Chapter 44 + 45 [Unicode]

3K 348 2
                                    

ပေထန်အောက်ရင်ခွင်ထဲမှ ထွက်လိုက်သည်နှင့် ယန်ဖေးလီမှာ အေးစိမ့်သွားတော့သည်။

သို့သော်လည်း ပေထန်အောက်စကားကို ကြားပြီးပြီးချင်း တပြိုင်နက် ပုန်းကွယ်နေသည့်လူ ထွက်လာသည်ကို မြင်လိုက်ရသော် သူ့မှာ အာစေးမိလျက်။

လင်ကျူး၏ ကိုယ်ဖော့သိုင်းပညာသည် အလွန့်အလွန်ထူးခြားသည့် အဆင့်တခုသို့ ရောက်ရှိနေလေပြီ။ အကယ်၍များ ပေထန်အောက်သာ မခေါ်လိုက်ပါလျှင် ယန်ဖေးလီ သတိထားမိမည်မဟုတ်သလို လင်ကျူး ရောက်လာကြောင်းကိုလည်း သိရှိမည်မဟုတ်ချေ။

နောက်ဆုံးမေးခွန်းကို သတိရလိုက်မိပြီးနောက် ယန်ဖေးလီမှာ အနည်းငယ်မျှ ပျာယာခတ်သွားရတော့သည်။ သူနှင့် အရှင်သခင်တို့၏ ယခုနက ပုံစံကို လင်ကျုးများ တွေ့သွားလေမလား။

"ဒီငယ်သားက တာဝန်ကို ပစ်ထားမိပြီး စစ်သူကြီးယန်ကို မခေါ်ထုတ်သွားနိုင်ခဲ့ပါဘူး" လင်ကျူးက ဒူးထောက်ချလိုက်ကာ ပြောသည်။

ယန်ဖေးလီမှာ ပေထန်အောက်အနောက်မှနေ၍ ကပျာကယာရှင်းပြလေသည်။

"ဂိုဏ်းအရှင်... သူ့ကို အပြစ်မတင်ပါနဲ့။ ဒါတွေက ဒီငယ်သားပဲ တဇွတ်ထိုးလုပ်မိတာတွေပါ"

"လင်ကျူး... ထတော့။ အခုချိန်က ဒါတွေ ပြောနေရမယ့်အချိန်မဟုတ်ဘူး" ပေထန်အောက်က ဂရုမစိုက်ဟန်ဖြင့် ဆက်မေးသည်။

"အခု ဘယ်အချိန်လဲ"

"အနောက်အရပ်တံခါးဂိုဏ်းအရှင်နဲ့ ဆုံဖို့ အချိန်ပါ"

ပေထန်အောက် အနောက်လှည့်ကြည့်လိုက်သော် ဓားကို ကိုင်ကာ မယိမ်းမယိုင်သည့် အသွင်အပြင်ဖြင့် ယန်ဖေးလီကို တွေ့လိုက်ရသည်။ ပေထန်အောက်နှလုံးသားမှာ နွေးထွေးသွားရလေ၏။ ဤသည်မှာ နှစ်ပေါင်းများစွာတိုင်အောင် သူ တွေ့မြင်ခဲ့ရသည့် ပုံစံဖြစ်သည်။

သူ အမြဲတမ်း အနောက်သို့လှည့်ကြည့်တိုင်း ယန်ဖေးလီသည် သူ့အနောက်တွင် အမြဲ ရှိနေခဲ့သည်။ ဒါဟာ ဖြစ်နေကျပုံမှန်ကိစ္စတရပ်လို့ပဲ သဘောထားခဲ့ပြီး သူသည် ယန်ဖေးလီ၏ ညှို့ငင်လှသည့် မျက်ဝန်းတွေကို သတိမပြုမိခဲ့ခြင်းကြောင့်ဖြစ်လိမ့်မည်။

Broken BondsWhere stories live. Discover now