Chapter 71

2.6K 372 23
                                    

[Unicode]

ပေထန်ဝမ်၏ အလံသည် ငွေရောင်နဂါးကြီး ပျံသန်းနေဟန် ချည်ပန်းထိုးထားသည့် အလံဖြစ်သည်။

မြင်းခွာသံများ နီးကပ်လာသည်နှင့်အမျှ ကြီးကျယ်ခံ့ညားထည်ဝါသော မြင်းခြောက်ကောင်ကသည့် ရထားလုံး၏ တဘက်တချပ်တွင် အစောင့်အကြပ်များက ခြံရံလိုက်ပါလာကြသည်။ အရာရာမှာ အများပြည်သူများအတွက်တော့ မျက်စိပသာဒဖြစ်စေသည်။

ရထားလုံးတန်းနီးကပ်လာလေလေ ယန်ဖေးလီ၏ နှလုံးခုန်သံများမှာ ဗုံတီးနေသကဲ့သို့ မြည်ဟီးနေလေတော့သည်။

"ခမည်းတော်... သားတော်တို့ ဘယ်တော့မှ မြင်းခြံကို ရောက်မှာလဲ"

"တအောင့်လောက်ပဲ"

ရထားလုံးထဲရှိ သလွန်တော်ပေါ်တွင် ထိုင်နေသည့် ပေထန်ဝမ်သည် ပြုံးရယ်ရင်း ဖြေလိုက်သည်။

"ခမည်းတော်... မြင်းဘုရင်က ဘယ်လိုပုံစံရှိလဲ။ မော့ရွှယ်ထက် ပိုကောင်းတဲ့ မြင်းလား"

"ခမည်းတော်လည်း တခါမှ မမြင်ဖူးဘူးပဲ။ မော့ရွှယ်က ပိုသာကောင်းသာနိုင်မှာပေါ့"

"သားတော်လည်း ဒီလိုပဲ ထင်တယ်"

ပေထန်ယောင့်ရိလေးသည် ဖခင်ဖြစ်သူ၏ ပေါင်ပေါ်တွင် တက်ထိုင်လိုက်ပြီး -

"ခမည်းတော်... ပြီးကျရင် အတူတူ တောလိုက်ရအောင်နော်။"

"သားတော်က ငယ်သေးတယ်လေ။ မြင်းပေါ်က ပြုတ်ကျရင် ဘယ်လိုလုပ်မလဲ" ပေထန်အောက်က သားဖြစ်သူကို စနောက်လိုက်သည်။

"ဘယ်သူပြောလဲ"

ပေထန်ယောင့်ရိလေးသည် မျက်မှောင်ကြုံ့လိုက်ပြီး -

"သားတော်က တော်ပါတယ်နော်။ ခမည်းတော်သင်ပေးတဲ့ မင်မင်းဆက် သိုင်းပညာရပ်ရဲ့ ပထမအဆင့်ကိုတောင် အလွတ်ရနိုင်သေးတာပဲကို"

"အသုံးရောချနိုင်ပြီလား။ ပိုပြီး ကြိုးကြိုးစားစားလေ့ကျင့်ဖို့လိုသေးတယ်"

"ဟွန့်"

ပေထန်ယောင့်ရိလေးသည် အေးတိအေးစက်ဖြင့် နှုတ်ခမ်းစူလိုက်ပြီး ဖခင်ဖြစ်သူ၏ ပေါင်ပေါ်မှ ဆင်းကာ တခြားဖက်တွင် ထိုင်လိုက်သည်။

Broken BondsWhere stories live. Discover now