်ဆေးကိုသုံးပြီး သူ့ဘဝကို အဆုံးသတ်ချင်စိတ်ပေါ်ခဲ့ပေမယ့် ငရဲမှာတစ်ယောက်တည်းနေရပြီး ကောင်လေးကိုလွမ်းနေရမှာစိုးလို့ သူ့ခန္ဓာကိုယ်ကို ထိန်းသိမ်းခဲ့ရသည်။

ဆေးလိပ်သောက်ခြင်းကသာ သူ့ကို စိတ်သက်သာရာရစေသည်။ မျောလွင့်နေသည့် စီးကရက်ငွေ့ထဲမှာ အတိတ်ကိုပြန်တွေးပြီး လူငယ်လေး သူ့နှလုံးသားထဲ စတင်ဝင်ရောက်လာချိန်ကိုတွေးပြီး ပျော်ရွှင်မှုကို ထပ်ခါထပ်ခါ ခံစားနေခဲ့သည်။ သူ့မှာ ဒီမှတ်ဉာဏ်ကလွဲပြီး ဘာမှမကျန်ရစ်ခဲ့တော့ပေ။

အသက်ရှူကြပ်တဲ့ခံစားချက်ကြောင့် ရွှယ်ဇီရွှမ် အတွေးထဲက နိုးထလာခဲ့သည်။ သူ စိတ်ပျက်လက်ပျက် ရုန်းကန်နေရသည့် အချိန်ကိုကျော်ပြီး ပြန်လည်မွေးဖွားခဲ့ပြီဆိုတာ သတိရလိုက်သည်။ ခုဘဝတော့ အရာအားလုံးကို ပြန်ပြင်ခွင့်ရတော့မည်။ သူက ကျေနပ်စွာ ခပ်တိုးတိုးရယ်ပြီး စီးကရက်ပြာကို လက်နှင့်တောက်ကာ ချွေလိုက်သည်။ သူက ဘေးမှာထိုင်နေသည့် ချာတိတ်လေး၏ပုခုံးကို ဖက်ကာ လှုပ်လိုက်သည်။

မြေပြင်ပေါ်ဖင်ထိုင်ချပြီး ပင်ပန်းနွမ်းနယ်ပေမယ့် ပျော်ရွှင်သည့်အမူအယာနှင့် ဆေးလိပ်သောက်နေသော ရွှယ်ဇီရွှမ်က သူဌေးသားသခင်လေးပုံစံထက် ရွှေ့ပြောင်းအလုပ်သမားပုံ ပေါက်နေတာ ကျိုးယွင်ရှန့်ကို အံ့အားသင့်စေသည်။ သူ ဘာကြောင့် ဒီလောက်ပြောင်းလဲသွားရတာလဲ။ ဘာကြောင့်ရယ်မသိပေမယ့် ရွှယ်ဇီရွှမ်ရဲ့ပုံစံက ပိုပြီးနှစ်လိုဖွယ်ကောင်းသည်။ သူ့ကို ဘာကြောင့် ဒီမြို့တော်ကိုခေါ်လာတယ်ဆိုတာ သိပေမယ့် ရွှယ်မိသားစုဝင်တွေထက် သူက ပိုကောင်းသည်ဟု ယှဉ်ကြည့်နေမိသည်။

ဖူဘိုက ရင်ဘတ်ကိုလက်နှင့်ဖိကာ ဒေါသထွက်နေမိသည်။ ဘယ်တုန်းက သခင်လေး ဆေးလိပ်သောက်တာ မြင်ဖူးလို့လဲ။ ဘယ်တုန်းက ခုလိုညစ်ပတ်သည့်လှေကားမှာ ဖင်ချထိုင်တာ မြင်ဖူးလို့လဲ။ ဘယ်တုန်းက သူ့ပုံစံကို ဘယ်သူမြင်မြင် ဂရုမစိုက်သည့်ပုံ မြင်ဖူးခဲ့လို့လဲ။ သူက သူ့ကုတ်အင်္ကျီကို မြေပြင်ပေါ် ဟွမ်ရီထိုင်ဖို့တောင် ခင်းပေးပြီး သူကတော့ ညစ်ပတ်သည့်လှေကားထစ်မှာ ထိုင်နေသည်။ သခင်လေးက တကယ်ပဲ အစွန်းရောက် စိတ်နှစ်ခွဖြစ်နေပြီဟု ထင်လိုက်သည်။ သူက ဂရုမစိုက်လျှင် သူ့ကို ဘယ်လိုအပြစ်တင်နေပါစေ၊ သူက တစ်ချက်တောင် လှည့်ကြည့်မည်မဟုတ်ပေ။

အခုကစပြီး သခင်လေးကို ဘယ်သူကမှ ထိန်းလို့မရနိုင်တော့ပေ။ ဖူဘိုက ဒီကိစ္စက လူငယ်သဘာဝ ပုန်ကန်တာပဲလို့ အတင်းတွေးပြီး သူ့ဘာသာ စိတ်သက်သာရာရအောင် လုပ်ယူနေရသည်။ သူဘာပြောပြော မထူးတာသိလို့ Xiao Wang ကို ဘေးမှာ လိုတာလုပ်ပေးဖို့ထားရစ်ပြီး မဒမ်ဆီကို ပြန်လာခဲ့သည်။

"မင်းကော တစ်လိပ်ယူမလား.."

Xiao Wang က ဖူဘိုလိုမဟုတ်ပေ။ သူ့ပါးစပ်မှာ စီးကရက်တစ်လိပ်တပ်ပြီး ဟွမ်ရီကိုမေးလိုက်သည်။ ကျိုးယွင်ရှန့်က သူများဆေးလိပ်သောက်တာကို စိတ်မပျက်ပေမယ့် သူကတော့ လုံးဝ ဆေးလိပ်မသောက်တတ်ပေ။ သူက လက်ဝှေ့ယမ်းပြီး ငြင်းမယ်အလုပ် ရွှယ်ဇီရွှမ်က ဦးအောင်ပြောလိုက်သည်။

"ရှောင်ရီက ဆေးလိပ်မသောက်ဘူး.. အကျင့်ဆိုးတွေ မသင်ပေးနဲ့.."

ဒါပေမယ့် သူလေးက ဆေးပြင်းလိပ်ကို လှိမ့်ပေးပြီး ဖြတ်ပေးရာမှာ တကယ်တော်သည်။ သူက Xue Yu အတွက် သေချာသင်ယူခဲ့သည်။

ရွှယ်ဇီရွှမ်က အတိတ်ကိုသတိရလိုက်ပြီး ရုတ်တရက်ထရပ်ကာ ကောင်လေးရဲ့ နောက်လှေကားထစ်တွေမှာ ပြောင်းထိုင်ပြီး ကောင်လေးရဲ့ကိုယ်လေးကို သူ့ခြေထောက်နှစ်ဖက်ကြားထားတာ အပေါ်မှသိုင်းဖက်ထားလိုက်သည်။ ဒါမှ သူ့ရင်ထဲ အေးစက်ကြောက်ရွံ့ခြင်းတွေ လျော့ပါးသွားသလိုပင်။ သူက ကောင်လေးကို ရင်ခွင်ထဲပွေ့ဖက်ရင်း ဆေးလိပ်ကိုရှိုက်ဖွာကာ မမှတ်မိချင်သည့် အတိတ်ဖြစ်ရပ်ကို ပါသွားလိုပါသွားငြား ဆေးလိပ်ငွေ့ကို မှုတ်ထုတ်လိုက်တော့သည်။

ကျိုးယွင်ရှန့်၏မျက်နှာပေါ်မှာ အနက်ရောင်လှိုင်းတွေပေါ်လာပြီး ဖက်ထားသည့်လက်မောင်းကြားမှ နှစ်ခါလောက် ရုန်းကြည့်ပေမယ့် ပိုတင်းတင်းဖက်ခံလိုက်ရလို့ ငြိမ်သွားရတော့သည်။ ရွှယ်ဇီရွှမ်က သတိပြန်ရလာကတည်းက သူ့ကို မကိုင်ထား၊ မဖက်ထားရလျှင် သေတော့မလိုခံစားနေရတာ ထင်ရှားသည်။ သူ့အသားကို ထိတွေ့နေရတာကို ပိုမိုစွဲလန်းလာသလို ထင်ရသည်။ ဒါက ပိုပြောတာမဟုတ်ပေ။ သူ့လှုပ်ရှားမှုတိုင်းက အင်အားပြည့်ဝနေပြီး ကျိုးယွင်ရှန့်ကို သူ့ဘေးမှာ တစ်ချိန်လုံး ပူးချည်ထားချင်သလို လုပ်နေတော့သည်။

ကြာလာလေ သူ့ပုံစံက ပိုဆိုးလာလေဖြစ်လို့ ကျိုးယွင်ရှန့်က သူ့ကို တိုက်တွန်းကြည့်လိုက်သည်။

"Mr.Xue.. ဦးနှောက် CT ဓာတ်မှန် မရိုက်ကြည့်ချင်ဘူးလားဟင်.."

တကယ်လို့ သူက ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဓာတ်မှန်သွားရိုက်ရင် တခဏတော့ ကျိုးယွင်ရန့်လည်း လွတ်လပ်စွာနေရမလားလို့ မျှော်လင့်ကာ ပြောလိုက်သည်။

"ကိုယ့်ကို ကိုကိုလို့ခေါ်.."

ရွှယ်ဇီရွှမ်၏ ထွက်သက်လေနွေးနွေးက ဆေးလိပ်နံ့နှင့်ရောကာ ကျိုးယွင်ရှန့်၏နားရွက်နားကို တိုးဝှေ့လာပြီး နားရွက်ကို နီရဲလာစေသည်။

ကျိုးယွင်ရှန့်က နားရွက်ကိုလက်နှင့်ပွတ်ကာ ပြောလိုက်သည်။

"Mr.Xue လို့ခေါ်ရမယ်ဆိုပြီး ကျွန်တော့်ကို ပြောခဲ့တယ်မဟုတ်လား.."

"အဲ့ဒီရွှယ်ဇီရွှမ်က ငတုံး.. သူပြောခဲ့တာကို မင်း ဂရုမစိုက်ပါနဲ့ ကိုယ့်ကို ကိုကိုလို့ခေါ်ရင် ကိုယ် CT ရိုက်မယ်.."

ရွှယ်ဇီရွှမ်က သဘောကောင်းစွာ ပြောလိုက်သည်။

ကျိုးယွင်ရှန့်က ရွှယ်မိသားစုကို စိတ်ထဲမှာမထည့်ထားလို့ တစ်ဖက်လူကိုဘယ်လိုခေါ်ခေါ် သူ့အတွက် ကိစ္စမရှိပေ။ သူက ရှက်ချင်ယောင်ဆောင်ပြီး နူးညံ့သည့်အသံလေးဖြင့် 'ကိုကို' ဟုခေါ်လိုက်သည်။

ရွှယ်ဇီရွှမ်က ပျော်ရွှင်စွာပြုံးလိုက်ပြီး သူ့မျက်ဝန်းထဲ မျက်ရည်တို့ဝေ့ကာ မြင်ကွင်းတို့ဝါးလာသလို ခံစားလိုက်ရသည်။ သူက ဆတ်ခနဲထကာ ကောင်လေးကိုဆွဲခေါ်ပြီး CT ရိုက်ဖို့ ထွက်လာခဲ့သည်။ လှေကားထစ်မှာခင်းထားသည့် သူ့ကုတ်အင်္ကျီကို ပြန်ယူဖို့စိတ်မကူးပေ။ Xiao Wang က ထိတ်လန့်ကာ အော်မေးလိုက်သည်။

"သခင်လေး.. CT သွားရိုက်မလို့လား.."

သူ့ကို CT ရိုက်ဖို့ မဒမ်ရွှယ်လီဒန်နီနှင့် သူ့ညီမရွှယ်ကျင်းရီတို့ ဘယ်လောက်ပြောပြော တုတ်တုတ်မလှုပ်ခဲ့သမျှ ခုတော့ ဒီတောသားမင်စာလေးက 'ကိုကို' တစ်ခွန်းခေါ်ရုံနှင့် ချက်ချင်းထသွားသည်။ သခင်လေးက ဒီကောင်လေးကို ဘယ်လောက်ကျတယ်ဆိုတာ ပြနေတာပဲ။ သ င်လေးက ဒီကောင်လေးကို လှည့်စားနေတာများလား..။

ရွှယ်ဇီရွှမ်က ပြန်မဖြေဘဲ ကောင်လေးလက်ကိုဆွဲကာ ဓာတ်လှေကားထဲ ဝင်သွားတော့သည်။ ဓာတ်လှေကားထဲက တခြားလူတွေ ကောင်လေးကိုမထိမိစေဖို့ သူက ဟွမ်ရီ့ကို ထောင့်မှာထားပြီး လက်နှစ်ဖက်နဲ့ နံရံကိုထောက်ထားကာ ကောင်လေးဦးခေါင်းထက်က နူးညံ့သည့်ဆံပင်များကို ငေးကြည့်ကာ မေးလိုက်သည်။

"ရှောင်ရီက ကိုယ့်ကို စိတ်ပူလို့လားဟင်.."

"အင်း.."

ကျိုးယွင်ရှန့်က ဒီလိုလေးပဲ ပြန်ဖြေလိုက်သည်။ ဓာတ်လှေကားထဲ လူပိုကြပ်လာလို့ သူတို့နှစ်ယောက်ကြားက ပိုပိုနီးလာပြီး တစ်ယောက်ထွက်သက်က တစ်ယောက်ကို ရိုက်ခတ်သည်အထိ ပူးကပ်လာသည်။ ဒီလူငယ်လေး၏ ပူနွေးသည့်ကိုယ်ငွေ့နှင့် သင်းသည့် ကိုယ်နံ့က ကျိုးယွင်ရှန့်ကို မသက်မသာဖြစ် လာစေ သည်။ ချောမောလှပလွန်းသည့် ရုပ်ရည်၊ သွယ်ဖြောင့်သည့် အရပ်၊ နူးညံ့ကြင်နာလာသည့် စိတ်သဘောထားနှင့် ပေါင်းစပ်လိုက်သော အခါ ဒီလူက ကျရှုံးဖို့ တကယ်ကို ဆွဲဆောင်မှု အားကြီး လို့နေလေပြီ။

==========================
Chapter (4-5) - ခုလို ဝတ်တာ မင်း ကြည့်ရဆိုးတယ် ရှောင်ရီလေး....


ကျိုးယွင်ရှန့်လို ဘော်တွန်တစ်ယောက်အတွက် ဒီ ရွှယ်ဇီရွမ်က သေလုအောင် ညှို့ငင်နိုင်စွမ်းရှိတဲ့ လမ်းလျှောက်နေတဲ့ ဟိုမုန်းကောင်ကြီးဖြစ်လို့နေသည်။ သေစေနိုင်သော ဆွဲဆောင်မှု ရှိနေရင်တောင်မှ ဒီလူက သူ့နှလုံးသားကို ထုတ်ပြီး ရွှယ်ကျင်းရီကို လက်ဆောင်အဖြစ် ပေးခဲ့သည်ကို သူ မမေ့နိုင်ပေ။ ကျိုးယွင်ရှန့်ရဲ့မျက်နှာက ရှက်နေပုံပေါ်ပေမယ့် သူ့ရင်ထဲက အရမ်းကို သတိထားနေသည်။

ရွှယ်ဇီရွမ်သည်အလွန်ပျော်ရွှင်နေပြီး သူ၏နှုတ်ခမ်းပေါ်တွင် တောက်ပသောအပြုံးများရှိနေပြီး အစဉ်မှောင်မိုက်သည့် မျက်ဝန်းထဲတောင် ပြုံးနေသည်။

ကျိုးယွင်ရှန့်က ခဏငြိမ်သွားပြီး ဟန်မပျက်ရှေ့ဆက်သွား လိုက်သည်။ ရွှယ်ဇီရွမ်က ဒီ ကမ္ဘာ့၏ သားတော်ဖြစ်သောကြောင့် ဒီလူက သူ့အပေါ် ကောင်းပေးနေပြီး ဇာတ်လမ်းကြောင်းက မူလနှင့် လုံးဝပြောင်းလဲသွားလေပြီ။ ဒီလိုပြောင်းလဲခြင်းက ဒီကမ္ဘာကြီး ကိုလုံးလုံးပြိုလဲ ပျက်စီးစေနိုင်သည်။ ဒါဆိုရင် system က သူ့ကို  တစ်ခါမျှမကြုံဖူးသောပြစ်ဒဏ် ကို ပေးနိုင်ပေမယ့် အခုထိ သူ့ကို ဘယ်လို အပြစ်ဒဏ်မှ မပေးသေးသဖြင့် ဒီ system 100% တခုခုဖြစ် နေတာ သေချာသွားလေပြီ။ ဒါမှ မဟုတ် systemနဲ့ Lord God ကြား အဆက်သွယ်ပြတ်တောက်သွားတာလည်း ဖြစ်နိုင်သည်။ ဒီလိုဆိုရင် system ရဲ့ ထိန်းချုပ်မှုအောက်ကနေ သူရုန်းထွက်နိုင်ဖို့ အခွင့်ရေးရှိသည့် သဘောဖြစ်သည်။

ဒီယူဆချက်က သူ့ရဲ့နှလုံးကိုပူပြင်းလာစေပြီး သူ့ခန္ဓာကိုယ်ထဲက နာကျင်မှုများစွာကို သက်သာစေခဲ့သည်။  သူနှင့် ရွှယ်ဇီရွမ် တို့ အရေးပေါ်ဌာနသို့ပြန်ရောက်လာသောအခါ ရွယ်ကျင်းရီ သည် အသက်အန္တရာယ်မှလွတ်မြောက်လာခဲ့ပြီး အပေါ်ထပ်ရှိ VIP အခန်းသို့ သယ်သွားခဲ့လေပြီ။

ရွှယ်လီဒန်နီသည် နေမကောင်းသော သမီးနှင့် ရုတ်တရက် ပုန်ကန်သောသားကြောင့်  ပင်ပန်းနွမ်းနယ်သွားသည်အထိ သူမ၏ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ခံခဲ့ရသည်။ တံခါးဖွင့်သံ ကြားရသည့်အခါ သူမ ခေါင်းမော့ရန်ပင် ခွန်အားမရှိတော့ပေ။ အခြေနေကို အေးဆေးစေရန် Xiao Wang က တိုးတိုးလေးပြော လိုက်သည်။

"  Madame သခင်လေးက ဦး နှောက်ဓါတ်မှန်  CT ရိုက်ပြီး သွားပါပြီ။ ဆရာဝန်က ဘာမှမဖြစ်ဘူးလို့ ပြောပါတယ်။ " ြ

"တကယ်ပဲလား ။ ဒါဆို ငါတို့ သွားကြည့်ကြစို့။ "

ရွှယ်လီဒန်နီက သားကို စိုးရိမ်သဖြင့် ကိုယ်တိုင်  CT ပုံကို ယူပြီး အသေးစိတ်လေ့လာ ခဲ့သည်။ ဖူဘို လည်းလာပြီး ဓာတ်မှန်ပုံနှင့် ဆေးစစ်ချက် အဖြေကို လေ့လာဖို့ မျက်မှန် တပ်လိုက်သည်။ တကယ်တော့ သူတို့က ဒီ ဆေးစာရလဒ်ရှင်းပြထားတာကို လုံးဝ နားမလည် ကြပေမယ့် သူတို့စိတ်ကိုတည်ငြိမ်စေဖို့ ဒါကို ဖတ်ဖို့ ကြိုးစားနေကြတာဖြစ်သည်။

ကျိုးယွင်ရှန့်သည် အထူးကုသဆောင်ရှိ ကုတင်ဘေးမှာရပ်ပြီး   ရွှယ်ကျင်းရီ၏ အိပ်မောကျနေသောမျက်နှာကိုငေးကြည့်ကာ စိတ်ပူစွာဖြင့် မေးလိုက်သည်။

" သူမ ဘယ်လိုနေလဲ?"

ကျိုးယွင်ရှန့်က  က ရွှယ်ဇီရွမ်  ဘာမှ မဖြစ်ဘူးဆိုတာ လုံးဝ မယုံပေ။ ဖြစ်နိုင်ရင် သူက ရွှယ်ဇီရွမ် ကို စိတ်ကျန်းမာရေးဌာနကို ဆွဲခေါ်သွားပြီး စစ်ဆေးလိုက်ချင်သည်။ ဒီလူက သူ့ကို ကစားချင်သည်ဆိုရင်တော့ သူလည်း ကစားပေးရတာပေါ့။ ဒါပေမယ့် ရွှယ်ဇီရွမ် က တကယ်ပဲ သူ့ကို အလေးနက်ထားကြီး အသတ်မခံရအောင် ကာကွယ်ပေးမည်ဆိုလျှင် အဆုံးသတ်က ဘယ်လိုဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းလှသည်။


"  host က ဒီကမ္ဘာ့ရဲ့ဇာတ်လမ်းကို ပြောင်းလဲဖို့  ကြိုးပမ်းနေသည်ကို စုံစမ်း သိရှိလိုက်တာကြောင့် ပထမအဆင့်ပြစ်ဒဏ်ချမှတ်ခြင်းကိုစတင်လိုက်ပါပြီ။ "

system ၏ ခံစားချက် ကင်းမဲ့သည့် စက်ရုပ်သံကို သူ့ဦးနှောက်ထဲ ပေါ်လာပြီး အရိုးထဲထိ နာကျင်မှုကို ခံစားလိုက်ရသည်။


ရွှယ်ဇီရွမ်က ရွှယ်ကျင်းရီကို စိတ်ရှုပ်သည့် မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။

" သခင်မလေးက မစိုးရိမ်ရတော့ပါဘူး။ ရက်ပိုင်းလောက်ဆိုရင် ဆေးရုံဆင်းလို့ရပါပြီ။ အိမ်ပြန်ရောက်ရင် စိတ်မလှုပ်ရှားအောင် သေချာ အနားယူပြီး အားမွေးရင် အသက်ရှည်ရှည်နေရ လိမ့်မယ်လို့ပြောပါတယ်။  "
 
ဖူဘိုက ဟွမ်ရီရှိနေလို့ သခင်မလေးရဲ့ရောဂါအခြေနေမှန်ကို ပြောပြလို့မရပေ။ သခင်မလေးရဲ့ရောဂါက နားရုံနဲ့ အသက်ရှည်မည်မဟုတ်ပေ။ အသက်ဆက်ရှင်ဖို့ ဟွန်ရီနဲ့နှလုံးကို ထုတ်ပြီး အစားထိုးရမည်ကို ဘယ်လိုမှ ထုတ်ပြောလို့မရပေ။

" ဒါဆိုရင် ကျွန်တော် စိတ်အေးသွားရပါပြီ။   အန်တီ ရွှယ် နဲ့ ဖူဘိုတို့ အရင်ပြန်နားကြပါတော့။ ကျွန်တော့် ညီမလေးကို စောင့်ပေးပါ့မယ်  "

ရွှယ်ဇီရွမ်၏မျက်လုံးများမှေးမှိန်သွားသော်လည်းနောက်ဆုံးတွင် သူ မငြင်းပယ်ခဲ့ပေ။  ဟွမ်ရီက ရွှယ်ကျင်းရီကို စောင့်ပေးချင်တယ် ဆိုလည်း စောင့်ပါစေ။ သူလေး စိတ်ချမ်းသာမယ်ဆိုရင် လုပ်ခွင့်ပြုမှာဖြစ်သည်။ နောက်ပိုင်းမှ နည်းရှာပြီး ဒီမောင်နှမကို ခွဲထုတ်ရမည်ဟု တေးထားလိုက်သည်။

ရွယ်လီဒန်နီနှင့်ဖူဘိုတို့ကမူ သူ ၏နူးညံ့သိမ်မွေ့မှု နှင့် ကြင်နာမှုကိုတန်ဖိုးမထားခဲ့ကြပဲ အိမ်ကို အတင်းပြန်ဖို့ ဖိအားပေးကာ Xiao Wang ကို အချက်ပြကာ ကျိုးယွင်ရှန့်ကို  ဆွဲထုတ်သွားစေသည်။  Xiao Wang က ဆွဲထုတ်မည်အပြု သခင်လေးက တားကာ ဟွမ်ရီကို ပွေ့ဖက်ကာ အခန်းပြင်ကို ခေါ်ချသွားတော့သည်။ ရွှယ်ဇီရွမ်က ကျိုးယွင်ရှန့်ကို ပွေ့ချီသွား ချင်ပေမယ့် ကျိုးယွင်ရှန့်က အပွေ့မခံပဲ ကော်ရစ်တာမှာ တွန်းထိုးနေပြီးနောက်ဆုံး ရွှယ်ဇီရွမ် က အားပိုကြီးလို့ သူခေါ်ရာကို ပါသွားတော့သည်။

ရွှယ်လီဒန်နီက ဟွမ်ရီကိုပဲ ထွက်သွားစေချင်ပေမယ့် သူမ၏ သားပါ သတိလစ်နေသည့် သမီးကို တချက်လေးတောင် ငဲ့စောင်းမကြည့်ပဲ ထွက်သွားမည်ဟု မထင်ထားမိပေ။ သူမက ဒေါသတကြီးနှင့် နောက်ကလိုက်ကာ အော်ပြောလိုက်သည်။

"ဇီရွမ်.....  မင်း ပြန်လာစမ်း။ မင်း ညီမနိုးလာလို့ မင်းကို မတွေ့ရင် သူမ ဝမ်းနည်းသွားလိမ့်မယ်"


သူမရဲ့အသံကျယ်လို့ အနားက ဖြတ်သွားတဲ့ သူနာပြုက အသံတိုးဖို့ အမူယာပြသွားပေမယ့် ရွယ်လီဒန်နီက ဂရုပင် မစိုက်ပေ။ သူမရဲ့သားက ကောင်လေးကို ခေါ်ပြီး ဓါတ်လှေကား ဖြင့် အောက်ထပ်ကို ဆင်းသွားတာကြည့်ပြီး သူမ စိတ်ပျက် မောပန်းစွာဖြင့် အထူးခန်းထဲ ပြန်လာကာ ထိုင်ခုံပေါ် ခြေပစ်လက်ပစ်ထိုင်ချလိုက်သည်။

"သူ ရုတ်တရက် ဘာကြောင့် ဟွမ်ရီပေါ်ကိုအရမ်း ကောင်းနေရ တာလဲ။ ဟွမ်ရီက ကျင်းရီရဲ့ နှလုံးအလှူရှင်ဆိုတာ သူ မသိတာလား။   "

" သခင်လေးက ပျင်းလို့ ဒီကောင်လေးကို ခဏ ဆော့ကစားနေတာဖြစ်မှာပါ သခင်မ။ စိတ်မပူပါနဲ့။"

ဖူဘိုက နှစ်သိမ့်လိုက်သည်။ 

"ငါ လည်း ဒီလိုဖြစ်ပါစေလို့ တကယ်မျှော်လင့်ပါတယ်။ "

ရွှယ်လီဒန်နီက ပြောလိုက်ပေမယ့်စိတ်မငြိမ်မသက်ဖြစ်နေသည်။

ရွှယ်ဇီရွမ်ကကောင်လေးကို ကားပါကင်နား ခေါ်သွားပြီး Xiao Wang ကသူ့တို့နောက်ကို လိုက်လာခဲ့သည်။   Xiao Wang ကားစက်ကို နှိုးပြီးနောက် ရွှယ်ဇီရွမ် က အမိန့်ပေးခဲ့သည်။

"ဒီနားက ရှောပင်းစင်တာကိုသွားပါ"


"သခင်လေး၊  ဘာ ဝယ်ချင်လို့လဲ။ တစ်ယောက်ယောက်ကို ဖုန်းခေါ်လိုက်တာ ပိုကောင်းပါလိမ့်မယ်။ "

Xiao Wang က  ကားကိုဖြည်းဖြည်းချင်း မောင်းလာစဉ်ကပြောလိုက်သည်။

"ရှောင်ရီ အတွက်အဝတ်အစား နည်းနည်း ဝယ်မလို့ "

ရွှယ်ဇီရွမ် က ကောင်လေးရဲ့ မိန်းကလေးမကျ ယောက်ျားလေး မကျ အဝတ်စားများကို တချက်ကြည့်ကာ မျက်လုံးထဲ ကန့်လန့်ဖြစ်နေသည်။ ဒီဘဝမှာ သူ့မိဘတွေက ဟွမ်ရီကိုသတ်ပြီး နှလုံးအစားထိုး ယူချင်သည့်အတွက် ဟွမ်ရီ၏တည်ရှိမှုကို ဖျောက်ကာ ကျင်းရီ၏ အရိပ်ထဲမှာပဲ ဒီကောင်လေးကို ထိုးထားခဲ့သည်။ တကယ့်တကယ်တော့ ဟွမ်ရီက သူ့ညီမ အရိပ်အောက်က တိုးထွက်လာပြီး ကျင်းရီကသာလျှင် ဟွမ်ရီ၏ အရိပ်အောက်ကို ရောက်သွားမှာဖြစ်သည်။ ဒီကောင်လေးက အင်မတန်ကို ပါရမီရှိပြီး တော်လွန်းလှသည်။ ဟွမ်ရီ၏ အနာဂါတ်က အင်မတန်ကို တောက်ပနေသည်ကို သူ သေချာသိခဲ့သည်။ ဒါကြောင့် ဟွမ်ရီရဲ့တည်ရှိမှုကို ထုတ်ပြထားဖို့ သူ ဆုံးဖြတ်လိုက်သည်။

ရွှယ်ကျင်းရီက ကောင်လေးဘေးမှာ ရပ်လိုက်ချိန်မှာ သူမက အခွံသက်သက်သာဖြစ်နေတယ်ဆိုတာ ထင်ရှားလာပြီး သူမရဲ့အကိုရင်းကို မနာလိုဖြစ်ပြီး သတ်ဖို့ကြံစည်လာလိမ့်မည်။ ဒီအကြောင်းကိုတွေးမိတော့ ကောင်လေးကို လုပ်ကြံသည့် အဖြစ်များကို ပြန်လည်မြင်ယောင်လာပြီး သူ့ရင်ထဲ လူသတ်လိုစိတ်ကို နှိုးဆွလိုက်သလိုပင်။ ဒါကြောင့် သူမ ရဲ့ခုတင်ဘေးမှာ ရပ်နေမိချိန် သူ့လက်ကို ဆန့်တန်းလိုက်ပြီး သတိလစ်နေတဲ့ ရွယ်ကျင်းရီရဲ့နှာခေါင်းကို လက်နဲ့ပတ်ပြီး အောက်စီဂျင်ပြတ်သေအောင် လုပ်လိုက်ချင်သည်။ ဒါမှ သူမက ဒီကောင်လေး ထိခိုက်အောင် မလုပ်နိုင်မှာဖြစ်သည်။ သူက ဟင်းလင်းပြင်ထဲမှာ အကြာကြီးပိတ်မိပြီးနောက် ကျင့်ဝတ်နဲ့ သီလဆိုတာကို မေ့ပစ်ခဲ့တာ ကြာခဲ့လေပြီ။ လူ့အသက်ဆိုတာ သူ့မျက်လုံးထဲ ဘာမှ မဟုတ်တော့ပေ။ သူချစ်တဲ့ကောင်လေးကို မထိခိုက်ဖို့ ဘယ်သူ့ကိုမဆို သူ သုတ်သင်ပစ်နိုင်သည်။

ဒါပေမယ့် အနားမှာ ရှောင်ရီလေးရှိနေလို့ သူ့ရဲ့ ကြမ်းတမ်းရက်စက်တဲ့ အပိုင်းကို ထုတ်မပြချင်လို့ ရွှယ်ကျင်းရီကို သတ်လိုက်ချင်စိတ်ကို မနည်းအောင့်ထားလိုက်ရသည်။ လောလောဆည် ရွယ်ကျင်းရီက ဟွမ်ရီကို ဘာမှ ထိခိုက်အောင် မလုပ်နိုင်သေးလို့ ခဏတော့ အသက်ရှင်ခွင့်ပေးလိုက်ဦးမည်။ ဟွမ်ရီ၏လက်က ဒဏ်ရာက ကျိုးပဲ့သွားတာ မဖြစ်ပေမယ့် သူ့ကြောင့် နာကျင်ခဲ့ရတာကို ပြန်တွေးမိပြီး သူ့ရင်က နာကျင်ရုံသာမက အပြစ်မကင်းစိတ်ပါ ခံစားလိုက်ရသည်။ သူချစ်တဲ့ လူငယ်လေးသာ အနားမှာရှိမယ်ဆိုရင် လူကောင်းတစ်ယောက်အဖြစ် နေထိုင်ဖို့ သူ ဆန္ဒရှိသည်။

ကျိုးယွင်ရှန့်သည် အချိန်တိုလေးအတွင်း ရွှယ်ဇီရွမ် အတွေးတွေများပြီး ဘယ်လောက် စိတ်ညစ်နေသည်ကို မသိလိုက်ပေ။ သူက သိမ်မွေ့စွာနှင့် ဟန်ဆောင်ငြင်းလိုက်သည်။

 " မလိုပါဘူး၊ အန်တီ Xue က ကျွန်တော့်ကို အဝတ်အစားတွေ အများကြီး ၀ ယ်ပေးထားတယ်။ ဒါကြောင့် ကျွန်တော် တစ်နေ့ တစ်ထည်ဝတ်ရင်တောင် မကုန်နိုင်ဘူး။ "

"ဒီအဝတ်အစားတွေက ယောက်ျားလေးတွေအတွက် မသင့်တော်ဘူး။ လမ်းပေါ်က ယောက်ျားလေးတွေကိုကြည့်လိုက်ပါဦး။ ဘယ်သူက မင်း လိုအဝတ်အစားတွေဝတ်ပြီး ဆံပင်ကို အရှည်ထားတာ မြင်လို့လဲ။ အခုလိုဝတ်ထားတာက ကြည့်ရဆိုးတယ်။ "

ရွှယ်ဇီရွမ်  ကကောင်လေးကို ပြန်ချေပပြောလိုက်သည်။ ကောင်လေးက တကိုယ်လုံး ဖြူဖွေးနေသည့် ဝတ်စုံကို ဝတ်ဆင်ထားပြီး Xue Yan က ကောင်လေးရဲ့ တကိုယ်လုံးကို ထိကိုင်ပြီး စားသုံးခဲ့တာကို သူ မမေ့နိုင်သေးပေ။ ဒီအဖြစ်က တစ်သက်စာကြာသွားခဲ့ရင်တောင်မှာ သူက သဝန်တိုရလွန်းလို့ သေလုမျောပါး ခံစားနေရဦးမည်ဖြစ်သည်။

ဒီကောင်လေးရဲ့ အဝတ်ဗီရိုထဲ မိန်းကလေး အဝတ်အစားများ ဘယ်တော့မှ ထပ်မရှိစေရတော့ပေ။ သူ့ကို တခါကြည့်ရုံနှင့် ယောကျာ်းလေးမှန်းသိအောင် ပြင်ဆင်ပေးရမည်။ ဒါဆိုရင် သူလေးကို သဘောကျစွာ ချည်းကပ်လာသူ လျှော့နည်းသွား နိုင်သည်။   Xue Yan သည်လည်း ဒီကောင်လေးကို မြင်မြင်ချင်း ချစ်သွားတာ မဖြစ်နိုင်တော့ပေ။


ဒီလျှို့ဝှက်အကြံအစည်ဖြင့် ရွှယ်ဇီရွမ် သည် လူငယ်အား ဆံပင်ညှပ်ရန်  ဆိုင်သို့ ဦး စွာခေါ်ဆောင်သွားသည်။ ထို့နောက် စတိုင်အမျိုးမျိုးနှင့် ဒီဇိုင်းအမျိုးမျိုးသော အမျိုးသားဝတ် အဝတ်အစားများကို အဆက်လိုက် ရွေးချယ်ခဲ့သည်။  Xiao Wang က သူတို့ နောက် တကောက်ကောက် လိုက်ပြီး အိတ်ကြီးအိတ်ငယ် ကို သယ်ခဲ့ပေမယ့် နောက်ဆုံး မသယ်နိုင်တော့ လို့ ရွှယ်အိမ်တော် ကို တိုက်ရိုက်ပို့ပေးဖို့ အရောင်းစာရေးကို မှာကြားလိုက် ရတော့သည်။

"သခင်လေး တကယ်လို့ ဟွမ်ရီသာ ဒီလိုဝတ်ထားတာကို တယောက်ယောက်တွေ့သွားမယ်ဆိုရင်   ကျွန်တော်တို့ရှင်းပြဖို့ မလွယ်ဘူး။ "

ဟွမ်ရီ၏နှလုံးသားကို ထုတ်ယူခြင်းသည် လူသတ်မှုမြောက်ပြီး ကောင်လေးကိုခုလို လူသတိထားမိအောင် ဆင်ယင်ပေးရင်  ဒုက္ခကို လက်ယပ်ခေါ်တာနဲ့ မတူဘူးလားဟု  Xiao Wang တွေးကာ  စိတ်မသက်မသာခံစားလိုက်ရသည်။ အဝတ်အစားများကို အစမ်း ဝတ်ကြည့်ရန် အဝတ်ထဲခန်းထဲ ကောင်းလေးဝင် သွားချိန်မှာ သခင်လေးကို ညင်သာစွာသတိပေးလိုက်သည်။

ရွှယ်ဇီရွမ်  ၏မျက်ဝန်းတစ်စုံက ကျိုးပဲ့လွယ်သည့် Xiao Wang ၏ လည်ချောင်းပေါ် စိုက်ကြည့်ကာ အေးစက်စက် သတိပေးလိုက်သည်။

 "ရှောင်ရီကို ခေါ်လာတဲ့  မူလရည်ရွယ်ချက်ကိုမေ့လိုက်တော့။ နောင်မှာ သူက ငါ့ရဲ့ ညီ၊ ငါ့မိသားစုဖြစ်တယ် "

ငါ့ရဲ့အရှင်သခင်၊ ငါ့ရဲ့ချစ်သူ၊ ငါ့ရဲ့အဖိုးတန်တဲ့ ရတနာလေးပဲ။


Xiao Wang သည်  ရုတ်တရက်အေးစက်သော လည်ပင်းကို လက်နှင့် ထိလိုက်ပြီး ကြောက်လန့်စွာမေးလိုက်သည်။

" သခင်မလေးကို ဘယ်လိုလုပ်မလဲ "

"  ငါ ဘယ်သိမလဲ..."


ရွှယ်ဇီရွမ်  က ဒီ မေးခွန်း အရမ်း စိတ်ဝင်စားစရာကောင်းတယ်လို့ ရုတ်တရက် တွေးပြီး ရယ်လိုက်သည်။ ရှောင်ရီက ရွှယ်ကျင်းရီကို သူ့နှလုံးထုတ်ပေးသင့်တယ်လို့ လူတိုင်းက ဘာကြောင့် ထင်နေတာလဲ။ သူတို့ ရွှယ်မိသားစုက ချမ်းသာနေလို့လား။ ရှောင်ရီက ရွှယ်ကျင်းရီးပေါ်  ကျေးဇူးကြွေးတင်နေလို့ ထုတ်ပေးရမှာလား။ တကယ့်ဟာသပဲ။


ရွှယ်ဇီရွမ်  စကားကို ခပ်တိုတိုပြန်ပြောပြီး   Xiao Wang ကို အာရုံမစိုက်တော့ဘဲ တိတ်ဆိတ်စွာစောင့်ခဲ့သည်။ အမှန်တော့  သူ ချစ်မြတ်နိုးရသော လူငယ်များအပြင် သူ ဘယ်သူ့ကိုမှ  ဂရုမစိုက်ပေ။

=====================


ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now