LTAgo 15

3.1K 290 0
                                    

ရှောင်းကျန့် စီ ရောက်လာခဲ့သည်က စာရွက်အပိုင်းအစလေး။

ထပ်တလဲလဲထပ်ကြည့်နေမိသည့်အတွက် ခေါက်ရိုးညီစာရွက်လေးဟာ တွန့်ကြေလို့။
ရှောင်းကျန့် လက်ဖဝါးထဲ ကျစ်ကျစ်ပါအောင် ဆုပ်ထားရတာကြောင့် ချွေးစတွေဟာ စာရွက်အပိုင်းအစလေးကို နွမ်းဖတ်စေသည်။

" ရှောင်းကျန့်....အခုရုံးခန်းသွားမယ်....."

သွေးမရှိတော့သည့် သေလူတစ်ယောက်လို အသိစိတ်မဲ့နေသည့် သူ့ကို ဆရာမက သတိပေးလာသည်။
ဆရာမ မျက်နှာသည် ကြည်လင်မနေပါ။အတော်စိတ်ရှုပ်နေဟန် ရှိသည်။

ထိုင်ရာက ထမိတော့ သွေးမရှိသည့် ခြေထောက်အစုံက ခွေလဲချင်လာသည်။တက်နိုင်သမျှ မာန်တင်းကာ ရပ်မိတော့ တုန်ရိနေသော ခြေထောက်များက မြင်မကောင်းအောင်ပင်။လက်ကောက်ဝတ်မှ စ၍ သွေးလေ မရှိတော့သည့် ခံစားချက်ဟာတာတာကြောင့် နှုတ်ခမ်းများ ဖြူဖျော့ကာ ရေဆာလာသည်။သို့မဟုတ်....ဒီနေရာမှာတင် ခွေခေါက်လဲချင်လာသည်။

ဆရာမသည် ထိုင်ခုံပေါ်က ရှောင်းကျန့်လွယ်အိတ်ကို ဆွဲယူကာ ရှောင်းကျန့်ကို အနောက်က လိုက်ခဲ့ဖို့ အချက်ပြသည်။

ဆရာမ နောက်က တဖြည်းဖြည်းချင်းလျှောက်နေသည့် သူ့ကို အတန်းဖော် ရန်လျှိုးက " အာတင်းထား " ဟု ပုခုံးပုတ်ကာ နှစ်ယောက်တည်းကြားရုံ​ပြောသည်။
လက်လျှော့ လိုက်သင့်လား လို့ သူပြန်မမေးဖြစ်ပါ။လည်ချောင်းဝမှာ တစ်နေတဲ့ အစိုင်အခဲကြီးကြောင့် စကားတစ်ခွန်း မဆိုနှင့်၊ပါးစပ်တောင် ဟဖို့မလွယ်။
အရှေ့ဆုံးတန်းက အတန်းခေါင်းဆောင် ယွမ့်စန်းကတော့ သူ့ကိုပြုံးပြလာသည်။သို့သော်...စိတ်သက်သာရာ မရခဲ့ပါ။

ကော်ရစ်လမ်းခင်း၏ အဆုံး နောက်ဆုံးသော အခန်းရှေ့တွင် Office ဟု စာတန်းကြီးက
ဆီးကြိုသည်။

ပန်ကာသံ တဝီဝီနဲ့ ဆူညံ့နေသည့် အခန်းတွင် လူခြောက်ယောက် က ကိုယ်စီ တိတ်ဆိတ်နေကြသည်။ငိုထားမှန်းသိသာစွာ ဖောင်းအစ်နေသော မျက်လုံးအိမ်မို့မို့ကလေးနဲ့ လုဝေဟာ ရှောင်းကျန့်ကို ကြည့်ရင်း အသံတိတ်မျက်ရည်ကျသည်။ပါးပြင်နုနုဟာ စိုထိုင်းထိုင်း မျက်ရည်စတွေနဲ့ မလိုက်ဖက်လိုက်တာ။မျက်ရည်စီးကြောင်း နှစ်ခုနဲ့ လုဝေဟာ အာပေးတူးလေး တစ်ယောက်လိုပါပဲ။ထွက်ချင်သည့် နှပ်အချို့ကိုလည်း ပြန်ရှုသွင်းသည်။နှာထိပ်ကလေးက ရဲလို့။

Long Time Ago ( Complete) Where stories live. Discover now