" Taxi....Taxi...."
လမ်းဘေးပလက်ဖောင်းနား တစ်ဘီးချင်းလှိမ့်လာနေသည့် အဝါရောင်ကားလေးအား စိတ်မရှည်စွာ အော်ခေါ်မိသည်။ဖြတ်သွားဖြတ်လာများ၏ ထူးဆန်းသော အကြည့်စူးစူးများနှင့်ကြည့်ခံလိုက်ရပေမဲ့ ရှက်နေဖို့ အချိန်မရှိပါ။ကိုယ့်ဝမ်းနာကိုယ်သာအသိဆုံးပေ။
" ငါ့တူ ဘယ်သွားမှာလဲကွ "
သူရှိရာ ပလပ်ဖောင်းနား ကား၏ခေါင်မိုးပေါ် အဖြူရောင်ဆိုင်းပုဒ်အသေးလေးတွင် အဝါရောင် Taxi ဟူသည့် စာသားလေးသည် LED မီးဖြင့် ပနံသင့်သည်။သို့သော် နေ့ခင်းဖြစ်နေသည်မို့ အရောင်သိပ်မထွက်ချေ။
အကျီအဖြူရောင်ဝတ်ထားကာ ခပ်ဝဝအမျိုးသားကြီးသည် ကားမောင်းသူ ဖြစ်နိုင်သည်။
" ယရ်ပင် ဘုံကျောင်းကိုပါဗျ "
" မြို့အကျော်နားလေးက ကျောင်းလား ငါ့တူ "
" ဟုတ်တယ်ဗျ!!!! အရေးကြီးတာမလို့ မြန်မြန်မောင်းပေးပါ...."
တကယ်လည်းသူ့ပုံစံက အရေးကြီးနေပုံ ပေါက်နေတာကြောင့် ဦးလေးကြီးက ဘာမှထပ်မမေးတော့ဘဲ ကားကိုပဲ ဂရုစိုက် မောင်းလေသည်။
မိုင်တိုင်တစ်ခုပြီးတစ်ခု ဖြတ်ပြေးလို့...
လမ်းချိုးတစ်ခုပြီးတစ်ခုကွေ့လို့....
ကားတစ်စီးပြီးတစ်စီးဖြတ်ကျော်လို့...
နွေဦးဝင်စ လေညှင်းသွဲ့သွဲ့ဟာ အေးလူစွာ တိုက်ခတ်လို့....
သူ့အတွေးတွေဟာ လွန်ခဲ့တဲ့ 17 နာရီ စီအကြောင်းပြန်သည်။ဝမ်ရိပေါ်နှင့်သူ တွေ့ပြီးနောက်ပိုင်း သူ့စိတ်များအစိုးမရခဲ့။မျက်ရည်မကျခဲ့ပါဘူး....ဘာဆိုဘာမှမခံစားခဲ့ရပါဘူး ပြောရင် ဒါလိမ်ရာကျမှာပဲ....
ကျောင်းတက်ဖို့ စိတ်မပါ ပါ။
ပထမနှစ်ဆိုသော်ငြားလည်း သင်ခန်းစာတွေဟာ သူ့ဟာနဲ့သာ လုံးလည်ချာလည် လိုက်နေသည်မို့ ကျောင်းပျက်၍ မရ။မဖြစ်မနေမလို့သာ ကျောင်းတက်ရတာ ဖြစ်သည်။သူ့စိတ်နဲ့ သူ့ကိုယ်သာ ဆိုလျှင် ဘာဖြစ်ဖြစ်....
ဖြစ်ချင်ရာဖြစ်ဆိုပြီး လွှတ်ထားလိမ့်မည်။
သို့သော် လုပ်ချင်ရာ လုပ်၍ မရပါ။သူ့တွင် မားမားရှိသေးသည်။မားမားကိုငဲ့ညှာရမည်။
မုဆိုးမ သားတစ်ယောက်အမေ ကိုထည့်တွက်ရမည် ဖြစ်သည်အတွက် သူ့ဆန္ဒများကို လုပ်ပိုင်ခွင့် မရှိပါ။