Arc_15.8_ Qi Yi Ning

6.5K 660 4
                                    

Arc_15.8_ Qi Yi Ning


ချီကျင်းယွိဘေးကင်းဖို့အတွက် ကျောက်ပိယွမ်က ကျိုးယွင်ရှန့်ဆီမှာ လုပ်ရည်ကိုင်ရည်ရှိတဲ့ ၀န်ကြီးနဲ့ အစောင့်တွေ ထည့်ပေးသင့်တယ်လို့ သွေးဆောင်ပြောကြားရုံမျှမက သူမအစ်ကို ယွီကော်နယ်စား ကျောက်ရွှမ်ဆီကို လျှို့ဝှက်စာပို့ပြီး ငယ်စဉ်ကလေးဘ၀ကတည်းက ရင်းနှီးမှုကို ထောက်ရှုလို့ ချီကျင်းယွိ အနောက်တောင်ဒေသကို သွားတဲ့အခါ အရည်အသွေးပြည့်ဝတဲ့ တပ်တစ်တပ်ကို အစောင့်ထည့်ပေးသင့်ကြောင်း အကူအညီတောင်းထားတယ်။ သူမက အနောက်မြောက်ဒေသက စစ်အောင်နိုင်စဉ်ကပါလာတဲ့ လက်ရွေးစင်တပ်ဖွဲ့ကို ပေးအပ်စေချင်တယ်။

ဒီတပ်ဖွဲ့ မြို့တော်ကိုရောက်လာချိန် မြို့တံခါးကိုဖွင့်လိုက်တာနဲ့ သွေးတွေနဲ့ဖုံးလွှမ်းနေတဲ့ ချပ်ဝတ်တန်ဆာဝတ်ဆင်ထားတဲ့ အန္တရာယ်ကြီးတဲ့အရိပ်ငွေ့ကို ထုတ်လွှတ်နေတဲ့ ဒီအနောက်မြောက်စစ်တပ်ကြောင့် စောင့်ကြိုသူတွေက ထိတ်လန့်ပြီး သေမင်းကိုတွေ့ရသလို ခံစားလိုက်ရတယ်။ ဟိုးအရင်က တချီပြည်က အနောက်မြောက်လူရိုင်းတွေနဲ့တိုက်ပွဲမှာ တစ်ခါမှ အောင်မြင်မှုမရဖူးဘူး။ အခု ကျောက်ရွှမ်က ဒီတပ်ကိုဦးစီးပြီး အောင်နိုင်မှုကိုရခဲ့တယ်။ ဒီစစ်တပ်က ပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်နိုင်တဲ့စစ်တပ်အဖြစ် တရားရုံးတော်နဲ့လူတွေက လက်ခံလာကြပြီး လှိုက်လှဲစွာကြိုဆိုကြတယ်။ ဆိုင်တွေ၊ အိမ်တွေထဲမှာ ပုန်းအောင်းနေတဲ့ မိန်းမပျိုတွေက ရန်သူ့သွေးစွန်းထင်းနေတဲ့ စစ်သည်တော်တွေကို ပန်း၊ သစ်သီးတွေ ပေးအပ်ပြီး မြို့တော်အ၀င်ကနေ ကြိုဆိုကြတယ်။

ဒါပေမယ့် ကျောက်ရွှမ်ရဲ့စစ်တပ် ပြန်လာတိုင်း ရန်သူ့သွေးတွေနစ်နေအောင် စွန်းထင်းလာကြလို့ သွေးနံ့ရတာနဲ့ လူတွေက ကြောက်လန့်လာကြတယ်။ ကျောက်ရွှမ်ရဲ့စစ်တပ်က တိုက်ခိုက်ရာမှာ ကြမ်းတမ်းပြီး အရည်အချင်းက ပြိုင်ဖက်ကင်းလို့ ကျန်စစ်တပ်၃ခုလုံး ပေါင်းပြီးတိုက်ရင်တောင် နိုင်မှာမဟုတ်ဘူးဆိုတာ ပိုမိုထင်ရှားလာတယ်။ ကျောက်ရွှမ်ရဲ့တပ်နဲ့တွေ့ရင် ကျားဖြူတပ်ဖြစ်စေ၊ ၀ံပုလွေတပ်ဖြစ်စေ နောက်ဆုတ်ကုန်ကြတယ်။ ကြမ်းတမ်းလှတဲ့ မြောက်ပိုင်းတာတာနဲ့ မွန်ဂိုလူမျိုးတွေတောင် ကျောက်ရွှမ်ရဲ့တပ်ကို မယှဉ်နိုင်ကြဘူး။

ဧကရာဇ်က ကျောက်ရွှမ်ရဲ့စစ်တပ် အင်အားကြီးမားလာတာကိုကြောက်ပြီး မဖြိုခွဲနိုင်တော့ဘူး။ ဒီအချက်ကို ကျောက်ပိယွမ်က သတိပြုမိလို့ သူမအစ်ကိုက သူမကိုမှီပြီး ရာထူးသြဇာ ကြီးမားလာတဲ့အတွက် အကြွေးပြန်တောင်းတဲ့ပုံစံနဲ့ ပြောဆိုခိုင်းစေလာတော့တယ်။ ဒီလိုလုပ်တာ စည်းကျော်တယ်ဆိုတာ သတိပြုမိပေမယ့် ကျောက်ပိယွမ်က ဆက်လုပ်နေတယ်။ သူမက အတွင်းနန်းဆောင်က ကိုယ်လုပ်တော်ဖြစ်လို့ ကျောက်ရွှမ်ကို ဆက်သွယ်တာ လုပ်ခွင့်မရှိပေမယ့် သူ့ချစ်သူက သူ့အကူအညီကို လိုအပ်နေတယ်။

ကျောက်ပိယွမ်က သူမက ဘုရင်မြတ်နိုးတဲ့မိန်းမဆိုတာ ပြန်သတိရသွားလို့ ၀မ်ယွမ်အမတ်ပဲဖြစ်ဖြစ် ကျောက်ရွှမ်ပဲဖြစ်ဖြစ် သူတို့အနာဂတ်က သူ့လက်ထဲမှာရှိတယ်၊ သူမကြောင့် ကျောက်ရွှမ်က အကျိုးရှိနေတာ၊ သူမအစ်ကိုကို ကြောက်စရာမလိုဘူးလို့ ယူဆပြီး မာနနဲ့မောက်မာခြင်းက ကျောက်ပိယွမ်ရဲ့မျက်နှာပေါ်ကို ပြန့်လာခဲ့တယ်။ ဒါကြောင့် စားပွဲပေါ်ကပန်းအိုးထဲကို အလှဆုံးကမ္မလီယာပန်း နီနီရဲရဲတွေကို ပြင်ဆင်ထိုးစိုက်ရင်း ယုံကြည်မှုအပြည့်နဲ့ ပြုံးလိုက်တယ်။

"ချီကျင်းယွိနဲ့ကျုပ်ရဲ့ ငယ်စဉ်ကလေးဘ၀က ရင်းနှီးမှုကို ပြန်စဉ်းစားပါ ဟုတ်လား.. ချီကျင်းယွိမင်းသားက နန်းတော်ထဲမှာ ကြီးပြင်းလာတာ ကျုပ်နဲ့ ဘယ်လိုရင်းနှီးခွင့် ရနိုင်မှာလဲ.. ဒါကြောင့် သူ့ရဲ့သေခြင်း၊ ရှင်ခြင်းက ကျုပ်နဲ့ ဘာဆိုင်လို့လဲ.. တော်ဝင်ကိုယ်လုပ်တော်က သူ့ကို ဘာကြောင့်စိတ်ဝင်စားနေရတာလဲ.. အနောက်နန်းဆောင်မှာနေတဲ့ တော်ဝင်ကိုယ်လုပ်တော်က ချီကျင်းယွိကို ဘာကြောင့် ဒီလောက်ဂရုစိုက်နေတယ်ဆိုတာ မေးပါရစေ.. တကယ်လို့ တော်ဝင်ကိုယ်လုပ်တော်က မင်းသားတစ်ပါးနဲ့ အဆက်အသွယ်ရှိနေတာများ မင်းကြီးသိရင် အဆိပ်ခွက် ဒါမှမဟုတ် ပိုးကြိုးစကိုပေးအပ်ပြီး သေဒဏ်စီရင်ခံရမယ်ဆိုတာ သတိပြုသင့်တယ်.."

ကျောက်ရွှမ်က စုတ်တံကိုယူပြီး စာရွက်ပေါ်မှာ အင်မတန်ကို ညင်သာသိမ်မွေ့တဲ့ အသုံးအနှုန်းနဲ့ ရေးသားခဲ့ပေမယ့် စကားလုံးတွေက ဓားသွားလို ထက်ရှလွန်းလှတယ်။ ပြီးတော့ ဒီစာကို ကျောက်ပိယွမ်ဆီကို ပို့ဆောင်စေတယ်။ တကယ်တော့ ကျောက်ရွှမ်က တော်ဝင်ကိုယ်လုပ်တော်ညီမနဲ့ ပတ်သက်ပြီး အရင်ကတည်းက စိတ်ရှုပ်နေရတယ်။ သူမက ဒီတချီပြည်ကြီးမှာ မယ်တော်ကြီးပြီးရင် သြဇာအရှိဆုံးမိန်းမဖြစ်ပြီး မင်းကြီးရဲ့ အချစ်ရဆုံးသူလည်းဖြစ်တယ်။ သူမရဲ့သားလေးမွေးပြီး နှစ်လကြာတော့ မင်းကြီးက ကလေးကို ထီးနန်းဆက်ခံမယ့်သူအဖြစ် ကြေငြာပေးခဲ့တယ်။ ဒီလိုချီးမြှင့်မှုက ကိုယ်လုပ်တော်တစ်ယောက် မရနိုင်တဲ့ အခွင့်အရေးဖြစ်တယ်။ မင်းကြီးက တစ်လောကလုံးက တန်ဖိုးအရှိဆုံးအရာကို သူမကို ပေးအပ်ခဲ့တာတောင် ဘာကြောင့် ကျေနပ်မှုမရှိရတာလဲ။ ဘာကြောင့် သူမက တော်ဝင်မင်းသားနဲ့ ရှုပ်ချင်ရတာလဲ။

မင်းကြီးသာ သူတို့ဖောက်ပြန်နေတာကို သိသွားရင် ကျောက်ပိယွမ်ကြောင့် နန်းတော်ထဲ သွေးချောင်းစီးသတ်ဖြတ်မှုတွေ ဖြစ်လာနိုင်တယ်။ အိပ်ဖန်စောင့်ကုန်းကုန်းက ကျောက်ရွှမ်ဆီက ကြောက်မက်ဖွယ် ကိုယ်ရှိန်ကိုယ်ဝါကိုရလိုက်လို့ အမြီးကုတ်ပြီး စာလွှာကိုယူလို့ နန်းတော်ကို တချိုးတည်းပြေးလာတော့တယ်။ ပြီးတော့ သခင်မဆီကို စာကိုဆက်သပြီး စစ်သေနာပတိချုပ်ကြီး မှာလိုက်တာကို လျှောက်တင်လိုက်တယ်။

ကျောက်ပိယွမ်က ထင်မှတ်မထားတဲ့ ကျောက်ရွှမ်ရဲ့တုံ့ပြန်မှုကိုရလိုက်လို့ ဒေါသကြောင့် တစ်ကိုယ်လုံးတုန်ယင်ပြီး မီးလောင်နေသလို ခံစားလိုက်ရတယ်။

"ကောင်းပြီ.. သူ့ဘက်က ဒီလိုတုံ့ပြန်တယ်ဆိုတော့ အခုချိန်ကစပြီး တော်ဝင်နန်းတွင်းကနေ သူ့ကိစ္စကို ဘာမှလုပ်မပေးနိုင်တော့ဘူး.."

ကျောက်ပိယွမ်က ဆံပင်တွေကိုသပ်တင်လိုက်ပြီး အေးစက်စွာပြောလိုက်တယ်။ ကျောက်ရွှမ်မကူညီရင်တောင် မင်းကြီးက အစောင့်တွေထည့်ပေးလိမ့်မယ်။ လော့ကျန်းရဲ့ အသနားခံမှုကြောင့် မင်းကြီးက လော့ကျန်းကိုကူညီဖို့ စေလွှတ်ပေးရင် အရှုပ်ထုတ်တွေကို အချိန်တိုအတွင်း တစ်ဝက်လောက် ရှင်းပစ်နိုင်မှာသေချာတယ်။

နောက်တစ်နေ့မှာ မင်းကြီးက ညီလာခံကျင်းပပြီး အမိန့်ချတော့ ကျောက်ပိယွမ်က အစေခံလွှတ်ပြီး ရလဒ်ကို စုံစမ်းခိုင်းလိုက်တယ်။ မင်းကြီးစီမံပေးတဲ့ အရာကိုကြားတော့ သူမမျှော်လင့်ထားတာရဲ့ ဆန့်ကျင်ဘက်ဖြစ်နေမယ်လို့ လုံးဝထင်မထားခဲ့ဘူး။

"မင်း ဘာပြောလိုက်တယ်.. သူက ၀ူယောင်၊ လွိုက်ဖင်းနဲ့ ချီဖန်းတို့သုံးယောက်တည်းကို ထည့်လွှတ်လိုက်တယ် ဟုတ်လား.. တခြားလူမပါဘူးလား.."

သူမက အပါးတော်မြဲကုန်းကုန်းကို သေချာမေးလိုက်တယ်။

အပါးတော်မြဲရဲ့မျက်နှာက ဖြူတစ်လှည့်၊ နီတစ်လှည့်ဖြစ်နေတယ်။ လွှတ်တော်ရုံးမှာ ဒီဝန်ကြီးသုံးပါးအကြောင်း မကြားဖူးသူမရှိဘူး။ ဒီလူကြီးတွေက အသက်ကြီးပြီး အတွေ့အကြုံများတဲ့ ၀န်ကြီးတွေဖြစ်တဲ့အပြင် မင်းလေးဆက်တိတိ အမှုထမ်းခဲ့သူတွေဖြစ်တယ်။ မင်းဆက် တစ်ဆက်ပြီးတစ်ဆက်ပြောင်းတိုင်း ကျန်လူတွေသာ ပြောင်းလဲဖယ်ရှားခံရပေမယ့် သူတို့က ကျန်ရစ်နေခဲ့တယ်။ ဒီလိုကျန်ရစ်ခဲ့တာ တော်လွန်းလို့တော့မဟုတ်ဘူး။ ပြဿနာဖြစ်စရာကြုံရင် ရှောင်ရှားနိုင်လွန်းလို့ ရာထူးမြဲနေတာဖြစ်တယ်။ ဒါကြောင့် သူတို့ရဲ့နာမည်ပြောင်တွေက 'မလုပ်၊ မရှုပ်၊ မပြုတ်' ပဲဖြစ်တယ်။ သူတို့က ဆယ်စုနှစ်ပေါင်းများစွာ အမှုထမ်းခဲ့ပေမယ့် ဒုတိယအဆင့်ကနေ မတက်နိုင်ကြဘူး။ သူတို့က သက်တမ်းရင့်ပေမယ့် ဘယ်တုန်းကမှ အလုပ်ကို ဖြစ်မြောက်အောင်မလုပ်ခဲ့ဖူးဘူး။

ဒီအသုံးမကျတဲ့လူသုံးယောက်က ဘာအသုံးကျမှာလဲ။ မင်းကြီးက ဘာကြောင့် သူ့စကားကို နားမထောင်တာလဲ။ ကျောက်ပိယွမ်က တစ်ခုခုမှားနေပြီလို့တွေးမိပြီး အပါးတော်မြဲကို မင်းကြီးကို သွားခေါ်ခိုင်းလိုက်တယ်။

"မင်း ကိုယ်တော့်ကို ခေါ်လိုက်တာလား.."

ကျိုးယွင်ရှန့်က ကျောက်ပိယွမ်ကို အရူးအမူးစွဲလန်းနေတာမဟုတ်လို့ အလုပ်ပြီးမှ သူ့ဖိန်းရီနန်းဆောင်ကို လာခဲ့တယ်။ သူက တံခါးဝမှာ ဒူးထောက်နေတဲ့ ကျောက်ပိယွမ်ကို ငဲ့စောင်းတောင်မကြည့်ဘဲ အဆောင်ထဲဝင်လာပြီး ခုံမှာဝင်ထိုင်လို့ အေးအေးဆေးဆေး ရေနွေးသောက်ရင်း မေးလိုက်တယ်။

ကျောက်ပိယွမ်က အချိန်အတော်ကြာအောင် အဆောင်ဝမှာ ဒူးထောက်နေရတာဖြစ်လို့ ခြေထောက်တွေထုံကျဉ်နေပြီ။ မင်းကြီးက မြင်ရင် အရင်တုန်းကလို အပြေးအလွှား သူမကို ထူမ,ပေးမယ်လို့ ထင်ထားပေမယ့် ခုလို ဂရုမစိုက်ဘဲ ဖြတ်ကျော်သွားပြီး မျက်လွှာတောင် ပင့်မကြည့်တာတွေ့ရလို့ နာကြည်းမခံချင်စိတ်နဲ့ သွေးအန်မတတ် ခံစားလိုက်ရတယ်။ ဒါပေမယ့် သူမက ဒီစိတ်ကိုမြိုသိပ်ပြီး ဖြည်းဖြည်းထလို့ သလွန်စွန်းမှာဝင်ထိုင်ပြီး မင်းကြီးလက်မောင်းကြား တိုးဝင်လိုက်တယ်။

"အာ.. ငါကိုယ်တော်နဲ့ ဝေးဝေးနေစမ်း.. မင်းကိုယ်ကအမွှေးနံ့ကို မခံနိုင်ဘူး.."

ကျောက်ပိယွမ်က ရေမွှေးကြိုက်လွန်းပြီး သူ့အတွင်းအပြင် အ၀တ်အားလုံး ရေမွှေးတွေဆွတ်ထားရုံမကဘူး လက်အိတ်၊ ခြေအိတ်၊ လက်ကိုင်ပုဝါနဲ့ လက်ကိုင်အိတ်အားလုံး ရေမွှေးဆွတ်ထားတယ်။ သူမလျှောက်သွားတဲ့လမ်းတလျှောက်လုံး လွင့်ပျံလာတဲ့မွှေးရနံ့ကြောင့် လူတွေရဲ့နှလုံးသားကို သိမ်မွေ့စွာ ဖမ်းယူနိုင်လိမ့်မယ်လို့ ကျောက်ပိယွမ်က ယူဆတယ်။ ဒါပေမယ့် တကယ်တော့ သူမဆီကရတဲ့ မွှေးရနံ့ကြောင့် လူတွေ အရမ်းတုန်လှုပ်ကုန်ကြတယ်။ ကျိုးယွင်ရှန့်က ဒီစူးရှတဲ့ရနံ့ကို တစ်ဘ၀လုံး ခံနိုင်ရည်ရှိအောင် ကြိုးပမ်းနေခဲ့ရတယ်။ ဒါပေမယ့် ဒီဘ၀မှာတော့ ဒီအနံ့ရတိုင်း ကျိုးယွင်ရှန့်က သူမရဲ့ရနံ့တွေပြယ်သွားဖို့ အ၀တ်အားလုံးကို လျှော်ဖွပ်ရုံတင်မကဘူး အက်ဆစ်ကန်ထဲတောင် သူမကိုတွန်းချပြီး မွှေးရနံ့ပျောက်အောင် လုပ်ချင်နေတယ်။

ကျောက်ပိယွမ်က သူတွန်းလိုက်တဲ့အားကြောင့် သလွန်ပေါ်ကပြုတ်ကျပြီး သလွန်ခြေထောက်နဲ့ ဒူးကိုခိုက်မိပြီး သွေးထွက်လာခဲ့တယ်။ သွေးက ခြေအိတ်ကိုဖောက်ပြီး စိမ့်ထွက်လာတာတွေ့တော့ ကျောက်ပိယွမ် အရမ်းကိုကြောက်လန့်သွားခဲ့တယ်။ အရင်တုန်းက သူမကိုယ်မှာ ခြစ်ရာလေးတစ်ခုရှိရင်တောင် မင်းကြီးက နေစရာမရှိအောင် တုန်လှုပ်ပြီး ဖူးဖူးမှုတ်ခဲ့ရာကနေ အခုဆိုရင် သူမဒဏ်ရာရတာမြင်တာတောင် ထူးမခြားနားကြည့်နေလို့ ကျောက်ပိယွမ် ဘယ်လိုမှလက်မခံနိုင်အောင် ဖြစ်သွားတယ်။

အစေတော်တချို့က အပြေးအလွှားလာထူပြီး ကိုယ်လုပ်တော်ရဲ့အခြေအနေကို မေးမြန်းပြီး မင်းကြီးစိုးရိမ်နေမလားလို့ တိတ်တဆိတ်မျှော်လင့်နေကြတယ်။ ဒါပေမယ့် ကျိုးယွင်ရှန့်က ရေနွေးခွက်ကိုမ,ပြီး တစ်ငုံသောက်ရင်း မေးလိုက်တယ်။

"ကနေ့ မင်းက အပါးတော်မြဲကိုလွှတ်ပြီး ငါကိုယ်တော်သွားတဲ့လမ်းကြောင်းကို တားဆီးခဲ့တယ်.. အဲ့ဒီတစ်ယောက်က ဘယ်သူလဲ.."

ကျောက်ပိယွမ်က အားတင်းမတ်တပ်ရပ်ပြီး မင်းကြီးကို ဖြေကြားလိုက်တယ်။

"မင်းကြီးကိုလျှောက်တင်ပါတယ်.. အဲ့တာ ဖန်းဖုပါ.."

သူ့နာမည်ကိုပြောသံကြားတော့ အပါးတော်မြဲက ဒူးထောက်ပြီး ချွေးတွေ မြေပေါ်ကို စီးကျလာခဲ့တယ်။ သူက အရင်ကတည်းက တော်ဝင်ကိုယ်လုပ်တော်ကို မနှစ်သက်ဘူး။ မင်းကြီးက ကြည်ညိုစရာအရည်အချင်းရှိပေမယ့် တော်ဝင်ကိုယ်လုပ်တော်က ဖျက်ဆီးနေတာလို့မြင်တယ်။ ပြီးတော့ မင်းကြီးကို သူ့ခြေရင်းက စေရာကျွန်၊ ထွန်ရာနွားလို သဘောထားတယ်လို့ မြင်တယ်။

ဖန်းဖုက အခြားအခြွေအရံတွေထက် ဒီအချက်ကိုပိုမြင်တယ်။ မင်းကြီးက အမျှော်အမြင်ရှိပြီး တော်တယ်။ ဘယ်သူမှ ဧကရာဇ်ကို ယိမ်းယိုင်အောင်မလုပ်နိုင်ဘူး။ သူက ကျိုးဘုရင်လို မိန်းမလှရဲ့ခြေရင်း ၀ပ်ဆင်းမယ့်သူမဟုတ်ဘူး။

တကယ်လို့ မင်းကြီးက တစ်ယောက်ကိုချစ်ရင် အမြင့်ကိုဆွဲတင်ပေးမှာဖြစ်ပြီး မင်းကြီးလျစ်လျှူရှုလိုက်ရင် ဒီလူက ရွှံ့ထဲကိုပြုတ်ကျသွားလိမ့်မယ်။ ဒီကိုယ်လုပ်တော်က ဘုရင်ကို အိပ်ယာထဲမှာပြုစုဖို့ ငြင်းဆန်တယ်။ မင်းကြီးကို စောင့်ဆိုင်းပြုစုတာ မလုပ်ဘူး။ ဘယ်လိုလုပ် သူ့အဆင့်အတန်းကို ထိန်းနိုင်မှာတဲ့လဲ။

တကယ်လို့များ ကိုယ်လုပ်တော်က အခုတလော မင်းကြီးရဲ့နန်းဆောင်ကိုလာဖို့ ဖိတ်ကြားခံရတဲ့ အရေအတွက်ကိုတွက်ကြည့်ရင် သူ ရင်ကွဲနာကျဖို့သင့်နေပြီ။

အပါးတော်မြဲက စဉ်းစားလေလေ ကြောက်ရွံ့လေလေဖြစ်လာတယ်။ အခုတော့ သူ့ဘ၀ရဲ့ လွတ်လပ်ချိန်တွေ အဆုံးသတ်ပြီဆိုတာ ခံစားမိလိုက်တယ်။

မင်းကြီးက သလွန်ပေါ်မှာထိုင်ရင်း ရယ်မောပြီး ပျင်းရိစွာလှမ်းပြောလိုက်တယ်။

"မင်းကြီးကို ချောင်းမြောင်းထောက်လှမ်းတယ်.. လွှတ်တော်ရဲ့လုပ်ရပ်ကို မေးမြန်းစုံစမ်းတယ်.. သူ့ကိုဆွဲထုတ်ပြီး သေတဲ့အထိရိုက်စေ.."

ချက်ချင်းပဲ မင်းကြီးရဲ့ကိုယ်ရံတော်တစ်စု ရောက်လာပြီး ငိုယိုလို့ခွင့်လွှတ်ဖို့တောင်းပန်နေတဲ့ အပါးတော်မြဲကို ဆွဲထုတ်သွားလိုက်တယ်။

ကျောက်ပိယွမ်က ဟာလာဟင်းလင်းနန်းမဆောင်နဲ့ သက်တောင့်သက်သာရှိနေတဲ့ ဧကရာဇ်ကို ရူးကြောင်ကြောင်ငေးကြည့်ပြီး မငြိမ်မသက်မေးလိုက်တယ်။

"အရှင်မင်းကြီး.. ဘာတွေဖြစ်နေတာလဲ.. ဘာကြောင့် ကျွန်မအပါးတော်မြဲကို သေဒဏ်ပေးရတာလဲ.. ကျွန်မက မင်းကြီးကိုစိုးရိမ်လို့ သူ့ကိုစေလွှတ်ပြီး.."

"ပါးစပ်ပိတ်ထား.. မင်းပြောချင်တာပြော၊ ညည်းညူချင်တာ ညည်းညူနေတာတွေ ရပ်လိုက်စမ်း.."

ကျိုးယွင်ရှန့်က လက်ထဲကလက်ဖက်ရည်ခွက်ကို ပေါက်ခွဲပြီး ပြောလိုက်တယ်။

ကျောက်ပိယွမ်က ပြောစရာစကားမဲ့သွားခဲ့တယ်။ မင်းကြီးစိတ်ဆိုးနေတာကို စိတ်ပြောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ ကျောက်ပိယွမ် မသိတော့ပေမယ့် နှစ်ရှည်လများ အတူရှိခဲ့တာကိုအားကိုးပြီး နောက်ဆုံးလက်နက်ကို ထုတ်သုံးလိုက်တယ်။

"အရှင်မင်းကြီး.. ၀န်ကြီးလျှိုက အခုလိုကြီးမားတဲ့ ကယ်ဆယ်ရေးအစီအစဉ်ကို သေချာမကိုင်တွယ်နိုင်မှာကို ကျွန်မစိုးရိမ်မိပါတယ်.. ဒါကြောင့် အခြားတစ်ယောက်ကို ရွေးပြီးပို့လိုက်တာ တိုင်းသူပြည်သားတွေရဲ့ ကောင်းကျိုးပိုရှိအောင် လုပ်ပေးနိုင်မယ်မဟုတ်လား.."

ကျိုးယွင်ရှန့်ရဲ့မျက်ခုံးက ပင့်မ,လိုက်ပြီး ခပ်ဖျော့ဖျော့ပြုံးရင်း ပြောလိုက်တယ်။

"ကျောက်ပိယွမ်.. နန်းတော်ထဲက ပထမဦးစားပေး လိုက်နာရမယ့် စည်းကမ်းကို မှတ်မိရဲ့လား.."

ကျောက်ပိယွမ်က မင်းကြီးဆိုလိုတာကို ရိပ်မိသွားပြီး ရင်ထဲမှာ တုန်လှုပ်သွားတယ်။ သူမက တည်ငြိမ်စွာပြန်မဖြေနိုင်ခင်အထိ အကြာကြီး တိတ်ဆိတ်နေပြီးမှ ဖြည်းညင်းတွန့်ဆုတ်စွာ ပြောလိုက်တယ်။

"မင်းကြီးရဲ့ကိုယ်လုပ်တော်တွေက နိုင်ငံရေးတွေမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုရဘူး.."

"ဝင်စွက်ဖက်ရင် နောက်ဆက်တွဲက ဘာဖြစ်မယ်တဲ့လဲ.."

"ပြစ်မှုသေးရင် အအေးနန်းဆောင်မှာ အပြစ်ဒဏ်ကိုခံယူရမှာဖြစ်ပြီး အပြစ်ဒဏ်ကြီးရင် အပိုင်းပိုင်းခုတ်ထစ်ပြီး သေဒဏ်ပေးခြင်းခံရမှာဖြစ်ပါတယ်.."

ကျောက်ပိယွမ် ပြန်ဖြေလိုက်တဲ့အသံက တုန်ယင်နေသလို သူမခန္ဓာလည်း တုန်ယင်လို့လာတယ်။ သူမရှေ့မှာထိုင်နေတဲ့လူက ခပ်ဖျော့ဖျော့ပြုံးနေပြီး မျက်ဝန်းရိပ်က အေးစက်စက်နဲ့ လူသတ်လိုရိပ်တွေ ထင်ဟပ်လို့နေတယ်။ ကျောက်ပိယွမ်က မင်းကြီးရဲ့ ဒီလိုသွင်ပြင်ကို တစ်ခါမှမမြင်ဖူးဘူး။

"ဒါဆိုရင် မင်းက နန်းတွင်းစည်းကမ်းကို သိတာပဲ.. ဒါက မင်းပထမဆုံး ကျူးလွန်တဲ့အပြစ်ဖြစ်လို့ ငါကိုယ်တော် မင်းအသက်ကို ချမ်းသာရာပေးလိုက်မယ်.. အခု မယ်တော်ကြီးနန်းဆောင်ကိုသွားပြီး အပြစ်ဒဏ်ခံယူလိုက်.."

ကျိုးယွင်ရှန့်က ပြောပြီး မတ်တပ်ရပ်လို့ ထထွက်လာခဲ့တယ်။ အဆောင်တံခါးဝနားရောက်တော့ ရပ်လိုက်ပြီး နောက်လှည့်မကြည့်ဘဲ ပြောလိုက်တယ်။

"အနောက်တောင်ဒေသမှာ ချီကျင်းယွိကို ငါကိုယ်တော် အသက်မသေစေချင်ပါဘူး.. သေပါရစေလို့ တောင်းဆိုရတဲ့အဖြစ်မျိုး ရောက်တဲ့အထိ ငါကိုယ်တော် သူ့ကို အသက်ရှင်စေချင်တယ်.."

ဒီစကားကိုပြောပြီး သူ့အင်္ကျီလက်စကို ခါယမ်းလိုက်ပြီး ထွက်လာခဲ့တယ်။

နောက်ဆုံးစကားကိုကြားတော့ ကျောက်ပိယွမ်ခမျာ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရပြီး ပျော့ခွေကျသွားတော့တယ်။ ကျောက်ပိယွမ်ရဲ့ အယုံကြည်ရဆုံးအစေခံက ချက်ချင်းအနားကိုပြေးလာပြီး ထူမ,ပေးရင်း အမြန်တီးတိုးပြောလိုက်တယ်။

"သခင်မ.. မင်းကြီးက တစ်ခုခုကို သိသွားပြီထင်တယ်.. မဟုတ်ရင် သူက သခင်မကို ဒီလိုပုံစံ ဘယ်ဆက်ဆံမှာလဲ.."

ကျောက်ပိယွမ်က ခြေဖျားလက်ဖျားတွေ အေးစက်လာတဲ့အထိ ကြောက်ရွံ့မွှန်ထူသွားပြီး နှလုံးသားကိုဖျစ်ညှစ်ခံရသလို ခံစားလိုက်ရပြီး အသက်ရှူရကျပ်လာခဲ့တယ်။ သူမက ရေတစ်ခွက်သောက်လိုက်ပြီး ပင့်သက်ရှိုက်ရင်း ပြောလိုက်တယ်။

"ဟင့်အင်း.. မင်းကြီးမသိနိုင်ပါဘူး.."

"အခုအနေအထားအရ မင်းကြီးက သခင်မကို အနီးကပ်စောင့်ကြည့်နေတယ်ဆိုတာ ထင်ရှားနေပြီ.. အရင်တုန်းကဆိုရင် မင်းကြီးက သခင်မကို အရမ်းအလေးထားဆက်ဆံသလို အကောင်းဆုံးဆိုတဲ့အရာတွေကို ပုံမှန်မိသားစုက သိပ်ချစ်တတ်တဲ့လင်မယားတွေလို လက်ဆောင်ပေးလေ့ရှိတယ်.. အခု မင်းကြီးပုံစံက ဒီလို ချစ်တတ်တဲ့ ယောက်ျားတစ်ယောက်ပုံဆိုတာ လုံးလုံးမတွေ့ရတော့ဘူး.. ဒါကြောင့် သခင်မ အခုချိန်ကစပြီး တော်ဝင်မင်းသားကိုမေ့လိုက်ပြီး မင်းကြီးကို ကောင်းကောင်းဆက်ဆံပေးဖို့ လိုနေပြီ.. တကယ်လို့ မင်းကြီးကသာ သခင်မကို အရင်လို အရေးတယူပြန်လုပ်လာရင် သခင်မက ဒီတိုင်းပြည်မှာ အကန့်အသတ်မရှိ သြဇာကြီးမားလာမှာ သေချာတယ်.. တကယ်လို့ မင်းကြီးကစွန့်ပစ်လိုက်ရင် ဘာတစ်ခုမှ ပြန်အဖက်ဆည်လို့ရမှာမဟုတ်ဘူး.."

သူမရဲ့လူယုံတော်က သခင်မဖြစ်သူကို ဆက်တိုက် နားချတိုက်တွန်းနေတော့တယ်။ သခင်မသာ စွန့်ပစ်ခံရရင် သူတို့လည်း သောင်ပြင်လွတ်တဲ့ခွေးဘဝကို ရောက်မှာဖြစ်လို့ သခင်မ ဒီထက်ဆက်မမှားဖို့ သွေးဆောင်နေရတာဖြစ်တယ်။

ကျောက်ပိယွမ်က အစေခံပြောတဲ့စကားကို ခေါင်းလည်းမညိတ်သလို ခေါင်းလည်းမခါဘဲ သလွန်ပေါ်မှာ လဲလျောင်းလို့နေတယ်။ ဆယ့်ငါးမိနစ်လောက်ကြာတော့ ချန်ချင်း နန်းဆောင်ကနေ မင်းကြီးရဲ့အမိန့်စာ ရောက်ရှိလာတယ်။ တော်ဝင်ကိုယ်လုပ်တော်က နန်းတွင်းစည်းကမ်းကိုချိုးဖောက်လို့ စွတ်နဉ်နန်းဆောင်မှာ အပြစ်ဒဏ်သွားရောက်ခံယူရမယ်၊ ပြစ်ဒဏ်ခံယူပြီးမှ အနောက်ဆောင်ကို အုပ်ချုပ်ရတဲ့ ဇာမဏီတံဆိပ်တုံးကို ပြန်လည်ကိုင်ဆောင်ရမှာဖြစ်တယ်။

ဒီကံဆိုးမိုးမှောင်ကျမှုတွေက မြန်ဆန်စွာရောက်ရှိလာလို့ ကျောက်ပိယွမ်အနေနဲ့ ကိုင်တွယ်ဖို့ အချိန်မရလိုက်တော့ဘူး။ သူမက ကြောက်ရွံ့မှုကိုတွန်းလှန်ပြီး စွတ်နဉ်နန်းဆောင်ထဲမှာ ဒူးထောက်ပြီး ပြစ်ဒဏ်ခံယူလိုက်တော့တယ်။ ဒီပြစ်ဒဏ်ကာလမှာ သူမက ထမင်းအေး၊ ဟင်းအေးကိုပဲစားရပြီး နွေးထွေဇိမ်ကျတဲ့ ပိုးဖဲကတ္တီပါဝတ်ရုံကို စွန့်ခွာရပြီး ချည်ပါးဝတ်စုံနဲ့ ခြိုးခြံနေထိုင်ရင်း ဗုဒ္ဓရဲ့တရားတော်တွေကို ဒီအဆောင်ထဲမှာ သုံးလတိတိ ဆင်ခြင်ရမှာဖြစ်တယ်။

အခုအချိန်က ဆောင်းဦးပေါက်ကာလဖြစ်လို့ နေ့ခင်းပိုင်းမှာ နွေးထွေးနေသေးပေမယ့် ညတွေမှာအေးလာခဲ့ပြီ။ သူမက စွတ်နဉ်နန်းဆောင်က အစေခံနှစ်ယောက်ထုတ်ပေးတဲ့ ချည်ပါးဝတ်စုံကိုလဲပြီးနောက် ဒူးထောက်ထိုင်ဖို့ ဖိချခံလိုက်ရလို့ ဒဏ်ရာရထားတဲ့ဒူးခေါင်းနေရာက သွေးပြန်စိမ့်ထွက်လာခဲ့တယ်။

ကျောက်ပိယွမ်က အေးစက်တဲ့ကျောက်ပြားမှာ ဒဏ်ရာရနေတဲ့ဒူးနဲ့ ထောက်ထားရလို့ အသည်းခိုက်အောင်နာကျင်ခြင်းကို ခံစားရပေမယ့် အစေခံနှစ်ယောက်က သနားစာနာမှုကိုမပြဘူး။ သူမက နားချိန်မရောက်မချင်း ဘုရားခန်းရှေ့မှာ ကြာမြင့်စွာဒူးထောက်နေရတယ်။ ဒီအခြေအနေမှာ သူမ အအေးနန်းဆောင်ကို ပြန်ရောက်သွားသလို ခံစားလိုက်ရတယ်။ သူမကို မထီမဲ့မြင်ပြုတာတွေ၊ အနိုင်ကျင့်တာ၊ လှောင်ပြောင်တာတွေနဲ့ အဆုံးမဲ့အမှောင်မိုက်ဆုံး ကာလတွေထဲ ပြန်ရောက်သွားသလိုပဲ။

အခုကျမှာ ကျောက်ပိယွမ်က သူမရရှိခဲ့တဲ့ အမြင့်မားဆုံးသော ဘွဲ့ဂုဏ်ထူးတွေ၊ တန်ခိုးသြဇာတွေက ဧကရာဇ်က ပေးခဲ့တာဆိုတာ သတိရသွားတော့တယ်။ ဧကရာဇ်က သူ့ကို မျက်နှာသာပေးရင် သူမက ဘယ်သူ့မှထိလို့မရတဲ့ ဟွိုက်ရီအဆင့် ကိုယ်လုပ်တော်ဖြစ်မယ်၊ ဧကရာဇ်က သူမကိုစွန့်ပစ်လိုက်ရင် သူမက အအေးနန်းဆောင်မှာပဲ နေထိုင်ရလိမ့်မယ်။ မင်းကြီးရဲ့မယားဖြစ်နေသရွေ့ သူမရဲ့ဂုဏ်သိက္ခာက မြင့်မားနေမယ်ဆိုတာ စဉ်းစားမိလာတော့ ကျောက်ပိယွမ် အမြဲမက်နေတဲ့ အိပ်မက်ကနေ နိုးထလာပြီး နောက်များမှာ မင်းကြီးကို ကောင်းကောင်းဆက်ဆံဖို့ ဆုံးဖြတ်လိုက်တယ်။

တစ်ဖက်ကလည်း သူမက ချီကျင်းယွိကိုကူညီပြီး ထီးနန်းကို ရအောင်လုပ်ပေးချင်စိတ် ပိုပြင်းထန်လာတယ်။ ချီကျင်းယွိသာဘုရင်ဖြစ်ရင် သူ့ကို ဒီလို ဘယ်တော့မှ ဆက်ဆံမှာမဟုတ်ဘူးလို့ ကျောက်ပိယွမ် ယုံကြည်တယ်။

ကျောက်ပိယွမ်က မင်းကြီးရဲ့အချစ်တော်ဘ၀ကနေ လျှောကျသွားတာကိုသိရတော့ ကျန်ကိုယ်လုပ်တော်တွေက ၀မ်းသာအားရ စောင့်ကြည့်နေကြတယ်။ မယ်တော်ကြီးက ကျောက်ပိယွမ် သူမသားကို သွေးဆောင်ဖြားယောင်းတာကို သိကတည်းက သူမကို မုန်းတီးတဲ့စိတ်ကို မြိုသိပ်ထားခဲ့ရတယ်။ အခုလို မင်းကြီးက စွန့်ပစ်တာကိုတွေ့တော့ ပြောင်ပြောင်တင်းတင်းပဲ သူမကို ပိုမိုခက်ခဲအောင်၊ တစ်နေ့တစ်မျိုးမရိုးရအောင် နှိပ်စက်မှုတွေ စတင်တော့တယ်။ ကျောက်ပိယွမ်ရဲ့အနေအထားက ပိုမိုခက်ခဲလာလို့ အစေခံကနေတစ်ဆင့် မင်းကြီးဆီကို အသနားခံစာပို့ပေမယ့် ဘာတုံ့ပြန်မှုမှမရတော့ ကျောက်ပိယွမ် သွေးပျက်ခြောက်ခြားစ ပြုလာတော့တယ်။

••••••••••••••••••••••••••••••

ကျိုးယွင်ရှန့်က ဖိန်းရီနန်းဆောင်က ထွက်လာပြီးတော့ မင်းကြီးဝတ်စုံကိုချွတ်ပြီး စာသင်သားဝတ်စုံကို ပြောင်းလဲဝတ်ဆင်ပြီး နန်းတော်ကနေ တိတ်တဆိတ်ထွက်လာတယ်။ လက်ဝဲဘက်ကို ခုနှစ်ခါချိုးကွေ့၊ လက်ယာဘက်ကို ရှစ်ခါတိတိချိုးကွေ့ပြီး နောက်ဆုံး လူမနေတဲ့ခြံဝင်းတစ်ခုကို ရောက်ရှိလာတယ်။

"ထွက်လာပါ.."

ကျိုးယွင်ရှန့်က ခြံဝင်းထဲမှာရပ်တန့်နေပြီး တိတ်တဆိတ်အမိန့်ပေးလိုက်တယ်။ ဒါပေမယ့် ဘယ်သူမှထွက်မလာတော့ ဆယ့်ငါးမိနစ်ကြာတဲ့အခါ ကျိုးယွင်ရှန့်က စိတ်ထဲကနေ လှောင်ပြောင်လိုက်ပြီး လှည့်ထွက်လာခဲ့တယ်။

ကျိုးယွင်ရှန့်ထွက်သွားတာနဲ့ ၀တ်စုံနက်ဝတ်ထားတဲ့လူရိပ်က ချက်ချင်းရောက်လာပြီး ကျိုးယွင်ရှန့်ထွက်သွားတဲ့ဘက်ကို တဟုန်ထိုးပြေးလိုက်လာခဲ့တယ်။

"နောက်ဆုံးတော့ ထွက်လာပြီပေါ့.."

ကျိုးယွင်ရှန့်ကပြောလိုက်ပြီး ချက်ချင်း တိုက်ခိုက်လိုက်တယ်။

သူတို့နှစ်ယောက် ပြင်းပြင်းထန်ထန် တိုက်ခိုက်တဲ့အရှိန်ကြောင့် ယိုယွင်းပျက်စီးနေတဲ့ အိမ်နံရံတွေ၊ ဥယျာဉ်ထဲခင်းထားတဲ့ ကျောက်စရစ်တွေ လန်ပျံထွက်ပြီး တစ်ခြံလုံး ရှုပ်ပွကုန်တော့တယ်။

"မင်းက အ၀တ်အစားပြောင်း ရုပ်ဖျက်ပြီး ဒီရက်ပိုင်း ဆက်တိုက်လှည့်ပတ်နေတာ ကျုပ်ကိုလိုက်ရှာနေတာလား.."

ကျောက်ရွှမ်က ကျိုးယွင်ရှန့်ရဲ့ ပြင်းထန်တဲ့တိုက်ခိုက်မှုကို ခုခံရင်း အေးအေးဆေးဆေးပြောလိုက်တယ်။

"မင်း ကျုပ်ကို လွမ်းနေတာလား.."
"မင်း အဲ့ဒီနေ့ကို မမေ့နိုင်ဖြစ်နေတာမလား.."
"ကျုပ်ကတော့ မင်းနဲ့မခွဲနိုင်လောက်အောင် သေလုအောင်လွမ်းနေတာ.."
"ကျုပ် မင်းကိုချစ်တယ်.. အာ.. နာတယ်ကွ.."

"Fuck.. ခင်ဗျား ပါးစပ်ပိတ်ထားလို့ မရဘူးလား.."

ကျိုးယွင်ရှန့်က ပြင်းပြင်းထန်ထန် တိုက်ခိုက်ရင်း မထိခလုတ် ထိခလုတ်နဲ့ ဆက်တိုက်ပြောနေတဲ့ ကျောက်ရွှမ်ကို ဓားသွားလိုစူးရှတဲ့အကြည့်တွေ ပစ်လွှတ်လိုက်တယ်။ ဒီလူ သူ့ကို နှစ်ခါတိတိ မျက်လုံးကိုစည်းပြီး လုပ်ချင်တာလုပ်သွားတယ်။ နောက်တစ်ကြိမ်ကဆိုရင် ဆေးတောင်ခတ်ပြီး လိုချင်တာ ရအောင်ယူသွားသေးတယ်။ ဒီလူ ကူလီကူမာနဲ့ ဘယ်တော့မှ အတည်အတံ့မလုပ်ဘူး။ သူလိုမင်းဧကရာဇ်တစ်ပါးကို ဒီလိုဆေးခတ်စော်ကားတာ ဘယ်လောက် အရှက်ကွဲစေတယ်ဆိုတာ မစဉ်းစားဘူး။ သူက ချစ်တယ်ဆိုတာသိပေမယ့် လုပ်ရပ်တွေက သူ့ကိုစော်ကားနေသလိုဖြစ်လို့ သူ့ကိုယ်သူ ငါးစာလိုလုပ်ပြီး ကျောက်ရွှမ်ထွက်လာအောင် မြှားလိုက်ရတာပဲဖြစ်တယ်။

ကျိုးယွင်ရှန့်က တိုက်ခိုက်ရင်း ရှင်းလင်းတဲ့နေရာတစ်ခုကို တဖြည်းဖြည်း မျှားခေါ်လာပြီး ရုတ်တရက် သူ့ကိုပိတ်ကန်လိုက်ပြီး အမိန့်ပေးလိုက်တယ်။

"မြားတွေနဲ့ပစ်.."

ဟိုးအရင်ကတည်းက သူဆက်ခံရလိုက်တဲ့ အရိပ်တပ်ဖွဲ့ဝင်တွေက ရုတ်တရက်ထွက်လာပြီး ကျောက်ရွှမ်ကို မြားတွေနဲ့ပစ်ကြတယ်။

ဒါပေမယ့် ကျောက်ရွှမ်က မြားမိုးရွာတဲ့ကြားက လွတ်အောင်ရှောင်ပြီး ထွက်ပြေးသွားခဲ့တယ်။ အရိပ်သက်တော်စောင့်တွေက လေးနဲ့မြားကိုချပြီး ဓားဆွဲလို့ နောက်က ထပ်ချပ်မကွာလိုက်ခဲ့ကြတယ်။

"သူ့ကို အရှင်ရအောင်ဖမ်းခဲ့.. ဖမ်းနိုင်တဲ့လူကို ရွှေစင်နှစ်သောင်းနဲ့ ရာထူးနှစ်ဆင့်တိုးပေးမယ်.."

အရိပ်သက်တော်စောင့်တွေက မင်းကြီးရဲ့ဆုလာဘ်တွေကိုကြားတော့ စိတ်တက်ကြွပြီး တောက်လျှောက်လိုက်ကြတယ်။ ဝတ်စုံနက်ဝတ်ထားတဲ့ ကျောက်ရွှမ်က အမှုမထားဘဲ အချက်ပြလိုက်တာနဲ့ ဝတ်စုံနက်ဝတ်ထားတဲ့လူတစ်စု ပေါ်လာပြီး မင်းကြီးရဲ့ အရိပ်သက်တော်စောင့်တွေကို တိုက်ခိုက်ကြတယ်။ ဒီလိုနဲ့ ကျောက်ရွှမ် လွတ်သွားတယ်။

အရိပ်သက်တော်စောင့်တွေက လိုက်မမှီတော့မှ မင်းကြီးဆီပြန်လာပြီး ခွင့်လွှတ်ပေးဖို့ တောင်းပန်ကြတယ်။

ကျိုးယွင်ရှန့်က ကျောက်ရွှမ်ထွက်ပြေးသွားတဲ့ဘက်ကို ကြည့်လိုက်တယ်။ သူထင်ထားတာက ကနေ့ ကျောက်ရွှမ်ကိုမိပြီး ဧကရာဇ်အိပ်ယာပေါ် ဆွဲတင်လို့ သူ့ကိုလုပ်ခဲ့သလို ဒီလူကို နှိပ်စက်နိုင်ပြီလို့ ထင်ထားခဲ့တာ။ အခုတော့ မြို့တော်ရဲ့အကာကွယ်အောက်မှာ သူ့တပ်သားတွေကို ထုတ်သုံးတဲ့အထိ လုပ်ရဲမယ်လို့ ထင်မထားမိခဲ့ဘူး။ သူ့ရဲ့တပ်သားတွေရဲ့ အရည်အချင်းက အရိပ်သက်တော်စောင့်တွေကို ကောင်းကောင်းခုခံနိုင်တဲ့အထိ အစွမ်းထက်နေတယ်ဆိုတော့ သူသာတကယ်လုပ်ချင်ရင် အနောက်မြောက်ဒေသကို ထွက်သွားရင်လည်း ကျိုးယွင်ရှန့် တားနိုင်မှာမဟုတ်ဘူး။

"သွားရအောင်.."

ကျိုးယွင်ရှန့်က ဒေါသတကြီးပြောလိုက်ပြီး နန်းတော်ကိုပြန်လာခဲ့တယ်။ အပြန်မှာ 008 ကို နားနားတပ်လိုက်တယ်။ သူ့ချစ်သူက အတိတ်မေ့နေပေမယ့် လုံးလုံးအသိဉာဏ်မဲ့တဲ့သူတော့ မဟုတ်ဘူး။ သူ့ကိုပြန်ပေးဆွဲတိုင်း code တွေကို လွှဲပြောင်းပေးခဲ့တယ်။ သူ့နားရွက်ဖျားက အသီးလေးကို လျှာနဲ့လျက်ရင်း data တွေကို အမြဲလွှဲပြောင်းပေးတယ်။

"သောက်နှာဘူးကတော့.. ဘယ်နှစ်ခါပြန်ဝင်စားလည်း သူရဲ့တဏှာစိတ် ပြင်းပြတာကို ဘယ်တော့မှ ဖျောက်လို့မရဘူး.."

ဒီလိုတွေးမိတာနဲ့ ကျိုးယွင်ရှန့်က ငိုရမလို ရယ်ရမလို အီလည်လည်ဖြစ်သွားတယ်။

ကျောက်ရွှမ်က ရုပ်ဖျက်ထားတာကိုဖယ်လိုက်ပြီး နယ်စားမင်းရုံးကို ပြန်သွားလိုက်ပြီး သူ့ရဲ့စီးပွားဖက်၊ မိတ်ဖက်တွေကို တွေ့ဆုံတယ်။

"စစ်သေနာပတိချုပ်ကြီး.. ဘယ်လိုစီစဉ်ထားပါသလဲ.."

လက်ထောက်ဗိုလ်ချုပ်က နားမလည်နိုင်စွာ မေးလိုက်တယ်။ သူ့တို့ဗိုလ်ချုပ်ကို သူ လုံးလုံးနားမလည်တော့ဘူး။ ဗိုလ်ချုပ်က ဘယ်တုန်းကမှ ထီးနန်းကိုမမက်မောဘူး။ ဒါပေမယ့် ဒီကာလမှာ စိတ်ပြောင်းပြီး မင်းကြီးကို အကြိမ်ကြိမ်ပြန်ပေးဆွဲပြီး နန်းတော်ကို ပြန်ပြန်ပို့တယ်။ ထီးနန်းကိုမရချင်ဘူးဆိုလည်း ဘာကြောင့် မင်းကြီးကို ခုလိုပြန်ပေးဆွဲပြီး ဒေါသကို ထပ်ခါထပ်ခါဆွနေတယ်ဆိုတာ သူ နည်းနည်းမှ နားမလည်တော့ဘူး။

သူ ဘာဖြစ်ချင်နေတာလဲ..?

တကယ်လို့ ကျောက်ရွှမ်ကသာ သူ့လက်ထောက်ရင်ထဲက အတွေးကိုကြားနိုင်ရင် သူက ပြောလိမ့်မယ်..။ 'မင်းကြီးက သူ့နှလုံးသားတစ်ခြမ်း ဖြစ်တယ်လို့'...။ ဒါပေမယ့် ခုတော့ သူကမသိတော့ ပျော်ရွှင်တက်ကြွတဲ့မျက်ဝန်းနဲ့ပဲ လက်ကိုယမ်းလိုက်တယ်။

ဒီလူက သူ့ကိုအရှင်ဖမ်းဖို့ ပြောလိုက်တယ်။ ဒါက သူ့ကို ဒဏ်ရာမရစေချင်ဘူး ဆိုတဲ့သဘောပဲပေါ့။ တကယ်လို့ မင်းကြီးနေရာမှာ တခြားလူကို သူဒီလိုလုပ်ခဲ့ရင် ဘယ်သူမဆို သူ့ကိုမိရင် အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်၊ အရိုးတွေကို တစ်စစီရိုက်ချိုးမှာ သေချာတယ်။ ခုတော့ မင်းကြီးက သူ့ကို လက်ရဖမ်းချင်နေတယ်။ ဖမ်းမိပြီးသွားရင် မင်းကြီးက သူ့ကိုဘာလုပ်ဖို့များ ရည်ရွယ်ထားတာပါလိမ့်။ ဒီအတွေးကြောင့် ကျောက်ရွှမ် စိတ်လှုပ်ရှားနေတော့တယ်။

ကျောက်ရွှမ်က သူ့ကို မင်းကြီးက ခုတင်မှာ ခြေလက်အားလုံး ကြိုးနဲ့တုပ်ထားပြီး မင်းကြီးကိုယ်တိုင် သူ့ကိုရိုက်နှက်နှိပ်စက်နေတာကို မြင်ယောင်ကြည့်လိုက်ရုံနဲ့တင် သူ့တစ်ကိုယ်လုံးကဆဲလ်တွေက စိတ်လှုပ်ရှားလို့ တဆတ်ဆတ်တုန်လာခဲ့တယ်။

"ဗိုလ်ချုပ်.. ကျွန်တော်တို့ကို ဘာအမိန့်ပေးမလဲ.. ကျွန်တော်တို့စလုပ်ဖို့ တစ်ခုခုပြောပါဦး.."

လက်ထောက်က သူတို့ဗိုလ်ချုပ်ဆီက စကားပြန်မရလို့ ထပ်မေးလိုက်တယ်။ သူတို့ဗိုလ်ချုပ်က စိတ်ကူးနဲ့တင် မင်းကြီးရဲ့ရိုက်နှက်မှုမှာ သာယာနေတာကို သူ့ခမျာမသိရှာဘူး။

"ငါ ပုလ္လင်ကို စိတ်မဝင်စားဘူး.."

ကျောက်ရွှမ်က ပြောလိုက်တယ်။

'ပုလ္လင်ပေါ်ကလူကိုပဲ စိတ်ဝင်စားတယ်..'

ဒီနောက်တစ်ခွန်းကိုတော့ စိတ်ထဲကနေပဲ ပြောလိုက်တယ်။

"ချီကျင်းယွိက အနောက်တောင်ဒေသမှာ ဘယ်လိုနေလဲ.."

ကျောက်ရွှမ်က စိတ်ကိုစုစည်းပြီး အလေးအနက် မေးလိုက်တယ်။

"ဗိုလ်ချုပ်ကို လျှောက်တင်ပါတယ်.. ကျီဖိန်းက ချီကျင်းယွိကိုသတ်ဖို့ အခွင့်အရေးမရသေးပါဘူး.. ချီကျင်းယွိဘေးမှာ ကျန့်ပိန်ဗိုလ်ချုပ်ရဲ့တပ်သားတွေ အချိန်ပြည့်လျှို့ဝှက်စောင့်ကြပ်နေပါတယ်တဲ့.."

လက်ထောက်ဗိုလ်ချုပ်က ပြန်လည်လျှောက်တင်ရင်း သူတို့ဗိုလ်ချုပ်က ဘာကြောင့် တော်ဝင်မင်းသားကို လုပ်ကြံချင်တယ်ဆိုတာ နားမလည်နိုင်တော့ဘူး။ အရင်က တော်ဝင်မင်းသားနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိရာကနေ သူ့စိတ်နေစိတ်ထားက ဘယ်လိုကြောင့် ပြောင်းလဲသွားတယ်ဆိုတာ မှန်းမရလို့ စိတ်ရှုပ်လာခဲ့တယ်။

"ကံကောင်းလိုက်တဲ့ ချီကျင်းယွိ.. ကျီဖိန်းကို ဆက်ပြီးစောင့်နေခိုင်းလိုက်.. သူ့ခေါင်းကို ငါ့ဆီ သေချာယူလာနိုင်တဲ့အထိ စောင့်ခိုင်းထား.."

ကျောက်ရွှမ်က ချီကျင်းယွိရဲ့ခေါင်းပြတ်ကို သေတ္တာလေးထဲထည့်ပြီး လက်ဆောင်ပို့ပေးရင် ဟိုလူ သေချာပေါက်သဘောကျမယ်လို့ တွေးနေမိတယ်။

လက်ထောက်ဗိုလ်ချုပ်ကြီးက သူတို့ဗိုလ်ချုပ်ရဲ့စကားကိုကြားတော့ အော်ဟစ်ပစ်ချင်စိတ်ကို မြိုသိပ်ပြီး အရိုအသေပေးလို့ ထွက်သွားလိုက်ရတော့တယ်။

အဲ့ဒီညမှာ ကျိုးယွင်ရှန့်က ရေချိုးပြီးနောက် စာဖတ်ဖို့ထိုင်နေတုန်း နှာခေါင်းထဲ အမွှေးနံ့တစ်ခုကို ရလိုက်ပြီး မကြာခင် သူ အမြင်အာရုံတွေ အမှောင်ဖုံးသွားတော့တယ်။ သူက ဆေးငွေ့မိသွားပြီး အားပျော့လို့ ထိုင်နေရာကနေ ဘေးဘက်ကို လဲကျသွားတော့တယ်။ ကျောက်ရွှမ်က ညဘက်ကြီး ဧကရာဇ်နန်းဆောင်ကို ဖောက်ဝင်ရဲသလား။ ဒီလူ အသက်ရှင်ရတာ ငြီးငွေ့နေပြီထင်တယ်။ ကျိုးယွင်ရှန့်ရဲ့ရင်ထဲ ဘယ်လောက်ကျိန်ဆဲနေပေမယ့် နှုတ်က စကားသံကျယ်ကျယ်က တစ်သံမှထွက်မလာနိုင်တော့ဘူး။

ကျောက်ရွှမ်က နန်းဆောင်ထဲကို အေးအေးဆေးဆေး လျှောက်ဝင်လာတယ်။ သူက တစ်ကိုယ်လုံး ဝတ်စုံနက်ဝတ်ထားပြီး မျက်နှာကို အဝတ်အုပ်ထားတယ်။ သူက ကျိုးယွင်ရှန့်ဘေးက သလွန်ပေါ်ဝင်ထိုင်ပြီး ကျောပြင်ကိုဖွဖွပုတ်လို့ မေးလိုက်တယ်။

"တကယ်လို့ မင်း ကျုပ်ကိုဖမ်းမိမယ်ဆိုရင် ဘာလုပ်ဖို့စီစဉ်ထားတာလဲ.."

"ဘာလုပ်ရမှာလဲ.. မင်းကိုကြိုးတုပ်ပြီး သေအောင်ရိုက်မှာပေါ့.."

ကျိုးယွင်ရှန့်က မကျေမနပ်နဲ့ ပြောလိုက်တယ်။

သူက တကယ်ပဲ သူ့ကိုရိုက်ချင်တာပဲလို့ တွေးမိရုံနဲ့ ကျောက်ရွှမ်က သဘောကျစွာ ရယ်မောလိုက်တယ်။

"မင်း ကျုပ်ကိုရိုက်ချင်ရင် စစ်တပ်နဲ့လိုက်ဖမ်းစရာမလိုပါဘူး.. ငါ မင်းရှေ့မှာ ရပ်နေပြီး ရိုက်ခွင့်ပေးမှာပေါ့.. မင်းအတွက် နှင်တံတစ်ချောင်းတောင် ပြင်ပေးနိုင်သေးတယ်.. နှင်တံကိုကိုင်ပြီး ရိုက်ဖို့ပြင်နေတဲ့ မင်းရဲ့ပုံရိပ်လေးက ဘယ်လောက်တောင် ဆွဲဆောင်မှုရှိလိုက်မလဲ.."

တကယ့်တဏှာရူးကြီးပဲ..။ သူက ဘယ်လောက်ပဲ လူဝင်စားပါစေ.. အကျင့်ဟောင်းက ဘယ်လိုမှ ဖျောက်မရဘူးပဲလို့ ကျိုးယွင်ရှန့် ညည်းညူလိုက်မိတယ်။

ကျောက်ရွှမ်က ကျိုးယွင်ရှန့်ကို စနောက်ပြီးနောက် ကိုယ်ကိုညွတ်ကိုင်းလို့ နားရွက်ဖျားလေးကို စုပ်လျက်ပြီး data တွေပို့ပေးလိုက်တယ်။ 008 ထဲကို data တွေဝင်လာတော့ ကျိုးယွင်ရှန့်ရဲ့ဒေါသတွေ ပျောက်သွားတယ်။ ကျိုးယွင်ရှန့်က သာယာမှုကိုခံစားလိုက်ရပြီး သူ့ချစ်သူက အတိတ်မေ့နေပေမယ့် ဘယ်တော့မဆို သူ့ကို ဒီလိုနည်းနဲ့ data တွေပို့ပေးပြီး ပျော်အောင်လုပ်ပေးဖို့မမေ့ဘူးလို့ တွေးလိုက်တယ်။

သူ့ချစ်သူက သူ့ကိုလုပ်ပေးသမျှတိုင်းက အကျင့်တစ်ခုလိုဖြစ်နေတာကို ကြည့်ခြင်းအားဖြင့် သူ့ကို ဘယ်လောက်အလေးအနက်ထား ချစ်တယ်ဆိုတာ ကျိုးယွင်ရှန့် ခံစားသိရှိနိုင်တယ်။ ကျောက်ရွှမ်က သူ့ရင်ထဲကအတွေးတွေကို မသိနိုင်ပေမယ့် ကျိုးယွင်ရှန့်ရဲ့မျက်ဝန်းတွေက ခံစားချက်တွေကြောင့် စိုစွတ်လို့လာခဲ့တယ်။

••••••••••••••••••••••••••••••

ချီကျင်းယွိက လွှတ်တော်မှာ မင်းကြီးရဲ့ဖယ်ရှားမှုကြောင့် အဆက်အသွယ်တွေလျော့ပါးပြီး ဘာသတင်းမှ မရနိုင်တော့ဘူး။ အခုဆိုရင် သုံးစားမရတဲ့ သုံးယောက်အုပ်စုနဲ့ ပွက်လောရိုက်နေတဲ့ပြည်သူတွေကြောင့် အနောက်တောင်ဒေသမှာ ပိတ်မိနေတော့တယ်။

နှစ်စဉ် လွှတ်တော်ကနေ ပြည်သူတွေရဲ့ကယ်ဆယ်ရေးမှာသုံးဖို့ ရတနာသေတ္တာတွေ ပေးအပ်လိုက်ပေမယ့် အရာရှိကြီးငယ်တွေရဲ့ လက်ထဲမှာတင် ပျောက်ကုန်ပြီး ပြည်သူတွေက မြင်တောင်မမြင်လိုက်ရဘူး။ နှစ်ကာလကြာရှည်လာတော့ ပြည်သူ့အတွက် ငွေကြေးထောက်ပံ့မှုကို ခိုးဝှက်တာ ထုံးစံတစ်ခုလိုဖြစ်လာပြီး အရာရှိတွေက တစ်ယောက်အပြစ်ကို တစ်ယောက်ဖုံးဖိပေးပြီး ဖြောင့်မတ်မှန်ကန်တဲ့ ဘယ်အရာရှိမှ အနောက်တောင်ဒေသမှာ နေလို့မရတော့ဘူး။
ချီကျင်းယွိက မင်းသားတစ်ပါးဆိုတဲ့ နာမည်သာရှိပြီး သူ့ကိုထောက်ခံဖို့ အာဏာရှိတဲ့လူ မရှိတဲ့အတွက် အနောက်တောင်ဒေသက အရာရှိတွေက သူ့ကို အလေးအနက်မထားကြဘူး။ သူရောက်လာတော့ ကြိုတင်ပြင်ဆင်ထားတဲ့ ရွာတချို့ကို လိုက်လံလှည့်လည်ပြသပြီး အရူးလုပ်ဖို့ကြိုးစားကြတယ်။ ချီကျင်းယွိက သူတို့လုပ်ရပ်ကိုရိပ်မိတော့ လာဘ်ယူတဲ့ကိစ္စကို သဘောတူချင်ယောင်ဆောင်ပြီး စစ်ဆေးမှုကို ရက်တချို့ရပ်နားမယ်လို့ ကြေငြာလိုက်တယ်။ ဒီကာလအတွင်း ချီကျင်းယွိက နေပြည်တော်ကထွက်လာတဲ့ ကျောက်ကျီတုံးနဲ့ တိတ်တဆိတ်တွေ့ဖို့ ချိန်းထားတယ်။

ဒီဒေသက ဓားပြတွေသောင်းကျန်းလွန်းတော့ ကျောက်ကျီတုံးနဲ့အတူ ပြန်လာတဲ့လမ်းမှာ ဓားပြတွေနဲ့တိုးတယ်။ ချင်ဖန်းဖိန့်လွှတ်လိုက်တဲ့ သက်တော်စောင့်တွေက ချီကျင်းယွိကိုကာကွယ်ဖို့ပဲ တာဝန်ယူထားတာဖြစ်လို့ ကျောက်ကျီတုံးကို ဂရုမစိုက်နိုင်လို့ ဓားပြတွေသတ်တာကို ခံလိုက်ရတယ်။

ဟွိုက်ရီကိုယ်လုပ်တော်ရဲ့မောင်ဖြစ်သူက အနောက်တောင်နယ်စပ်မှာ ဓားပြတွေသတ်တာခံလိုက်ရလို့ မင်းကြီးက လူလွှတ်ပြီး စုံစမ်းမှုပြုလုပ်စေခဲ့တယ်။ အနောက်တောင်ဒေသက အာဏာပိုင်တွေက ကြောက်လန့်ပြီး စုံစမ်းမှုလုပ်ကြတော့ ချီကျင်းယွိကို ကျောက်ကျီတုံးရဲ့အလောင်းနဲ့ ခပ်လှမ်းလှမ်းက တောင်ကြားထဲမှာ ဒဏ်ရာနဲ့လဲကျသတိလစ်နေတာကို တွေ့လိုက်ရတယ်။ ချီကျင်းယွိရဲ့မျက်လုံးထောင့်ကနေ ပါးရိုးအထိ ဒဏ်ရာနက်နက်တစ်ခုကို တွေ့လိုက်ရပြီး အရိုးပေါ်နေတဲ့အထိ ဓားချက်ကပြင်းတယ်။ ဒီဒဏ်ရာပျောက်ရင်တောင် ရုပ်ဆိုးတဲ့အမာရွတ်ကြီးက သေရာပါကျန်နေမှာပဲ။

ချီကျင်းယွိရဲ့ လက်ညှိုးနဲ့လက်ခလယ်က ခုတ်ဖြတ်ခံထားရပြီး သွေးတွေတစိမ့်စိမ့်ထွက်နေတယ်။ သေချာတာက ချီကျင်းယွိက အင်္ဂါမစုံတဲ့ ဒုက္ခိတဖြစ်သွားပြီ။ ဒီအဖြစ်အပျက်ကိုမြင်တော့ အနောက်တောင်ဒေသ အုပ်ချုပ်ရေးမှူးက ကြောက်လန့်တကြား အော်ဟစ်လိုက်တော့တယ်။ လွန်ခဲ့တဲ့သုံးနှစ်က မင်းကြီးဒေါသထွက်တော့ တချီမင်းနေပြည်တော်တစ်ခုလုံး တုန်လှုပ်သွားရတယ်။ အခု အနောက်တောင်ဒေသမှာ ဒီလိုဆိုးဝါးတဲ့ဖြစ်ရပ်ကြောင့် သေခြင်းတရားက သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ရှိလာစေခဲ့ပြီ။
👑👑👑👑👑👑

ဗီလိန်ချစ်သူ (completed) (Arc_8,10,15,Extra_1,2,4) (MM Translation)Where stories live. Discover now