02 [Unicode]

3.3K 415 2
                                    

[Unicode]

ယန်ဖေးလီသည် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်ပြီးနောက် အရှေ့သို့ ခြေလှမ်း လှမ်းလိုက်သည်။

မမျှော်လင့်ဘဲ နံရံ အမှီအကူမရှိတော့သည့် ယန်ဖေးလီမှာ ခြေထောက် ကွေးညွတ်သွားရကာ လှေကားထစ် သုံးဆင့်မှနေ၍ မြေကြီးပေါ်သို့ လိမ့်ကျသွားလေသည်။

"အား..." ယန်ဖေးလီမှာ အော်ဟစ်လိုက်ရလေတော့၏။

သူ၏ ဝမ်းဗိုက်သည် ဖိမိသွားရလေသည်။ တဖက်သို့ ပြန်လှည့်လိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်ထဲရှိ တစုံတခုက ပျက်ဆီးသွားကာ ပြင်းထန်လှသည့် နာကျင်မှုသည် တိုးထွက်လာသည်။ ပူနွေးသည့် အရည်များသည် သူ၏ ခန္ဓာကိုယ်ထဲမှနေ၍ ခြေထောက်များကြားသို့ တဟုန်ထိုးစီးကျလာလေသည်။

ယန်ဖေးလီသည် မြေကြီးပေါ်၌ လှဲကာ ခန္ဓာကိုယ်ကို ကွေးထားလိုက်သည်။ သူ၏ လက်မှာ ဝမ်းဗိုက်အား ဖုံးကာထားသည်။ သူသည် မြေပြင်မှ မထနိုင်တော့ပါ။

မသိလိုက်ချိန်တွင် ဆီးနှင်းများမှာ ကောင်းကင်တခွင်မှ ကျဆင်းလာပြီး မြေပြင်တွင် ပုံကျသွားသည်။

မိုးစုန်းစုန်းချုပ်နေပြီဖြစ်၏။

နှစ်ကုန်ဂုဏ်ပြုစားပွဲမှာ မပြီးသေးသည်ဖြစ်လေရာ ညဉ့်နက်သည့်အထိလည်း ပြီးမည့်ပုံ မပေါ်ချေ။ သက်ဝင်လှုပ်ရှားနေသည့် ဟိန်းသံများသည် ငြိမ်သက်သည့် ညဉ့်ဦးယံတွင် ထွက်ပေါ်လာလေသည်ဖြစ်ရာ မြောက်အရပ်ရှိ လူသူကင်းမဲ့နေသည့် ခြံဝင်းအား ပို၍ပင် အထီးကျန်စေပါတော့သည်။

"အာ့...အား..."

အချိန်မည်ရွေ့မည်မျှ ကုန်ဆုံးသွားသည်ကို သူ မသိပါ။ ချွေးစေးများဖြင့် ရွှဲရွှဲစိုနေသော အင်္ကျီသည် နှင်းခဲနှင်းပွင့်များနှင့်အတူ အေးခဲနေလေသည်။ အအေးဓာတ်မှာ အရိုးထဲထိ စိမ့်ဝင်လာလေပြီ။ ခြေလက်တို့မှာ ထုံထိုင်းနေသော်လည်း ဝမ်းဗိုက်မှ လာသော ပြင်းထန်သည့် နာကျင်မှုမှာ ပို၍ ပို၍ ပြင်းထန်လာတော့သည်။

ယန်ဖေးလီမှာ နှင်းတောထဲတွင် ရုန်းကန်နေရသည်။ သူ၏အခန်းမှာ မျက်စိရှေ့မှောက်တွင် ရှိနေသော်လည်း သူ့တွင်တော့ ကုတင်ပေါ်တက်ရန် အင်အားပင် မရှိလေတော့။

Broken BondsWhere stories live. Discover now