06 [Unicode]

3.1K 392 6
                                    

ချိုးယဲ့ယွမ်တယောက် စားသောက်ဖွယ်ရာများ ကိုင်ဆောင်ပြီး ရောက်လာသောအခါ ယန်ဖေးလီမှာ ကလေးကို ထိတ်လန့်တကြီး ဖက်ထားသည်ကို မြင်လိုက်ရသည်။

"သမားတော်ချိုး... ဒီကို လာကြည့်ပါဦး။ ကလေးက ဘာဖြစ်နေတာလဲ။ ဘာလို့ တချိန်လုံးငိုနေတာလဲ။ နေမကောင်းလို့လား။ ဘယ်နား မသက်မသာဖြစ်နေလို့လဲ"

"စစ်သူကြီးယန်း... အရမ်းကြီး စိတ်မလှုပ်ရှားပါနဲ့။ ကျွန်တော် ပတ်ဝန်းကျင်ကို လိုက်မေးကြည့်လိုက်တော့ ကလေးက ဗိုက်ဆာနေတာဖြစ်ပါလိမ့်မယ်။ ကျွန်တော် စားဖိုဆောင်ကနေ ယာဂုတပန်းကန် တောင်းလာတယ်။ သူ့ကို ကျွေးလို့ရပါတယ်"

ချိုးယဲ့ယွမ်သည် လက်ထဲမှ ဗန်းကို အောက်ချလိုက်ပြီး ယာဂုပန်းကန်အား ယန်ဖေးလီထံသို့ လှမ်းပေးလိုက်သည်။

စားဖိုဆောင်ထဲမှ တောင်းခံလာခဲ့သည့် အတွေ့အကြုံကို ပြန်စဉ်းစားမိသော် သူ့မှာ တုံးအခြင်းအတွက် ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်မိလေသည်။ ကလေးငယ်မှာ ဆာလောင်မှုကြောင့် ဒုက္ခဖြစ်နေခဲ့မှန်း သူ မတွေးခဲ့မိပါ။

မိန်းမများမှာ ကလေးမီးဖွားပြီးချင်း နို့ချိုတိုက်ကျွေးကြသည်ကို တွေးမိကာမှ ယန်ဖေးလီမှာ ရှက်ရွံ့မိလေတော့သည်။

ယောက်ျားနှစ်ယောက်မှာ ကိုးရို့ကားရားနိုင်စွာဖြင့် ကလေးငယ်လေးအား ယာဂုတိုက်ကျွေးနေကြသည်။ အဆုံးမှာတော့ ကလေးငယ်လေးမှာ တင်းတိမ်သွားသည့်အားလျော်စွာ ငြိမ်သက်သွားပြီ ဖြစ်၏။ ယန်ဖေးလီသည် အိပ်မောကျနေသည့်ကလေးငယ်အား ကြည့်ပြီးနောက် ရင်ထဲတွင် နူးညံ့သည့် ချစ်ခြင်းမေတ္တာများ တိုးပွားလာရသည်။ မျက်လုံးသေးသေးလေး၊ ကွေးဆုပ်ထားသည့် လက်ကလေး၊ ပြီးတော့ အတန်ငယ်ဟနေသည့် ပါးစပ်... ရံဖန်ရံခါ ဂျို့ပင်ထိုးလိုက်သေးသည်။ ချစ်ဖို့ကောင်းလိုက်တာ။

ရင်ထဲရှိ ချစ်ခြင်းမေတ္တာများမှာ ဖော်ပြ၍တောင် မရနိုင်ပါချေ။

ကလေးငယ်အား အောက်သို့မချချင်တော့သည့်နောက် ယန်ဖေးလီသည် လက်တဖက်တည်းဖြင့်သာ ထမင်းစားလိုက်ရတော့သည်။

Broken BondsWhere stories live. Discover now